နိုးထလာခြင်း
Vol. 109 Ch. 1632
“ချန်နဂါးဧကရာဇ်လား”
ရှောင်းယောင်က အလောတကြီးမေးလိုက်၏။
“အဲဒီ ချန်နဂါးဧကရာဇ်က ဘယ်လိုလုပ်ပြီး ကောင်းကင်ဘုံနတ်ဘုရား ဧကရာဇ်နဲ့ အခြားသူတွေနဲ့ ယှဉ်နိုင်နေတာလဲ”
ယင်လန်က ပြောလိုက်၏။
“ငါသိသလောက်ဆို ချန်နဂါးဧကရာဇ်က ကောင်းကင်ဘုံနတ်ဘုရား ဧကရာဇ်၊ ငရဲစုန်း ဧကရာဇ်နဲ့ ရွှေကျီးကန်း မီးဧကရာဇ်တို့နဲ့ ရင်ဘောင်တန်း ရပ်တည်နိုင်တယ်.. သူက အန္တိမ နတ်ဘုရားစွမ်းအား ၄ခုကို နားလည်ဆင်ခြင်ထားတာပဲ.. သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားက အန္တိမ နတ်ဘုရားစွမ်းအား ၆ခုကို နားလည်ဆင်ခြင်ထားတဲ့ လူသားမျိုးနွယ်က ဧကရာဇ်တွေနဲ့ တူညီတယ်”
“ဒါပေမဲ့ ချန်နဂါးဧကရာဇ်က အသက်အရွယ် အိုမင်းနေပြီး သူ့ရဲ့ သွေးချီက အားနည်းနေပြီကို နင်လည်း မြင်မှာပေ့ါ… သူက သူ့ရဲ့ အကောင်းဆုံးအရွယ်ကို ကျော်လွန်လာခဲ့ပြီ.. သူက ကောင်းကင်ဘုံနတ်ဘုရား ဧကရာဇ်နဲ့ တခြားသူတွေကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး”
ရှောင်းယောင်သည် ထိုစကားကို ကြားသောအခါ ယခုတင် သူရရှိလာသည့် မျှော်လင့်ချက်က တစ်ဖန်ထပ်၍ ပျက်စီးသွားလေသည်။
“အဲ့လိုဆိုရင် ချန်နဂါးဧကရာဇ် ရောက်လာရင်တောင် အလကားပဲပေါ့… ကောင်းကင်ဘုံနတ်ဘုရား ဧကရာဇ်နဲ့ တခြား ၅ယောက်က ပူးပေါင်းတိုက်ခိုက်လာမယ်ဆိုရင် သူက သေချာပေါက် သူတို့ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး”
ယင်လန်က ပြောလိုက်၏။
“အဲ့လိုဆိုရင်တောင် ချန်နဂါးဧကရာဇ်က အန္တိမ နတ်ဘုရားစွမ်းအား ၄ခုကို နားလည်ဆင်ခြင်ထားတယ်ဆိုတာ နင်သဘောပေါက်ထားရမယ်… ဧကရာဇ် ၆ပါး ပူးပေါင်းကြမယ်ဆိုရင်တောင် သူတို့က သူ့ကို သတ်ဖို့အတွက် ကြီးမားတဲ့ တန်ဖိုးတစ်ခုကို ပေးဆပ်ရလိမ့်မယ်”
“သူတို့ရဲ့ ကျင့်ကြံမှုအဆင့်မှာ သူတို့က အထက်ဘုံကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်.. သူတို့က ဒီနေရာမှာ ဒဏ်ရာ အပြင်းအထန်ရရှိပြီး ကပ်ဘေးဖြတ်ကျော်ခြင်းမှာ ကျဆုံးသွားမယ်ဆိုရင် သူတို့အတွက် အဲဒါက အကျိုးထက် အပြစ်က ပိုများနေလိမ့်မယ်”
“အဲဒါကြောင့် ကောင်းကင်ဘုံနတ်ဘုရား ဧကရာဇ်နဲ့ အခြားသူတွေကလည်း ချန်နဂါးဧကရာဇ်ကို ရှိန်နေလိမ့်မယ်”
ရှောင်းယောင်နှင့် သူ့အစ်မက တိတ်တဆိတ် ပြောဆိုနေစဉ်မှာပင်.. ချန်နဂါးဧကရာဇ်သည် ပဟေဠိနန်းတော်မှ နဂါးအိုကြီးဘေးသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ သူက သူ၏ လက်ညိုးကို ညင်သာစွာ တောက်ထုတ်ပြီး နတ်ဘုရားစွမ်းအားတစ်ခုကို နဂါးအိုကြီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားစေ၏။
နဂါးအိုကြီး၏ ဒဏ်ရာများက ယာယီအားဖြင့် ရပ်တန့်သွားပြီး သူက လူသားသွင်ပြင်သို့ ပြောင်းလဲလိုက်လေသည်။ သူက ချန်နဂါးဧကရာဇ်ထက် အရပ်အမောင်း ပိုမိုမြင့်မားပြီး ပို၍ တောင့်တင်းလေသည်။
သို့သော်လည်း အဘိုးကြီးနှစ်ယောက်သည် မုတ်ဆိတ်မွေးများ ဖြူနေပြီး သူတို့၏ မျက်နှာပေါ်မှာ ပါးရည်နားရည်များက တွန့်နေ၏။
သူတို့နှစ်ယောက်က တွေဝေရှုပ်ထွေးသော အမူအရာများနှင့်အတူ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
“မင်း ဒီကို ရောက်လာတာပဲ”
ပဟေဠိနန်းတော်၏ နဂါးအိုကြီးက ပြောလိုက်၏။
ချန်နဂါးဧကရာဇ်ကလည်း ခေါင်းညိတ်၍ ညည်းတွားရေရွတ်လိုက်၏။
“ငါတို့တွေ နောက်ဆုံးတွေ့ခဲ့ကြတာ အရမ်းကို ကြာခဲ့ပြီပဲ… အခု ငါတို့က ဒီအသက်အရွယ်ကို ရောက်လာပြီဆိုတော့ ငါတို့ရဲ့ အရင်က ရန်ငြိုးရန်စတွေကို မေ့ဖျောက်လိုက်ရအောင်”
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက ကြောင်အ,မှင်တက်သွားကြ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည်လည်း တုန်လှုပ်သွားလေသည်။
ဘိုးဘေးနဂါးများ၏ ဘဝသက်တမ်းသည် လူသားမျိုးနွယ်မှ ဧကရာဇ်တစ်ပါး၏ ဘဝသက်တမ်းထက် ၄ဆဖြစ်ပြီး ချန်နဂါးဧကရာဇ်က အသက် နှစ်လေးသိန်းနီးပါး ရှိနေလေပြီ။
ပဟေဠိနန်းတော်မှ နဂါးအိုကြီးသည် ချန်နဂါးဧကရာဇ်နှင့် တူညီသော ခေတ်ကနေ ဆင်းသက်လာသော နဂါးတစ်ကောင် ဖြစ်နေလေသည်။
ဒါ့အပြင် သူတို့နှစ်ယောက်သည် အတိတ်ကာလတုန်းက ရန်ငြိုးရန်စတချို့ ရှိနေခဲ့သည့်ပုံပင်။
ပဟေဠိနန်းတော်မှ နဂါးအိုကြီးသည် ထိုရန်ငြိုးရန်စကြောင့်ပင် နဂါးအရိုးတောင်ကြားကနေ ထွက်ခွာလာခဲ့ပြီး နှစ်ပေါင်းများစွာ ကြာသည်အထိ ထိုနေရာသို့ ပြန်မသွားခဲ့တာ ဖြစ်နိုင်လေသည်။
ပဟေဠိနန်းတော်မှ နဂါးအိုကြီးက ပြုံးပြလိုက်၏။
“သေခါနီးဆဲဆဲအရွယ် ငါတို့လို အဘိုးကြီးနှစ်ယောက်ကြားမှာ ရန်ငြိုးရန်စတွေအကြောင်းကို ဘာများပြောနေရဦးမှာလဲ”
အဘိုးကြီးနှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီးနောက် ပြုံးလိုက်ကြ၏။
ချက်ချင်းပင် အတိတ်ကာလမှ ရန်ငြိုးရန်စများ အားလုံးသည် လေထဲသို့ လွင့်ပြယ်ပျောက်ကွယ်သွားခဲ့လေသည်။
သူတို့နှစ်ယောက်သာလျှင် ထိုရန်ငြိုးရန်စများနှင့် ပတ်သက်၍ သိရှိကြပေလိမ့်မည်။
“ချန်နဂါးဧကရာဇ်.. ခင်ဗျားက ဒီအသက်အရွယ်ထိတောင် ရောက်နေပြီ.. ခင်ဗျားက နဂါးအရိုးတောင်ကြားမှာ အသာတကြည် နေနေရမယ့်အစား ဒီကို ဘာလာလုပ်တာလဲ”
ရွှေကျီးကန်း မီးဧကရာဇ်က လှောင်ပြောင်သရော်လိုသော လေသံဖြင့် ရယ်မောပြောဆိုလိုက်၏။
“မင်းတို့ ဂျူနီယာတွေ အားလုံးက ရောက်လာပြီဆိုမှတော့ ငါကလည်း ဒီတိုင်းဘယ်နေနိုင်တော့မလဲ.. အဲဒါကြောင့်ပဲ ငါက အကြောအခြင်လေး ဘာလေး ဆန့်ရအောင် ရောက်လာခဲ့တာပဲ”
ချန်နဂါးဧကရာဇ်က ပြန်ဖြေလိုက်၏။
“ဘာမှ အပိုတွေ လျှောက်ပြောမနေနဲ့တော့”
ဆိုးယုတ်လေယက္ခဧကရာဇ်က လှောင်ရယ်လိုက်၏။
“လိုရင်းကိုပဲ တန်းပြောလိုက်ရအောင်… နဂါးမျိုးနွယ်က ဒီကိစ္စမှာ ဝင်ပါမှာလား”
“မျိုးနွယ်စုတစ်သောင်း အတူယှဉ်တွဲ နေထိုင်ဖို့ဆိုတာ ဘာများဆိုးနေလို့လဲ”
ချန်နဂါးဧကရာဇ်က ပြန်မဖြေဘဲ ပြန်လှန်မေးလိုက်၏။
“ကမ္ဘာဦးခေတ် စစ်ပွဲနဲ့ ရှေးဟောင်းခေတ်စစ်ပွဲက ရလာခဲ့တဲ့ သင်ခန်းစာတွေက မလုံလောက်သေးဘူးလား”
“ဟမ်”
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က တင်းမာခက်ထန်စွာဖြင့် ပြောလိုက်၏။
“အဘိုးကြီးချန်.. ခင်ဗျားက အခု အိုနေပြီ.. ကျုပ်တို့က တစ်ယောက် တစ်ယောက်ချင်း တိုက်ခိုက်ကြမယ်ဆိုရင်တောင် ခင်ဗျားက ကျုပ်ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး”
“ကျုပ်တို့ ၆ယောက် ပူးပေါင်းလိုက်မယ်ဆိုရင် ကျုပ်တို့က ခင်ဗျားကို သတ်ဖြတ်နိုင်တယ်”
ချန်နဂါးဧကရာဇ်က အတန်ကြာ တိတ်ဆိတ်ငြိမ်သက်ပြီးမှ ခေါင်းညိတ်ပြလိုက်၏။
“မင်းပြောတာ မှန်တယ်… ငါက အခုအိုနေပြီ.. တစ်ယောက် တစ်ယောက်ချင်း တိုက်ခိုက်ကြမယ်ဆို ငါက မင်းကိုတောင် နိုင်မှမဟုတ်တော့ဘူး”
ခဏမျှ ရပ်တန့်ပြီးနောက်… သူက သူ၏ ခေါင်းကို ဖြည်းဖြည်းချင်းမော့ကာ သူ၏ မျက်လုံးထဲမှာ နတ်ဘုရားဆန်ဆန် အလင်းတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး သူက ပြတ်သားစွာဖြင့် ပြောလိုက်၏။
“ဒါပေမဲ့ င့ါအသက်ကို စွန့်လွှတ်စတေးမယ်ဆို.. ငါက မင်းတို့တွေထဲက တစ်ယောက် နှစ်ယောက်လောက်ကိုတော့ သေချာပေါက် ဒဏ်ရာ အပြင်းအထန်ရအောင် လုပ်နိုင်တယ်”
“မင်းတို့ ၆ယောက်ထဲ ကပ်ဘေးဖြတ်ကျော်ပြီး အထက်ဘုံကို မတက်လှမ်းချင်တဲ့သူ ရှိရင်.. အခုကစပြီး ငါ့ကို လာတိုက်ခိုက်လို့ ရပြီ”
ငရဲစုန်း ဧကရာဇ်၊ ရွှေကျီးကန်း မီးဧကရာဇ်နှင့် အခြားသူများက အမူအရာ ကင်းမဲ့နေသော်လည်း သူတို့၏ ရင်ထဲမှာ စိုးရိမ်ပူပန်နေကြ၏။
နှစ်လေးသိန်းနီးပါး ရှင်သန်နေထိုင်လာခဲ့သော ချန်နဂါးဧကရာဇ်မှာ ဘယ်လောက် စွမ်းအားကြီးမားသည့် ဝှက်ဖဲတွေ ရှိနေမလဲ မည်သူကမှ မသိရှိကြပေ။
ကင်းခြေများတစ်ကောင်က သေဆုံးသွားလျှင်တောင် လုံးဝ လဲကျသွားလိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် ချန်နဂါးဧကရာဇ်က အသက်ရှင်နေသေးပြီး သူတို့ထက်ပင် အားမနည်းသည့် ထိပ်သီးဧကရာဇ်တစ်ပါး ဖြစ်လေသည်။
“လူရိုင်းဧကရာဇ်… ခွန်ဧကရီ.. ထွက်လာကြတော့”
ထိုစဉ်မှာပင်.. ငရဲစုန်းဧကရာဇ်က ရုတ်တရက်ပြောလိုက်၏။
“ဒီအချိန်ထိ ရောက်တာတောင် ဘာလို့ ပုန်းရှောင်နေဦးမှာလဲ”
အဲဒီမှာ ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွား၏။
မိုးကောင်းကင်ထက်ရှိ လေဟာနယ်က ကွဲအက်သွားပြီး ပုံရိပ်နှစ်ခုက လျှောက်လှမ်းထွက်လာ၏။
သူတို့ထဲမှ တစ်ယောက်သည် အရပ်အမောင်းမြင့်မား၍ စွမ်းပကား ကြီးမားပြီး တောင်ထွတ်တစ်လုံးနှင့် ဆင်တူလေသည်။ သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းက ဗလာကျင်းနေပြီး သူ၏ ခြေလက်များက ကြီးမားတုတ်ခိုင်ကာ ရှေးကျသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။
လူရိုင်းဧကရာဇ်က ဆင်းသက်ရောက်ရှိလာခဲ့လေပြီ။
အခြားတစ်ဖက်မှာတော့… အနက်ရောင်ဆံပင်များနှင့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ချောမောလှပသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က ပေါ်ထွက်လာ၏။
သူမက အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း ချောမောလှပသော ဤသက်လတ်ပိုင်းအရွယ် အမျိုးသမီးထံမှ အလွန်တရာ ကြောက်စရာကောင်း၍ ကျယ်ပြောသော သွေးချီတစ်ခု ဖြာထွက်နေပြီး သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားကို ပိုင်ဆိုင်ထားလေသည်။
ကမ္ဘာဦးမျိုးနွယ် ၉စုကြားမှာ လူရိုင်းမျိုးနွယ်၏ ကိုယ်ကာယက နံပါတ်တစ် ဖြစ်လေသည်။
ခွန်မျိုးနွယ်ကတော့ သူတို့သည် သန်မာသော သွေးချီကို ပိုင်ဆိုင်ထားပြီး နဂါးမျိုးနွယ်ထက်ပင် ဘဝသက်တမ်း ပိုမိုရှည်လျားလေသည်။ ဘိုးဘေးခွန်တစ်ယောက်၏ ဘဝသက်တမ်းက နှစ်ငါးသိန်း ဖြစ်လေသည်။
ခွန်ဧကရီက ဆင်းသက်ရောက်ရှိလာ၏။
ထိုအခိုက်အတန့်တွင် ကမ္ဘာဦးမျိုးနွယ် ၉စုမှ ထိပ်သီးဧကရာဇ်များသည် ပဟေဠိနန်းတော်မှာ စုစည်းရောက်ရှိလာခဲ့ကြလေပြီ။
ဤကဲ့သို့ ခမ်းနားထည်ဝါသည့် အစုအဖွဲ့သည် ရှေးဟောင်းခေတ် စစ်ပွဲပြီးကတည်းက တစ်ခါမှ ပေါ်ထွက်မလာတော့ပေ။
“လူရိုင်းဧကရာဇ်… ခွန်ဧကရီ.. ခင်ဗျားတို့ရော ဘယ်လိုစဉ်းစားထားလဲ”
ငရဲစုန်းဧကရာဇ်က မှင်သေသေဖြင့် မေးလိုက်၏။
“မင်းတို့တွေကရော.. ငါတို့ ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် နဂါးမျိုးနွယ်နဲ့ ပူးပေါင်းမှာလား”
လူရိုင်းဧကရာဇ်နှင့် ခွန်ဧကရီက အကြည့်ချင်း ဖလှယ်ပြီး သူတို့၏ ခေါင်းကို ခါယမ်းပြလိုက်၏။
“အဲဒါဆိုရင် မင်းတို့တွေက ငါတို့ ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ ပူးပေါင်းချင်တာလား”
သွေးဧကရာဇ်က ညင်သာစွာ ပြုံး၍ သူ၏ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်၏။
“ကမ္ဘာဦးမျိုးနွယ် ၉စုဆိုတာ အစကတည်းက အတူယှဉ်တွဲ နေထိုင်ခဲ့ကြတာပဲ.. ကြိုဆိုပါတယ်”
လူရိုင်းဧကရာဇ်နှင့် ခွန်ဧကရီက သူတို့၏ ခေါင်းများကို ထပ်မံ၍ ခါယမ်းပြလိုက်၏။
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်နှင့် အခြားသူများ၏ အမူအရာများက ညိုမည်းသွား၏။
နောက်ဆုံးမှာတော့ လူရိုင်းဧကရာဇ်က သတိကြီးကြီးထားကာ အရင်ဦးစွာစ၍ ပြောလိုက်လေသည်။
“ဒီကိစ္စက နည်းနည်းလေး ရှုပ်ထွေးနေတယ်… ငါတို့က ခဏလောက် ထပ်ပြီးစောင့်ရဦးမယ်”
“ဘာကို စောင့်နေဦးမှာလဲ.. ဘာများ စောင့်စရာ ရှိလို့လဲ”
ရွှေကျီးကန်း မီးဧကရာဇ်က မနေနိုင်ဘဲ ခွန်းတုံ့ပြန်လိုက်၏။
“ငါတို့က အမှန်တရားတစ်ခုကို စောင့်နေကြတာ “
ခွန်ဧကရီက ဖြည်းဖြည်းချင်း ပြေလိုက်၏။
“ဘာအမှန်တရားလဲ”
ငရဲစုန်းဧကရာဇ်နှင့် အခြားသူများက မျက်မှောင်ကြုတ်လိုက်၏။
“ကမ္ဘာဦးခေတ်စစ်ပွဲရဲ့ အမှန်တရားပဲ”
ခွန်ဧကရီ တည်တံ့စွာဖြင့် ပြောလိုက်၏။
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က မျက်မှောင်ကြုတ်၍ သူ၏မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်က တလိပ်လိပ် တက်လာ၏။ သို့သော်လည်း အဲဒါကို အလျင်အမြန် ရုတ်သိမ်းလိုက်ပြီး သူက အမူအရာကင်းမဲ့စွာ ပြောလိုက်၏။
“ကမ္ဘာဦးခေတ်စစ်ပွဲအတွင်း ဖြစ်ခဲ့တဲ့အရာတွေကို လူတိုင်း သိထားကြတာပဲ.. အဲဒီမှာ ဘာအမှန်တရား ရှိနိုင်ဦးမှာလဲ”
“အဲဒါ ဟုတ်တယ်”
သွေးဧကရာဇ်ကလည်း ပြုံးလိုက်လေသည်။
“ကမ္ဘာဦးခေတ်စစ်ပွဲအကြောင်း ပြောရမယ်ဆို.. ငါတို့က တဗူးဂမ္ဘီရဟို့လို ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတုန်းကတောင် ကမ္ဘာဦးမျိုးနွယ် ၉စုက နောက်မဆုတ်ဘဲ အတူပူးပေါင်းခုခံခဲ့ကြတာပဲ”
“ဒီနေ့ လူသားပုရွက်ဆိတ်တစ်အုပ်စုကို နှိမ်နင်းဖို့ကို မင်းတို့တွေက ဘာကို တွေဝေတုံ့ဆိုင်းနေကြတာလဲ”
ထိုစကားကို ကြားသောအခါ ညဝိညာဉ်၏ မျက်လုံးများက မုန်းတီးမှုဖြင့် တဖျပ်ဖျပ်လက်သွားပြီး သူ၏ လက်သီးနှစ်ဖက်ကို ညင်သာစွာ ဆုပ်လိုက်၏။
ရုတ်တရက် ချန်နဂါးဧကရာဇ်က ပြောလိုက်လေသည်။
“အရင်တုန်းက ငါတို့မှာ ကမ္ဘာဦးမျိုးနွယ် ၈စုပဲ ရှိခဲ့တာ ငါမှတ်မိသေးတယ် ဟုတ်တယ်မလား.. နတ်ဘုရားမျိုးနွယ်ဆိုတာ ကမ္ဘာဦးခေတ်စစ်ပွဲပြီးမှ တဖြည်းဖြည်း ပေါ်ထွက်လာတာပဲ”
ကောင်းကင်ဘုံနတ်ဘုရား ဧကရာဇ်၏ အမူအရာက အေးစက်လာခဲ့၏။
“အဲဒါက ကမ္ဘာဦးခေတ်စစ်ပွဲနဲ့ ဘာများပတ်သက်လို့လဲ”
ရွှေကျီးကန်း မီးဧကရာဇ်က တွေဝေရှုပ်ထွေးသွား၏။
ထိုစဉ်မှာပင် ချန်နဂါးဧကရာဇ်၏ နောက်ဘက်ရှိ ဖန်တီးခြင်းကြာပဒုမ္မာက ညင်သာစွာ ယိမ်းနွဲ့သွားပြီး အလင်းရောင်ခြည်များကို ထုတ်လွှတ်လိုက်လေသည်။ ဆူဇီမိုက သူ၏မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး မတ်တတ်ထရပ်လိုက်၏။ သူ့အောက်ဘက်ရှိ ဖန်တီးခြင်းကြာပဒုမ္မာက အလင်းရောင်ခြည်များအဖြစ် အသွင်ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။
“ကမ္ဘာဦးခေတ်စစ်ပွဲနဲ့ ပတ်သက်တဲ့ အမှန်တရားအကြောင်း ခင်ဗျားတို့တွေကို ကျုပ်ပြောပြမယ်”
ဆူဇီမိုက စကားကို တစ်လုံးချင်း ပြောလိုက်လေသည်။