← Chapters

ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူများ တိုက်ပွဲအတွင်း၌ ဝင်ရောက်ပါဝင်လာခြင်း

Vol. 4 Ch. 43

ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူများ တိုက်ပွဲအတွင်း၌ ဝင်ရောက်ပါဝင်လာခြင်း

Vol. 4 Ch. 43

ယန်ကျန်းထံမှ ဆုံးဖြတ်ချက်ချလိုက်သော လေသံနှင့် အမိန့်ကို ကြားလိုက်သည့်အခါတွင် အကြီးအကဲလောကလည်း တုံ့ဆိုင်းမနေခဲ့ပါ။ သူ့မျက်လုံးထဲတွင် ကြမ်းကြုတ်ရက်စက်မှုများ ဖြတ်ပြေးသွားပြီးသည့်နောက်တွင် သူ၏ ခွန်အားအကုန်အစင်ကို ထုတ်လွှင့်လိုက်ပါသည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်လာပြီးနောက်တွင် မြေပြင်များပင်လျှင် တုန်လှုပ်သွားခဲ့ပါသည်။ ဖိနှိပ်နိုင်သော စွမ်းအားသည် အပြင်ဘက်သို့ တစ်ဟုန်ထိုးထွက်လာပြီးနောက် လမ်းကြားတစ်ခုလုံးကို လေတဟုန်းဟုန်းနှင့် တိုက်ခိုက်သွားစေခဲ့၏။ သဲနှင့် ဖုန်မှုန့်များကို လွင့်ပျံသွားစေပါသည်။ 

ဘုန်း…

အချိန်တစ်ခဏလေးတောင်မှ ‌မနှောင့်နှေးနေဘဲနှင့် အကြီးအကဲလောက တိုက်ပွဲအလယ်တည့်တည့်တွင် ထွက်ပေါ်လာခဲ့ပါသည်။ သူရောက်ရှိလာမှု၏ အရှိန်နှုန်းက မြေပြင်ကို အက်ကွဲသွားစေပြီး ဘေးပတ်ဝန်းကျင်များအထိကိုပါ အားလှိုင်းများ ပြန့်နှံ့သွားစေခဲ့ပါ၏။ 

သူ့ခြေထောက်အောက်ရှိ မြေပြင်သည်လည်း ပက်ကြားအက်များဖြစ်သွားသည်။ ကျောက်စလစ်ခဲများဆိုလျှင် အမှုန့်ဖြစ်သွားပါ၏။ သူ့ထံမှ ထွက်ပေါ်နေသော ဖိအားအရှိန်အဝါနှင့် ရောက်ရှိလာမှုက ဤနေရာသို့ မှောင်မည်းနေသော လေမုန်တိုင်းတစ်ခု ရောက်လာသည့်အလား ဖြစ်နေပြီး ပတ်ပတ်လည် မီတာတစ်ရာအထိပင် သူ၏ တုန်လှုပ်ခြောက်ခြားဖွယ်ဖိအားက ရောက်ရှိနေသည်။ 

ထိုအနေအထားက ချက်ချင်းပင် တိုက်ခိုက်နေသာ အဖွဲ့နှစ်ဖွဲ့ကို ရပ်ဆိုင်းသွားစေခဲ့သည်။

" အ...အကြီးအကဲကြီး "

လူသတ်သမားတစ်ဦးက ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။ အကြီးအကဲကိုယ်တိုင် ဝင်ပါလာပြီဆိုပါက ထိုအဓိပ္ပါယ်မှာ သူတို့၏ လုပ်ကြံသတ်ဖြတ်မှုက ကျရှုံးသွားသည်ဟု ပြော၍ရပါသည်။ 

" အမှိုက်ကောင်တွေ ဒီလိုမျိုးလွယ်ကူတဲ့ တာဝန်လေးကိုတောင် ဖြစ်ဖြစ်မြောက်မြောက် မစွမ်းဆောင်နိုင်ကြဘူး။ "

အကြီးအကဲလောက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ ယခုတွင် တိုက်ပွဲ၌ သူကိုယ်တိုင် ဝင်ပါလာရပြီဖြစ်သောကြောင့် လုပ်ကြံသတ်ဖြတ်မှုကို ယန်အိမ်တော်က ကြံစည်သည်ကို ဖုံးကွယ်၍ မရတော့ပါ။ 

လုပ်ကြံသတ်ဖြတ်သူများက ဘာမှပြန်မတုံ့ပြန်နိုင်ဘဲ ခေါင်းများကိုသာ ငုံ့ထားကြသည်။ သူတို့ထက် ကျင့်ကြံအဆင့်များစွာနိမ့်ကျသော လူငယ်နှစ်ဦးကို မသတ်ဖြတ်နိုင်ခြင်းက သူတို့က အမှန်တကယ်ကို အမှိုက်များပင် ဖြစ်ပါသည်။ ထို့အပြင် သူတို့က လူအင်အားကလည်း ထိုနှစ်ယောက်ထက် ပိုများပါသေးသည်။ 

အကြီးအကဲလောက ထိုအသုံးမကျသော လူစုကို အဖက်မလုပ်တော့ဘဲ သူ၏ သားကောင်ကိုသာ စိုက်ကြည့်လိုက်ပါတော့သည်။

" တော်လိုက်တာ တကယ်ကို တော်တာပဲ။ "

အကြီးအကဲလောက လှောင်ပြောင်လိုက်၏။ ဖုန့်ယွင်နှင့် ဖုန့်မေကို ကြည့်နေသော သူ့မျက်ဝန်းများက ကျဉ်းမြောင်းလာသည်။ သူ့အကြည့်များထဲတွင် မနာလိုဝန်တိုမှုများ၊ သတ်ဖြတ်လိုစိတ်များ၊ မုန်းတီးမှုများ ရောယှက်နေပါသည်။ 

" ဖုန့်မိသားစုက မျိုးဆက်သစ်လူငယ်တွေ ဖြစ်နေတာတောင်မှ ကြောက်ဖို့ကောင်းတဲ့ အလားအလာနဲ့ စွမ်းအားတွေ ရှိကြတာပဲ၊ ဒီလို အသက်ငယ်ငယ်ရွယ်ရွယ်လေးမှာ ဒီလောက်ထိ ကျင့်ကြံအဆင့်ကို ရောက်ထားတဲ့အပြင် မင်းတို့ရဲ့ တိုက်ပွဲဝင်တဲ့အချိန်မှာ သုံးတဲ့ ကျင့်စဉ်တွေ သိုင်းပညာတွေကလည်း ထူးခြားလွန်းပါတယ်။ "

သူက လက်မြှောက်လိုက်ပြီး လက်ချောင်းများကို တဖျစ်ဖျစ်ဖြင့် ချိုးလိုက်သည်။ သူ၏ လက်လှုပ်ရှားမှုတွင် လေထုမှာ ယိမ်းခါသွား၏။ 

" ဒါပေမဲ့ ဒီလိုရှိတယ်ကွ၊ ဖုန့်မိသားစုမှာ မွေးလာပြီဆိုကတည်းကိုက မင်းတို့ရဲ့ အနာဂတ်က သက်မှတ်ပြီးသွားပြီ၊ အခု သက်မှတ်ထားတဲ့ အနာဂတ်အတိုင်းဖြစ်ဖို့ အချိန်ရောက်လာပြီ။ ဒီအကြီးအကဲရဲ့ လက်ချက်နဲ့ သေလိုက်စမ်း။ "

ကျယ်လောင်လှသော ကြုံးဝါးသံနှင့်အတူ အကြီးအကဲလောက လက်ဖဝါးရိုက်ချက်တစ်ချက် အရှေ့သို့ ပစ်လွှတ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ချီနှင့် သွေးစွမ်းအားများက ရုန်းကြွလာပြီး တောက်ပနေသော အလင်းတန်းတစ်ခုက မီးတောင်မှ ထွက်ပေါ်နေသည့် ချော်ရည်အလား ဝုန်းကနဲ ထိုးထွက်လာပါသည်။

ထိုအလင်းတန်းက ဧရာမလက်ဖဝါးပုံရိပ်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ လက်ဖဝါးကြီး၏ အကျယ်သည် ပေဒါဇင်နှင့် ချီပါသည်။ လက်ဖဝါးက ကောင်းကင်တစ်ခုကိုပင် ဖုံးအုပ်သွားသည့်ဟန်ရှိပြီး ဖုန့်ယွင်နှင့် ဖုန့်မေထံသို့ ကျဆင်းလာပါသည်။

လက်ဖဝါးသည် ပြင်းပြလှသော အပူလှိုင်းများကို ထုတ်လွှတ်နေပြီး ၄င်း၏ မျက်နှာပြင်သည် နေလုံးမှ ထွက်ပေါ်နေသော အလင်းရောင်နှင့် တူညီလှပါသည်။ ယင်းသည် ကောင်းကင်မှ တောင်ကြီးတစ်တောင် ကျဆင်းလာသည်ကဲ့သို့ ကျဆင်းလာနေပါသည်။

ဧရာမလက်ဖဝါးပုံရိပ်ကြီးကို မြင်သောအခါ ဖုန့်ယွင်၏ မျက်လုံးများက ပြူးကျယ်သွားခဲ့ပါသည်။ ထိုလက်ဖဝါး၏ အရွယ်အစားနှင့် စွမ်းအားသည် အရင်တုန်းက သူ ရင်ဆိုင်တွေ့ခဲ့ဖူးသော အရာများနှင့် လားလားမှ တူညီမနေခဲ့ပါ။

ဖိအားက မွန်းကြပ်လုနီးပါးဖြစ်နေပြီး အသက်ပင် ကောင်းကောင်းရှူ၍ မရပါ။ ထို့အပြင် အပူလှိုင်းမှာ ပြင်းထန်လွန်းလှသောကြောင့် လေထုတစ်ခုလုံးပင်လျှင် အငွေ့ပြန်နေတော့ပြီဖြစ်သည်။

“ ဖုန့်မေ သတိထား “

ဖုန့်ယွင် အော်ဟစ်လိုက်၏။ သူ့အသံမှာ အကျယ်ကြီးအော်လိုက်သည့်တိုင် တိုးတိုးလေးသာ ကြားရသည်။ အဘယ်ကြောင့်ဆိုသော် ကျဆင်းလာသော တိုက်ခိုက်မှုက ကျယ်လောင်နေသောကြောင့် ဖြစ်ပါသည်။

ထိုပြင်းထန်လှသော စွမ်းအားကို တိုက်ရိုက်ရင်ဆိုင်၍မရမှန်း သူ ကောင်းကောင်းသိသည်။ သူတို့ ရှောင်ရှားမှရမည်။ မဟုတ်ပါက ထိုလက်ဖဝါးချက်အောက်တွင်ပင် သူတို့ အသက်သေဆုံးရပေလိမ့်မည်။

သို့သော် ထိုပြင်းထန်လှသော ဖိအား၏ အောက်တွင် ဖုန့်ယွင်ရော ဖုန့်မေပါ မလှုပ်ရှားနိုင်ကြပါ။ ရှောင်ရှားဖို့မှာ ခက်လွန်းလှပါသည်။

“ ဆရာသခင်မင်းဟောင် ကျုပ်ကို ကယ်ပါဦး၊ ဒီအချိန်မှာ မကယ်ရင် ခင်ဗျားတပည့် ကျုပ်ကတော့ ကြွတော့မှာနော်။ “

ဖုန့်ယွင်က ဆရာသခင်ဖြစ်သူ မင်းဟောင်ကို စိတ်ထဲမှ လှမ်းပြောလိုက်သည်။ သူ အကူအညီတောင်းပါက ဆရာသခင်က ကူညီလိမ့်မည်ဟု မျှော်လင့်ခဲ့ပါ၏။ သို့သော် သူ၏ ဆရာသခင်ဖြစ်သူက လုံးဝပြန်မဖြေခဲ့ပါ။ ထိုကဲ့သို့ တိတ်ဆိတ်နေခြင်းက ဖုန့်ယွင်ကို ကူကယ်ရာမဲ့သွားစေခဲ့ပါပြီ။

‘ ဖြစ်နိုင်တာက ဒီနေ့မှာ ငါ သေတော့မယ်ထင်တယ်။ မရဘူး ငါလုပ်ချင်တာတွေ အများကြီးရှိသေးတယ်၊ ငါသေလို့မရသေးဘူး။ ‘

ဖုန့်ယွင်က ကြိုးစားပမ်းစားဖြင့် ရုန်းကန်နေရသည်။ သူ့မျက်လုံးများသည် ဆုံးဖြတ်ချက်ပြတ်သားမှုများနှင့် ပြည့်နှက်နေ၏။ နာကျင်မှုနှင့် ပင်ပန်းမှုတို့အကြားတွင် သူက လက်လျှော့ရန်အတွက် ငြင်းဆန်ခဲ့သည်။

ယခုအချိန်သည် သေရေးရှင်ရေးအခြေအနေဖြစ်သည်။ သူ အရှုံးပေးလို့ မရပါ။ အထူးသဖြင့် ဖုန့်မေ၏ အသက်အန္တရာယ်ပင်လျှင် ထိခိုက်နေပြီဖြစ်သည်။

ဘုန်း..

သူ ဘာမှမတွေးနိုင်ခင်မှာပင် နောက်ထပ်တိုက်ခိုက်မှုတစ်ခု ထပ်မံ၍ ပေါ်ထွက်လာသည်။ ထိုတိုက်ခိုက်မှုက အကြီးအကဲလော၏ တိုက်ခိုက်မှုကို ပျက်ပြယ်သွားစေခဲ့သည်။

“ ဟမ့် ငါတို့ဖုန့်အိမ်တော်က ဘာအစွမ်းမှ မရှိဘူးလို့ မင်း တကယ်ပဲ ထင်တာလား၊ မင်းတို့ကို ဘယ်သူက သတ္တိတွေပေးထားလို့ ယွင်အာနဲ့ မေ့အာကို တိုက်ခိုက်ရဲရတာလဲ။ “

မှောင်မိုက်နေသော လမ်းကြားထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူ၏ အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းပြီး စွမ်းအားပြင်းထန်သည်။ အရှိန်အဝါသည် ဒေါသထွက်နေခြင်းကြောင့် မိုးအထိကို မြင့်မားနေ၏။

“ ဘယ်သောက်ကောင်က ငါ့ရဲ့ အစီအစဉ်ကို ဝင်ရှုပ်ရဲရတာလဲ။ “

အကြီးအကဲလောက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ သူ့အကြည့်က အသစ်ရောက်လာသူကို ရောက်ရှိသွားသည်။ ဖုန့်ယွင်နှင့် ဖုန့်မေကို ကူညီကာ သူ၏ တိုက်ခိုက်မှုကို ချေဖျက်လိုက်သူက ရန်သူဖြစ်မည်ကို သူ သိပါသည်။ ဖုန့်ချန်းတစ်ယောက် ရောက်ရှိလာမှာကိုလည်း သူ ထိတ်လန့်နေခဲ့ပါသေးသည်။

အသစ်ရောက်လာသူသည် ချက်ချင်း ပြန်မဖြေ။ သူက လက်ကို မြှောက်လိုက်၏။ လက်မြှောက်လိုက်ရုံနှင့်ပင်လျှင် တိုက်ပွဲတစ်ခုလုံး ဖုံးအုပ်နေသည့် ဖုန့်မှုန့်များနှင့် သဲမှုန့်များအားလုံးက ချက်ချင်းပင် ငြိမ်ကျသွားသည်။ မြင်ကွင်းရှင်းလင်းသွားမှသာ သူ့မျက်နှာပေါ်လာ၏။ ထိုမျက်နှာကို ဖုန့်ယွင် ချက်ချင်းမှတ်မိလိုက်ပါသည်။

“ အဘိုးလေးကျန်းရှန် “

ဖုန့်ယွင်က အော်ခေါ်လိုက်၏။ သူ့မျက်လုံးများသည် ထိတ်လန့်မှုကြောင့် ပြူးကျယ်နေပြီး စိတ်သက်သာရာ ရသွားခဲ့ပါသည်။

‘ အဘိုးလေးကျန်းရှန် ရောက်နေတာကို ဆရာသခင်မင်းဟောင်က အာရုံခံမိပြီးသား ဖြစ်လိမ့်မယ်၊ ဒါကြောင့်မလို့ သူ ထွက်မလာတာပဲ။ အနည်းဆုံးတော့ ငါ့ကိုတော့ ပြောပြသင့်တာပေါ့ကွာ၊ မဟုတ်လို့ရှိရင်တော့ ငါ အခုလောက်ထိ ကြောက်နေမှာမဟုတ်ဘူး။ ‘

ဖုန့်ယွင်က စိတ်သက်သာရာရသွားပြီးနောက် ကြိတ်တွေးလိုက်သည်။

“ ယွင်အာ မေ့အာ မင်းတို့ အဆင်ပြေကြလား။ “

ဖုန့်ကျန်းရှန်က စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်သည်။ ဖုန့်ယွင်ကော ဖုန့်မေပါ နှစ်ဦးစလုံး ခေါင်းညိတ်ပြလိုက်၏။ သူတို့ခန္ဓာကိုယ်ပေါ်တွင် သေလုမျောပါးဒဏ်ရာများတော့ မရထားပါ။

ဖုန့်ကျန်းရှန်၏ အကြည့်က ကျဉ်းမြောင်းသွားသည်။ သူ့အကြည့်က အကြီးအကဲလောထံသို့ ရောက်သွား၏။ အကြီးအကဲလောက အံ့အားထိတ်လန့်နေသော အမူအရာကို မျက်နှာထက်တွင် ထုတ်ပြနေ၏။ ယခုအချိန်တွင် အကြီးအကဲလောသည် ကျောက်ရုပ်တစ်ရုပ်လို ရပ်နေပြီး အတွေးနက်နေသည်။

‘ ဖုန့်ကျန်းရှန်လား၊ ဖုန့်မိသားစုရဲ့ မဟာအကြီးအကဲလေ။ နေစမ်းပါဦး ဒီကောင်က အခုမှ အမြူတေဖွဲ့စည်းခြင်းအဆင့်မှာပဲ ရှိသေးတာ မဟုတ်ဘူးလား၊ ဘယ်လိုဖြစ်ပြီးတော့ နောက်ထပ်အဆင့်တစ်ဆင့်ကို ခုန်ပျံကျော်လွှားပြီး ရောက်နေရတာလဲ။ ‘

မိသားစုကြီးငါးစုထဲမှ တစ်စုဖြစ်သော အကြီးအကဲလောသည် ဖုန့်ကျန်းရှန်၏ အကြောင်းကို သိပြီးသားဖြစ်သည်။ သို့သော် ဖုန့်ကျန်းရှန်က ချီအရည်ဖွဲ့ခြင်းအဆင့်ကို ချိုးဖျက်နိုင်မည်ကို သူ လုံးဝမမျှော်လင့်ထားခဲ့မိပါ။

“ ယန်မိသားစုက ဒီလိုမျိုး သူရဲဘောကြောင်တဲ့ လှည့်ကွက်တွေကိုတောင် သုံးနေပြီလား၊ အတင့်ရဲလိုက်တာ။ “

ဖုန့်ကျန်းရှန်၏ လေသံက အေးစက်နေသည်။ ဒေါသအပြည့်နှင့် ဖြစ်နေ၏။

“ ငါတို့ရဲ့ မျိုးဆက်သစ်လူငယ်တွေကို ခြုံခိုပြီး တိုက်ခိုက်ရုံသာမကဘဲ ချီအရည်ဖွဲ့ခြင်းအဆင့်ရှိတဲ့ အကြီးအကဲတစ်ယောက်ကပါ တိုက်ပွဲထဲ ဝင်ပါသေးတယ်။ ယန်မိသားစုအင်အားက ဒီလောက်တောင် ကျဆင်းသွားပြီလား ဒီလိုအရှက်မဲ့တဲ့ အကွက်တွေ ထုတ်သုံးနေရအောင်။ “

ထိုစကားများကို ကြားသောအခါ အတွေးနက်နေသော အကြီးအကဲလောက အသိဝင်လာပြီး ခပ်မြန်မြန်ပင် ဟန်ပြင်လိုက်သည်။

“ ဟမ့် ညစ်ပတ်တယ်ပဲပြောပြော ဘယ်လိုပဲဖြစ်နေဖြစ်နေ ဒီနေ့မှာ ဘယ်သူပဲလာတားလာတား သူတို့နှစ်ယောက် သေကို သေမှရမယ်။ “

အကြီးအကဲလျှိုက လှောင်ပြောင်ပြီး ပြောလိုက်သည်။ ယန်ကျန်း၏ ဘက်တွင်တော့ ဖုန့်ကျန်းရှန်၏ ကျင့်ကြံမှုအဆင့်ထွက်ပေါ်လာခြင်းက တစ်ဖွဲ့လုံးကို ထိတ်လန့်သွားစေသည်။

‘ ပြဿနာပဲ၊ ဖုန့်မိသားစုမှာ ဖုန့်ချန်းအပြင် နောက်ထပ် ချီအရည်ဖွဲ့ခြင်းကျင့်ကြံသူတစ်ဦး ထပ်ပေါ်လာပြန်ပြီ။ ‘

‘ ဖုန့်မိသားစုက တကယ်ကို လျှို့ဝှက်ပြီး နေနေတာပဲ၊ ဒီလိုလုပ်ကြံသူတွေကို လွှတ်လိုက်တာကြောင့်သာ မဟုတ်ရင် ဖုန့်မိသားစုမှာ နောက်ထပ် ချီအရည်ဖွဲ့ခြင်းအဆင့်တစ်ယောက် ရှိဦးမယ်ဆိုတာကို ငါတို့သိမှာတောင် မဟုတ်ဘူး။ ‘

‘ အခြေအနေကို ကြည့်ရသလောက် ဖုန့်အိမ်တော်ကို ဖြေရှင်းဖို့ကိစ္စမှာ ငါတို့ သေချာသတိထားမှ ရလိမ့်မယ်။ ‘

ယန်မိသားစု၊ ကျောက်မိသားစုနှင့် လျိုမိသားစုတို့၏ အကြီးအကဲများက ကြိတ်ကာ ဆွေးနွှေးနေကြပြီဖြစ်သည်။ သူတို့ ပို၍ ထိတ်လန့်ရသည်မှာ ဖုန့်မိသားစုတွင် နောက်ထပ် ချီအရည်ဖွဲ့ခြင်းကျင့်ကြံသူတစ်ဦးရှိခြင်းကြောင့် မဟုတ်ပါ။ ထိုကဲ့သို့သော သတင်းမျိုးကို ဖုန့်အိမ်တော်က လောကကြီးကို မကြေညာဘဲ တိတ်တဆိတ်သိုဝှက်ကာ အင်အားစုဆောင်းနေခြင်းကိုပင် သူတို့ ထိတ်လန့်နေရခြင်း ဖြစ်ပါသည်။

စာဖတ်သူတို့ သိထားရသည်မှာ မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူသည် အဆင့်အမြင့်ဆုံးဖြစ်သည်။ ထို့ကြောင့် မိသားစုတိုင်းသည် မိမိတို့ မိသားစုဝင်တစ်ဦးဦးက ထိုအဆင့်သို့ ချိုးဖြတ်သွားပါက မြို့တော်တစ်ခုလုံးနှင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာများအထိပါ ကြေညာပြီး ပျော်ပွဲရွှင်ပွဲနှင့် စားသောက်ပွဲများကို အကြီးအကျယ် ကျင်းပကြပါသည်။

ထိုကဲ့သို့ ပြုလုပ်ခြင်းသည် မိမိတို့ အိမ်တော်၏ အာဏာနှင့် ခွန်အားကို ထုတ်ပြပြီး မြို့တော်ကို လွှမ်းမိုးနိုင်သည့် အတိုင်းအတာကို ပြသခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဖုန့်မိသားစုက သာမန်ရိုးကျမဟုတ်ဘဲ စွမ်းအားရှင်တစ်ဦးကို ရရှိနေသည့်တိုင် သိုဝှက်ထားခြင်းကို သူတို့ နားမလည်နိုင် ဖြစ်နေခဲ့သည်။

ဖုန့်မိသားစုက ချီအရည်ဖွဲ့ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်တဲ့ ဖုန့်ကျန်းဟောင်ကိုတောင် လောကကြီးကို ပေးမသိတာ နောက်ထပ် ဘယ်လိုလျှို့ဝှက်ချက်တွေကို ထပ်ပြီးတော့ ဖွက်ထားသေးလဲဆိုတာ ဘယ်လိုသိနိုင်မလဲ။ ပိုပြီးကြောက်ဖို့ကောင်းတဲ့ အံ့အားထိတ်လန့်စရာတွေ ဖုန့်အိမ်တော်မှာ ရှိနေဦးလိမ့်မယ်။

All Chapters