← Chapters

စွမ်းအားတိုးဆေးလုံး

Vol. 4 Ch. 46

စွမ်းအားတိုးဆေးလုံး

Vol. 4 Ch. 46

“ မဖြစ်နိုင်ဘူး၊ ဖုန့်အိမ်တော်မှာ ဘယ်လိုဖြစ်ပြီးတော့ ချီအရည်ဖွဲ့ခြင်းကျင့်ကြံသူတွေ အများကြီးရှိနေရတာလဲ။ “

“ ဒီကောင်တွေက မဟုတ်တော့ဘူး၊ တားမြစ်ထားတဲ့ ဆေးလုံးတွေကို အသုံးပြုပြီးတော့ ကျင့်ကြံအဆင့်တွေကို မြှင့်ထားတာပဲ ဖြစ်ရမယ်။ “

“ အဲ့နည်းလမ်းကိုသာ မသုံးဘူးဆိုရင် သူတို့အနေနဲ့ ချီအရည်ဖွဲ့ခြင်းအဆင့်ကို ရောက်စရာအကြောင်းကို မရှိဘူး။ “

မိသားစုသုံးစုမှ အကြီးအကဲများက မယုံကြည်နိုင်စွာဖြင့် ပြောလိုက်ကြသည်။ ယန်ကျန်း၏ မျက်နှာက သွေးစုတ်ဖြူရော်နေခဲ့သည်။ သူသာ ကောင်းကောင်းမွန်မွန် မပြင်ဆင်ထားခဲ့ပါက ဖြစ်လာရမည့် ကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်များကို တွေးပြီး သူ့မျက်နှာက အပျက်ပျက်အယွင်းယွင်းနှင့် ဖြစ်နေခဲ့သည်။ ကံကောင်းတာက သူသည် သေသေချာချာကို ကြိုတင်ပြင်ဆင်ခဲ့သောကြောင့် တော်ကာကျသေးသည်။

‘ တော်သေးတာပေါ့၊ ငါ့ဆီမှာ အကြီးအကဲကျိုးလဲ့နဲ့ အကြီးအကဲကျိုးထျန်းဟွာရဲ့ ထောက်ပံ့မှု ရှိနေလို့ပေပေါ့။ မင်းတို့တွေအားလုံးက ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူတွေ ဖြစ်ရုံမကလို့ ဘာကြီးပဲဖြစ်နေဖြစ်နေ ဒီနေ့ မင်းတို့သေရမဲ့ ကံကြမ္မာကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး။ ‘

ယန်ကျန်းက စိတ်သက်သာရာရစွာဖြင့် တွေးလိုက်ခြင်းပင် ဖြစ်ပါသည်။ ဖုန့်အိမ်တော်၌ ချီအရည်ဖွဲ့ခြင်းကျင့်ကြံသူ များစွာရှိသည်ဟု ကြားသိရပါက ပုံမှန်အချိန်ဆိုလျှင် သူထွက်ပြေးမိမည်သာ ဖြစ်ပါသည်။

ယန်အိမ်တော်၌ ဖုန့်အိမ်တော်တွင် ရှိသော ကျင့်ကြံသူများလောက် များပြားသည့် ချီအရည်ဖွဲ့ခြင်းအဆင့်များ မရှိခဲ့ပါ။ သို့သော် ယနေ့တွင်တော့ သူ့နောက်ကွယ်တွင် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦးက ထောက်ပံ့ပေးထားသောကြောင့် ဖုန့်အိမ်တော်ကို ချေမှုန်းရန်အတွက် ယုံကြည်ချက်ရှိနေခဲ့ပါသည်။ ထို့ကြောင့်လည်း နောက်မဆုတ်ရန်အတွက် တွေးထားခဲ့ပါသည်။

“ အညံ့ခံလိုက်စမ်း၊ ချီအရည်ဖွဲ့ခြင်းကျင့်ကြံဆင့်တွေ လူညီနေတယ်ဆိုရင်တောင်မှ ငါတို့ဘက်မှာ ရှိတဲ့ လူအင်အားရဲ့ ကျင့်ကြံဆင့်က မင်းတို့တွေထက် ပိုများတယ်ကွ။ “

ယန်ကျန်းက ဖုန့်အိမ်တော်ရဲ့ မဟာအကြီးအကဲများကို ပြောလိုက်သည်။ မဟာအကြီးအကဲများသည် အစောပိုင်းနှင့် အလယ်အဆင့်တွင်သာ ရှိပေလိမ့်မည်။ ယန်၊ ကျောက်နှင့် လျိုမိသားစုတို့တွင် ရှိသော ချီအရည်ဖွဲ့ခြင်းအဆင့်များက အထွဋ်အထိပ်များတွင် ရှိသည်။

“ စကားများတာ တော်ပြီ။ “

ဖုန့်ကျန်းရှန်က အေးစက်စွာပြောလိုက်သည်။

“ ငါတို့ဖုန့်အိမ်တော်ကို မကောင်းကြံတယ်၊ တိုက်ခိုက်တယ်၊ အဲ့ဒါလုပ်ပြီးတော့တောင်မှ ငါတို့အိမ်တော်က အညံ့ခံလိုက်ရမယ်ပေါ့လေ။ ယန်ကျန်း ခွေးအိုကြီးယန်ကျန်း၊ မင်း ငါတို့တွေကို လျှော့တွက်လွန်းသွားပြီကွ။ “

လက်တစ်ချက်အဝှေ့မှာပင် ဖုန့်ကျန်းရှန်က အလင်းတန်းတစ်ခုလိုမျိုး ‌အရှေ့သို့ ပြေးဝင်လာသည်။

“ မြေကမ္ဘာပြိုကွဲခြင်းလက်ဝါးသိုင်း “

သူ ခုန်ပြီးတော့ အရှေ့တိုးလိုက်သည့်အခါတွင် သူရပ်နေသော မြေပြင်က အက်ကွဲသွားပြီး ယန်ကျန်းထံသို့ အားပြင်းသော လက်သီးချက်တစ်ချက်ကို ပစ်လွှတ်လိုက်သည်။ ယန်ကျန်းကလည်း သတိအနေအထားရှိသောကြောင့် အချိန်မီပင် ပြန်တုံ့ပြန်လိုက်ပါသည်။

“ ကောင်းကင်လောင်ကျွမ်းမီးတိုက်ကွက် “

ယန်ကျန်းက အော်ဟစ်လိုက်၏။ သူ့လက်တစ်ချောင်းလုံးက တောက်လောင်နေသော မီးတောက်များ လွှမ်းခြုံသွားပြီး ဖုန့်ကျန်းရှန်၏ တိုက်ခိုက်မှုကို ရင်ဆိုင်တွေ့လိုက်သည်။ သူတို့နှစ်ဦး၏ တိုက်ခိုက်မှုရင်ဆိုင်တွေ့မှုကြောင့် အားလှိုင်းများက လေထဲမှတဆင့် ထွက်ပေါ်လာပြီး နှစ်ဖက်စလုံးတွင် ရှိသော လူများကို အဝေးသို့ လွင့်သွားစေခဲ့သည်။

လမ်းကြားတစ်ခုလုံးက ယောက်ယက်ခတ်နေပြီဖြစ်သည်။ နှစ်ဖက်စလုံးကလည်း စတင်၍ လှုပ်ရှားလာကြပြီ။ ဖုန့်အိမ်တော်က အကြီးအကဲများက တိုက်ပွဲထဲသို့ သွေးဆာနေသော ဝံပုလွေများကဲ့သို့ ဝင်ရောက်ဆင်နွှဲလာသည်။ သူတို့ထံမှ ထွက်ပေါ်နေသော ချီအင်အားများကလည်း တဟုန်းဟုန်းတောက်လောင်နေသည်။

“ ကောင်းကင်အင်ပါယာဓားသိုင်း “

“ မြေကမ္ဘာပြိုကွဲလက်ဝါးသိုင်း “

“ တစ္ဆေအရိပ်လှည့်စားမှု “

ထိုကဲ့သို့သော အော်ဟစ်သံများကို အဆက်မပြတ် ကြားနေရမည်ဖြစ်သည်။ ယန်အိမ်တော်၊ ကျောက်အိမ်တော်နှင့် လျိုအိမ်တော်က အကြီးအကဲများကလည်း သူတို့နှင့် တူညီစွာ စွမ်းအားကြီးမားလှသော တိုက်ကွက်များကို ထုတ်သုံးလာခဲ့သည်။

လမ်းကြားတစ်ခုလုံးတွင် ဓာတ်ငါးပါးတိုက်ခိုက်မှုများက တဟုန်ထိုးထွက်ပေါ်လာ၏။ မီးတောက်၊ ရေခဲ၊ လျှပ်စစ်မိုးကြိုးများက လမ်းကြားတစ်ခုလုံးကို စုတ်ပြတ်သပ်သွားစေခဲ့သည်။

တိုက်ပွဲက ပြင်းထန်ပြီး အနားယူချိန်မရှိပါ။ သူတို့အောက်တွင် ရှိသော မြေပြင်က တုန်ခါနေပြီး အက်ကွဲနေသည်။ တိုက်ခိုက်မှုတိုင်းတွင် နားကွဲမတတ်သော ထိခိုက်မှုသံများက မြူခိုးချိုင့်ဝှမ်းမြို့တော်ကို လွှမ်းခြုံထားနေခဲ့ပါသည်။

လေထုတစ်ခုလုံးမှာ ထူထဲကာ လေးလံနေပြီး သံမဏိချင်းထိခိုက်သံများနှင့် ချီပေါက်ကွဲသံများ ဖြစ်ပေါ်နေသည်။ မကြာခဏ နာကျင်မှုကြောင့် ညည်းညူသံများက နှစ်ဖက်စလုံးမှ ထွက်ပေါ်နေခဲ့သည်။

ရန်သူများထက် ကျင့်ကြံမှုအဆင့် နိမ့်ကျနေသည့်တိုင် ဖုန့်အိမ်တော်က အကြီးအကဲများက ကောင်းကင်အဆင့်ကျင့်ကြံသိုင်းကျမ်းများကို လေ့လာထားသောကြောင့် တိုက်ခိုက်မှုက ညီတူညီမျှဖြစ်နေသည်။ တစ်ချက်တစ်ချက်ဆိုလျှင် ကောင်းကင်အင်ပါယာဓားသိုင်း၏ ပြိုင်ဘက်ကင်းမှုကြောင့် သူတို့ကပင် အသာစီးရနေပါသေးသည်။

တိုက်ပွဲတွင် စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်က ယန်ကျန်းဖြစ်သည်။ သို့သော် ယန်ကျန်းကလည်း ဖုန့်ကျန်းရှန်ကို အနိုင်မတိုက်နိုင်သေးပါ။

ဖုန့်ကျန်းရှန်၏ တိုက်ခိုက်မှုများကို ယန်ကျန်းက ကာကွယ်နိုင်သော်လည်း ဖုန့်ကျန်းရှန်ကို ထိခိုက်နာကျင်အောင်လည်း သူ တိုက်ခိုက်၍မရပါ။ အဘယ်ကြောင့်ဆိုသော် ဖုန့်ကျန်းရှန်၏ ကောင်းကင်အဆင့် ခုခံကာကွယ်ရေးသိုင်းပညာဖြစ်သည့် ဆန်းကြယ်ကောင်းကင်သံမဏိတံတိုင်းက ကောင်းကောင်းကြီး ကာကွယ်ပေးနေသောကြောင့်ပင် ဖြစ်သည်။

တိုက်ပွဲက ကြာလာသည်နှင့်အမျှ မိသားစုကြီးသုံးစုက ဖုန့်အိမ်တော်မှာ နှယ်နှယ်ရရအိမ်တော်မဟုတ်မှန်းကို စတင်၍ တွေးမိလာခဲ့သည်။ ဖုန့်အိမ်တော်က အကြီးအကဲများ၏ ကောင်းကင်အဆင့်သိုင်းကျမ်းများကို သိနားလည်မှုက တိုက်ပွဲကို တဖြည်းဖြည်းဖြင့် အထက်စီးသို့ ရောက်လာခဲ့သည်။

‘ ငါတို့တွေ တဖြည်းဖြည်းနဲ့ ရှုံးလာတာ ယုံတောင်မယုံနိုင်ဘူး၊ ဒီပုံစံအတိုင်း ဆက်သွားလို့ရှိရင် ငါတို့အားလုံး အမြစ်ပြတ်သုတ်သင်ခံရမှာပဲ။ ‘

မိမိတို့ဘက်မှ ရှုံးနိမ့်လာပြီကို သတိပြုမိသောကြောင့် တိုက်ပွဲအခြေအနေကို ပြောင်းလဲရမည်ဟု ယန်ကျန်းသတိပြုလိုက်မိသည်။ ဤတိုက်ပွဲကို ရှုံးနိမ့်၍မရပါ။ ယန်မိသားစု၏ အနာဂတ်၊ ဂုဏ်ကျက်သရေသိက္ခာက ဤတိုက်ပွဲအပေါ်တွင် တစ်ရာရာခိုင်နှုန်းလုံး မှီခိုနေပါသည်။

“ သောက်ပဲကွာ “

ယန်ကျန်းက တံတွေးတစ်ချက် ထွေးလိုက်ပြီး သူ့မျက်လုံးများကလည်း စိတ်ပိုင်းဖြတ်မှုများနှင့် တင်းမာလာသည်။ လှုပ်ရှားမှုတစ်ခုနှင့်အတူ ယန်ကျန်းက သူ၏ သိုလှောင်လက်စွပ်ကို တို့ထိလိုက်ပြီး ကျောက်စိမ်းပုလင်းကို ဆွဲထုတ်လိုက်သည်။ သူ့အမူအရာက ဆုံးဖြတ်ချက်ချထားပြီး တင်းမာနေသည်။

“ ကစားမနေကြနဲ့တော့၊ အားလုံးပဲ ဆေးသောက်လိုက်ကြစမ်း။ “

ယန်ကျန်းက အမိန့်ပေးလိုက်၏။ သူ့အသံက လမ်းကြားကို ဟိန်းထွက်သွားသည်။ ဖုန့်ချန်းရောက်လာမှသာ ထိုဆေးလုံးကို သောက်သုံးပြီး တိုက်ခိုက်ရန်အတွက် သူက စီစဉ်ထားခြင်းဖြစ်သည်။

ဆေးလုံးအကူအညီဖြင့် ဖုန့်ချန်းကို ကိုင်တွယ်ပြီး အကြီးအကဲကျိုးထျန်းဟွာကို ဝင်မပါအောင်လို့ သူက တွေးထားပါသည်။ သို့သော် ယခုအခြေအနေကို ကြည့်ခြင်းအားဖြင့် ဖုန့်အိမ်တော်က မဟာအကြီးအကဲများကို ဆေးမသောက်ဘဲနှင့် အနိုင်တိုက်နိုင်တော့မည်မဟုတ်ပါ။

ယန်၊ ကျောက်နှင့် လျိုမိသားစုများ၏ အကြီးအကဲများကလည်း ကျောက်စိမ်းပုလင်းများကို ကိုယ်စီထုတ်လိုက်ပြီး တုံ့ဆိုင်းမနေဘဲ ဆေးလုံးများကို မြိုချလိုက်သည်။ နောက်တစ်ခဏတွင် ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအားများက သူတို့ခန္ဓာကိုယ်မှ မီးတောင်ပေါက်ကွဲသလိုမျိုး ထွက်ပေါ်လာခဲ့သည်။ သူတို့၏ အရှိန်အဝါများကလည်း တဖြည်းဖြည်းနှင့် အမြင့်သို့ ခုန်တက်သွားသည်။

ဆေးလုံး၏ သက်ရောက်မှုကြောင့် ယန်ကျန်း၏ မျက်လုံးများသည် မီးဝင်းဝင်းတောက်နေ၏။ သူ့ကျင့်ကြံခြင်းအဆင့်က လှိုင်းထလာသည်။ သူ့ကျင့်ကြံဆင့်ကို ချက်ချင်းချိုးဖျက်သွားပြီး အဆင့်သေးတစ်ဆင့်ကို ခုန်တက်သွားစေသည်။

ယခုအချိန်တွင်တော့ သူသည် ချီအရည်ဖွဲ့ခြင်းကျင့်ကြံခြင်းအဆင့်နှောင်းပိုင်းမှ အထွဋ်အထိပ်သို့ ထိုးတက်သွားခဲ့ပါသည်။ ထိုသို့ထိုးတက်သွားသောကြောင့် ဖုန့်အိမ်တော်ကို တိုက်ခိုက်သော မိသားစုကြီးသုံးစု၏ အကြီးအကဲများ၏ တိုက်ခိုက်မှုက ပိုပြင်းထန်လာခဲ့သည်။

ဘန်း ဘန်း

ယန်ကျန်း၏ အလျင်နှင့် ခွန်အားက မူလကထက် နှစ်ဆတိုးမြင့်သွားဟန် ရှိသည်။ သူ၏ တိုက်ခိုက်မှုများ၊ ခြေကန်ချက်များသည် မြေပြင်ကိုပင် တုန်ခါသွားပြီး ကျောက်တုံးများကို ကွဲအက်သွားစေသည်။ ထိုကဲ့သို့အရှိန်နှင့် သူက ဖုန့်ကျန်းရှန်ထံသို့ တိုးဝင်ကာ တိုက်ခိုက်ပစ်သည်။

တခြားသူများကလည်း ဖုန့်အိမ်တော်၏ မဟာအကြီးအကဲများကို ခွေးရူးများကဲ့သို့ အသည်းအသန်တိုက်ခိုက်နေကြသည်။ တိုက်ပွဲ၏ ဒီရေလှိုင်းက တဖန်ပြန်လည်၍ ပြောင်းလဲသွားခဲ့ပြန်သည်။

All Chapters