ဓားစိတ်ဆန္ဒရဲ့ စွမ်းပကား
Vol. 4 Ch. 49
အကြီးအကဲကျိုးထျန်းဟွာ၏ ကြမ်းတမ်းပြင်းထန်သော အရှိန်အဝါကို တောင့်ခံနေရသောကြောင့် ဖုန့်မိသားစုအကြီးအကဲများမှာလည်း ချွေးဒီးဒီးကျလျက်ရှိလေပြီ။
စွမ်းအားတိုးဆေးလုံးအစွမ်းကြောင့် သူတို့ကျင့်ကြံဆင့်များခုန်တက်လာခဲ့၍သာ တော်သေးသည်ဟုဆိုရပေမည်။
"ဟမ့် ဖွတ်ချီးလောက်ကျင့်ကြံဆင့်နဲ့ ဒီအချိန်မှာမတ်တပ်ရပ်နေနိုင်သေးတာကိုက မဆိုးဘူပြောရမယ် ခင်ဗျားတို့ချည်းပဲမဖြေရှင်းနိုင်တာ မထူးဆန်းတော့ပါဘူး"
အကြီးအကဲကျိုးထျန်းဟွာမှ တည်ငြိမ်သောအသံဖြင့် ညှိနှိုင်းလာသည်။
"ငါမင်းတို့ကိုအခွင့်အရေးတစ်ခုပေးမယ် အခုချိန်လက်နက်ချပြီး ငါ့အတွက်တာဝန်ထမ်းဆောင်ပေးမယ်ဆိုရင် အမိန့်ကောင်းကောင်းနာခံနေသရွေ့ မင်းတို့ကိုအသက်ချမ်းသာပေးမယ်လို့ ကတိပေးတယ်"
ဖုန့်ကျန်းရှန်က မတ်မတ်ရပ်လျက် တည်ကြည်ဖြောင့်မတ်သောမျက်လုံးများဖြင့် အကြီးအကဲကျိုးထျန်းဟွာကို စိုက်ကြည့်လိုက်သည်။
ဖုန့်မိသားစုဝင်များ တောင့်မခံနိုင်စေရန် အကြီးအကဲကျိုးထျန်းဟွာမှ ဖိအားများထုတ်လွှတ်ထားသဖြင့် ပတ်ဝန်းကျင်လေထုမှာ ပေါက်ကွဲမတတ်တင်းမာလို့နေ၏။
အကြီးအကဲကျိုးထျန်းဟွာ၏ကမ်းလှမ်းချက်ကို ဖုန့်မိသားစုဘက်မှလက်ခံလောက်မည်ဟု ကြည့်ရှုသူများတွေးနေကြသည်။ မြူခိုးချိုင့်ဝှမ်းလို့မြို့လေးမှာ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူကို ဘယ်သူကတန်ပြန်ရင်ဆိုင်ရဲမှာတဲ့လဲ?
"ဟားဟား ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူဖြစ်သွားတာနဲ့ ကိုယ့်ကိုယ်ကိုယ်သိပ်အရေးပါလှပြီထင်နေတယ်ပေါ့လေ"
အကြီးအကဲကျိုးထျန်းဟွာ၏ ထောင်လွှားနေသောမာန်မာနကို ဖုန့်ကျန်းရှန်က လူတိုင်းကြားအောင် အသံကျယ်ကြီးဖြင့်ပင် ဟားတိုက်ရယ်လိုက်သေးသည်။
"ကျင့်ကြံဆင့်ဘယ်လောက်ပဲမြင့်မားနေပါစေ မင်းဆိုတဲ့ကောင်က လူလုံးထွက်ပြရမှာကြောက်လွန်းလို့ ပုဆိုးခြုံထဲကလက်သီးပုန်းပြနေတဲ့ကောင်သက်သက်ပဲ သူရဲဘောကြောင်တဲ့ကောင်မျိုးဆီမှာ အညံ့ခံစရာအကြောင်းမရှိဘူးဟေ့"
ဖုန့်ကျန်းရှန်မှ ပြတ်သားစွာကြေငြာလိုက်သည်။
"မင်း မင်း"
ဖုန့်ကျန်းရှန်၏လှောင်ပြောင်သရော်သံအဆုံးတွင် အကြီးအကဲကျိုးထျန်းဟွာ၏မျက်လုံးများ ကျဥ်းမြောင်းကာ ဒေါသစိတ်ဖြင့်မှောင်မည်းသွားတော့သည်။
"ပါမွှားကောင်ကများ ငါ့ကိုလှောင်ပြောင်ရဲတယ်ပေါ့ သနားလို့ညှာတာဖို့တွေးလိုက်ပေမယ့် တန်ဖိုးထားရကောင်းမှန်းမသိဘူးပဲ စွမ်းအားအစစ်အမှန်ဆိုတာကို မြင်ဖူးတယ်ရှိအောင် ပြလိုက်ရသေးတာပေါ့"
ဒေါသတကြီးကြိမ်းဝါးသံမှာ ဈေးတန်းလေးတစ်လျှောက်ပျံ့နှံ့သွားပြီး ကြားရသူတိုင်း ကြောက်စိတ်ဖြင့်ရင်တုန်ရသည်အထိပင်။
သူလက်တစ်ဖက်ကိုမြှောက်လိုက်သော် ပြင်းထန်သောစွမ်းအင်လှိုင်းများ သူ့ဘေးပတ်လည်တွင်ရစ်ပတ်လို့လာပြီး ရေဝဲဂယက်ကြီးတစ်ခုလို ချီစွမ်းအင်အစုအဝေးကြီးတစ်ခု ဖြစ်တည်လာသည်။
အကြီးအကဲကျိုးထျန်းဟွာမှ သူ့စွမ်းအားများကို ဖြေလျှော့လွင့်ထုတ်လိုက်သည်နှင့် ဘေးပတ်လည်ရှိလေထုမှာ ဒြပ်စင်စွမ်းအားများဖြင့် လေးလံသိပ်သည်းလာတော့၏။
"စိတ်ပျက်စရာပိုးလောက်လန်းတွေရေ သေချာကြည့်ထားကြ ဒါက ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူရဲ့ စွမ်းအားပဲကွ"
အကြီးအကဲကျိုးထျန်းဟွာမှ ကြုံးဝါးအော်ဟစ်လိုက်သည်။ မဲ့ပြုံးတစ်ချက်ဖြင့် စွမ်းအင်များကိုစုစည်း၍ တိုက်ကွက်အကြီးစားတစ်ခုကို ဖြန့်ကျက်လိုက်တော့လေ၏။
ထိုမြင်ကွင်းကိုမြင်လိုက်သောဖုန့်ကျန်းရှန်၏မျက်နှာမှာလည်း လေးနက်သည့်အမူအရာပြောင်းသွားသည်။ အကြီးအကဲကျိုးထျန်းဟွာ၏တိုက်ကွက်က သက်ညှာမှုနည်းနည်းမှမရှိပေ။
"အားလုံးပဲ ဖုန့်ယွင်နဲ့ဖုန့်မေကိုအသက်ပေးကာကွယ်ကြ ဖြစ်နိုင်ရင် ငါအချိန်နည်းနည်းဆွဲထားတုန်း ခေါ်ပြီးထွက်ပြေးလိုက်ကြတော့"
သူအလျင်စလိုပင် အမိန့်ပေးလိုက်ရ၏။ ကျန်သောဖုန့်မိသားစုအကြီးအကဲများလည်း မျိုးဆက်သစ်ကလေးနှစ်ယောက်ကိုဝန်းရံကာ တံတိုင်းကြီးတစ်ခုသဖွယ် ကာဆီးပေးထားကြသည်။
သို့သော် အကြီးအကဲကျိုးထျန်းဟွာ၏တိုက်ကွက် သူတို့ဆီမရောက်မီ အသံတစ်ခုက တိုက်ပွဲတင်းအားများကိုဖြိုခွဲလိုက်သကဲ့သို့ အေးဆေးသက်သာစွာ ပေါ်ထွက်လာသည်။
"မစိုးရိမ်ကြပါနဲ့" ဖုန့်ချန်းကပြောပြောဆိုဆိုပင် ဖြတ်ခနဲ ပေါ်လာကာ ဖုန့်ကျန်းရှန်ရှေ့သို့ဝင်ရပ်လိုက်သည်။ သူလာသည်နှင့် တောင့်ခံထားခဲ့ရသောဖိအားများ တမုဟုတ်ချင်း ပြိုကွဲသွားသကဲ့သို့ပင်။
"ကျုပ်ရောက်ပြီ"
ဖုန့်ချန်း၏ရောက်ရှိလာမှုသည် ဖုန့်မိသားစုအကြီးအကဲများအတွက်မူ မျှော်လင့်ချက်မီးရှူးတန်ဆောင်တစ်ခု ထွန်းလင်းလာသကဲ့သို့ပင်။ သေရေးရှင်ရေးဖြစ်နေသောအခြေအနေမှာ ချက်ချင်းပင် ပြောင်းပြန်လှန်ခံလိုက်ရသည်။
ဖုန့်ချန်းကား မိသားစုဝင်များ၏ရှေ့မှာ တောင့်တင်းခိုင်မာစွာ မားမားမတ်မတ်ရပ်လို့နေ၏။ သူ၏အရှိန်အဝါမှ ခံစားနေရသော ယုံကြည်မှုနှင့်စွမ်းအားတို့မှာ အကြီးအကဲကျိုးထျန်းဟွာလိုသန်မာသည့်ပြိုင်ဘက်ကိုပင် ဖိနှိပ်ထားနိုင်တော့မလိုပင်။
-ဘန်း
ရောက်ရှိလာသောတိုက်ကွက်ကို လက်တစ်ဖက်အသာဆန့်၍ခုခံလိုက်သည်။ တိုက်ပွဲဝင်နေသည်နှင့်မတူဘဲ အေးရာအေးကြောင်း အပျင်းကြောဆန့်နေသည်နှင့်ပင် တူသေး၏။
အကြီးအကဲကျိုးထျန်းဟွာ၏ ဖိနှိပ်လွှမ်းမိုးလိုသော စွမ်းအင်ပမာဏကြီးမှာ ရုတ်ချည်းဖြိုခွဲခံလိုက်ရပြီး ချီအငွေ့အသက်လေးများအဖြစ် ဖွားခနဲပြန့်ကျဲသွားတော့သည်။
သူကိုယ်တိုင်ပစ်လွှတ်လိုက်သော စွမ်းအားကြီးတိုက်ကွက်မှာ မျက်စိရှေ့တင် ဖြိုခွဲခံလိုက်ရသဖြင့် အကြီးအကဲကျိုးထျန်းဟွာ၏မျက်လုံးများမှာ မယုံကြည်နိုင်သလိုပြူးကျယ်သွားရ၏။
"ဘာ ဘာကြီးလဲ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ထိတ်လန့်မှုနှင့်ဒေါသတို့ရောယှက်လျက် အကြီးအကဲကျိုးထျန်းဟွာမှာ လေကြီးထားသည်နှင့်မလိုက် စကားများပင်ထစ်ကုန်တော့၏။ ထို့နောက်တွင်မှ ဝင်ရောက်စွက်ဖက်လာသောပုဂ္ဂိုလ်တစ်ဦးကို သူသတိထားမိသွားသည်။
"မင်းဘယ်သူလဲ"
ဖုန့်ချန်းကပြန်မဖြေဘဲ အကြီးအကဲကျိုးထျန်းဟွာ၏နောက်မှလူများကိုသာ စိုက်ကြည့်နေသည်။
"ဖုန့်-ဖုန့်ချန်း မင်း-မင်း နောက်တစ်ဆင့်ချိုးဖျက်နိုင်သွားတာလား"
ယန်ကျန်းတစ်ယောက် အထစ်ထစ်အငေါ့ငေါ့ဖြင့်မေးလာပြီး ဖုန့်ချန်းတွင် ဓာတ်ကြီးသုံးပါးနတ်အဆင့်အရှိန်အဝါရှိနေကြောင်း ထိတ်လန့်စွာပင် သတိထားမိလိုက်ရသည်။
ယန်ကျန်း၏စကားလုံးများကိုကြားလိုက်သော ယန်၊ ကျောက်နှင့် လျိုမိသားစုဝင်များလည်း ကြောင်အသွားရသည်။ လက်ရှိဖြစ်နေသောအခြေအနေမှာ မည်မျှပြင်းထန်နေသည်မှန်း တဖြည်းဖြည်းသတိပြုမိလာကြပြီး မျက်နှာများလည်းဖြူဖျော့ကုန်ကြ၏။
အချို့မှာ နောင်တကြီးစွာရနေသောမျက်နှာထားများဖြင့် အနောက်သို့မသိမသာဆုတ်ကုန်ကြသည်။
ဖုန့်မိသားစု၏အင်အားကို အတော်လေးဆိုးဆိုးရွားရွားပင် လျှော့တွက်ခဲ့မိပြီး အခုတော့ အင်အားကြီးရန်သူတစ်ဦးကို ကိုယ့်လက်နှင့်ကိုယ်ဖန်တီးမိရလေပြီ။
"သေလိုက်ပါတော့ကွာ ငါတို့ဘယ်လိုလုပ်ပြီးမသိလိုက်ရတာလဲ"
ကျောက်ချန်းရှီမှာ ကြောက်ရွံ့စွာဖြင့် လေသံလေးနှင့်ရေရွတ်မိသည်။
"ဖုန့်ချန်းနောက်တစ်ဆင့်ချိုးဖျက်နိုင်သွားပြီဆိုတာသာ ကြိုသိခဲ့ရင် ဒီလိုရန်လာစဖို့ တွေးတောင်တွေးခဲ့မှာမဟုတ်ပါဘူး"
ယန်မိသားစုနှင့်မဟာမိတ်ဖွဲ့ခဲ့သော သူ့ဆုံးဖြတ်ချက်ကို သူကိုယ်တိုင်နောက်တရနေလေပြီ။
တိုက်ပွဲကိုချောင်းမြောင်းကြည့်ရှုနေကြသူ ပရိတ်သတ်များမှာလည်း အံ့သြမင်သက်လို့နေကြ၏။
ထို့နောက် အံ့သြတကြီးတီးတိုးသံများမှာ လူအုပ်ကြားထဲတွင် ကျွက်စီကျွက်စီပေါ်ထွက်လာတော့သည်။
"ငါကြားလိုက်တာမှန်တယ်မလား ဖုန့်ချန်းက ဓာတ်ကြီးသုံးပါးနတ်အဆင့်ကို ချိုးဖျက်ပြီးသွားပြီတဲ့ဆို"
"ယုံတောင်မယုံနိုင်ဘူး ဖုန့်မိသားစုမှာ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ယောက်ရှိတယ်ဆိုရင် တိုက်ပွဲအခြေအနေကတော့ ပြောင်းသွားပြီပဲ"
"ခုနက အကြီးအကဲကျိုးထျန်းဟွာရဲ့တိုက်ကွက်ကို ဖုန့်ချန်းအေးဆေးခုခံနိုင်လိုက်တာ မအံ့သြတော့ပါဘူး ဖုန့်ချန်းသာဒီအဆင့်ထိရောက်နေပြီဆိုရင် မြူခိုးချိုင့်ဝှမ်းမြို့တော်မှာ ဖုန့်မိသားစုကို ဘယ်သူမှသွားထိရဲမှာမဟုတ်တော့ဘူး"
"ဒီတိုက်ပွဲမှာ သူတို့အနိုင်ရခဲ့ရင် မြူခိုးချိုင့်ဝှမ်းမြို့တော်ရဲ့အရှင်သခင်တွေအဖြစ် သတ်မှတ်ခံရမှာအသေအချာပဲ"
အံ့သြအထင်ကြီးမှုများဖြင့်ပြည့်နှက်နေသော တီးတိုးမှတ်ချက်သံများမှာ တိုး၍ကျယ်လောင်လာကြသည်။
ဖုန့်ချန်း၏ကျင့်ကြံဆင့်နှင့် ထူးကဲသောစွမ်းအားတို့ကို မျက်မြင်ကြုံတွေ့လိုက်ကြရပြီးနောက် ဖုန့်မိသားစုကို အရင်လိုအထင်သေးလို့မရတော့မှန်း အားလုံးသိနားလည်လိုက်ကြ၏။
ဖုန့်မိသားစုကား အထင်ကရမိသားစုကြီးများထဲမှ တစ်ခုအပါအဝင်မဟုတ်တော့ဘဲ မြူခိုးချိုင့်ဝှမ်းမြို့တော်၏ အင်အားအကြီးဆုံးမိသားစုတစ်ခုဖြစ်လာလေပြီ။
"ဟမ့် နောက်တစ်ဆင့်ချိုးဖျက်နိုင်တော့လည်း ဘာအရေးလဲဖုန့်ချန်းရာ"
အကြီးအကဲကျိုးလဲ့မှ စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလာသည်။ သူ့ကိုတစ်ချိန်က ပက်ပက်စက်စက်အရှက်ခွဲခဲ့သော ထိုသကောင့်သားသည် ဓာတ်ကြီးသုံးပါးနတ်အဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု ထင်ကိုမထားခဲ့ပါ။
သို့ပေမယ့် အစ်ကိုဖြစ်သူ၏အရည်အချင်းကို သေချာသိထားပြီး ဓာတ်ကြီးသုံးပါးနတ်အဆင့်ကို အခုမှချိုးဖျက်ပြီးခါစ ဖုန့်ချန်းက သူ့အစ်ကို၏ပြိုင်ဘက်ဖြစ်မလာနိုင်ဟူ၍ တွက်ဆလိုက်၏။
"အဆင့်တက်သွားတာနဲ့ မင်းကဘာကောင်ဖြစ်သွားလို့လဲ ငါ့ကိုဒီလိုစော်ကားမော်ကားပြောဆိုထားပြီး အသက်ဆက်ရှင်ချင်သေးတာလား ဒီနေ့ မင်းရော မင်းမိသားစုတစ်ခုလုံးရော သေပွဲဝင်ရစေ့မယ်"
အကြီးအကဲကျိုးလဲ့က မာန်မချသေးဘဲ ပြန်ပက်လေသည်။
"အရင်တစ်ခါက ဆန်းကြယ်မီးတောက်ဂိုဏ်းရဲ့မျက်နှာကိုထောက်ပြီး သေအောင်မသတ်ခဲ့တာ ဒါပေမယ့် ငါ့မိသားစုကိုသတ်ဖို့ကြိုးစားလာမှတော့ ဒီနေ့ မင်းတို့တစ်ယောက်မှလွတ်လိမ့်မယ်မထင်နဲ့"
ဖုန့်ချန်းသည် သတ်ဖြတ်လိုသည့်စိတ်ရိုင်းများကို ဇောင်းဖွင့်ပေးပြီး ကြိမ်းဝါးလိုက်၏။
ဖုန့်ချန်းစိတ်ရိုင်းဝင်သွားသည်နှင့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ လေထုထဲတွင်ပြည့်နှက်သွားပြီး အေးစက်ထိုင်းမှိုင်းလို့လာသည်။ ကျောရိုးမှ ကြက်သီးတဖြန်းဖြန်းထလောက်သည့် အခြေအနေမျိုးပင်။
လေးလံပြင်းထန်သောအရှိန်အဝါကြောင့် ကျင့်ကြံဆင့်နိမ့်သူများမှာ ဖိအားကိုတောင့်မခံနိုင်ဘဲ နောက်သို့ဆုတ်သွားကြရသည်။
"လေလုံးတွေပစ်ပြီးငါ့ကိုခြိမ်းခြောက်လို့ရမယ်ထင်နေတာလား ကောင်လေး ငါနဲ့ယှဥ်ရင် မင်းကအပျံသင်စပဲရှိသေးတာသိရဲ့လား"
ချိုးဖျက်တိုက်ခိုက်ရန်အသင့်ဖြစ်နေသော အရှိန်အဝါဖြင့် အကြီးအကဲကျိုးထျန်းဟွာက ရှေ့တက်လာသည်။ ဖုန့်ချန်းက သူ့ကိုမျက်စိထဲပင်ထည့်သည့်ပုံမပေါ်သောကြောင့် ဒေါသတလူလူထွက်လို့နေလေပြီ။
"ငါကစိတ်ရှည်တတ်တဲ့လူမဟုတ်ဘူး ပြီးတော့ ညှာနေတော့မှာလည်းမဟုတ်ဘူးနော"
ပြောပြောဆိုဆိုပင် စွမ်းအင်လုံးတစ်လုံးကို ဖွင့်ထုတ်ပစ်လွှတ်လိုက်သည်။ ပြင်းထန်သော မုန်တိုင်းကဲ့သို့စွမ်းအင်လုံးကြီးက ဖုန့်ချန်းနှင့်ဖုန့်မိသားစုထံဦးတည်၍ ပြေးဝင်သွားတော့၏။
တိုက်ပွဲအရှိန်မှာ အဖျားခတ်သည့်ဧရိယာကျယ်ပြန့်လွန်း၍ ပွဲကြည့်နေကြသောလူအုပ်ကြီးမှာ ဝရုန်းသုန်းကားရှောင်တိမ်းကုန်ကြတော့သည်။
ဖုန့်ချန်းကတော့ တုံ့ပြန်မှုရေရေရာရာပင်မရှိ။
(အခြေခံဓားစိတ်ဆန္ဒရဲ့အစွမ်းကို စမ်းသပ်ကြည့်ရကောင်းမလား)
ဖုန့်ချန်းတွေးတောနေမိ၏။ ရှားရှားပါးပါး ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦးကို ပြိုင်ဘက်အဖြစ်ရထားသည့်အချိန်တွင် သူ့ဘက်ကတုံ့ပြန်နိုင်စွမ်းကို စမ်းသပ်ကြည့်ချင်လှသည်။
(ကြည့်ရတာသူက ဓာတ်ကြီးသုံးပါးနတ်အဆင့်ကိုမှ အလယ်အလတ်ဆင့်ရောက်နေပြီးသားပဲ ဒါဆို ငါကဓာတ်ကြီးသုံးပါးနတ်အဆင့်ရဲ့ စဦးအဆင့်စွမ်းအားကို သုံးကြည့်လိုက်မယ်)
ထိုထက်ပိုမြင့်သောကျင့်ကြံဆင့်ကိုသုံး၍ရသော်လည်း အခြေခံဓားစိတ်ဆန္ဒ၏အစွမ်းကို စမ်းသပ်ကြည့်ချင်၍ ပိုနိမ့်တာကိုသာရွေးလိုက်ခြင်းဖြစ်၏။
"ကောင်းကင်အင်ပါယာဓားသိုင်း"
ပြတ်သားသောကြုံးဝါးသံနှင့်အတူ တိုက်ကွက်တစ်ခုကိုဖန်တီးလိုက်သည်။
ဓားသွားဆီမှဖြာသွန်းထွက်လာသော မျက်စိကန်းလောက်သည့် အလင်းတန်းများသည် တစ်ဖက်မှလာသော ဒြပ်စင်စွမ်းအင်လှိုင်းကြီးထဲသို့ ဖြတ်ဝင်သွားသည်မှာ ထောပတ်တုံးကို အပူပေးထားသည့်ဓားဖြင့် လှီးလိုက်သကဲ့သို့ပင်။
-ရွှမ်း
ကောင်းကင်အင်ပါယာဓားသိုင်း၏စွမ်းအားမှာ အကန့်အသတ်မရှိချေ။ ကြယ်ကြွေသကဲ့သို့အလျင်နှုန်းဖြင့် အကြီးအကဲကျိုးထျန်းဟွာထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိသွားလေသည်။
နီးကပ်လာသော သေစေနိုင်လောက်သည့်တိုက်ကွက်၏ စွမ်းအားနှင့် ပါဝင်နေသော ဓားစိတ်ဆန္ဒကို အာရုံခံမိလိုက်သော အကြီးအကဲကျိုးထျန်းဟွာသည် ကြောက်ရွံ့တုန်လှုပ်စွာပင် မျက်လုံးများပြူးကျယ်သွား၏။
"ဒါ..ဒါက အခြေခံဓား.."
စကားပင်ဆုံးအောင်မပြောရသေးချိန်တွင် ဓားသွား၏စွမ်းအားသည် သူ့အကာအကွယ်များကို ဖျက်ဖောက်ပြီး သေကွင်းသေကွက်တိကျစွာရွေးချယ်ထားသည့် အနေအထားဖြင့် ပစ်ဝင်လာသည်။ ပူလောင်ပြင်းပြသောအလင်းတန်းကြီးမှာ သူ့တစ်ကိုယ်လုံးကိုဝါးမျိုစားသော်တော့မည့်နှယ် လွှမ်းခြုံသွား၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် အကြီးအကဲကျိုးထျန်းဟွာတစ်ယောက် ချေမှုန်းခံလိုက်ရသည်။ ခန္ဓာကိုယ်မှာ သုံးစားမရသော အခွံသက်သက်အဖြစ် ဖြိုခွဲခံလိုက်ရသည်ထင့်။
တိုက်ကွက်၏အဖျားခတ်မှုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်နေမြဲပင်။ ဒြပ်စင်စွမ်းအင်လှိုင်းမှာလည်း ဘယ်ရောက်လို့ဘယ်ပေါက်သွားမှန်းပင် မသိလိုက်ရ။
ဈေးတန်းတစ်လျှောက်လုံး အံ့သြထိတ်လန့်မှုဖြင့်ငြိမ်သက်နေကြသည်။ အကြီးအကဲကျိုးထျန်းဟွာတစ်ယောက် တိုက်ကွက်တစ်ကွက်ဖြင့် ခွက်ခွက်လန်ရှုံးသွားရသည့်အဖြစ်ကို ကြောင်အအပင်ရပ်ကြည့်နေကြလေသည်။
မကြာခင်ကမှ အားလုံးအထင်ကြီးလေးစားခဲ့ရသော ဓာတ်ကြီးသုံးပါးနတ်အဆင့်အရှိန်အဝါသည်လည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကုန်၏။ ကောင်းကင်အင်ပါယာဓားသိုင်း၏ အရှိန်မသေသေးသောအငွေ့အသက်သာလျှင် ဖြန့်ကျက်ကျန်ရှိနေဆဲဖြစ်သည်။
အံ့သြတောင့်ခဲနေသောမျက်နှာများကို ဖုန့်ချန်းခပ်တည်တည်ပင် ဝှေ့ကြည့်လိုက်သည်။
"နေပါဦး ဒါလေးပဲလားဟ"