← Chapters

အထင်ကရမိသားစုကြီးများ ကျဆုံးခန်း

Vol. 4 Ch. 50

အထင်ကရမိသားစုကြီးများ ကျဆုံးခန်း

Vol. 4 Ch. 50

ဓာတ်ကြီးသုံးပါးနတ်အဆင့်၏ ပျက်စီးလွယ်လှပုံကို ဖုန့်ချန်းပင် အတော်လေးအံ့သြသွားရ၏။

(ကျင့်ကြံဆင့်ကို ကန့်သတ်ထားတာတောင် ငါ့စွမ်းအားတွေကထိန်းမရဖြစ်နေလို့များလား၊ ဒါမှမဟုတ်သူကပဲ အားနည်းလွန်းနေတာလား ရှင်းပြကြဦး)

ကောင်းကင်အင်ပါယာဓားသိုင်းကို အခြေခံဓားစိတ်ဆန္ဒနှင့်ပူးတွဲ‌‌ပေါင်းစပ်ပြီး ကောင်းကင်အဆင့်လက်နက်ဖြင့် အသုံးပြုခဲ့တာဖြစ်သည်။ အကြီးအကဲကျိုးထျန်းဟွာဘက်မှ အဲ့လောက်မြန်မြန်ရှုံးနိမ့်သွားမည်ဟု သူလည်းမမျှော်လင့်ထားခဲ့ပါ။

(မဟုတ်မှ ငါကပဲဒင်းအစွမ်းကို အထင်စွတ်ကြီးနေမိတာလား)

မည်မျှပင်ကျင့်ကြံဆင့်မြင့်နေပါစေ၊ ထိုသူမှာ ဓားသိုင်းကျင့်စဥ်များထက် ဆေးလုံးဖော်စပ်သန့်စင်ခြင်းကိုသာ ပိုဦးစားပေးတတ်သော ဆေးဆရာတစ်ဦးဖြစ်နေသေးသည်လေ။ သူ့ဘက်က စွမ်းအားကိုအတိုင်းအတာမစမ်းသပ်ရသေးဘဲ သုံးလိုက်မိ၍များ တစ်ချက်တည်းနှင့်သေသွားရသလား သူလည်းသေချာမသိပါ။

"စိတ်ပျက်စရာပါပဲလား"

ဖုန့်ချန်းလည်း ဘာပြောလို့ပြောရမှန်းမသိဘဲ ပါးစပ်ထဲရှိရာသာပြောလိုက်တော့သည်။

ထိုအကြီးအကဲကျိုးထျန်းဟွာ နည်းနည်းပါးပါးတောင့်ခံထားနိုင်ဖို့ သူမျှော်လင့်ထားခဲ့တာပင်။ ဖုန့်မိသားစုကိုလာရှုပ်ရင် မည်သို့အဆုံးသတ်ရမည်မှန်း သူပြချင်‌သေးတာဖြစ်၏။

သို့သော် ထိုအကြီးအကဲကို တစ်ချက်တည်းနှင့်အသေသတ်လိုက်နိုင်ခြင်းက လူအများ၏အကြောက်တရားကို သူစီစဥ်ထားသည်ထက် ပို၍ပင်နိုးထသွားစေသည်။

ယုံကြည်မှုအပြည့်ဖြင့် တိုက်ပွဲစတင်ခဲ့ကြသော ယန်၊ ကျောက်နှင့် လျိုမိသားစုတို့သည်လည်း ဖြစ်ပွားသွားသောအခြေအနေ၏ ပြင်းထန်ဆိုးရွားမှုကို နားလည်သွားကြသည်နှင့်အမျှ မျက်နှာများထက်အကြောက်တရားတို့ ဖုံးလွှမ်းလျက်ရှိလေပြီ။

ယန်မိသားစုခေါင်းဆောင် ယန်ကျန်းသည်ကား နေရာ၌ပင်တောင့်ခဲစွာရပ်လျက်ရှိပြီး မျက်နှာအသားအရေကား ပြာနှမ်းလို့နေလေပြီ။ ဒူးများမှာ ထိန်းမနိုင်သိမ်းမရတဆတ်ဆတ်တုန်ယင်နေပြီး နဖူးထက်တွင် ချွေးများသီးလို့နေပြီဖြစ်၏။

သူ့မျက်လုံးများကိုပင် သူမယုံနိုင်ပေ။ ကြောက်မက်ဖွယ်စွမ်းအားတို့ဖြင့် အကြီးအကဲကျိုးထျန်းဟွာသည် တစ်ချက်မျှသောတိုက်ကွက်ဖြင့် အသက်မဲ့သွားခဲ့လေပြီ။

"မဖြစ်...မဖြစ်နိုင်လိုက်တာ"

သူအယောင်ယောင်အမှားမှားဖြင့်ရေရွတ်လိုက်သည်။ အသံမှာ တုန်ယင်လျက်။

ဖုန့်မိသားစုကိုနှိမ်နင်းရေးတွင် အမာခံ‌ထောက်ပံ့သူတစ်ဦးဖြစ်ခဲ့သော ကျောက်ချန်းရှီမှာလည်း ချောက်ကမ်းပါးအစွန်းတွင် ရပ်နေရသကဲ့သို့ မျက်နှာငယ်လေးဖြစ်လို့နေသည်။

မျက်နှာမှာအရောင်အမျိုးမျိုးပြောင်းလျက်ရှိပြီး မျက်လုံးများမှာ ကြောက်ရွံ့စွာပြူးကျယ်လျက်။

"ငါတို့အခုချက်ချင်းထွက်သွားမှဖြစ်မယ် ဒီလိုလူကိုဘယ်လိုမှနိုင်အောင်တိုက်နိုင်မှာမဟုတ်ဘူး"

ကြည့်ရှုသူများမှာလည်း တုန်လှုပ်အံ့သြနေကြဆဲရှိပြီး တီးတိုးပြောဆိုနေကြသည်။

"မင်းမြင်လိုက်လား ဖုန့်ချန်းက အကြီးအကဲကျိုးထျန်းဟွာကို တစ်ချက်တည်းနဲ့ သတ်နိုင်လိုက်တာနော် ဖုန့်မိသားစုရဲ့အင်အားကတော့ ကြောက်စရာပဲ"

"သေချာပေါက် သူတို့ကိုဘယ်သူမှဆန့်ကျင်ရဲမှာမဟုတ်တော့ဘူး ဖုန့်မိသားစုကတော့ ပြိုင်ဘက်ကင်းပဲ"

"အထင်ကရမိသားစုကြီးတွေနဲ့ သွားမပက်သက်လိုက်မိတာကံကောင်းတာပဲ မဟုတ်ရင် ကိုယ်တိုင်သေတွင်းထဲခုန်ဆင်းသလိုဖြစ်နေမှာ"

ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေကြသော လူများကြားတွင် ဖုန့်ချန်းမှာ တည်ငြိမ်စွာဖြင့်ရပ်နေဆဲပင်။ သူ့ရှေ့ရှိ တုန်လှုပ်နေသောထိုပုဂ္ဂိုလ်များကိုသာ မျက်စိမလွှဲကြည့်နေလိုက်၏။

"ဖုန့်ချန်း မင်းကဘယ်လိုသတ္တိနဲ့ ငါ့အစ်ကိုကိုသတ်လိုက်ရဲတာလဲ မုန်တိုင်းဝိဉာဥ်နန်းတော်ကိုမကြောက်ဘူးလား သူတို့ကမင်းကိုအလွတ်ပေးလိမ့်မယ်လို့များထင်နေလား"

အကြီးအကဲကျိုးလဲ့က ဒေါသတကြီးဖြင့်ပြောလာသည်။

"ဟားဟား အလွတ်မပေးတော့ရော ဘာဖြစ်မှာတဲ့လဲ နံပါတ်၁ဂိုဏ်းကိုတောင် စော်ကားမော်ကားပြုပြီးမှတော့ နောက်တဂိုဏ်းလောက်ကို ကျုပ်ကဘာကိုကြောက်နေရဦးမှာလဲ"

ဖုန့်ချန်းတုံ့ပြန်လိုက်သည်။ အကြီးအကဲကျိုးထျန်းဟွာက မိုးပြာကောင်းကင်အင်ပါယာ၏ နံပါတ်၃ စွမ်းအားမြင့်ဂိုဏ်းကလူဖြစ်မှန်း သူလည်းမသိခဲ့ပါ။

သို့သော်လည်း ဘယ်ဂိုဏ်းမှဖြစ်နေနေ အရေးကြီးလှသည်မဟုတ်ပါ။ ဖုန့်မိသားစုကိုလာထိသည်ဆိုကတည်းက ဖြစ်လာမည့်အကျိုးဆက်များကိုခံယူဖို့ သူကြိုတွေးထားခဲ့သင့်ပြီဖြစ်၏။

"အခုတော့ ခင်ဗျားအလှည့်ပဲ"

ဖုန့်ချန်းသည် ဓားသွားကို သူတို့ဆီဦးတည်ပြီးချိန်ဆလိုက်သည်။ ရှင်းလင်းပြတ်သားသော ခြိမ်းခြောက်သံတွင် တစ်ဖက်ရန်သူများမှာ ကစဥ့်ကလျားဖြစ်ကုန်ကြလေပြီ။

"ဖုန့်-ဖုန့်ချန်း မင်းငါ့ကိုသတ်ရင် ဆန်းကြယ်မီးတောက်ဂိုဏ်းနဲ့ရင်ဆိုင်ရမှာပဲကွ"

အကြီးအကဲကျိုးမှ အတုန်တုန်အယင်ယင်ဖြင့် ပြန်လည်ခြိမ်းခြောက်လာသည်။ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေဖြစ်နေပေမယ့် မာနကတော့ရှိသေးသည်ဖြစ်၍ ဝန်ချတောင်းပန်တာမျိုးမလုပ်နိုင်သေးပါ။

ထို့ကြောင့် ဆန်းကြယ်မီးတောက်ဂိုဏ်း၏အကြီးအကဲဆိုသော ရာထူးကိုအမှီပြု၍ ဖုန့်ချန်းကိုခြိမ်း‌ခြောက်ဖို့ကြိုးစားလိုက်သည်။

"သူတို့ကကျုပ်ကိုလွှတ်ပေးရင်တောင် သူတို့အရင်ကလုပ်ရပ်တွေအတွက် ကျုပ်ကသေချာပေါက်ပြန်ပေးဆပ်ခိုင်းဦးမှာပါ။ ကျုပ်က ဆန်းကြယ်မီးတောက်ဂိုဏ်းကို ကြောက်ရမှာ မဟုတ်ဘူး။ ဆန်းကြယ်မီးတောက်ဂိုဏ်းကသာ ဖုန့်မိသားစုကို ကြောက်ရမှာ"

ဖုန့်ချန်းက အေးစက်စက်ပင်တုန့်ပြန်လိုက်သည်။

မွေးနေ့ပွဲမှ သူတို့၏ လေးစားမှုမရှိသောထိုလုပ်ရပ်၊ ထပ်ပေါင်းအနေနှင့် သူတို့ဘက်ကဂိုဏ်းချုပ်အလောင်းအလျာလေးလင်းမေယုနှင့် ညီငယ်ဖြစ်သူတို့ကြားက အဖုအထစ်၊ ဘယ်ဘက်ကကြည့်ကြည့် ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့်ဖုန့်မိသားစု အဆင်ပြေစရာအကြောင်းမရှိပါချေ။

ထို့အပြင် ဤစစ်ပွဲကိုစတင်ခဲ့သူမှာ အကြီးအကဲကျိုးလဲ့ဖြစ်သည်။ သူတို့အကြီးအကဲ၏အမှားကို ကိုယ်စားဝန်ချတောင်းပန်မည့်အစား တစ်ဖက်တည်းမှရပ်တည်တိုက်ခိုက်လာလျှင် ဆန်းကြယ်မီးတောက်ဂိုဏ်းကိုချေမှုန်းဖို့ ဖုန့်ချန်းလည်းတွန့်ဆုတ်နေတော့မည်မဟုတ်။

"ဖုန့်ချန်း ဓာတ်ကြီးသုံးပါးနတ်အဆင့်ရောက်သွားတာနဲ့ မင်းကိုယ်မင်းပြိုင်ဘက်ကင်းလှပြီထင်မနေနဲ့ မြင့်လှပြီဆိုတဲ့တောင်က မြင်းမိုရ်တောင်ထက်တော့မြင့်နိုင်မတဲ့လား ငါတို့ရဲ့ ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူရှေ့မှာဆို မင်းဆိုတာ ဘာမှကိုမဟုတ်တဲ့ကောင်ပဲ"

ဖုန့်ချန်းကြောက်သွားစေရန် အကြီးအကဲကျိုးလဲ့မှာ အမျိုးမျိုးလျှောက်ပြောနေသည်။

အကြီးအကဲကျိုးလဲ့၏စကားများကိုကြားသော် ဖုန့်ချန်းမဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး အထင်သေးစွာပြန်ကြည့်လိုက်သည်။

"ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူ ဟုတ်လား"

"ဝိဉာဥ်သန္ဓေအဆင့်ကိုရော ကျုပ်ကကြောက်နေမယ့်ပုံပေါ်သလား ခင်ဗျားပြောတဲ့အဲ့ကျင့်ကြံသူတွေထွက်လာရင်လည်း ခုနကခင်ဗျားအစ်ကိုကိုရိုက်ချသလိုပဲ အပြီးသတ်လိုက်ရုံပေါ့"

အကြီးအကဲကျိုးလဲ့မှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာအမူအရာများပင်မူမမှန်တော့။

"စိတ်ကြီးဝင်နေတဲ့ အစုတ်အပြတ်ကောင် အဆင့်လေးနည်းနည်းချိုးဖျက်လိုက်နိုင်ရုံနဲ့ ကောင်းကင်ကိုဆန့်ကျင်လို့ရပြီထင်နေလား ငါတို့ဆန်းကြယ်မီးတောက်ဂိုဏ်းဆိုတာ နှစ်ထောင်ချီကြာအောင် အစဥ်အလာနဲ့တည်ရှိခဲ့တာ မင်းအစွမ်းလောက်ဆိုတာ ပမွှားပဲကွ"

သို့သော် ဖုန့်ချန်း၏မျက်နှာထားမှာ မပြောင်းမလဲပင်။

"ဟမ့် အဲ့တော့ကျုပ်ကကြောက်ရမှာတဲ့လား ကျောထောက်နောက်ခံဘယ်လောက်ပဲကြီးကြီး ဒီနေ့တော့ ခင်ဗျားကို ဘယ်သူမှလာပြေးမကယ်နိုင်ကြတော့ဘူးလေ ကျုပ်မိသားစုကိုလာထိရင် အဆုံးသတ်က တစ်ခုတည်းပဲရှိရမယ်"

ရုတ်တရတ်ပင် ဖုန့်ချန်းသည် သူ၏ အရှိန်အဝါများကိုထုတ်လွှတ်လိုက်ပြီး ဈေးတန်းတစ်လျှောက်တွင် လေပြင်းတစ်ချက်ဖြတ်တိုက်သွားစေလိုက်သည်။ ကျင့်ကြံဆင့်မြင့်သောသူများဖြင့် ထိုဖိအားကို တောင့်မခံနိုင်ကြပါချေ။

"မင်းငါ့ကိုသတ်လို့မရဘူး"

အကြီးအကဲကျိုးလဲ့မှာ အကြောက်ကြောက်အလန့်လန့်ဖြင့်အော်ရင်း ‌နောက်သို့ယိုင်တိုင်တိုင်ဆုတ်သွားတော့သည်။ ဖုန့်ချန်း၏စွမ်းအားအရှိန်အောက်ဝယ် ရှိမဲ့စုမဲ့သတ္တိလေးမှာလည်း အရည်ပျော်သွားရှာလေပြီ။

"မင်းလုပ်ရဲလား ဆန်းကြယ်မီးတောက်ဂိုဏ်းကမင်းကို ဘယ်နည်းနဲ့မှအလွတ်ပေးမှာမဟုတ်ဘူး မင်းကိုရော မင်းမိသားစုကိုရော.."

"နားညီးလိုက်တာ"

ဖုန့်ချန်းက အသံပြတ်ပြတ်ဖြင့်ဖြတ်ပြောလိုက်သည်။ လက်ကောက်ဝတ်ကိုလှည့်လိုက်သော် ကောင်းကင်အဆင့်ဓားသွားသည် သတ်လိုဖြတ်လိုသောအငွေ့အသက်ဖြင့် တောက်ပလင်းလက်စွာပေါ်ထွက်လာပြီး အလျင်နှုန်းမှာလည်း သာမန်မျက်စိဖြင့်မမြင်နိုင်ပေ။

ဖုန့်ချန်း၏ တိကျသောထိန်းချုပ်မှုအောက်တွင် ဓားသွားမှာ ကြယ်တံခွန်တစ်ခုကဲ့သို့ရွေ့လျားနေပြီး လွှဲယမ်းရာလမ်းတစ်လျှောက်တွင် အလင်းတန်းများကို သွယ်တန်းချန်ထားရစ်သည်။

အကြီးအကဲကျိုးလဲ့ မတုံ့ပြန်နိုင်သေးခင်အချိန်တွင် ဓားသွားမှာ သူ့ခန္ဓာကိုယ်ကို သာသာယာယာပင် နှစ်ပိုင်းဖြတ်သွားသည်။

အကြီးအကဲ၏မျက်လုံးများမှာ အံ့သြထိတ်လန့်မှုဖြင့်ပြူးကျယ်လျက် ပါးစပ်ကိုပွင့်ဟပြီး နောက်ဆုံးအနေနှင့်အော်ဟစ်ရန်ကြိုးစားခဲ့သော်ငြား အသံပင်ထွက်မလာခဲ့ပါ။

သို့နှင့် မျက်စိတစ်မှိတ်အတွင်းမှာပင် အကြီးအကဲကျိုးလဲ့ဟာ နှစ်ပိုင်းဖြတ်ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်နှစ်ပိုင်းမှာ မြေပေါ်သို့ သွေးပျက်စရာကောင်းစွာ ဘုန်းခနဲလဲကျသွားခဲ့သည်။

သွေးတို့အိုင်လျက် ညစ်ပတ်ပေရေနေသော အသက်မဲ့ခန္ဓာကိုယ်သီ ကြည့်ရှုနေကြသူများထံသို့ လတ်လတ်ဆတ်ဆတ်အကြောက်တရားများ ပို့လွှတ်ကူးစက်စေ၏။

ဖုန့်ချန်းမှာ လဲကျသွားသောအကြီးအကဲကို အကြည့်တစ်ချက်ပင်မပေးအား။

သူလက်မောင်းကိုအသာနှိမ့်လျက် ဓားသွားကိုပြန်လည်ဆွဲယူလိုက်သည်။ လောလောလတ်လတ်လူသတ်ခဲ့သော ဓားသွားမှာ သွေး၏အရသာကိုတစ်ကြိမ်တစ်ခါမျှမမြည်းစမ်းဖူးသည့်အလား ပကတိသန့်ရှင်းလျက်ပင်။

လူအုပ်ကြီးတစ်ခုလုံး လှုပ်ပင်မလှုပ်ရဲကြသလို စကားလည်းမပြောနိုင်ကြပါ။

ဖုန့်ချန်း၏အကြည့်သည် တစ်စုတဝေးတည်းရပ်နေဆဲဖြစ်သော ယန်၊‌ ကျောက်နှင့် လျိုမိသားစုဝင်များထံ ဝေ့ဝဲသွားသည်။ မကြာသေးခင်ကမှ လွန်ကဲသောယုံကြည်မှုများဖြင့် ထောင်လွှားနေခဲ့ကြသူများပင်။

ထိုယုံကြည်မှုများ အငွေ့ပျံသွားသည်နှင့် အန္တရာယ်အငွေ့အသက်ကိုသိသော ယုန်သူငယ်များပမာ တုန်ချိနေကြတော့လေသည်။

"ဖုန့်-ဖုန့်ချန်း ခင်ဗျားဓာတ်ကြီးသုံးပါးနတ်အဆင့်ကိုချိုးဖျက်နိုင်သွားမှန်း ကျုပ်တို့မသိခဲ့လို့ပါ အသက်ချမ်းသာပေးပါ ကျုပ်တို့လည်း အကြီးအကဲကျိုးရဲ့အမိန့်ကိုလိုက်နာခဲ့ရုံပါပဲ"

ဖုန့်ချန်း၏မျက်လုံးများကျဥ်းမြောင်းသွားသည်။ "အမိန့်နာခံရတယ် လုပ်ပြီးခဲ့တဲ့လုပ်ရပ်တွေအတွက် ဆင်ခြေကဒါပဲလား"

သူ့အသံမှာ အေးစက်သည်ထက်အေးစက်လာပြီး တစ်ဖက်တွင်ရပ်နေကြသောရန်သူများ၏နှလုံးသားကို ဓားမြှောင့်ဖြင့်ဖြတ်ပိုင်းနေသကဲ့သို့ပင်။

"ငါတို့မိသားစုကို ဖျက်ဆီးလို့ရမယ်ထင်ပြီးရန်လာစတယ် ကျောထောက်နောက်ခံတွေလည်းသေကုန်ရော ဒူးထောက်တောင်းပန်ကြရောတဲ့လား"

ယန်၊ ကျောက်နှင့် လျိုမိသားစုဝင်များသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အနောက်သို့တဖြည်းဖြည်းဆုတ်ခွာကုန်ကြ၏။

အစီအစဥ်သေချာချပြီး မဟာမိတ်များအားကိုးဖြင့် ဒီအထိရောက်လာကြသော်လည်း ယခုတော့ ယှဥ်လို့ပင်မရသည့်ပြိုင်ဘက်ဖြစ်မှန်း နားလည်သွားကြလေပြီ။

ခေါင်းဆောင်လျို၏ဦးခေါင်းသည် ဒူးဖြင့်တစ်ညီတည်း မြေပြင်ပေါ်ပြားပြားဝပ်လို့နေ၏။ လက်နှစ်ဖက်ကို တုန်တုန်ယင်ယင်ဖြင့်ဆုပ်ကိုင်ထားပြီး ‌တောင်းပန်လာသည်။

"ဖုန့်ချန်းရာ ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ ကျုပ်တို့အမှားတွေကိုလည်း ဝန်ချတောင်းပန်ပါတယ် မြူခိုးချိုင့်ဝှမ်းမြို့တော်ကနေ ခုချက်ချင်းပဲအပြီးတိုင်ထွက်သွားပေးပါ့မယ်"

ဖုန့်ချန်းသည် ရေခဲတမျှအေးစက်နေသောအကြည့်ဖြင့် လျိုခေါင်းဆောင်၏ခေါင်းကိုငုံ့ကြည့်လိုက်သည်။

"အရမ်းနောက်ကျသွားပြီ" သူကသံပြတ်ဖြင့်ပြောလာသည်။

"ကျုပ်တို့မိသားစုကိုတိုက်ခိုက်ဖို့ ဒီထိရောက်လာတာ ခင်ဗျားကိုယ်တိုင်ရဲ့ရွေးချယ်မှုပဲ အကျိုးဆက်ကိုလည်း ခင်ဗျားပဲခံရမယ်"

_ရွှမ်း

တစ်ဦးတစ်ယောက်မျှ မတုံ့ပြန်နိုင်လိုက်ချိန်တွင် ဖုန့်ချန်း၏ဓားသွားကား နောက်တစ်ခေါက်လွှဲယမ်းသွားပြန်၏။

ဓားသွားမှာ နေရာမှန်သို့တိကျစွာရောက်သွားပြီး ခေါင်းဆောင်လျို၏ဦးခေါင်းသည် ခန္ဓာနှင့်အိုးစားကွဲကာ မြေပြင်ပေါ်သို့ပြုကျလာလေသည်။ အသက်မဲ့သွားသော ရုပ်အလောင်းမှာ သွေးများရွှဲနစ်လျက် ‌ရှေ့သို့ထိုးကျလာသည်။

လူအုပ်ကြီးမှာ အာမေဋိတ်သံများ သံပြိုင်ထွက်သွားကြသည်။ ဖုန့်ချန်း၏ရက်စက်မှုကို မျက်မြင်တွေ့လိုက်ရသဖြင့် အကြောက်တရားများမှာ လူတိုင်း၏နှလုံးသားကို ဖုံးအုပ်သွားတော့သည်။

"ဒါ အိပ်မက်ဆိုးမက်နေတာပဲ" ကျောက်ချန်းရှီက ရူးနှမ်းနှမ်းဖြင့်ရေရွတ်နေသည်။ ဖြူဆုတ်နေသောမျက်နှာ ကြောက်လန့်တုန်လှုပ်နေသောမျက်လုံးများဖြင့် အနောက်ကိုဆုတ်သွားလျက်ပင်။

"အိပ်မက်ဆိုးမဟုတ်ဘူး တကယ်ဖြစ်နေတာ"

ဖုန့်ချန်းက အေးစက်စက်ပင်ပြန်ပြောသည်။

"ခင်ဗျားတို့ဒီကိုရောက်လာကြတာလည်း ကိုယ့်သဘောနဲ့ကိုယ်ပဲလေ"

ကျန်ရှိသော မိသားစုဝင်များမှာ တာဝန်တွေမာနတွေမငဲ့နိုင်တော့ပဲ ထွက်ပြေးဖို့ကြိုးစားကုန်ကြတော့သည်။

သို့သော် ဖုန့်ချန်းသည်ကား ညှာတာမှုမရှိတော့ပါ။

အမြန်နှုန်းတစ်ခုထိမြှင့်တင်လိုက်ပြီး အရိပ်တစ်ခုပမာ ရွေ့လျားသွားသည်။ သေကွင်းသေကွက်ကိုသာ တည့်တည့်ချိန်တတ်သော ဤဓားသွားသည်ကား လေထုထဲတွင် တဝှီးဝှီးဝေ့ရမ်းလျက်။

ထွက်ပြေးကုန်ကြသော ရန်သူများ၏ဦးခေါင်းတို့မှာ တစ်ခုပြီးတစ်ခုသာဆက်တိုက်ပြုတ်ကျလာပြီး သက်မဲ့ခန္ဓာများမှာလည်း အရုပ်လေးများကဲ့သို့ ဟိုဟိုသည်သည်ပြန့်ကျဲကုန်ကြသည်။ တစ်ယောက်ကိုမျှ အရှင်မထားခဲ့ပါလေ။

"ဒီအချိန်ကစပြီး" ဖုန့်ချန်း၏ကြွေးကြော်သံမှာ တိတ်ဆိတ်နေသာဈေးတန်းလမ်းကြားလေးထဲတွင် ပဲ့တင်ထပ်လို့နေသည်။

"မြူခိုးချိုင့်ဝှမ်းမြို့တော်မှာ အထင်ကရမိသားစုကြီးငါးခုဆိုတာ မရှိတော့ဘူး"

All Chapters