အထင်ကရမိသားစုကြီးသုံးခု ဖျက်ဆီးခံလိုက်ရပြီ
Vol. 4 Ch. 51
ဖုန့်ချန်း၏ကြေငြာသံမှာ လမ်းကြားလေးအတွင်းသို့ ပဲ့တင်ပျံ့နှံ့သွား၏။ ထိုအခါမှသာ အကြောက်လွန်ပြီး လေဖြတ်သကဲ့သို့ လှုပ်မရပြုမရဖြစ်နေသော ကြည့်ရှုသူများလည်း စိတ်နှင့်လူပြန်ကပ်နိုင်ကြတော့သည်။
"သေစမ်း ဖုန့်မိသားစုခေါင်းဆောင်က တကယ်ကြီးလုပ်ချလိုက်တာဟ သူသတ်လိုက်တာ မြူခိုးချိုင့်ဝှမ်းမြို့တော်ရဲ့ ချီအရည်ဖွဲ့ခြင်းကျင့်ကြံသူ ကုန်သလောက်နီးပါးပဲ"
"ဒီလိုပုံနဲ့ဆိုရင် ဖုန့်မိသားစုကိုဘယ်သူမှဝင်တားရဲမှာမဟုတ်တော့ဘူး ဝမ်မိသားစုတောင် ဝင်မပါရဲလောက်တော့ဘူး"
"ဖုန့်ချန်းပြောသလိုဆိုရင် ဒီမိသားစုသုံးခုရဲ့ ကျန်တဲ့မိသားစုဝင်တွေလည်း အကုန်ချေမှုန်းခံရမယ်ထင်တယ်"
"ဖုန့်ချန်းလိုအင်အားကြီးတဲ့လူနဲ့သွားရှုပ်ဖို့ သူတို့ကိုဘယ်သူကတွန်းအားပေးလိုက်လို့လဲ ကိုယ့်နေရာကိုယ်မသိဘဲဖင်ယားတာ ခံပေါ့"
မျက်စိရှေ့တွင်ပင်ဖြစ်ပွားသွားသောလူသတ်ပွဲကို ပြန်လည်ဆင်ခြင်ဝေဖန်ကြရင်း မယုံကြည်နိုင်ဖြစ်နေကြသေးသော တီးတိုးသံများ ပျံ့လွင့်လျက်ရှိလေသည်။
ဖုန့်ချန်း၏ပြိုင်ဘက်ကင်းသန်မာမှုကိုတော့ ဘယ်သူမှငြင်းချက်မထုတ်ရဲကြပေ။ ထိုသူကား ဘယ်လောက်မှမကြာလိုက်သောအချိန်အတွင်း မြူခိုးချိုင့်ဝှမ်းမြို့တော်၏ အာဏာစက်လည်ပတ်ပုံကို ပြတ်ပြတ်သားသားပင် ဖြိုခွင်းပြောင်းလဲလိုက်နိုင်သူဖြစ်၏၊
"အစ်ကိုကြီးက အတော်ကိုစွမ်းအားကြီးတာပါလား"
ဖုန့်ယွင်က ဖုန့်ချန်းအနားသို့ ပျော်ရွှင်မြူးထူးစွာကပ်လာပြီး ချီးကျူးစကားဆိုသည်။ အကြီးအကဲကျိုးထျန်းဟွာနှင့် သူ့အစ်ကိုကြားက စွမ်းအားကွာခြားမှုမှာ ဤမျှထိသိသာနေလိမ့်မည်ဟု သူထင်မထားခဲ့ပါ။
လက်တစ်ချက်အလှုပ်တွင် ပြိုင်ဘက်ကအသက်ပျောက်သွားခဲ့သည်။
သူ့အစ်ကို၏စွမ်းအားအတိုင်းအဆကို သူ့ဉာဏ်ဖြင့်သေချာမခန့်မှန်းနိုင်သော်လည်း ဆရာသခင်ဖြစ်သူက အစ်ကိုကြီးသုံးလိုက်သောဓားသိုင်းကွက်တွင် ဓားသွား၏စွမ်းအင်ကိုတိုးမြှင့်ပေးသော ဓားစိတ်ဆန္ဒပါဝင်ကြောင်း ရှင်းပြပေးခဲ့ပါ၏။
ဓားစိတ်ဆန္ဒတဲ့။
ထိုကျင့်စဥ်မှာ သူအပါအဝင် ဓားကျင့်ကြံသူများအားလုံး၏ ရည်မှန်းချက်ပန်းတိုင်တစ်ခုဖြစ်သည်။ သူ့လိုအတွေ့အကြုံနုနယ်သေးသူအတွက် ထိုကျင့်စဥ်၏အဖျားအနားလေးကို ဖမ်းဆုပ်မိဖို့အရေး ခရီးအဝေးကြီးလျှောက်ရပေဦးမည်။
(အစ်ကိုကြီးက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးသန်မာလာတာ ငါလည်းနောက်ကောက်ကျကျန်ခဲ့လို့တော့မဖြစ်ဘူး)
ဖုန့်ယွင်အားမလိုအားမရတွေးနေမိသည်။ သူလည်းပဲ သူ့အရွယ်အရ လျင်မြန်သောတိုးတက်မှုလမ်းစဥ်တစ်ခုကို ရရှိထားသည်ဆိုပေမယ့် အစ်ကိုကြီးနှင့်ယှဥ်လျှင် များစွာလိုသေးသည်ဟုထင်၏၊
ထို့အပြင် သူဘယ်လောက်ကြိုးစားကြိုးစား ညီအစ်ကိုနှစ်ဦးကြားရှိ အင်အားကွာခြားမှုမှာ သာ၍တိုးလာသည်သာပင်။
မည်သို့ပင်ဆိုစေ ရန်သူပြိုင်ဘက်များတစ်စမကျန်ကင်းရှင်းသွားပြီး အစ်ကိုဖြစ်သူလည်း ဆထက်တိုးသန်မာလာသည့်အပေါ် သူစိတ်ရင်းနှင့်ပျော်ရွှင်ကျေနပ်မိပါသည်၊
"ချန်းအာကတော့ ငါတို့ကိုအမြဲအံ့အားသင့်စရာတွေ ထုတ်ပြနေတော့တာပဲကွာ"
"ကျင့်ကြံဆင့်ဒီလောက်မြင့်တဲ့ အကြီးအကဲကျိုးထျန်းဟွာက ချန်းအာရဲ့တိုက်ကွက်တစ်ကွက်ကိုတောင် တောင့်မခံနိုင်ဘူး ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦးအနေနဲ့ အတော်လေးစိတ်ပျက်စရာပဲ"
"ဟားဟား သူအားနည်းလို့တော့ဘယ်ဟုတ်မလဲကွာ ငါတို့ချန်းအာကိုကအင်အားသိပ်ကြီးနေတာပါ"
တိုက်ပွဲကို ခပ်လှမ်းလှမ်းမှရှုစားနေခဲ့ကြသော ဖုန့်မိသားစုအကြီးအကဲများသည်လည်း ယခုမှပြုံးရွှင်စွာချဥ်းကပ်လာခဲ့ကြပြီး ခေါင်းတညိတ်ညိတ်ဖြင့် ဂုဏ်ယူမဆုံးဖြစ်နေကြလေ၏။
ဖုန့်ချန်းတစ်ယောက်အတွက် သူတို့လွန်စွာမှဂုဏ်ယူဝမ်းမြောက်မိလှသည်။ တိုက်ပွဲအခြေအနေကို စိုးရိမ်ကြောင့်ကြခဲ့ရသောစိတ်အနှောင့်အယှက်များသည်လည်း ရေဖြင့်ဆေးချလိုက်သလို ပြောင်စင်သွားကြလေပြီ။
ဖုန့်ချန်းသည်လည်း ဓာတ်ကြီးသုံးပါးနတ်အဆင့်ကို ချိုးဖျက်ထားနိုင်သည်မှန်း သူတို့သိသော်လည်း ဓာတ်ကြီးသုံးပါးနတ်အဆင့်ကိုမှ အလယ်အလတ်အဆင့်သို့ရောက်ရှိပြီးဖြစ်သော အကြီးအကဲကျိုးထျန်းဟွာသည် ဖုန့်ချန်းထက် အဆင့်ငယ်နှစ်ဆင့်မျှပိုမြင့်ပေသည်။
ပြိုင်ဘက်ဖြစ်သူ၏ကျင့်ကြံဆင့်မှာ ပိုမြင့်မားသဖြင့် ဖုန့်ချန်းတစ်ယောက် အနည်းငယ်မျှတော့ကြိုးပမ်းရဦးမည်ဟု သူတို့တွက်ဆခဲ့ကြသည်။
သို့သော် တိုက်ပွဲအစတွင်ထုတ်သုံးလိုက်သော ထိုတိုက်ကွက်တစ်ကွက်သည် သူတို့မိသားစု၏ခေါင်းဆောင်မှာ နှစ်တစ်ထောင်၌တစ်ယောက်သာပေါ်ထွန်းသော ပါရမီရှင်ဖြစ်ကြောင်း သက်သေပြသွားတော့၏။
ဖုန့်ချန်းသည် အသက်ငယ်ငယ်ရွယ်ရွယ်မှာပင် ထူးကဲသောပါရမီတို့ကို ထုတ်ပြနိုင်ခဲ့ပြီး ဖုန့်မိသားစု၏ဂုဏ်ဆောင်ပြယုဂ်တစ်ခု ဖြစ်ပေးခဲ့တာဖြစ်သည်။
ထူးကဲသောပါရမီရှင်ဟု အများနှုတ်မှာပြောစမှတ်တွင်ရခြင်း၏ အကြောင်းရင်းတစ်ခုကို သူတို့မျက်မြင်ပြန်လည်ကြုံတွေ့လိုက်ရလေပြီ။
ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်သတ်ဖြတ်ရန်ဆိုသည်မှာ ကျင့်ကြံဆင့်တူသူများအတွက်ပင် အင်မတန်ခက်ခဲသောအရာဖြစ်၏။ ဓားတစ်ချက်အဝှေ့ဖြင့် သတ်လိုက်နိုင်သူကား မည်မျှပင်အင်အားကြီးလိမ့်မည်မှန်း ခန့်မှန်းလို့ပင်မရနိုင်ချေ။
ဖုန့်ချန်းသည် ညီငယ်လေး၏ပုခုံးကို ညင်သာစွာပုတ်လိုက်ပြီး ဒဏ်ရာရှိမရှိ စစ်ဆေးကြည့်ရှုလိုက်သည်။ ခြစ်ရာရှရာအနည်းငယ်မှအပ ဖုန့်ယွင်ကား အကောင်းအတိုင်းပင်။
ဖုန့်မေဘက်သို့လှည့်၍ တစ်ချက်စစ်ဆေးကြည့်လိုက်သော် ဖုန့်ယွင်ကဲ့သို့ပင် ပြင်ပဒဏ်ရာအနည်းငယ်သာရထားကြောင်း တွေ့ရ၏။
ကုသရေးဆေးလုံးများသောက်ထားပြီးဖြစ်သဖြင့် ထိုမျှဒဏ်ရာလောက်မှာ မြန်မြန်ဆန်ဆန်ပင်ပျောက်ကင်းသွားပေလိမ့်မည်။
"မဟာအကြီးအကဲများရော အခြေအနေဘယ်လိုရှိကြလဲဗျ"
ကလေးနှစ်ယောက်စိတ်ချရသောအခါတွင် ဖုန့်ချန်းသည် မဟာအကြီးအကဲများဘက်သို့အာရုံစိုက်လိုက်သည်။
"ဟားဟား ချန်းအာဝင်ပါလိုက်တော့ တိုက်ပွဲကအမြန်အပြီးသတ်သွားတာကိုး စောစောကချီစွမ်းအင်နည်းနည်းဆုံးရှုံးသွားတာကလွဲပြီး ဘာမှမဖြစ်ပေါင်ဗျာ"
ဖုန့်ကျန်းရှန်က တဟားဟားရယ်မောရင်း တုံ့ပြန်သည်။
အကြီးအကဲကျိုးထျန်းဟွာ၏ စွမ်းအားတိုးဆေးနှင့်မတူဘဲ ဖုန့်ယွင်၏စွမ်းအားတိုးဆေးက သိမ်မွေ့အေးခဲမီးတောက်အကူအညီကြောင့် နောက်ဆက်တွဲဆိုးကျိုးတစ်ခုမှမဖြစ်စေပါ။
"ကောင်းတယ် ယန်၊ ကျောက်နဲ့ လျိုမိသားစုဝင်တွေဆီကို အမိန့်ထုတ်ပြန်လိုက်ပါ ပိုင်ဆိုင်မှုတွေအားလုံးကို ဖုန့်မိသားစုဆီဆက်သပြီး မြူခိုးချိုင့်ဝှမ်းမြို့တော်ကနေ အပြီးအပိုင်ထွက်ခွာရမယ် ငြင်းဆန်ရင် အပြစ်ဒဏ်ခံရမယ်"
ဖုန့်ချန်းမှ အမိန့်ချမှတ်လိုက်၏။
သူက ရက်စက်သောလူသတ်သမားတစ်ယောက်မဟုတ်ပေတိ ထိုသူများကို အပြစ်မပေးဘဲလွှတ်ပေးရလောက်တဲ့အထိလည်း ညှာတာထောက်ထားတတ်သူမဟုတ်ပေ။ ဤသို့ရွေးချယ်မှုပေးထားခြင်းသည် မလိုအပ်သောသွေးချောင်းစီးဖြစ်ရပ်များကို ရှောင်ရှားရာလည်းကျသလို သူတို့ကိုယ်သူတို့ကယ်တင်ရန် လမ်းတစ်လမ်းပေးလိုက်ခြင်းလည်းဖြစ်၏။
"ချန်းအာ အကုန်လုံးတစ်ယောက်မကျန်ရှင်းပစ်လိုက်ရင် ပိုမကောင်းဘူးလား"
ညှာတာထောက်ထားပေးလိုက်ပြီး အနာဂတ်တွင် လက်စားချေရန်လမ်းကို ကိုယ်တိုင်ဖွင့်ပေးလိုက်သလိုဖြစ်မှာစိုးသဖြင့် ဖုန့်ကျန်းရှန်ဤသို့အကြံပြုလိုက်သည်။
အကြံပြုချက်ကိုစဥ်းစားကြည့်ဟန်ဖြင့် ဖုန့်ချန်း၏မျက်လုံးများကျဥ်းမြောင်းသွားသည်။ မျက်နှာအမူအရာမှာ တည်တည်ငြိမ်ငြိမ်ပင်ဖြစ်သော်လည်း ဆုံးဖြတ်ချက်တစ်ခုကိုတော့ ခိုင်ခိုင်မာမာချပြီးသွားပုံပင်။
"မဟာအကြီးအကဲကျန်းရှန်" သြဇာပြည့်လျက် ခိုင်မာတည်ကြည်သောအသံဖြင့် ဖုန့်ချန်းပြန်ပြောလိုက်သည်။
"ယန်၊ ကျောက်နဲ့ လျိုမိသားစုတို့ရဲ့ အစွမ်းထက်ဆုံးကျင့်ကြံသူတွေနဲ့ အဖိုးတန်အရင်းအမြစ်တွေကို ဆုံးရှုံးပြီးသွားပြီမလို့ ကျွန်တော်တို့ကိုခြိမ်းခြောက်နိုင်တော့မယ့်အနေအထားမရှိတော့ပါဘူး အကုန်လုံးကိုသုတ်သင်မယ်ဆိုရင် မြူခိုးချိုင့်ဝှမ်းမြို့တော်မှာ မလိုအပ်တဲ့အကြမ်းဖက်မှုတွေနဲ့ ဘေးဒုက္ခတွေကိုပဲ ဖန်တီးလိုက်သလိုဖြစ်သွားမယ်"
ယန်၊ ကျောက်နှင့် လျိုမိသားစုဝင်များ အနာဂတ်တွင် လက်စားချေလာနိုင်ဖွယ်ရှိသည်ကို သူနားလည်ပါသည်။
ထို့အပြင် စနစ်၏အကူအညီဖြင့် ဖုန့်မိသားစု၏အင်အားမှာ တိုးသည်ထက်တိုးဖို့ပင်ရှိသည်ကို သူယုံကြည်၏။
ဖုန့်မိသားစု၏အင်အားကို ကျော်တက်နိုင်ဖို့အတွက်ဆိုလျှင် ထူးကဲလှသောပါရမီရှင်အရည်အချင်းနှင့် သာမန်မဟုတ်သော ရုပ်လက္ခဏာမျိုး လိုအပ်ပေမည်။ ထိုပါရမီရှင်မှာ သေချာပေါက် ယန်၊ ကျောက်၊ လျိုမိသားစုတို့သုံးခုပေါင်းထက် ပိုသန်မာဖို့လည်းလိုသေးသည်။
ထို့ကြောင့် အနာဂတ်တွင်ဖြစ်လာမည့်ခန့်မှန်းချေများကို ဖုန့်ချန်းသိပ်စိုးရိမ်မနေတော့ပါ။
ကျန်မိသားစုဝင်များ၏အရည်အချင်းမှာ အခြေခံအားဖြင့် ဖုန့်မိသားစုကိုယှဥ်နိုင်ဖွယ်မရှိတာကြောင့် သူတို့ကိုအပြီးသုတ်သင်၍လည်း ဘာကောင်းကျိုးမှရလာမည်မဟုတ်ပါ။
ဖုန့်ချန်းဤသို့ဆုံးဖြတ်ရသည့်အကြောင်းရင်းကို ဖုန့်ကျန်းရှန်လည်းနားလည်သွားပြီး ခေါင်းတညိတ်ညိတ်ထောက်ခံလာ၏။
"ဟုတ်ပြီချန်းအာ မင်းပြောတဲ့အတိုင်း အမိန့်ထုတ်ပြန်ပြီး အမြန်အကောင်အထည်ဖော်လိုက်ပါ့မယ်"
ထို့နောက် ကျန်မဟာအကြီးအကဲများထံလှည့်ပြီး ဖုန့်ချန်းကြေငြာလိုက်သည်။
"ဒီအမိန့်က သူတို့အနေနဲ့ အပြင်လောကကိုထွက်ပြီးဘဝသစ်စနိုင်ဖို့ အခွင့်အရေးပေးတာပဲ အဲ့ဒါကိုမှငြင်းဆန်ခုခံလာရင်တော့ မဟာအကြီးအကဲတို့ ကြည့်ကျပ်ဖြေရှင်းလိုက်ကြပါ"
အကြီးအကဲများလည်း နာခံကြောင်းခေါင်းညိတ်လိုက်ကြပြီး အမိန့်ကိုအမြန်ထမ်းရွက်ရန် အသီးသီး ထွက်ခွာသွားကြတော့၏။