← Chapters

အောင်မြင်ခြင်း၏ အသီးအပွင့်များ

Vol. 4 Ch. 52

အောင်မြင်ခြင်း၏ အသီးအပွင့်များ

Vol. 4 Ch. 52

နောက်တစ်နေ့မနက်ခင်းတွင် မြူခိုးချိုင့်ဝှမ်းမြို့တော်သည် တင်းမာနေသောလေထုအခြေအနေနှင့် ကြိုတင်ခန့်မှန်းမှုများဖြင့် နိုးထလာကြသည်။

အရင်နေ့မှဖြစ်ပျက်ခဲ့သော တိုက်ပွဲအခြေအနေများသည် တောမီးကဲ့သို့ မြို့တော်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားပြီး ယနေ့‌တွင်မူ မြို့တော်အာဏာအပြောင်းအလဲကို စပ်စုချင်စိတ်ဖြင့် မြို့သူမြို့သားမှု အရုဏ်တက်ချိန်ကတည်းက စုရုံးစုရုံးဖြစ်လို့နေကြပေပြီ။

လူစည်ကားလျက်ရှိခဲ့သော ယန်၊ ကျောက်နှင့် လျိုမိသားစုပိုင် ဈေးတန်းများကိုလည်း ပိတ်သိမ်းလိုက်ပြီဖြစ်သဖြင့် တစပြင်ကဲ့သို့ ခြောက်ကပ်တိတ်ဆိတ်နေ‌တော့၏။

ကျန်ရစ်ခဲ့သော ယန်၊ ကျောက်နှင့် လျိုမိသားစုဝင်များသည်လည်း သူတို့၏ ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူများအားလုံး ကျဆုံးသွားပြီး ဖုန့်ချန်းတစ်ယောက် ဓာတ်ကြီးသုံးပါးနတ်အဆင့်သို့ တက်လှမ်းသွားပြီဟုကြားသိခဲ့ကြရသောအခါ ဆက်ပြီးတောင့်မခံနိုင်တော့ပါချေ။

ပိုင်ဆိုင်မှုများအားလုံးကို ဖုန့်မိသားစုထံဆက်သပြီး မြူခိုးချိုင့်ဝှမ်းမြို့တော်မှ ထွက်ခွာသွားဖို့ကို တစ်ညီတည်းသဘောတူလာခဲ့ကြပါသည်။

သူတို့သည် တွန့်ဆုတ်ခြင်းကင်းစွာဖြင့်ပင် ပစ္စည်းများကိုလက်လွှဲလျက် မြို့တော်မှအမြန်ဆုံးထွက်ခွာသွားကြတော့သည်။ ဤသို့ရှင်သန်ခွင့်ရသည်ကပင် ဆုလာဘ်တစ်ခုနှယ်ဖြစ်သည့်အတွက် ဖုန့်ချန်းတစ်ယောက်စိတ်မပြောင်းခင် ညတွင်းချင်းပင် ရွှေ့ပြောင်းသွားကြတော့၏။

ဖုန့်မိသားစုသည်လည်း စီးပွားရေးလုပ်ငန်းသစ်များကို လက်လွှဲရယူရင်း ပျားပန်းခတ်အလုပ်များနေလျက်ရှိပြီး လုပ်ငန်းလည်ပတ်ပုံများကို အသေးစိတ်ပြန်လည်စီစဥ်ရန်အတွက် လတ်တလောယာယီပိတ်သိမ်းထားရခြင်းဖြစ်သည်။

တစ်ဖက်တွင်မူ သတင်းများအတင်းများဖလှယ်ရာ လက်ဖက်ရည်ဆိုင်များတွင် ဖောက်သည်တို့တိုးကျိတ်စုဝေးလျက်ရှိ၏။

ဆိုင်နေရာများမှာ မနေ့ကဖြစ်ပွားသွားသောတိုက်ပွဲအကြောင်းကို ဆွေးနွေးလိုသူ နားထောင်လိုသူများဖြင့် ပြည့်သိပ်လို့နေသည်။

"သတင်းသစ် သတင်းသစ် ယန်၊ကျောက်နဲ့ လျိုမိသားစုဝင်တွေ ဖုန့်ချန်းနဲ့တိုက်ပွဲမှာ အပြတ်အသတ်ရှုံးနိမ့်သွားပြီး အခုသူတို့အိမ်တော်တွေလည်းပြောင်သလင်းခါကုန်ကြပြီ ပိုင်ဆိုင်မှုတွေအားလုံးကို ဖုန့်မိသားစုကသိမ်းသွားပြီတဲ့"

"ဖုန့်မိသားစုက အခုဆို မြူခိုးချိုင့်ဝှမ်းမြို့တော်မှာ အင်အားအကြီးဆုံးဖြစ်သွားပြီ"

"စုပေါင်းအဖွဲ့အစည်းသစ်တွေ တည်ထောင်ကြတော့မယ်ထင်တယ် အာဏာစက်က အပြောင်းအလဲဖြစ်သွားပြီလေ"

"ကြားရသလောက်တော့ အင်အားကြီးကျင့်ကြံသူတွေ မြို့တော်ထဲကိုရောက်လာနေသတဲ့ ဘယ်သူတွေဖြစ်မလဲ ဘာလိုချင်လို့လာကြတယ်ထင်လဲ"

"အကြီးအကဲကျိုးလဲ့နဲ့ အကြီးအကဲကျိုးထျန်းဟွာ နှစ်ယောက်လုံးသေသွားတာဆိုတော့ ဆန်းကြယ်မီးတောက်ဂိုဏ်းနဲ့ မုန်တိုင်းဝိဉာဥ်နန်းတော်က လက်စားပြန်ချေတော့မလားမသိဘူး"

လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် စကားဝိုင်းများမှာ ဆူညံတက်ကြွလို့နေပြီး ဖုန့်မိသားစု၏သြဇာလွှမ်းမိုးမှုအကြောင်းကို ဆွေးနွေးငြင်းခုန်လို့ မဆုံးနိုင်ကြတော့ပေ။

အချို့ကတော့ အနာဂတ်မှာဖြစ်ပွားလာမည့် ပြဿနာအရှုပ်အထွေးတွေကို ကြိုတင်စိတ်ပူလို့နေကြပြီး အချို့ကတော့ ဤဖြစ်ရပ်မှာ သူတို့၏စွမ်းအားအဆင့်နှင့် ဘဝအခြေအနေကို အလိုက်သင့်ပြန်လည်ချိန်ညှိဖို့ အခွင့်ကောင်းဟုယူဆကြလေသည်။

မြို့တော်ထဲတွင် သတင်းစကားများပိုမိုပျံ့နှံ့ကြီးကျယ်လာသည်နှင့် ဂိုဏ်းဂဏငယ်လေးများနှင့် မိသားစုများသည်လည်း အသစ်ပြောင်းလဲသွားသော ပတ်ဝန်းကျင်တွင် သူတို့၏အခြေအနေကို စတင်အကဲခတ်လာကြ၏။

ဖုန့်မိသားစု၏ တစ်ဟုန်ထိုးမြင့်တက်လာမှုကြောင့် အနာဂတ်တွင်ကိုများစွာတွေးခေါ်ခန့်မှန်းလာကြပြီး အင်အားကြီးဂိုဏ်းအဖွဲ့များနှင့် မိသားစုများထံမှ မည်သို့တုံ့ပြန်လာနိုင်သည်ဟု ထင်ကြေးအမျိုးမျိုးပေးနေကြသည်။

ထိုအချိန်တွင် ဖုန့်အိမ်တော်တွင် ဖုန့်ချန်းသည် အကြီးအကဲများနှင့် အဓိကကျသော ဖုန့်မိသားစုဝင်များကို ခန်းမဆောင်ကြီးထဲတွင်စုဝေးလျက် အားလုံး၏အရှေ့တွင် တည်ငြိမ်သောမျက်နှာထားဖြင့် ရပ်လျက်ရှိသည်။

အခြားမိသားစုဝင်များမှာ ယခုမှသာစိတ်ဒုန်းဒုန်းချနိုင်လိုက်ကြသော်လည်း ဖုန့်ချန်းကား ယန်၊ ကျောက်နှင့် လျိုမိသားစုကိုရင်ဆိုင်ရန်မှာ ခက်ခဲလိမ့်မည်ဟု တစ်ခါမှမထင်ခဲ့ဖူးပါ။ စနစ်၏အကူအညီမရခင်အချိန်ကပင် သူလုပ်ချင်လျှင် လုပ်နိုင်သောအနေအထားနှင့် အင်အားရှိသည်။

ထို့ကြောင့် ယခုအောင်မြင်မှုမှာ သူ့အတွက်တော့ထူးခြားသည်မဆိုသာ။ သို့သော် ထိုမိသားစုသုံးခု၏ဖိနှိပ်အထင်သေးမှုကို တစ်ချိန်လုံးသည်းခံလာရသော အခြားမိသားစုဝင်များအတွက်မူ အောင်ပွဲကြီးတစ်ခုပင်။

စိတ်လက်ကြည်သာမှုများ စိတ်လှုပ်ရှားမှုများဖြင့် ခန်းမကြီး၏လေထုသည်ကား လှုပ်ရှားတက်ကြွလို့နေ၏။ အထင်ကရမိသားစုကြီးငါးခုအတွင်း အားအနည်းဆုံးဟု ထင်မြင်သမုတ်ခံခဲ့ရသော ဖုန့်မိသားစုမှာ အောင်ပန်းကိုဆွတ်ခူးနိုင်ခဲ့ပြီး အသန်မာဆုံးဖြစ်ကြောင်း သက်သေပြနိုင်ခဲ့လေပြီ။

"တူလေးရေ ယန်၊ ကျောက်နဲ့ လျိုမိသားစုတွေရဲ့ ပိုင်ဆိုင်မှုတွေ အရင်းအမြစ်တွေ စာရင်းပြုစုလို့ပြီးခါနီးပြီကွ"

အကြီးအကဲဝေ့က စာရင်းစာအုပ်ထူကြီးကိုကိုင်လျက် စိတ်လှုပ်ရှားစွာတင်ပြလာသည်။

"လုပ်ရတာတွေကတော့ အတော်များတာပဲ ပိုင်ဆိုင်မှုစာရင်းတွေနဲ့ အပျက်အစီးစာရင်းတစ်ချို့ကိုတော့ အကုန်ပေါင်းတွက်ပြီးပြီ"

ဖုန့်ချန်းခေါင်းညိတ်လိုက်သည်။

"သိပ်ကောင်းတယ် ကျွန်တော်တို့ဘာတွေရထားတယ်ဆိုတာလေး အသေးစိတ်ပြောပြပါဦး"

အကြီးအကဲဝေ့ဟာ လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး ပိုင်ဆိုင်မှုစာရင်းများကို စတင်ဖတ်ပြတော့သည်။

"ယန်မိသားစုဆီကနေ သိမ်းပိုက်ရရှိထားတာတွေကတော့ ရွေဒင်္ဂါးနှစ်သောင်း၊ သေမျိုးအဆင့်လက်နက်၁၆ခု၊ ကမ္ဘာမြေအဆင့်မှော်လက်နက်၃ခုနဲ့ ဆေးလုံးတစ်ချို့ပါ ပိုင်ဆိုင်မှုတွေထဲမှာ ဆေးဖော်စပ်ခန်းတစ်ခန်း၊ မိုင်းတွင်းနှစ်တွင်း၊ ပျော်ပွဲစားရုံ၃ရုံ၊ လက်ဖက်ရည်ဆိုင်၃ဆိုင်နဲ့ စီးပွားရေးလုပ်ငန်းအသေးလေးတွေလည်း ပါဝင်ပါတယ်"

ဖုန့်ချန်းက ခေါင်းတညိတ်ညိတ်ဖြင့် ဂရုတစိုက်နားထောင်နေသည်။

ရွေဒင်္ဂါးအရေအတွက်ကတော့ ထင်ထားသည်ထက်နည်းသားပင်။ ဆေးလုံးဈေးကွက်ပြန်တင်ဖို့အတွက် ပုံအောအသုံးပြုခဲ့၍ဖြစ်ရမည်။ ခြုံပြောရလျှင် မြူခိုးချိုင့်ဝှမ်းမြို့တော်၏ တစ်ချိန်ကအင်အားအကြီးဆုံးမိသားစုတစ်ခုအနေနှင့် သိပ်မဆိုးလှသော်လည်း အားရစရာတော့မကောင်းလှပေ။

"ကျောက်နဲ့လျိုမိသားစုတွေဆီကရော?"

အကြီးအကဲဝေ့မှ ဆက်လက်တင်ပြသည်။ "ကျောက်နဲ့လျိုမိသားစုနှစ်ခုလုံးပေါင်း ရွေဒင်္ဂါးနှစ်သိန်း၊ သေမျိုးအဆင့်မှော်လက်နက်အခု၂၀၊ မြေကမ္ဘာအဆင့်မှော်လက်နက်၅ခု ရရှိထားပါတယ် ပိုင်ဆိုင်မှုတွေထဲမှာ သံမိုင်းတွင်းတစ်တွင်း၊ ဆေးဖက်ဝင်စိုက်ခင်း၂ခင်းနဲ့ စီးပွားရေးလုပ်ငန်းအချို့ပါဝင်ပါတယ်"

ဖုန့်ချန်း၏မျက်လုံးများမှာ စိတ်ကျေနပ်မှုဖြင့် တောက်ပသွားကြသည်။

"တန်ဖိုးကြီးပိုင်ဆိုင်မှုတွေအများကြီးရလိုက်ပုံထောက်ရင် ငါတို့ကံ‌တော်တော်တက်နေကြပုံပဲ"

ဖုန့်ချန်းမှာ ကျေနပ်ဝမ်းမြောက်စွာ ပြုံးလို့နေသည်။ ဤမျှများပြားသောအရင်းအမြစ်များကို ပိုင်ဆိုင်ထားပါက ဓာတ်ကြီးသုံးပါးနတ်အဆင့်ရှိသော အခြားမိသားစုများနှင့်ယှဥ်လျှင် နောက်ကောက်ကျမနေတော့ပါချေ။

"ဒီကြွယ်ဝမှုက ကျွန်တော်တို့မိသားစုရဲ့ အရင်းအမြစ်တွေနဲ့ အင်အားလွှမ်းမိုးမှုကို ကောင်းကောင်းအထောက်အကူပြုလိမ့်မယ် ပစ္စည်းတွေကို အမျိုးအစားအလိုက် သေချာခွဲခြားထိန်းသိမ်းပြီး ပိုင်ဆိုင်မှုတွေကိုလည်း လုံလုံခြုံခြုံသိမ်းဆည်းထားလိုက်ပါ"

အကြီးအကဲဝေ့က ဦးညွှတ်ပြီးနာခံလိုက်သည်။

"ကောင်းပါပြီတူလေး အစွမ်းကုန်ထိန်းသိမ်းစောင့်ရှောက်ထားပါ့မယ်"

အသစ်ရရှိလာသော ပိုင်ဆိုင်မှုများနှင့် စီးပွားရေးလုပ်ငန်းများကို စီစဥ်ထိန်းသိမ်းပြီး ဖုန့်မိသားစုပိုင်လုပ်ငန်းများနှင့် ပေါင်းစပ်ရမည့် နည်းဗျူဟာများကို အကြီးအကဲများနှင့်ဆွေးနွေးခန်းဝင်ရင်း ဖုန့်ချန်း၏တစ်မနက်ခင်း ကုန်ဆုံးသွားရပြီဖြစ်၏။

အသစ်ရလိုက်သော နေရာဒေသများ၏ အားသာချက်များနှင့် စီးပွားရေးလုပ်ငန်းများအား မည်သို့ပြန်လည်ဖွဲ့စည်းရမည် ဆိုသည့်အကြောင်းများကို သူတို့ စစ်စစ်ပေါက်ပေါက် ဆွေးနွေးလေ့လာခဲ့ကြသည်။

ဆွေးနွေးပွဲဆုံးခန်းတိုင်သွားချိန်တွင် ဖုန့်ချန်းသည် ဖုန့်မိသားစုဝင်အားလုံးကို စုဝေးစေလိုက်သည်။

"ယန်၊ ကျောက်နဲ့ လျိုမိသားစုရန်တွေကတော့ ချုပ်ငြိမ်းသွားပြီ ဒါပေမယ့် ငါတို့အေးအေးဆေးဆေးနေလို့မရသေးဘူး ငါတို့ရဲ့လက်ရှိနေရာကို ပိုခိုင်မာလာအောင်တည်‌ဆောက်ပြီး နောက်လာမယ့်စိန်ခေါ်မှုတွေအတွက် အမြဲအသင့်ပြင်ထားရမယ်"

မြူခိုးချိုင့်ဝှမ်းတွင်းရှိရန်သူများကို အပြတ်ရှင်းလိုက်နိုင်သည်မှန်သော်လည်း ပိုပြီးအင်အားကြီးသည့် ရန်သူအသစ်တွေက ဝင်ရောက်လာကြဦးမည်မှာမလွဲပေ။

ဆန်းကြယ်မီးတောက်ဂိုဏ်းက သူတို့၏မူရင်းရန်သူတော်ကြီးဖြစ်သည့်အပြင် ဂိုဏ်းအကြီးအကဲများထဲမှတစ်ယောက်မှာ ဖုန့်ချန်းလက်ချက်ဖြင့်လျှောသွားသောကြောင့် ရန်ငြှိုးမှာပို၍ကြီးလာရုံသာရှိတော့သည်။ မုန်တိုင်းဝိဉာဥ်နန်းတော်သည်လည်း ထိုနည်းတူပင်။

ကျိုးမိသားစုဝင်နှစ်ဦးကို သတ်လိုက်ခြင်းဖြစ်သည့်အတွက် ကျိုးမိသားစုကလည်း သူတို့ကို ဒီတိုင်းလွှတ်ထားလိမ့်မည်မထင်။

(ဘာပဲဖြစ်ဖြစ် ပြဿနာကိုစတဲ့သူတွေကသူတို့ပဲ ငါဖြေရှင်းတဲ့ပုံစံနဲ့ပက်သက်ပြီး မကျေနပ်ဘူးဆိုရင်လည်း ယန်၊‌‌ ကျောက်နဲ့ လျိုမိသားစုတို့သွားရာလမ်းကိုပဲ ထပ်ပို့ပေးလိုက်တာပေါ့။

ကျိုးမိသားစုမှာ သေချာပေါက်အင်အားကြီးမည်မှန်သော်လည်း ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူရှိနေသော ဤဖုန့်မိသားစုကို သူတို့ဘာမှလုပ်နိုင်မည်မဟုတ်ပါ။

ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် မုန်တိုင်းဝိဉာဥ်နန်းတော်ကတော့ မတူပေ။

သူတို့တွင် ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူများလည်းရှိနေသလို သမိုင်းအဆက်ဆက်ဖြစ်တည်လာသော အဖွဲ့အစည်းကြီးများဖြစ်သည့်အလျောက် အင်အားကြီးဝှက်ဖဲများကိုလည်း ထုတ်သုံးလာနိုင်ပေသည်။

အရင်ပြိုင်ဘက်များကို အနိုင်တိုက်နိုင်ခဲ့သော်လည်း အကျိုးဆက်မှာ ပို၍အင်အားကြီးသောရန်သူများကို စစ်မြေပြင်သို့ ဆွဲခေါ်လိုက်မိခြင်းပင်။

(အဲ့ဒါကြောင့် ဘက်မတန်တဲ့ကောင်တွေကို အဖက်လုပ်ပြီးမရှင်းချင်တာ)

ဖုန့်ချန်းတွေးနေမိသည်။ ထိုငမျောက်ငခြောက်များကိုသတ်လိုက်ခြင်းက ပိုကြီးသောပြဿနာကိုဦးတည်သွားမည်မှန်း သူကြိုခန့်မှန်းမိခဲ့ပါ၏။

(တစ်ကောင်သွားတာနဲ့ နောက်ကအုပ်လိုက်ကြီးရောက်လာတော့မှာပဲ)

သို့သော် မည်သို့ပင်အခက်အခဲတွေရှိနေပါစေ သူနှင့်သူ့မိသားစုက အင်အားပိုကြီးလာမည်ဆိုလျှင် ထိုရန်သူများမှာ အမြင့်ကိုတက်ဖို့လမ်းခင်းပေးရသည့် လှေကားကျောက်တုံးများသာဖြစ်ပေတော့မည်။

"အသစ်ရလာတဲ့အရင်းအမြစ်တွေကိုလည်း ပြန်လည်ခွဲဝေပေးမယ် မင်းတို့အားလုံး ဝီရိယရှိရှိနဲ့ကြိုးစားကျင့်ကြံပြီး ပိုသန်မာအားကောင်းလာကြမယ်လို့ ငါယုံကြည်တယ်"

All Chapters