ရှုံးနိမ့်ခြင်း၏ပဲ့တင်သံ
Vol. 4 Ch. 53
"ဘာရယ်? မုန်တိုင်းဝိဉာဥ်နန်းတော်က အကြီးအကဲကျိုးထျန်းဟွာသေသွားပြီဟုတ်လား သူ့ကိုဘယ်သူသတ်လိုက်တာလဲ"
"နယ်စွန်နယ်ဖျားက မိသားစုခေါင်းဆောင်တစ်ယောက်သတ်လိုက်တာဆိုပဲ မင်းသိတယ်မလား အရင်တစ်ခေါက်အကြီးအကဲကျိုးလဲ့ကိုရိုက်လွှတ်လိုက်တဲ့တစ်ယောက်လေ ပြီးတော့ အကြီးအကဲကျိုးလဲ့ကိုပါ သတ်လိုက်သေးတာတဲ့"
"အိုး ဖုန့်ချန်းဆိုတဲ့တစ်ယောက်လား ငါလည်းသူ့နာမည်ကြားဖူးတယ် အကြီးအကဲကျိုးလဲ့လက်စားပြန်ချေလို့ သေသွားလောက်ပြီထင်တာ ထင်ထားတာနဲ့ပြောင်းပြန်ဖြစ်နေတာပဲ"
"ကြည့်ရတာကျိုးမိသားစုတော့ အတော်လေးခံရခက်သွားမှာပဲ ဖုန့်မိသားစုကိုပြန်လက်စားချေဖို့ သူတို့ပြင်ဆင်နေလောက်ပြီ"
"ဘယ်ပြောနိုင်မလဲ သူတို့ကအရင်ကတည်းကရန်သူပေါတာ လက်စားပြန်ချေဖို့အင်အားကလည်းရှိဦးမှကို"
သတင်းများမှာ မြူခိုးချိုင့်ဝှမ်းတစ်မြို့တည်းတွင်သာ ပျံ့နှံ့နေသည်မဟုတ်ပေ။ မိုးပြာကောင်းကင်အင်ပါယာ၏ ထိပ်ဆုံးဂိုဏ်း၃ခုနှင့် ဆက်စပ်ပက်သက်နေသော အကြီးအကဲကျိုးထျန်းဟွာနှင့် အကြီးအကဲကျိုးလဲ့တို့၏သေဆုံးမှုဟာ အတော်လေးဂယက်ရိုက်သွားပြီး အင်ပါယာတစ်ခုလုံးအနှံ့ လွှမ်းမိုးနေတော့၏။
"အကြီးအကဲကျိုးထျန်းဟွာက ဓာတ်ကြီးသုံးပါးနတ်အဆင့်ကိုမှ အလယ်အလတ်ဆင့်ကိုတောင် ချိုးဖျက်ပြီးသွားတာ အဲ့လိုလူကိုသတ်နိုင်တယ်ဆိုမှတော့ ဖုန့်ချန်းက အတော်စွမ်းအားကြီးနေတာပါလား"
"ဟုတ်ပါ့ကွာ ဒါပေမယ့် ငါတော့သူ့ညီအကြောင်းကိုပိုစိတ်ဝင်စားနေတာ"
"လင်းမေယုရဲ့ တစ်ချိန်ကသတိုးသားလောင်းလေး ဖုန့်ယွင်ကိုပြောတာလား သူကဘာလို့လဲ"
"ကြားနေရတဲ့သတင်းတွေမှာ သူက အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ၅ယောက်ကို ခံတိုက်တာတဲ့"
"ဘာရယ်? အဲ့ကောင်ကကျင့်ကြံဆင့်မတက်နိုင်တဲ့ အမှိုက်ကောင်မဟုတ်ဘူးလား"
"အဓိပ္ပာယ်မရှိလိုက်တာ မြူခိုးချိုင့်ဝှမ်းမြို့တော်ရဲ့ ပါရမီရှင်ယှဥ်ပြိုင်ပွဲကို ဗိုလ်စွဲလာတဲ့သူနော် သူ့ကိုဘယ်သူကအမှိုက်ကောင်လို့ပြောရဲသေးတာလဲ အသက်၁၆နှစ်နဲ့ အခြေတည်ထောင်ခြင်းအလယ်အလတ်ဆင့်ကို တက်လှမ်းထားနိုင်တာကွ"
"ဝိုး အဲ့လိုတောင်လား လင်းမေယုကသူ့ကိုအရည်အချင်းမရှိလို့ ကွာရှင်းလိုက်တယ်လို့ကြားထားတာ ကြည့်ရတာကောလဟာလတွေပဲထင်ပါတယ်"
"အဲ့ကောလဟာလတွေကို ဆန်းကြယ်မီးတောက်ဂိုဏ်းကလွှင့်ထားတာဖြစ်မှာပေါ့ ခုနောက်ပိုင်း သူတို့ကိုဘယ်သူမှသွားထိလို့မရတဲ့ပုံနဲ့ မော်ကြွားနေကြတာ ဒီတစ်ခေါက်ဖြစ်ရပ်ကနေ သင်ခန်းစာရသွားကြရောပေါ့"
မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် မကြာသေးခင်ကမှဖြစ်ပွားခဲ့သော အာဏာလုပွဲသတင်းများသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့လျက်ရှိ၏။ ဖုန့်ယွင်နှင့်လင်းမေယုကြားက ဇာတ်လမ်းကြောင့် လူစိတ်ဝင်စားမှုပိုများလျက်ရှိခြင်းဖြစ်သည်။
နောက်ဆုံးတွင်တော့ မိုးပြာကောင်းကင်အင်ပါယာရှိပြည်သူတိုင်းသည် အင်ပါယာနံပါတ်တစ်ဂိုဏ်း၏ ဂိုဏ်းချုပ်အလောင်းအလျာလေးနှင့်ဆက်စပ်နေသော ထိုအကြောင်းအရာများကို အာရုံစူးစိုက်လာကြတော့၏။
ထိုပြည်သူများထဲတွင် ဆန်းကြယ်မီးတောက်ဂိုဏ်းကိုယ်တိုင်လည်း အပါအဝင်ပင်။ ပျံ့နှံ့နေသောကောလဟာလသတင်းများနှင့် သူတို့အကြီးအကဲကျိုးလဲ့သေဆုံးသည့်အကြောင်းကိုလည်း အားလုံးကြားသိပြီးဖြစ်သည်။
မိုးထိမြင့်မားသောတောင်တန်းများနှင့် နှိုင်းယှဥ်လေ့ရှိကြသော ထိပ်သီးဂိုဏ်းအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သော ဆန်းကြယ်မီးတောက်ဂိုဏ်းသည် မိုးပြာကောင်းကင်အင်ပါယာတွင်မူ ဂုဏ်သိက္ခာအကြီးမားဆုံး အင်အားအကြီးဆုံး နံပါတ်တစ်ဂိုဏ်းအဖြစ် လူသိများပါ၏။
ဂိုဏ်းဌာနချုပ်မှာ တိမ်တိုက်များကြားထိုးထွက်နေသော တောင်တန်းများအထက်တွင် တည်ရှိသဖြင့် ထူးခြားမြင့်မြတ်သောခံစားချက်တစ်မျိုးကို ပေးစွမ်းနေသည်။
သက်တမ်းရှည်ကြာလှသော တောအုပ်မှိုင်းကြီးများဖြင့် ပတ်ပတ်လည်ဝန်းရံထားပြီး ဝိဉာဥ်စွမ်းအားမြင့်မားပေါကြွယ်လှသော နေရာကောင်းတစ်ခုဖြစ်သောကြောင့် ဆန်းကြယ်မီးတောက်ဂိုဏ်းသည်ကား ကျင့်ကြံရေးတိုးတက်ရာ အချက်အချာနေရာတစ်ခုဖြစ်ရုံသာမက အသက်ရှူမှားလောက်ဖွယ် သာယာအေးချမ်းသော ပဥ္စလက်ဆန်ဆန် ရှုခင်းသာနေရာတစ်ခုလည်း ဖြစ်နေပြန်ပါသည်။
ဂိုဏ်း၏ အဓိကအဆောက်အဦးများမှာလည်း အဖိုးတန်ဗိသုကာပညာရပ်အမွေအနှစ်တစ်ခုပင်။ ကြည်လင်တောက်ပနေသော အဖြူရောင်ကျောက်တုံးများဖြင့် တည်ဆောက်ထားပြီး ဖီးနစ်ငှက်ရုပ်များ ဂိုဏ်းကိုယ်စားပြု မီးတောက်သဏ္ဍာန်ရုပ်ထုများဖြင့် အသေးစိတ်ရေးခြယ်ထွင်းထုကာ အလှဆင်ထားသေး၏။
ဂိုဏ်း၏ကိုယ်စားပြုအရောင်များဖြစ်သော အနီရောင်နှင့် ရွှေရောင်အလံများသည်လည်း လေတဟူးဟူးကြား တဖျပ်ဖျပ်လွင့်နေလေရာ ခံညားသောအရှိန်အဝါတစ်ခုကို ထပ်ပေါင်းထည့်ပေးနေသကဲ့သို့ပင်။
ဆန်းကြယ်မီးတောက်ဂိုဏ်း၏ သန့်ရှင်းစင်ကြယ်မှုအတိဖြင့် အထွဋ်အမြတ်ထားရာနေရာသည်ကား မီးတောက်ခန်းမတွင်းတွင် တည်ရှိလေသည်။
ထိုနေရာသည် ဂိုဏ်းချုပ်နှင့်အကြီးအကဲများ နည်းဗျူဟာတို့ ဆွေးနွေးရေးဆွဲရာနေရာတစ်ခုလည်းဖြစ်၏။
ခန်းမကို ပထမဆုံးသောဂိုဏ်းချုပ်၏ မီးတောက်များအားအသွင်ယူလျက် မွမ်းမံတည်ဆောက်ထားသည်။ ငြှိမ်းသတ်လို့မရနိုင်သည့်အပြင် ထိုက်တန်သူတို့အား ဉာဏ်အလင်းပွင့်ခြင်းနှင့် အင်အားကြီးတစ်ရပ်ကို ဆောင်ယူချီးမြှင့်ပေးသည်ဟု အများပြောကြသော မီးတောက်များပင်။
အကြီးအကဲကျိုးလဲ့၏သေဆုံးမှုသတင်း ဂိုဏ်းသို့ရောက်လာသည်နှင့် ဆန်းကြယ်မီးတောက်ဂိုဏ်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပြီး အကြီးအကဲများမှာ အစည်းအဝေးအတွက်ဆင့်ခေါ်ခံလိုက်ရတော့သည်။
ဆန်းကြယ်မီးတောက်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူမှာ အစည်းအဝေးသို့တက်ရောက်လာခြင်းမရှိဘဲ ဒုတိယအဆင့်အာဏာအရှိဆုံးဖြစ်သော မဟာအကြီးရွှမ်းယန်က ဦးဆောင်၍စုဝေးလိုက်သည်။
-ဘန်း
မဟာအကြီးအကဲရွှမ်းယန်သည် ဒေါသတကြီးဖြင့် ထိုင်ခုံလက်တန်းကို လက်သီးဖြင့်ဘန်းခနဲထုချလိုက်သည်။
"ဒါဘယ်လိုမှသည်းမခံနိုင်စရာပဲ"
မဟာအကြီးအကဲ၏ မိုးခြိမ်းသလိုအော်သံသည် ခန်းမတစ်လျှောက်ပဲ့တင်ထပ်သွား၏။
"အကြီးအကဲကျိုးလဲ့က မြူခိုးချို့င်ဝှမ်းလို ခြောက်တီးခြောက်ကပ်မြို့တော်က စုတ်တီးစုတ်ပြတ်မိသားစုခေါင်းဆောင်ဆီမှာ ရှုံးလာခဲ့တယ်ဆိုတာတောင် အတော်ရှက်စရာကောင်းနေပြီ နောက်ထပ်ပြန်သွားပြီးတော့တောင်မှ အသတ်ခံလိုက်ရသေးတယ်တဲ့လား ငါတို့ဂိုဏ်းရဲ့ဂုဏ်သိက္ခာကို ဘယ်နေရာသွားထားမလဲ"
မဟာအကြီးအကဲရွှမ်းယန်တစ်ယောက် အော်ဟစ်ကြိမ်းမောင်းနေသည့်အချိန်တွင် ခန်းမတစ်ခုလုံးမှာ သတိအနေအထားဖြင့်တုတ်တုတ်မျှမလှုပ်ရဲ။
ဆန်းကြယ်မီးတောက်ဂိုဏ်းမှာ နဂိုကတည်းက သူတကာအထက်တွင်သာနေခဲ့ကြသည်ဖြစ်၍ ဤသို့စော်ကားမှုမှာ စည်းအလွန်ကျော်သွားပေပြီ။
အကြီးအကဲကျိုးလဲ့မွှေးလိုက်သောမီးမှာ အရပ်လေးမျက်နှာသို့ပျံ့နှံ့သွားပြီး မိတ်ဆွေဂိုဏ်းများသာမက ပြိုင်ဘက်များကပါ သူတို့ကိုဝေဖန်ကဲ့ရဲ့နေကြပေရော့မည်။
"လူတွေကအခုဆိုရင် ငါတို့ရဲ့အပြုအမူကို ပေါ်တင်မေးခွန်းထုတ်လာနေကြပြီ" အကြီးအကဲရွှမ်းယန်က ဒေါသသံဖြင့်ဆက်ပြောလာ၏။
"ငါတို့ဂိုဏ်းက ဂိုဏ်းသားတွေအပေါ်ထိန်းချုပ်မှုမရှိဘဲ စည်းလွတ်ဝါးလွတ်မာန်တက်နေကြတယ်လို့ ပြောနေကြပြီ"
အနားတွင်ထိုင်နေသောအကြီးအကဲတစ်ဦးမှလည်း ဖြည့်ပြောလာသည်။ "ငါတို့ကနဂိုကတည်းက လွှမ်းမိုးမှုရှိပြီးသားဖြစ်လို့ နာမည်ကိုဆက်ထိန်းသိမ်းဖို့ပဲလိုတာ ဒါပေမယ့် အကြီးအကဲကျိုးလဲ့က ကိုယ်ရေးကိုယ်တာပြဿနာနဲ့ စည်းကျော်ပြီး ချောင်ထဲကမိသားစုကိုသွားရန်စတာကိုး ဒီတော့ငါတို့ဘက်ကပဲ ထိန်းထိန်းသိမ်းသိမ်းမရှိသလိုဖြစ်သွားတာပေါ့ တော်ဝင်မိသားစုကတောင် ဂိုဏ်းကိုသေချာပြန်လည်ကြပ်မတ်ဖို့ သတိပေးစာပို့လာတယ်"
ဆန်းကြယ်မီးတောက်ဂိုဏ်းသည် အင်အားကြီးပြီး ရက်စက်ကြမ်းတမ်းသည့်နေရာတွင် နာမည်တစ်ခုရှိသောအဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း ဤဖြစ်ရပ်ကြောင့် သူတို့မှာ အထိန်းအချုပ်မရှိ ဖြစ်ချင်တိုင်းဖြစ်နေကြသော ဒေါသအိုးများအဖြစ်သို့ ပုံစံပြောင်းသွားရရှာသည်။
သူတို့ကို အမြဲအတုယူလေးစားခဲ့ကြသူများပင် ရှေ့နောက်မကြည့်သောထိုအပြုအမူကို ထောက်ပြပြောဆိုလာကြပေပြီ။
ထို့အပြင် အကြီးအကဲကျိုးလဲ့မှာ ဖုန့်ချန်းလက်ထဲတွင်အသတ်ခံလိုက်ရသောကြောင့် သူတို့ဂိုဏ်း၏ ဖိန့်ဖိန့်တုန်ကြောက်စရာကောင်းလှသည်ဟူသောပုံရိပ်မှာ ရေဖြင့်ဆေးချခံလိုက်ရသလိုပင်။ လူတိုင်းလူတိုင်းမှာ သူတို့၏လုပ်ရပ်များကို မကြောက်မရွံ့ပင် ပွင့်လင်းမြင်သာစွာဝေဖန်လာကြတော့သည်။
"ကျိုးလဲ့က သူ့ကိစ္စကို သူ့လက်နဲ့သူဖြေရှင်းတာကတစ်ကဏ္ဍထားဦး ပက်ပက်စက်စက်ရှုံးလာတာကပိုဆိုးတယ် သူစီစဥ်ထားသလို ဖုန့်မိသားစုကိုရှင်းပစ်လာနိုင်ရင် ငါတို့လည်းဒီလောက်ခေါင်းကိုက်ရမှာမဟုတ်ဘူး"
အကြီးအကဲတစ်ဦးမှ မကျေမနပ်ဝင်ပြောလာပြီး သေလွန်ပြီးဖြစ်သော အကြီးအကဲကျိုးလဲ့ကိုပင်ကျိန်ဆဲနေလိုက်သေး၏။
ခန်းမတစ်ခုလုံးတွင် မကျေမနပ်ပြောဆိုသံများသာဖုံးလွှမ်းနေသည်။ စွမ်းအားကြီးမြင့်မှုကြောင့် တစ်ချိန်လုံးဝံ့ကြွားနေခဲ့သောဂိုဏ်းတစ်ခုမှာ စည်းမရှိကမ်းမရှိနိုင်သည်ဟုဝေဖန်ခံလိုက်ရခြင်းအား လွန်စွာမှမခံချိမခံသာဖြစ်နေပုံပင်။
သူတို့ဂိုဏ်းသည် လူတိုင်းမော်မကြည့်ဝံ့သောထိပ်သီးဂိုဏ်းဖြစ်၏။ ဝေဖန်ပြစ်တင်မေးခွန်းထုတ်ခံရမည့်ဂိုဏ်းမျိုး မဟုတ်ပေ။