← Chapters

ဆန်းကြယ်မီးတောက်ဂိုဏ်း၏အမျက်ဒေါသ

Vol. 4 Ch. 54

ဆန်းကြယ်မီးတောက်ဂိုဏ်း၏အမျက်ဒေါသ

Vol. 4 Ch. 54

မီးတောက်ခန်းမထဲတွင် ဆွေးနွေးမှုကိုဆက်လက်ပြုလုပ်ကြသည်။ စုဝေးနေသောအကြီးအကဲများမှာ ခေါင်းထက်တာဝန်တွေပိနေသလိုပင် စိတ်ကျဥ်းကျပ်နေရတော့၏။

နောက်ထပ်အကြီးအကဲတစ်ဦးမှ မီးဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့် ဝင်ပြောလာပြန်သည်။

"ဒီကိစ္စကို ဘာမှမလုပ်ဘဲလွှတ်ထားလိုက်လို့တော့မရဘူး ဖုန့်မိသားစုက ကျုပ်တို့ကိုပေါ်တင်ဆန့်ကျင်ပြီး အကြီးအကဲတစ်ယောက်ကိုတောင်သတ်ပစ်လိုက်သေးတာ ဖုန့်မိသားစုကို တစ်နည်းနည်းနဲ့တော့ရှင်းပစ်ရမယ် မဟုတ်ရင် လူတွေက ကျုပ်တို့ကိုစိန်ခေါ်ချင်တိုင်းခေါ်လို့ရတယ်လို့ သတ်မှတ်ကုန်ကြမှာပဲ"

ခန်းမထဲမှလူအချို့က ထိုစကားကိုသဘောတူစွာ ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

ဖုန့်ချန်းမှ မျက်နှာပြောင်တိုက်၍ သူတို့ဂိုဏ်း၏အကြီးအကဲတစ်ဦးကို သတ်ပစ်လိုက်ခြင်းသည်း ဂိုဏ်းဂုဏ်သိက္ခာကို မှေးမှိန်စေရုံသာမက သူတို့၏သြဇာအာဏာကိုလည်း ခြိမ်းခြောက်လာပုံပေါ်သည်။

ဂုဏ်သရေကိုပြန်အဖတ်ဆယ်၍ အတင်းအဖျင်းများကွယ်ပျောက်သွားစေမည့် တစ်ခုတည်းသောနည်းလမ်းသည် ဖုန့်မိသားစုကိုအပြတ်ရှင်းပစ်ဖို့ပင်။ သူတို့အကြီးအကဲ၏လုပ်ရပ်အတွက် ဖုန့်မိသားစုထံ ဝန်ချတောင်းပန်ရန်ဆိုသည်မှာတော့ လုံးဝမဖြစ်နိုင်။

ထို့အပြင် သူ့တို့အားလုံး၏အတွေးတွင် အမှားလုပ်သူမှာ ဖုန့်မိသားစုသာဖြစ်၏။

ဆန်းကြယ်မီးတောက်ဂိုဏ်းသည် ထိပ်သီးဂိုဏ်းတစ်ခု၏ အာဏာပါဝါကိုအသုံးပြုရာတွင် ကျင့်သားရနေပြီဖြစ်သဖြင့် သူတို့ဘက်ကမှားလျှင်တောင် ခေါင်းငုံ့တောင်းပန်မည့်ထဲမပါပေ။

သူတို့အကြီးအကဲက အခြားမိသားစုတစ်ခုကို သွားရောက်ရန်စ၍အပြတ်ရှင်းလိုက်သည်ဆိုလျှင် ဤမျှအပြင်းအထန်မခံမရပ်နိုင်ဖြစ်နေစရာအကြောင်းမရှိပေ။ သို့သော် အကြီးအကဲကျိုးလဲ့မှာ ရှုံးနိမ့်သေဆုံးသွားခဲ့ပြီး တစ်ဖက်ရန်သူမှာ အောင်ပွဲရရှိထားသည်လေ။

"သေချာပေါက် ဖုန့်မိသားစုက သူတို့ရဲ့မဆင်မခြင်လုပ်ရပ်အတွက် ပြန်ပေးဆပ်ရမှာပေါ့ ဒါပေမယ့် အခုချိန်မှာတော့ ဖုန့်မိသားစုကို မိုးပြာကောင်းကင်အင်ပါယာတစ်ခုလုံးကအာရုံစိုက်နေကြတာ ငါတို့ဘက်ကအလျင်စလိုသွားလုပ်ရင် သံသယအဝင်ခံရမှာပဲ"

မဟာအကြီးအကဲရွှမ်းယန်က ချိန်ဆပြောဆိုလာသည်။

အကြီးအကဲရှန်းဆိုသူမှာ ဆန်းကြယ်မီးတောက်ဂိုဏ်း၏ ဂိုဏ်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး လင်းမေယု၏စေ့စပ်ပွဲဖျက်သိမ်းမှုတွင် ဖုန့်မိသားစုထံ ဦးဆောင်သွားရောက်ခဲ့သူတစ်ဦးလည်းဖြစ်၏။

"အကြီးအကဲရှန်း ဖုန့်ချန်းကဘယ်လောက်စွမ်းအားကြီးမယ်လို့ ခင်ဗျားထင်လဲ"

မဟာအကြီးအကဲရွှမ်းယန်မှမေးလာသည်။

အကြီးအကဲရှန်းမှာ ဖုန့်ချန်းကိုမျက်မြင်တွေ့ဖူးသူဖြစ်သဖြင့် ထိုလူကား သူတို့ဂိုဏ်းအတွက် အတားအဆီးဖြစ်လာနိုင်ချေရှိမရှိ မေးကြည့်လိုက်သည်။

"အင်း...."

အကြီးအကဲရှန်းမှ ခေတ္တစဥ်းစားလိုက်၏။

ဖုန့်ချန်းမှာ အကြီးအကဲကျိုးလဲ့ကို ရိုက်ချက်တစ်ချက်တည်းဖြင့် အနိုင်ပိုင်းနိုင်သည်အထိ စွမ်းအားကြီးမားကြောင်း သူမြင်တွေ့ခဲ့ရပါသည်။

အကြီးအကဲကျိုးလဲ့သည်လည်း သာမညကျင့်ကြံသူတစ်ဦးမဟုတ်ဘဲ ချီအရည်ဖွဲ့ခြင်းအထွဋ်အထိပ်ဆင့်ကျင့်ကြံသူနှစ်ဦးကို တစ်ပြိုင်တည်းအနိုင်ပိုင်းနိုင်သည်အထိ အင်အားကြီးသူဖြစ်၏။

ထို့အပြင် ဖုန့်အိမ်တော်တွင် ဖုန့်ချန်းထံမှသူခံစားခဲ့ရသော ချီစွမ်းအင်ပမာဏသည် သူကိုယ်တိုင်ပင်မတ်မတ်ရပ်နိုင်ရန်ခက်ခဲခဲ့သည်အထိ ပြင်းထန်အားကောင်းလေသည်။

ထိုသူမှာ ယခုဆိုလျှင် နောက်တစ်ဆင့်ကိုပင် ချိုးဖျက်တက်လှမ်းပြီးသွားပေပြီ။ ထိုလူဖု့န်ချန်း အခုအချိန် မည်မျှသန်မာနေမည်ကို အကြီးအကဲရှန်းတစ်ယောက် မခန့်မှန်းနိုင်သလို ခန့်လည်းမခန့်မှန်းရဲပါ။

အကြီးအကဲရှန်းမှာ စိတ်မောစွာဖြင့် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ရှူလိုက်သည်။ မျက်နှာထားကအလေးအနက်ဖြစ်နေသည်နှင့်အမျှ စကားလုံးများမှာလည်း လေးပင်လျက်။

"ဖုန့်ချန်းက ကြောက်စရာကောင်းတဲ့လူပဲ အကြီးအကဲကျိုးထျန်းဟွာကို လွယ်လွယ်လေးအနိုင်ယူလိုက်နိုင်ပုံထောက်ရင် ကျင့်ကြံဆင့်မြင့်ရုံသာမက အရည်အချင်းကလည်း သာမန်မဟုတ်ပေဘူး အကြီးအကဲကျိုးထျန်းဟွာဆိုတာကလည်း သိကြတဲ့အတိုင်း သာမညောင်ညမဟုတ်ဘူး ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတွေထဲမှာ သာလွန်ထူးကဲသူအဖြစ် သတ်မှတ်ခံထားရတာ အဲ့လိုလူကိုသတ်လိုက်နိုင်တဲ့ ဖုန့်ချန်းရဲ့အရည်အချင်းကလည်း ခန့်မှန်းရခက်တဲ့အမြင့်တစ်နေရာမှာ ရှိလောက်မယ်"

အကြီးအကဲရှန်းမှာ ဆက်ပြောမည့်စကားများကို တွေးဆနေဟန်ဖြင့် ခဏရပ်လိုက်သည်။

"နောက်ပြီး ဖုန့်ချန်းကအတော်လေးငယ်ရွယ်သေးတယ် အသက်၃၀လောက်ပဲရှိဦးမယ်ဆိုတော့ ဆက်ပြီးတိုးတက်ဖို့အလားအလာတွေရှိနေသေးတယ်"

မဟာအကြီးအကဲရွှမ်းယန်မှာ ‌ရှေ့သို့ကိုင်းလျက် အလေးအနက်နားထောင်ပြီး မျက်လုံးများကျဥ်းမြောင်းလာ၏။

"ခင်ဗျားပြောချင်တာက ဖုန့်ချန်းအနေအထားဟာ ကျုပ်တို့ဂိုဏ်းကိုခြိမ်းခြောက်လာနိုင်ချေရှိတယ်ပေါ့"

အကြီးအကဲရှန်းက ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ဟုတ်တယ် ကျုပ်စိစစ်အကဲဖြတ်ကြည့်ရသလောက်‌တော့ ဖုန့်ချန်းရဲ့စွမ်းအားကို ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်အောက်ကလူတွေ ယှဥ်နိုင်ကြလောက်မယ်မထင်ဘူး"

အကြီးအကဲရှန်း၏သုံးသပ်ချက်ကို အကျဥ်းချုပ်လိုက်လျှင် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူကို အနိုင်ယူနိုင်ခြင်းမှာတစ်ကဏ္ဍဖြစ်ပြီး အသေသတ်လိုက်နိုင်ခြင်းမှာ မတူကွဲပြား၏။

ပြိုင်ဘက်ကိုအနိုင်ယူနိုင်ခြင်းသည်လည်း အောင်မြင်မှုတစ်ခုဆိုပေမယ့် ပြိုင်ဘက်ကို ထွက်ပေါက်မရှိအောင်ပိတ်ထားနိုင်ပြီး အသေသတ်လိုက်နိုင်ခြင်းသည် ကွဲပြားသောလွှမ်းမိုးမှုတစ်ခုပင်။ ထိုလွှမ်းမိုးမှုမျိုးရှိရန်အတွက် ထိုသူသည် တစ်ဖက်ပြိုင်ဘက်ထက် အင်မတန်မှသာလွန်အားကြီးနေဖို့လိုသေးသည်။

ထိုဖုန့်ချန်းမှာ အကြီးအကဲကျိုးလဲ့နှင့် အကြီးအကဲကျိုးထျန်းဟွာကို အနိုင်ပိုင်းလိုက်ခြင်းပင်မဟုတ် အသေသတ်လိုက်ခြင်းဖြစ်၏။ သူ့စွမ်းအားကို လက်လွတ်စပယ်ခန့်မှန်းတွက်ဆ၍ မရနိုင်။

မဟာအကြီးအကဲများထဲမှတစ်ဦးသည် ဒေါသငွေ့‌ငွေ့ပါသောအသံဖြင့် မယုံကြည်နိုင်သေးဟန် ကြားဖြတ်ပြောလာသည်။ "အဟင်း ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်အောက်လူတွေ မယှဥ်နိုင်တဲ့စွမ်းအားမျိုးဟုတ်လား အဲ့ကောင်ကကျုပ်ထက်တောင်အင်အားကြီးဦးမယ်ပေါ့?"

မခံချင်စိတ်နှင့်ဒေါသများမှာ စကားသံထက်ပေါ်လွင်နေတော့သည်။

ဓာတ်ကြီးသုံးပါးနတ်အဆင့်အထွဋ်အထိပ်မှ ကျင့်ကြံသူမဟာအကြီးအကဲတစ်ဦးအနေဖြင့် ချောင်ကြိုချောင်ကြားမှကျင့်ကြံသူတစ်ဦးက သူ့ထက်ပို၍အင်အားကြီးနိုင်သည်ဟူသောစကားမှာ မယုံကြည်နိုင်ဖွယ်ဖြစ်ရုံသာမက၊ လက်မခံနိုင်စရာပင်။

ထိုစကားကိုကြားသော် အကြီးအကဲရှန်းမှာ မျက်နှာထက်ထူပူသွားပြီး အမြန်ရှင်းပြဖို့ကြိုးစားတော့သည်။

"ကျုပ်-ကျုပ်ပြောချင်တာ အဲ့လိုမဟုတ်ပါဘူး ဖုန့်ချန်းကအရည်အချင်းရှိပြီး လျှော့တွက်လို့မရတဲ့ရန်သူဖြစ်ကြောင်း သတိပေးချင်ရုံပါ အကြီးအကဲကျိုးလဲ့နဲ့ အကြီးအကဲကျိုးထျန်းဟွာလို စွမ်းအားမြင့်ကျင့်ကြံသူနှစ်ယောက်ကို သတ်လိုက်တယ်ဆိုကတည်းက သူဘယ်လောက်စွမ်းအားကြီးမလဲ သိနိုင်ပါတယ်"

"ဟမ့် ကျုပ်ဘဝမှာမရေမတွက်နိုင်တဲ့ပြိုင်ဘက်တွေကို ယှဥ်ပြိုင်အနိုင်ယူခဲ့ပြီးပြီ ခင်ဗျားပြောသလို ဖုန့်ချန်းကအဲ့သ‌လောက်တော်တတ်နေတယ်ဆိုရင် မိုးပြာကောင်းကင်အင်ပါယာမှာ သူနာမည်ကြီးနေတာကြာလှရောပေါ့"

ဖုန့်ချန်းသာအမှန်စင်စစ် ထူးကဲသောပါရမီရှင်တစ်ဦးဖြစ်လျှင် သူ့အနေနှင့် သေချာပေါက်ကြားကိုကြားခဲ့ဖူးမည်ဟု မဟာအကြီးအကဲက တစ်ထစ်ချတွေး၏။

"ဒါ-ဒါပေမယ့် အကြီးအကဲကျိုးထျန်းဟွာလို ဓာတ်ကြီးသုံးပါးနတ်အဆင့်အလယ်အလတ်ကျင့်ကြံသူကို သတ်လိုက်နိုင်တာ အမှန်ပဲလေ"

ဖုန့်ချန်းကိုလျှော့တွက်လိုက်ကြမည်စိုးသဖြင့် အကြီးအကဲရှန်းမှာ ခပ်ကြောက်ကြောက်ဖြင့်ဝင်ပြောရလေသည်။

"အဲ့ကောင်က လှည့်ကွက်တွေ ချုံခိုတိုက်ကွက်တွေသုံးပြီး အကြီးအကဲကျိုးထျန်းဟွာကိုလုပ်ကြံလိုက်တာလည်း ဖြစ်နိုင်တာပဲလေ ဘာပဲဖြစ်ဖြစ်ပါ ငါနဲ့သာတွေ့ရင် အဲ့ဖုန့်ချန်းဆိုတာ ကြာကြာမခံနိုင်ပါဘူး"

မဟာအကြီးအကဲက မယုံသင်္ကာဟန်ဖြင့်သာတုံ့ပြန်လာပြီး ထိပ်တိုက်ရင်ဆိုင်ဖို့ကိုပင် ထည့်ပြောသွားသေးသည်။ ဘေးအကူအညီတစ်ခုမှမပါဘဲ ဖုန့်ချန်းတစ်ယောက်တည်း အကြီးအကဲကျိုးထျန်းဟွာကို သတ်လိုက်နိုင်မည်ဟု သူမယုံပါ။

"ပြီးတော့ကျုပ်တို့မှာလည်း ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတစ်ယောက်ရှိနေတာပဲ အကြီးအကဲရှန်းပြောသလို ဖုန့်ချန်းကကြောက်ဖို့ကောင်းတယ်ဆိုရင်တောင် ကျုပ်တို့ဂိုဏ်းအတွက်တော့ ပူစရာဟုတ်မနေပါဘူး"

မဟာအကြီးအကဲရွှမ်းယန်မှ အလေးအနက်ပင်မှတ်ချက်ပြုလာသည်။ ဖုန့်ချန်းကအရည်အချင်းရှိသူဖြစ်မှန်း သူလက်ခံပေသိ အခြားမဟာအကြီးအကဲများလိုပင် ဖုန့်ချန်းဆိုသည်ကား ဖယ်ထုတ်ဖို့ရာအဲ့လောက်ခက်သည်ဟု မမြင်မိပေ။

"ပိုကြီးတဲ့ပြဿနာက သူ့ညီဖုန့်ယွင်ပဲ"

မဟာအကြီးအကဲရွှမ်းယန်က စကားဆက်သည်။

"လင်းမေယုက သုံးနှစ်အကြာမှာ ဖုန့်ယွင်နဲ့ထိပ်တိုက်တွေ့ဖို့ ကတိထားခဲ့တာ ဒီတိုက်ပွဲက သူမတစ်ယောက်တည်းတင်မက ကျုပ်တို့ဂိုဏ်းတစ်ခုလုံးရဲ့ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတယ်"

အနည်းငယ်စိုးရိမ်နေသံဖြင့် သူဆက်ပြော၏။

"အစကတော့ အဲ့ကောင်လေးက ကျင့်ကြံဆင့်ကောင်းကောင်းမတက်နိုင်ဘူးလို့ကြားတော့ အမှုမဲ့အမှတ်မဲ့နေခဲ့လိုက်တာ နောက်ပိုင်းသတင်းတွေအရ သူက အခြေတည်ထောင်ခြင်းအထွဋ်အထိပ်ဆင့်ကိုတောင် ရောက်သွားပြီဆိုပဲ ဒီပုံစံအတိုင်းသာ ဆက်သွားနေရင် နောက်သုံးနှစ်အကြာမှာ လင်းမေယုကိုကျော်တက်သွားနိုင်ချေရှိနေတယ်"

အခြားအကြီးအကဲများသည်လည်း တွေးတွေးဆဆဖြင့် ခေါင်းညိတ်ထောက်ခံလာကြသည်။ ချီစုဆောင်းခြင်းစဦးအဆင့်မှ အခြေတည်ထောင်ခြင်းအထွဋ်အထိပ်ဆင့်သို့ တစ်လအတွင်းတက်လှမ်းသွားနိုင်သည့် လူငယ်တစ်ဦးကို လျှော့တွက်လို့မရပေ။

"အသေအချာပဲ ဖုန့်ယွင်တိုးတက်လာတာအရမ်းမြန်တယ် ဒီအတိုင်းဆို အင်အားကောင်းတဲ့ပြိုင်ဘက်ဖြစ်လာမှာမလွဲဘူး လောလောဆယ်တော့ လင်းမေယုကိုမယှဥ်နိုင်သေးပေမယ့် နောက်သုံးနှစ်ကိုကြိုပြောလို့မရဘူးလေ ကြားထဲမှာလင်းမေယုကို အလုံအလောက်ပြင်ဆင်လေ့ကျင့်ပေးထားရမယ့် ဒီပြိုင်ပွဲကနေ ကျုပ်တို့ဂိုဏ်းကို ဆိုးကျိုးတစ်ခုခုသက်ရောက်လာနိုင်တယ်"

အကြီးအကဲရှန်းမှ အကြံပြုလာ၏။

"ဟမ့် ဖုန့်ယွင်ကပြဿနာဖြစ်လာနိုင်တယ်ဆိုတော့လည်း ခုကတည်းကအပြတ်ရှင်းထားကြတာပေါ့ လိုအပ်ရင် ပြိုင်ပွဲလာဝင်လို့မရအောင် တစ်ခါတည်းအသေသတ်ထားလိုက်ကြမယ်"

မဟာအကြီးအကဲမှ ယုံကြည်မှုအပြည့်ဖြင့် ဆက်ပြောလာသည်။

"ဆန်းကြယ်မီးတောက်းဂိုဏ်းကို ဆန့်ကျင်ရဲတဲ့ရန်သူမှန်သမျှ သူတို့လုပ်ရပ်တွေအတွက် ငရဲမှာပြန်ပေးဆပ်ရမယ် ဖုန့်မိသားစုတင်မကဘူး ငါတို့လမ်းမှာဝင်ပိတ်ရဲတဲ့ကောင်မှန်သမျှ စိတ်တောင်မကူးရဲတဲ့အဆုံးသတ်မျိုးကို သေချာပေါက်ကြုံတွေ့စေရမယ်"

ဤသို့ဖြင့် ဆန်းကြယ်မီးတောက်ဂိုဏ်းသည် သုံးနှစ်အကြာယှဥ်ပြိုင်မည့်ပြိုင်ပွဲတွင် လင်းမေယုသေချာပေါက်အနိုင်ရဖို့ စတင်ပြင်ဆင်ကြတော့လေ၏။

All Chapters