← Chapters

ဝမ်ရိဖန်းပေါ်လာခြင်း

Vol. 4 Ch. 56

ဝမ်ရိဖန်းပေါ်လာခြင်း

Vol. 4 Ch. 56

ဖုန့်အိမ်တော်သည် တခြားသော မိသားစုကြီးသုံးစုမှ စည်းစိမ်ဥစ္စာများအကုန်လုံးကို အပိုင်သိမ်းလိုက်ပါသည်။ ထိုလုပ်ရပ်ကြောင့် သူတို့၏ ချမ်းသာကြွယ်ဝမှုများက တိုးတက်လာခဲ့သည်။ 

ဖုန့်ယွင်၏ ဆေးလုံးများကို ရောင်းချခြင်းမှ သူတို့သည် တော်တော်လေး အဆင်ပြေနေခဲ့ပြီဖြစ်သည်။ သို့သော် ယခုအချိန်တွင်တော့ မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် ရှိသော စီးပွားရေးလုပ်ငန်းများ အားလုံးနီးပါးကို လက်ဝါးကြီးအုပ်လိုက်ပြီဖြစ်သောကြောင့် သူတို့၏ ချမ်းသာကြွယ်ဝမှုမှာ တိုးတက်လာခဲ့ရပါ၏။ 

ဖုန့်ချန်းက လုံးဝကို မထိန်းထားပါ။ သူရရှိထားသမျှသော စည်းစိမ်ဥစ္စာများအားလုံးကို ဖုန့်အိမ်တော်၏ တိုးတက်ရေးအတွက်ကို မခြွင်းမချန် အကုန်အသုံးပြုခဲ့သည်။ အချိန်အများစုတွင် ဖုန့်အိမ်တော်က မိသားစုဝင်များသည် မိမိတို့၏ ကျင့်ကြံခြင်းနေရာများတွင်သာ တံခါးပိတ်ကျင့်ကြံနေကြသည်။ 

စီးပွားရေးကို လည်ပတ်အောင် ဆောင်ရွက်နေကြသော သူများနှင့် မဖြစ်မနေစီမံခန့်ခွဲနေရသော သူများသာလျှင် မကျင့်ကြံဘဲ လှုပ်လှုပ်ရှားရှားနှင့် အလုပ်လုပ်နေကြရခြင်းပင် ဖြစ်သည်။ 

အကြီးအကဲအချို့မှာ ဖုန့်ချန်းနှင့်အတူ စီးပွားရေးဆိုင်ရာကိစ္စများ အစည်းအဝေးတွင် တက်ရောက်ရန်အတွက် အမြဲအဆင်သင့်ရှိနေခဲ့ရပါသည်။ ဖုန့်အိမ်တော်၏ လွှမ်းမိုးချုပ်ကိုင်နိုင်မှုအာဏာ ကြီးမားလာသည်နှင့်အမျှ တခြားသော မိသားစုကြီးမှ မိသားစုခေါင်းဆောင်များက ရောက်ရှိလာကာ ဂုဏ်ပြုပွဲများတက်ရောက်ရာတွင်လည်း ဖုန့်ချန်းနှင့်အတူ တက်ရောက်ရန် အကြီးအကဲအချို့မှာ အမြဲတမ်း အဆင်သင့်ရှိနေခဲ့ကြရပါသည်။ 

မြူခိုးချိုင့်ဝှမ်းမြို့တော်မှ ကျန်သောမိသားစုများသာ မကပေ၊ အနီးအနားတွင် ရှိသော မြို့များ၊ ရွာများမှ မျက်နှာဖုံးမိသားစုများကလည်း ဖုန့်ချန်းထံသို့‌ ရောက်ရှိလာပြီး ဂုဏ်ပြုကြပါသည်။ 

ဖုန့်ချန်းတစ်ယောက် ဓာတ်ကြီးသုံးပါးနတ်အဆင့်သို့ ရောက်သွားသည့် သတင်းပြန့်နှံ့သွားသည်နှင့်အမျှ ဖုန့်ချန်းနှင့် မိတ်ဆွေဖွဲ့လိုသော လူများစွာတို့က ပေါ်ထွက်လာခဲ့ရပါတော့၏။ အဘယ်ကြောင့်ဆိုသော် မိုးပြာကောင်းကင်အင်ပါယာ၌ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူများသည် အလွန်အမင်း ရိုသေလေးစားခံရသော ပုဂ္ဂိုလ်များဖြစ်နေသောကြောင့် ဖြစ်ပါသည်။ 

ထို့အပြင် ဖုန့်အိမ်တော်၌ အဆင့်နှစ် ဆေးဆရာတစ်ယောက်ရှိသည့်အပြင် ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူ မဟာအကြီးအကဲခုနစ်ဦးကလည်း ရှိနေသည်။ ထိုအချက်များက ထိုအိမ်တော်နှင့် မိတ်ဆွေဖွဲ့ရခြင်းတွင် မဖြစ်‌မနေထည့်သွင်းစဉ်းစားထားရသည့် အချက်များဖြစ်ပါသည်။ 

ဘယ်လိုပဲဖြစ်ဖြစ် အနီးအနားရှိ မြို့များမှ မျက်နှာဖုံးမိသားစုကြီးများသည်လည်း ဖုန့်အိမ်တော်ထက် အားနည်းရင် နည်း၊ မနည်းရင်တောင်မှ အင်အားချင်းတန်းတူခန့် ရှိ‌သော မိသားစုကြီးများဖြစ်ပါသည်။ ထို့ကြောင့်ပင် သူတို့က ဖုန့်အိမ်တော်နှင့် မိတ်ဆွေသာ ဖွဲ့လိုပြီး ရန်သူမဖြစ်လိုကြပေ။ 

" အားလုံးပဲ ကျေးဇူးပြုပြီးတော့ သေချာတန်းစီကြပါ။ "

ဖုန့်အိမ်တော်၏ အပြင်ဂိတ်တံခါးဝတွင် လူအုပ်ကြီးက တန်းစီနေခဲ့ပြီ။ အစေခံများကလည်း ကြွရောက်လာကြသော ဧည့်သည်များကို အစီစဉ်တကျဖြစ်အောင် ပြင်ဆင်နေကြသည်။ လူတိုင်းက အတွင်းသို့ တိုးဝှေ့ဝင်ကာ ဖုန့်ချန်းနှင့် တွေ့လိုကြပါသည်။

ရောက်လာကြသော သူများသည် များပြားလှသော မိသားစုငယ်လေးများမှ မိသားစုများလည်း ပါသည်။ ကုန်သည်များလည်း ပါသလို လေလွင့်ကျင့်ကြံသူများလည်း ပါပါသည်။ လူတိုင်းက လက်ဆောင်ပစ္စည်းများကို ယူဆောင်လာပြီး ဖုန့်အိမ်တော်ကို ဂုဏ်ပြုနေကြပါသည်။

တချို့ကတော့ သေတ္တာထဲတွင် ဆေးဖက်ဝင်သစ်ဥသစ်ဖုများနှင့် ရှားပါးလှသော ကျောက်မျက်ရတနာများကို ထုတ်ပိုးပြီး ဖုန့်အိမ်တော်နှင့် မိတ်ဖွဲ့ရန်အတွက် ကြိုးပမ်းလာကြသည်။ တခြားသော သူများမှာမူ နာမည်ကြီးပန်းပုဆရာများ၊ ပန်းပဲဆရာများ ထုလုပ်ထားသော ရုပ်ထုများ၊ လက်နက်များကို ယူဆောင်လာပြီး ဖုန့်အိမ်တော်နှင့် မိတ်ဖွဲ့လိုကြသည်။ 

ကုန်သည်မျိုးရိုးမိသားစုမှ ဖြစ်သော သိပ်နာမည်မကျော်ကြားသည့် ဟွမ်မိသားစုက အကြီးအကဲတစ်ဦးသည် ဖုန့်ချန်း၏ အနားသို့ တိုးကပ်လာပြီး ခါးကို ကိုင်းကာ ဦးညွတ်အရိုအသေပြုလိုက်သည်။ ထို့နောက် သူက ကျောက်စိမ်းသေတ္တာတစ်လုံးကို လက်ဆောင်ပေးလိုက်သည်။ ကျောက်စိမ်းသေတ္တာမှာ အရောင်ဖျော့ဖျော့တောက်ပနေသည်။ 

" ဖုန့်ခေါင်းဆောင် "

အကြီးအကဲက စတင်၍ လေးစားစွာပြောလိုက်သည်။ 

" ကျုပ်တို့ မိသားစုက ဖုန့်အိမ်တော်ကို လေးစားအားကျရတဲ့အတွက်ကြောင့်မလို့ ဒီလက်ဆောင်လေးကို ပေးပြီး အရိုအသေပြုပါတယ်၊ ဖုန့်အိမ်တော်က အနာဂတ်မှာ ဒီထက်ပိုပြီးတော့ အောင်မြင်ကျော်ကြားပြီး စီးပွားလာဘ်လာဘများ ပေါကြွယ်ဝဖို့ ဆုတောင်းပေးပါတယ်။ "

ဖုန့်ချန်းက သေတ္တာကို ယဉ်ကျေးသော အပြုအမူဖြင့် လက်ခံလိုက်သည်။ 

" ကျေးဇူးတင်ပါတယ် အကြီးအကဲဟွမ်၊ ဖုန့်အိမ်တော်ကလည်း အကြီးအကဲရဲ့ ထောက်ပံ့မှုနဲ့ မိတ်ဆွေဖွဲ့လိုမှုကို အသိအမှတ်ပြုပါတယ်။ ဒီကြင်နာမှုကို ကျုပ်တို့ မှတ်ထားပါ့မယ်။ "

တဖြည်းဖြည်းနှင့် လူပေါင်းများစွာ ရောက်လာသောအခါတွင် မြင်ကွင်းက ပို၍ မြူးကြွလာသည်။ အသံများစွာနှင့် ဖုန့်မိသားစုကို ဂုဏ်ပြုနေမှုများ၊ ဖုန့်ချန်း၏ လက်အောက်တွင် ကြီးထွားလာသည့် မိသားစုကို မျှော်လင့်ချက်ပြည့်နေမှုများက စတင်၍ ပြောပြလာကြသည်။

လေထုမှာ မျှော်လင့်မှုများနှင့် ပျော်ပွဲရွှင်ပွဲအနေအထားသို့ ဖြစ်နေသည်။ လူအုပ်ကြီးက ဤမြို့ကို စတင်ချုပ်ကိုင်တော့မည့် မိသားစုကြီးကို ထောက်ပံ့ပြီး မိတ်ဆွေဖွဲ့လိုနေကြသည်။

ဖုန့်ချန်းကတော့ လူတိုင်းနှင့် ရင်းနှီးပြူငှာသည့် ဟန်ပန်ရှိသော်လည်း ကတိလွယ်လွယ်မပေးပေ။ အလုပ်တူတူလုပ်ရန်အတွက်လည်း ဘာမှတ်ချက်မှ မပေးခဲ့ပါ။

" မိသားစုခေါင်းဆောင် "

အစေခံက ကြေငြာလိုက်သည်။ သူ့အသံက ခပ်တိုးတိုးဖြစ်နေပြီး ရိုသေမှုအပြည့်ဖြစ်နေသည်။

" ဝမ်အိမ်တော်က ခေါင်းဆောင် ရောက်လာပြီးတော့ ခေါင်းဆောင်နဲ့ တွေ့ဖို့အတွက် တောင်းဆိုနေတယ်။ "

ဖုန့်ချန်း မျက်ခုံးတစ်ဖက် ပင့်လိုက်၏။ ထိုသတင်းက သူ့ကို စိတ်ဝင်စားသွားစေခဲ့သည်။

မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် မိသားစုကြီးဟူ၍ ဝမ်အိမ်တော်တစ်ခုသာ ကျန်ခဲ့ပါတော့သည်။ ထိုအိမ်တော်က တော်ဝင်မိသားစုမှ နေရာပေးထားသော အိမ်တော်ဖြစ်ပြီး မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် ရှိသော အာဏာလွှဲပြောင်းမှုများကို ဝင်ရောက်စွက်ဖက်ခြင်း၊ ပါဝင်ခြင်းများလည်း မရှိခဲ့ပါ။ ထို့အပြင် ထိုအိမ်တော်က တခြားမိသားစုကြီးများကိုလည်း ပြစ်မှားစော်ကားခြင်းများလည်း မရှိခဲ့ပါ။ 

ဒါပေါ့။ မိသားစုကြီးသုံးစု ပျက်စီးသွားရသည့် အဖြစ်အပျက်က ဝမ်အိမ်တော်၏ အာရုံကို ဆွဲဆောင်သွားမည်မှာ အမှန်ပင် ဖြစ်ပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဖုန့်အိမ်တော်က တခြားမိသားစုများကို ဖျက်ဆီးရန်အတွက် လုံလောက်သော အကြောင်းပြချက်များ ရှိခဲ့သည်မဟုတ်ပါလား။ 

ထို့အပြင် မိသားစုကြီးသုံးစုက ဖုန့်မိသားစုကို ဖျက်ဆီးရန်အတွက် အပြင်လူများနှင့်ပင် ပေါင်းကြံခဲ့သည်လေ။ ထို့ကြောင့် ဖုန့်ချန်း၏ လုပ်ရပ်ကို အပြစ်ဆို၍ မရပါ။ ဒါကြောင့်မလို့ ဝမ်အိမ်တော်ရော တော်ဝင်မိသားစုကပါ ဖုန့်ချန်းကို အပြစ်တင်လိမ့်မည်ကို ဖုန့်ချန်းက မမှုခြင်းပင် ဖြစ်သည်။ 

" သူ့ကို အဓိကခန်းမထဲမှာ ကြိုဆိုထားလိုက်။ "

ဖုန့်ချန်းက တည်ငြိမ်စွာ ညွှန်ကြားလိုက်သည်။ 

" သူ့ကို ငါ ခဏနေကျရင် တွေ့မယ်လို့ပါ ပြောလိုက်။ "

အစေခံက ခေါင်းညိတ်ပြလိုက်ပြီး ခပ်မြန်မြန်ပင် ဖုန့်ချန်း၏ အမိန့်ကို ဆောင်ရွက်ရန်အတွက် ပြေးသွားတော့သည်။ ဖုန့်ချန်းက သူ့ကို တစ်နေ့တာလုံး အဖော်ပြုပေးနေသော အကြီးအကဲများထံသို့ လှည့်ကာ

" အကြီးအကဲများ ဧည့်သည်တွေကို ကြိုဆိုထားလိုက်ပါဦး၊ သူတို့အားလုံး ကောင်းကောင်းမွန်မွန် ဂရုစိုက်ခံရတယ်လို့ပါ ခံစားရအောင် ပြုလုပ်ပေးလိုက်ပါ။ "

ဖုန့်ချန်း ပြောလိုက်သည်။ 

" ဝမ်အိမ်တော်နဲ့ ပတ်သက်တဲ့ကိစ္စကိုတော့ ကျုပ်ကိုယ်တိုင်ပဲ ကိုင်တွယ်လိုက်မယ်။ "

အကြီးအကဲတွေက ခေါင်းညိတ်ပြလိုက်သည်။ ဝမ်အိမ်တော်ရောက်လာတဲ့ အခြေအနေရဲ့ အရေးပါမှုကို သူတို့အားလုံး နားလည်ကြပါ၏။ 

စွမ်းအားအရာ၌ ယှဉ်မည်ဆိုလျှင် ဝမ်အိမ်တော်ထက် ဖုန့်အိမ်တော်က ပိုမိုကြီးမားလှပါသည်။ သို့သော် ဝမ်မိသားစု၏ နောက်တွင် တော်ဝင်မိသားစုရှိပါသည်။ ထို့ကြောင့် သူတို့ လွယ်လွယ်ကူကူနှင့် စော်ကား၍ မရပါချေ။ 

အဓိကခန်းမသို့ ရောက်သောအခါ ဝမ်ခေါင်းဆောင်က ဘာကြောင့် ဒီကို ရောက်လာလဲဆိုတာကို ဖုန့်ချန်း တွေးနေမိသည်။

' မိသားစုသုံးစုကြီးကို ရှင်းပစ်လိုက်လို့များ ငါ့ဆီရောက်လာတာတော့ မဖြစ်နိုင်လောက်ဘူး။ '

တိုက်ပွဲဖြစ်တုန်းက ဘေးမှ ထိုင်ကြည့်နေသည့် လူများစွာရှိသည်ကို ဖုန့်ချန်း သတိထားမိသည်။ အကြီးအကဲကျိုးလဲ့နှင့် အကြီးအကဲကျိုးထျန်းဟွာက မိမိတို့၏ မိသားစုဝင်များကို စတင်၍ တိုက်ခိုက်သည်ကိုလည်း ထိုသူများက မြင်ခဲ့ပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဝမ်အိမ်တော်နဲ့ သူနဲ့ တွေ့တော့မယ်ဆိုမှတော့ ဆက်ပြီးတော့ တွေးနေစရာမလိုဟု ဖုန့်ချန်း တွေးလိုက်မိပါသည်။ 

ဝမ်ခေါင်းဆောင်သည် လေးစားကြည်ညိုဖွယ်ပုံစံရှိပြီး တန်ဖိုးကြီးမားလှသည့် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထား၏။ ခန်းမထဲသို့ ဖြောင့်တန်းနေသော ကိုယ်ဟန်အမူအရာနှင့် ဝင့်ကြွားစွာ ဝင်လာသည်။ 

သူနှင့် အတူတူ ပါလာသော သူသည် အရပ်ရှည်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါနှင့် လူဖြစ်သည်။ သူ၏ ဟန်ပန်အမူအရာက ဝမ်ရိဖန်းထက်ပင်လျှင် သာလွန်လွန်းလှပါသည်။ 

' ဟင်းးး ချီအရည်ဖွဲ့ခြင်းအထွဋ်အထိပ်အဆင့်ပါလား၊ ဝမ်ရိဖန်း ငါ့ဆီကို လာတွေ့တာ ဒီလူ့ကြောင့်များ ဖြစ်နိုင်မလား။ '

အသစ်ပါလာသော လူကို တစ်ချက်လှမ်းကြည့်ရင်း ဖုန့်ချန်းတွေးလိုက်သည်။ ဝမ်ရိဖန်း ဒီကို ရောက်လာတာ ထိုသူကြောင့်ပင် ဖြစ်ကောင်းဖြစ်နိုင်ပေလိမ့်မည်။ 

" ခေါင်းဆောင်ဝမ် "

ဖုန့်ချန်းက ခေါင်းကို အသာလေးညိတ်ကာ အရိုအသေပေးလိုက်သည်။ သူ၏ လေသံက ယဉ်ကျေးကာ ရိုသေမှုနှင့် ပြည့်နေသည်။

" ဖုန့်အိမ်တော်ကို ကြွရောက်လာပေးတာ ဂုဏ်ယူစရာပါပဲ၊ ထိုင်ကြပါဦး။ "

ဝမ်ခေါင်းဆောင်ကလည်း ပြန်လည်၍ အရိုအသေပေးလိုက်၏။ သူ့မျက်နှာအမူအရာက ယဉ်ကျေးသော အပြုံးကို ပြုံးလျက်ရှိသည်။ 

" ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ငယ်လေးဖုန့်ချန်း၊ အခုလိုမျိုး ယဉ်ယဉ်ကျေးကျေး ကြိုဆိုပေးတဲ့အတွက်ကြောင့်မလို့ ပိုပြီးတော့ အလေးထားရပါတယ်။ အထူးသဖြင့် အခုလိုမျိုး ရှုပ်ယှက်ခတ်နေတဲ့ အနေအထားမှာ အချိန်ပေးတဲ့အတွက်ကြောင့်မလို့ ကျုပ်ကတောင် ပြန်ကျေးဇူးတင်ရမှာပါ။ "

ဝမ်ရိဖန်းသည် သူနှင့်အတူ ပါလာသော ဧည့်သည်ကို အရင်ဆုံးထိုင်ရန်အတွက် လက်ဟန်ပြုလိုက်သည်။ ထို့နောက်မှ သူက ထိုင်လိုက်ပါသည်။ ထိုအဓိပ္ပါယ်ကို ကြည့်ခြင်းအားဖြင့် အသစ်ပါလာသော ဧည့်သည်က ဝမ်ရိဖန်းထက်ပင် အဆင့်အတန်းပိုမြင့်မည်ဟု တန်းသိနိုင်ပေလိမ့်မည်။ 

" ဒီတော့ ဝမ်ခေါင်းဆောင် ပြောပါဦး၊ ဒီကို ဘာကြောင့်များ ကြွလာရတာတုန်း။ "

ဖုန့်ချန်းက မေးလိုက်သည်။ 

" ဖုန့်ခေါင်းဆောင်နဲ့ စကားပြောချင်တာကတော့ ကျုပ်မဟုတ်ဘူးဗျ။ "

ဝမ်ရိဖန်းက ပြောလိုက်ပြီး နံဘေးတွင် ရှိသော အရပ်ရှည်ရှည်နှင့် ပုံရိပ်ကို မျက်စပစ်ပြလိုက်သည်။

" သူက ကျုပ်နဲ့ တွေ့ချင်တာလား။ "

ဖုန့်ချန်းက မေးလိုက်၏။ ဝမ်ရိဖန်းက သူ့နံဘေးတွင် ရှိသော လွှမ်းမိုးနိုင်သော အရှိန်အဝါနှင့် လူကို လက်ဟန်ပြလိုက်၏။

" ကျုပ် မိတ်ဆက်ပေးပါရစေ။ သူက တတိယမင်းသားရဲ့ အိမ်တော်ထိန်း လီပါ၊ သူကပဲ ဖုန့်ခေါင်းဆောင်နဲ့ စကားပြောချင်တာပါ။ "

" အို တော်ဝင်မိသားစုက ဧည့်သည်တော်ပါပဲ၊ ဒီထိအဝေးကြီးလာပြီးတော့ ကျုပ်နဲ့ ဘာများပြောချင်တာတုန်းဗျ။ "

ဖုန့်ချန်း မေးလိုက်သည်။ သူက ထိုကဲ့သို့ ပြောလိုက်သော်လည်း အခြေအနေမှာ ကောင်းမွန်လိမ့်မည်မဟုတ်ကြောင်း သူ ခံစားနေခဲ့ရပါသည်။ 

All Chapters