လူစုခွဲပြီးအနိုင်ယူပါ
Vol. 61 Ch. 901
လူတိုင်း၏တုံ့ပြန်မှုက ဤမျှစည်းလုံးလိမ့်မည်ဟု ဝမ်လင်းကိုယ်တိုင်ပင် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
လူတိုင်းက ၎င်းတို့၏ ဝိညာဉ်ရေးဖိအား အနည်းငယ်ကို ထုတ်လွှတ်ကာ မစ္စတာဖန်ကို ခြိန်းခြောက်ရုံသာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဝိညာဉ်ရေးဖိအားများက တစ်ချိန်တည်းမှာပင် တစ်ယောက်နှင့်တစ်ယောက် ထပ်တူကျသွားလိမ့်မည်ဟု မည်သူက ထင်မိပါမည်နည်း။
မစ္စတာဖန်က ပါးစပ်ထဲကနေ သွေးပွက်ပွက်အန်သွားသည့် အခြေအနေသို့ပင် ရောက်ရှိသွားခဲ့သည်။
“ဘယ်လောက်တောင် ကံဆိုးလိုက်တဲ့လူလဲ”
ဝမ်လင်း စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
တစ်ဖက်တွင်လည်း ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် အလျင်စလိုပင် မစ္စတာဖန်ကို ပြုစုလိုက်ကြသည်။
ဝိညာဉ်ရေးဖိအားဖြင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးခံရခြင်းသည် ပြိုင်ပွဲဝင်ရန် ဆုံးဖြတ်ဖို့အတွက် အခက်ခဲဆုံးသော ဒဏ်ရာအမျိုးအစား ဖြစ်သည်။
ထို့ကြောင် မစ္စတာဖန်သည် ကံဆိုးစွာဖြင့် ပြိုင်ပွဲဝင်စာရင်းမှ ဖြုတ်ချခံလိုက်ရသည်။
ပြိုင်ပွဲတရားဝင် မစခင်မှာပင် ချန်ပီယံဆုအတွက် အားကောင်းသူတစ်ဦးကို ပြိုင်ပွဲမှ နှင်ထုတ်နိုင်ခဲ့၏။
သူဌေးကျင့်က စိတ်မြန်သူတစ်ယောက် ဖြစ်သည်။
ထို့ကြောင့် ဝမ်လင်းနှင့်ကျိုးရီတို့ သူ့ဆိုင်သို့ လာရောက်စုံစမ်းသည့်အခါတွင် အခြေအနေကို ရှင်းရှင်းလင်းလင်းမသိမီ လက်သီးဖြင့် ပြဿနာကို ဖြေရှင်းရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
တကယ်တမ်းတွင် သူသည် လူဆိုးတစ်ယောက် မဟုတ်ပေ။
နှစ်ပေါင်းများစွာ လူအများ၏ စော်ကားခြင်းကို ခံခဲ့ရ၍ သူ၏ဒေါသစိတ်က ဤမျှအထိ ကြီးမားလာခဲ့ရခြင်း ဖြစ်သည်။
မစ္စတာဖန်က ၎င်းတို့အနက်မှ လူတစ်ဦးဖြစ်ပြီး မနှစ်က ပြိုင်ပွဲတွင် သူဌေးကျင့် ရှုံးနိမ့်ခဲ့ရသည့် အကြောင်းအရင်း ဖြစ်သည်။
မစ္စတာဖန်သည် အလွန် အညှိုးထားတတ်သော သူမျိုး ဖြစ်သည်။
ဤနှစ်တွင်လည်း မနှစ်ကလိုပင် သူဌေးကျင့်၏ ပစ်မှတ်ကို ခိုးယူရန် စီစဉ်ထားခဲ့သော်လည်း ပြိုင်ပွဲမစမီမှာပင် ဆေးရုံသို့ချက်ချင်းဆိုသလို ရောက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူ့အနေဖြင့်ပြန်ကောင်းလာရန်အတွက် အနည်းဆုံး တစ်လခွဲခန့် အချိန်ယူရမည် ဖြစ်သည်။
ထိုသို့ မစ္စတာဖန် ဖြစ်ပျက်ပြီးနောက်တွင် သူဌေးကျင့်နှင့်ပတ်သက်၍ မကောင်းသော ရည်ရွယ်ချက်များရှိသော မကောင်းဆိုးဝါးနှင်စင်တာမှ သူများသည် ထိတ်လန့်သွားကြသည်။
သူဌေးကျင့်သည် ယခုနှစ်တွင် တစ်ရှိန်ထိုး အားကောင်းလာခဲ့ပုံရသည်။
သူစာရင်းသွင်းထားသည့် အဖွဲ့ဝင်များသည် မနှစ်က အဖွဲ့ဝင်သုံးယောက်ထက် ပိုမို၍ ယုံကြည်စိတ်ချရသည်မှာ ထင်ရှား၏။
သူတို့လူစုက နေ့ခင်းဘက်တွင် မကောင်းဆိုးဝါးနှင် စင်တာ၌ စာရင်းသွင်းခဲ့သည်။
စင်တာမှ ထွက်ခွာခါနီးတွင် သူဌေးကျင့်သည် လူတိုင်းကိုသူ၏ဆိုင်တွင် ပြုလုပ်မည့် အစည်းအဝေးအား တက်ရောက်ရန် တောင်းဆိုခဲ့သည်။
အချောအလှလေးများ အဖွဲ့သည် ဖန့်ရှင်းကို ၎င်းတို့၏ ကိုယ်စားလှယ်အဖြစ် အစည်းအဝေး တက်ရောက်ရန် စေလွှတ်ခဲ့သည်၊။
သားရဲလူသားအဖွဲ့ကမူ ထွင်ထျန်းဟာကို စေလွှတ်ခဲ့သည်။
သားရဲလူသား အဖွဲ့တွင် ဗုံးပစ်စီနီယာအင်မော်တယ်၊ ထွင်ထျန်းဟာ၊ ဓမ္မရာဂျာနှင့် ဖက်တီးလောတို့ပါဝင်သည်။
အချောအလှလေးများ အဖွဲ့တွင်မူ ဖန့်ရှင်း၊ ငွေရောင်လေး၊ ချိုက်လျန်နှင့် အင်မော်တယ်ထုန်ရာတို့ ပါဝင်၏။
သူဌေးကျင့်က ဖန့်ရှင်းနှင့် ထွင်ထျန်းဟာတို့ တံခါးဝတွင် ပေါ်လာသောအခါ စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
၎င်းတို့က အဖွဲ့ကိုယ်စားလှယ်အဖြစ် ဤအစည်းအဝေးသို့ တက်ရောက်ရန် အရည်အချင်း ပြည့်မီသောကြောင့် တိုက်ခိုက်ရေးတွင် အားကောင်းမည်မှာ သေချာသည်။
သို့ရာတွင် မည်သို့ပင်ကြည့်ပါစေ၊ သူဌေးကျင့်သည် ၎င်းတို့ကိုယုံကြည်စိတ်ချရသည်ဟု မထင်ခဲ့ပေ။
ဖန့်ရှင်းက အလွန်ငယ်ရွယ်လွန်းပြီး မော်ဒယ်တစ်ယောက်လို ချောမောလွန်းနေသည်။
ဤသို့သောပုံစံဖြင့် ကောက်ကျစ်သော နတ်ဆိုးများနှင့် သရဲတစ္ဆေများကို ကိုင်တွယ်ရန်မှာ လွယ်ကူလိမ့်မည်မဟုတ်ပေ။
အမွေးစိမ်း ခွေးလေးဆိုလျှင် ဝိညာဉ်သားရဲရုပ်ပင် မပေါက်ပေ။
ဤခွေးက မည်မျှ သန်မာနိုင်ပါမည်နည်း။
ပြဇာတ်ဆန်လွန်းသော ဇာတ်ကွက်တစ်ခုကို ဖန်တီးရန် ၎င်းတို့ကို သုံးသင့်ပါသလော။
သူဌေးကျင့်က စိတ်ထဲတွင်သာ ထိုသို့ တွေးနေသော်လည်း ပါးစပ်ကမူ ဖော်ရွေစွာပြောလိုက်သည်။
“ဒီနေ့အစည်းအဝေးကို တက်ရောက်ပေးလို့ ကျေးဇူးတင်ပါတယ်.. ဒီနေ့အစည်းအဝေးက အဓိကအားဖြင့် မကောင်းဆိုးဝါးတွေနဲ့ ပတ်သက်ပြီး ရှင်းပြဖို့ပါပဲ”
သူဌေးကျင့်ကသာ ပြောနေသော်လည်း ဝမ်လင်းအပါအဝင် လူတိုင်းသည် သူတို့၏ဖုန်းကိုသာ အာရုံရောက်နေကြသည်။
သူဌေးကျင့်က ဤအခြေအနေအတွက် အစိမ်းသက်သက်မဟုတ်ပေ။
အဆုံးသတ်တွင် ဤသည်မှာ ယခုခေတ် သူငယ်ချင်းများ ဆုံတွေ့သည့်အခါ၌ အခြေခံ အပြုအမူများပင်။
နှစ်ယောက်အတူ ထိုင်နေလျှင်ပင် လူတိုင်းသည် ဖုန်းများကိုသာ ကြည့်နေကြသည်။
အကယ်၍ ဖုန်းများမရှိခဲ့လျှင် လူအတော်တော်များများသည် စကားကို မည်ကဲ့သို့ ပြောရမည်ကိုပင် သိမည် မဟုတ်တော့ပေ။
ထိုအချိန်တွင် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ ချက်ဂရုတွင် အားရပါးရ စကားစမြည် ပြောဆိုနေကြသည်။
ID = သခင်လေးအမွေးပွတ်သပ်ပေးတာကို လိုချင်သောခွေး(ထွင်ထျန်းဟာ)
“မင်းတို့အားလုံး မလာတာလည်း ခပ်ကောင်းကောင်းပဲ.. ဒီအစည်းအဝေးက အရမ်းကို ပျင်းစရာကောင်းလွန်းတဲ့ အတွက် ငါ့ကို အိပ်ငိုက်စေတယ်”
ID = ငါဘရိုကိုလီကိုချစ်တယ်(ဗုံးပစ်စီနီယာအင်မော်တယ်)
“ညီနောင်ခွေး.. အစည်းအဝေးကို တက်ရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. သူဌေးကျင့်က ယခုတစ်ကြိမ်မှာ စစ်ဆင်ရေးရဲ့ ခေါင်းဆောင်ဖြစ်တယ်.. သခင်ကျင့်ခယ်ရဲ့ဓားအိမ်ကြောင့် သူ့ကိုအားလုံးပဲ စိတ်ရှည်ပေးကြပါ.. ဒါ့ပြင်ကျွန်တော်တို့က သူဌေးကျင့်ကို မျက်နှာသာပေးဖို့လိုတဲ့အတွက် သူ့ကိုမျက်နှာပျက်စေလို့ မဖြစ်ဘူး.. ဒါနဲ့အခုအစည်းအဝေးမှာ ဘာတွေ ဆွေးနွေးဖြစ်ကြလဲ”
ID = ခေါက်ဆွဲခြောက်တာအိုဧကရာဇ်၏ဖန်ဘွိုင်း(ဖန့်ရှင်း)
“သူဌေးကျင့်က မကောင်းဆိုးဝါးနှင် စာရင်းထဲက မကောင်းဆိုးဝါး အဆင့်စာရင်းအကြောင်းကို ပြောနေတယ်.. အခုနှစ်မှာအပြင်းထန်ဆုံး နတ်ဆိုးရဲ့ကုဒ်အမည်က ဘောပင်နတ်သမီးလို့ခေါ်တယ်.. သူ့ကိုနှိမ်နင်းနိုင်ရင် အမှတ်တစ်သန်းကို တိုက်ရိုက်ရရှိလိမ့်မယ်.. ဘောပင်နတ်သမီးက များသောအားဖြင့် ကလေးတွေကို ခြောက်လှန့်တတ်ပေမဲ့ သူ့ရဲ့တည်နေရာ အတိအကျကို မသိရဘူး"
"သူ့ရဲ့ဝိညာဉ်ရေးခန္ဓာကိုယ်ကို ဘယ်လို ဘောပင်အမျိုးအစားမှာမဆို ဝှက်ထားနိုင်တယ်လို့ သူဌေးကျင့်က ပြောတယ်.. သူက အရမ်းရက်စက်ပြီး ရှာဖွေဖို့လည်း အရမ်းခက်တယ်လို့ သိရတယ်.. သူက အသံမထွက်ဘဲ လူတွေကိုသတ်ဖို့ အတွက် ဘောပင်ကို အသုံးပြုလေ့ရှိတယ်"
"ဒုတိယ မကောင်းဆိုးဝါးကတော့ လူသားစားချိုးငှက်လို့ ခေါ်တယ်.. သူက အမှတ် ၈သိန်းတန်ဖိုးရှိတယ်.. ဒီချိုးငှက်က အရင်က သူ့ရဲ့ချစ်သူနဲ့ ချိန်းတွေ့ခဲ့ဖူးပေမဲ့ ပန်းသေနေလို့ ဘာမှ မဘာနိုင်ခဲ့ဘူး...ဒါကြောင့်ဒေါသအမျက်တွေ ထွက်ပြီး နောက်ဆုံးမှာတော့ မကျေနပ်ချက်များစွာနဲ့အတူ မိစ္ဆာအဖြစ်ကို ပြောင်းလဲသွားခဲ့တယ်.. အခုနှစ်အတွင်း သူ့ရဲ့ခြေသည်းတစ်စုံအောက်မှာ စုံတွဲတစ်ရာကျော် သေဆုံးခဲ့ရပြီးပြီ"
"တတိယနတ်ဆိုး လီမွန်မှင်စာက အမှတ်၅သိန်းတန်ဖိုးရှိတယ်.. သူဌေးကျင့်ရဲ့ အဆိုအရတော့ လီမွန်မှင်စာက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ကိုတောင် အလွယ်တကူ ကွဲအက်သွားစေနိုင်တဲ့ ကြောက်မက်ဖွယ် အဆိပ်သင့်နိုင်စွမ်းရှိတယ်.. ဒါက တကယ်ကို အံ့ဩစရာပဲ”
ID = ငါဆရာကိုချစ်တယ်(ငွေရောင်လေး)
“ဒါဆို ဒီနတ်ဆိုး၃ကောင်က ထောင်ထဲက မာကျောက်တပ်ဖွဲ့ထက် ပိုပြီးသန်မာလား”
ID = ဆရာကငါ့အတွက်အရာရာ(ကျိုးရီ)
“သူတို့လောက်တော့ ဘယ်သန်မာပါ့မလဲ.. ဒါပေမဲ့မကောင်းဆိုးဝါးနှင် ပြိုင်ပွဲအတွက် ရွေးချယ်ထားတဲ့ နတ်ဆိုးတွေက အလွန်လျှို့ဝှက်တတ်တဲ့ အတွက် ရှာဖွေဖို့ကတော့အရမ်းခဲယဉ်းတယ်.. ဒါပေမဲ့ မင်းကိုအမှန်တိုင်း ပြောရရင် ဒီနတ်ဆိုး၃ကောင်က ဆရာ့ရဲ့ လက်ဝါးရိုက်ချက် တစ်ချက်ကိုတောင် ခံနိုင်မှာမဟုတ်ဘူး”
“..........”
ဝမ်လင်းက ချက်ဂရုတွင် လုံးဝ ဝင်မပြောခဲ့ပေ။
သူက ဤလူအုပ်စု၏ IDများကိုသာ စိုက်ကြည့်နေခဲ့ပြီး လေးလေးနက်နက် တွေးတောနေခဲ့သည်။
နတ်ဆိုးတစ်ယောက်စီတွင် ၎င်းတို့၏ ပုံသေပစ်မှတ်များနှင့် အမူအကျင့်များ ရှိကြသည်။
ဥပမာအားဖြင့် ဘောပင်နတ်သမီး သတ်ပစ်ခဲ့သော လူအများစုသည် အခြေခံတည်ထောင်ခြင်းအဆင့် အထက်တန်းကျောင်းမှ ကျောင်းသားများ ဖြစ်ကြသည်။
တကယ်တမ်းတွင် ဘောပင်နတ်သမီးသည် ခွန်အားအရမ်းကြီးမကောင်းသော်လည်း ပုန်းကွယ်ရာတွင်မူ အလွန်အားကောင်းသည်။
ဘောပင်နတ်သမီး သတ်ပစ်ခဲ့သည့် အထက်တန်းကျောင်းသားများ၏ မိဘများသာ် ဤနာမည်ဆိုးနှင့် ကျော်ကြားသော နတ်ဆိုးကို ဖမ်းပေးရန် တွန်းအားပေးခဲ့ကြ၍ မကောင်းဆိုးဝါးနှင်ပြိုင်ပွဲ၏ ပစ်မှတ်အဖြစ် ရွေးချယ်လိုက်ကြခြင်း ဖြစ်သည်။
လူသားစားချိုးငှက်ကမူ ဖန့်ရှင်း ချက်ဂရုထဲတွင် ပြောခဲ့သလိုပင် စုံတွဲများကို အဓိက ပစ်မှတ်ထားလေ့ရှိသည်။
အတိအကျပြောရလျှင် လူမြင်ကွင်း၌ သောက်မြင်ကပ်လောက်အောင် ချစ်ပြနေသည့် စုံတွဲများ ဖြစ်သည်။
နောက်ဆုံးနတ်ဆိုးဖြစ်သည့် လီမွန်မှင်စာ၏ ပစ်မှတ်မှာ လူ့အဖွဲ့အစည်းအတွင်း အောင်မြင်နေသူများ ဖြစ်သည်။
အထူးသဖြင့် သူက ထိုအထဲမှအားနည်းသူကို ရွေးချယ်တတ်သည်။
ဝမ်လင်းအတွက်မူ ဤနတ်ဆိုး၃ပါးစလုံးသည် ငြီးငွေ့ဖွယ်ကောင်းသည့် စိန်ခေါ်မှုများ ဖြစ်သည်။
ကျင့်ခယ်အတွက်သာ မဟုတ်လျှင် သူက အပင်ပန်းခံနေမည် မဟုတ်ပေ။
ဆိုင်နံပါတ် ၈၃မှ သူဌေးကျင့်သည် သူ၏နာရီကိုကြည့်၍ ပြောလိုက်သည်။
“သန်းခေါင်ရောက်တော့မယ်.. ဖူနန်ကို သွားဖို့အတွက် လေယာဉ်လက်မှတ်တွေ ငါကြိုတင်မှာပြီးပြီ.. ငါတို့ အခုထွက်သွားလို့ရပြီ.. ဒီကနေ လေဆိပ်ကို သွားဖို့ဆိုရင် နာရီဝက်လောက်ကြာတယ်.. လေယာဥ်က မနက်နှစ်နာရီဆိုရင် ဖူနန်ကိုရောက်မယ်.. အဲဒီ ဘောပင်နတ်သမီးက အရမ်း ရှာရခက်တယ်.. ငါသိရသလောက်တော့ အဖွဲ့တစ်ဖွဲ့က ဖူနန်ကို ကြိုတင်ရောက်နေပြီတဲ့.. ငါတို့မြန်မြန်လေး လှုပ်ရှားမှရမယ်”
ထိုခဏတွင် သူဌေးကျင့်၏ ဆိုင်အကူဖြစ်သည့် လင်းဟွမ်သည် ခရီးထွက်ရန်အတွက် ကြိုတင်ပြင်ဆင်ထားသည့် မှော်အတတ်ဆိုင်ရာ ပစ္စည်းအချို့ကို ယူဆောင်လာခဲ့သည်။
သို့သော်လည်း သူတို့ရှေ့မှ အုပ်စုသည် တုံ့ပြန်မှု လုံးဝမရှိဘဲ သူတို့၏ဖုန်းကိုသာ စိုက်ကြည့်နေခဲ့ကြသည်။
“မင်းတို့တွေ ဘာလုပ်နေတာလဲ.. ငါပြောတဲ့အတိုင်း မြန်မြန်လုပ်ကြတော့လေ”
သူဌေးကျင့်က နောက်ကျမည်စိုး၍ စိတ်ပူသော လေသံဖြင့် ရေရွတ်လိုက်သည်။
၅စက္ကန့်အတွင်း သန်းခေါင်ယံအချိန်ကို ရောက်ရှိတော့မည် ဖြစ်သည်။
၅...
၄...
၃...
၂...
၁...
သန်းခေါင်ယံအချိန်သို့ ရောက်သောအခါတွင် သူဌေးကျင့်သည် မကောင်းဆိုးဝါးနှင် စင်တာမှ ကြေညာချက်ကို ၎င်း၏ဖုန်းတွင် လက်ခံရရှိခဲ့သည်။
“မကောင်းဆိုးဝါးနှင် စာရင်းရှိ ထိပ်ဆုံးမှ ဘောပင်နတ်သမီးကို သတ်ဖြတ်လိုက်ပါပြီ.. မကောင်းဆိုးဝါးကို နှိမ်နင်းခဲ့တဲ့ ကျင့်ခယ်အသင်းက အမှတ်တစ်သန်းကို ဆွတ်ခူးသွားခဲ့ပါတယ်”
သူဌေးကျင့်က မယုံနိုင်ဖြစ်ကာ မက်ဆေ့ချ်ကို အချိန်အတော်ကြာ စိုက်ကြည့်နေမိသည်။
အပိုင်း(၉၀၁) ပြီး၏