ဓားအိမ်ကလမ်းခုလတ်မှာ
Vol. 61 Ch. 903
ဝမ်လင်းက ညသန်းခေါင်ယံ အချိန်တွင် ဘောပင်နတ်သမီးကို ဖယ်ရှားရန် အလျင်အမြန် လုပ်ဆောင်ခဲ့ပြီး မကောင်းဆိုးဝါးနှင်ပြိုင်ပွဲတွင် သူတို့အား အထင်သေးခဲ့သူများကို အရှက်ရစေခဲ့သည်။
ယခုနှစ်တွင် သူဌေးကျင့်သည် အခြွေအရံကောင်းများ ရှိနေသည်ကို သူတို့မြင်ထားပြီးသား ဖြစ်သည်။
မစ္စတာဖန် မပါဝင်သည့် အတွက် သူဌေးကျင့်သည် ထိပ်တန်း ၃နေရာ စာရင်းဝင်ဖြစ်နိုင်ခြေ ရှိသည်ဟု အားလုံးက ခန့်မှန်းထားကြသည်။
သို့သော် ပြိုင်ပွဲစသည်နှင့် သူဌေးကျင့် ဦးဆောင်သည့်အဖွဲ့က ဘောပင်နတ်သမီးကို နှိမ်နင်းနိုင်ခဲ့သည်။
ဤဘောပင်နတ်သမီးသည် ရှာရအခက်ဆုံး သရဲတစ်ကောင်ဖြစ်ပြီး ဤနှစ်အတွင်း နာမည်ကျော်ကြားခဲ့သည့် အန္တရာယ်ရှိသော သရဲတစ်ကောင် ဖြစ်သည်။
ဤကဲ့သို့ပြိုင်ပွဲစသည်နှင့် နှိမ်နင်းနိုင်ခြင်းကို ထောက်လျှင် သူဌေးကျင့်တို့ အဖွဲ့သည် ဘောပင်နတ်သမီးအဖွဲ့ကို အချိန်အတော်ကြာကတည်းက အတည်ပြုထားပြီး ပြိုင်ပွဲစတင်သည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်သည် မဟုတ်ပါလား။
မကောင်းဆိုးဝါးနှင်စင်တာမှ နောက်ထပ် ကြေညာချက်တစ်ခု ထွက်ပေါ်လာသောအခါတွင် လူတိုင်းသည် အံ့ဩစရာသံသရာမှ လွတ်မြောက်ခြင်း မရှိသေးပေ။
ကျင့်ခယ်အဖွဲ့သည် အမြန်ဆုံး သရဲနှင်စံချိန်ကို ချိုးဖြတ်ခဲ့ပြီး အမှတ် နှစ်သိန်းကို အပိုဆောင်းရရှိခဲ့သည်။
ပြိုင်ပွဲတရားဝင် စတင်ချိန်မှရေတွက်လျှင် စံချိန်သည် 0.0001 စက္ကန့်ဖြစ်သည်။
မှတ်ချက် - နောက်ဆုံးစံချိန်မှာ 12:21:44 ဖြစ်သည်။
“ဒါက စစ်မှန်တဲ့ သရဲနှင်စံချိန်တစ်ခုပါ.. မကောင်းဆိုးဝါးနှင်တဲ့ သူတွေအားလုံးပဲ စံချိန်ကို ချိုးဖျက်ဖို့ ကြိုဆိုပါတယ်”
ဤမှတ်တမ်းကို ကြည့်ရှုပြီးနောက်တွင် ဟွာရှို့နိုင်ငံ တဝှမ်းရှိ သရဲနှင်သူများသည် ၎င်းတို့၏ မကောင်းဆိုးဝါးရှာ သံလိုက်အိမ်မြောင်များနှင့် မှော်ပစ္စည်းများကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ကြသည်။
“လခွမ်း.. ငါတို့ကို လာနောက်နေတာလား.. 0.0001 စက္ကန့်တဲ့.. ဒီလိုမျိုးစံချိန်ကို ငါတို့က ဘယ်လိုချိုးပြရမှာလဲ”
သရဲနှင်စင်တာ၏ အပေါ်ဆုံးထပ်တွင် ဥက္ကဌယန်ဟူသည် ရုံးခန်း၌ အလုပ်လုပ်နေခဲ့သည်။
သူ၏ရှေ့ရှိ ဧရာမ စခရင်ပေါ်တွင် အနီရောင်အစက် အမြောက်အမြား ရှိနေ၏။
ထိုအနီရောင်အစက်များမှာ မကောင်းဆိုးဝါးနှင်သူများ အမဲလိုက်ရန် စီစဉ်နေသည့် နိုင်ငံတဝှမ်းရှိ မကောင်းဆိုးဝါးများ၏ တည်နေရာများ ဖြစ်ကြသည်။
သူဌေးကျင့်၏ သတင်းရောက်ရှိလာချိန်တွင် ဥက္ကဌယန်ဟူက အံအားသင့်သွားခဲ့သည်။
ထိုအရာက အလွန်ပင် မြန်ဆန်နေသည်။
ထို့အပြင် လိမ်လည်လှည့်ဖျားသည့် သဲလွန်စကိုလည်း လုံးဝမတွေ့ရှိရပေ။
“ဥက္ကဌ.. သူဌေးကျင့် စုဆောင်းထားတဲ့ အဖွဲ့ဝင်တွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ကျွန်မစုံစမ်းပြီးပြီ”
ယန်ဟူဘေးတွင် မတ်တပ်ရပ်နေသည့် အမျိုးသမီးအတွင်းရေးမှူးက ပြောလိုက်သည်။
သူမက အချက်အလက်အချို့ကို ကြည့်လိုက်သည်။
“ဒီလူလေးယောက်ရဲ့အထောက်အထားတွေနဲ့ နောက်ခံသမိုင်းကြောင်းတွေက အရမ်းရိုးရှင်းတယ်.. အဲဒီထဲက တစ်ယောက်ကတော့ သာမန်ပါးမွှားလေးပါပဲ.. နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ ကျွန်မတို့ စီစစ်နေဆဲပါ”
ကျိုးရီက သရဲနှင်စင်တာတွင် အချက်အလက်များ စာရင်းသွင်းရာတွင် ပြဿနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် သူတို့၏ အထောက်အထား အစစ်အမှန်များကို အသုံးမပြုခဲ့ပေ။
အားလုံး၏ အချက်အလက်ထဲတွင် ကျိုးရီသည် ဝမ်လင်း၏ အသက်ကိုသာ ရည်ရွယ်ချက်ရှိရှိ ဖော်ပြထားခဲ့သည်။
ယင်းမှာ အဖွဲ့ထဲတွင် ချာတိတ်တစ်ယောက် ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
အမျိုးသမီးအတွင်းရေးမှူး “အဲဒီချာတိတ်လေးရဲ့ မျိုးရိုးက ကန်ဖြစ်ပြီး နာမည်ကစွေ့ဖြစ်တယ်”
ဥက္ကဌယန်ဟူ မှင်တက်သွားခဲ့သည်။
“သူက ကန်ကျန်းနဲ့ ဘာတော်လဲ”
အမျိုးသမီးအတွင်းရေးမှူး “ဒါတော့ ကျွန်မတို့မသိဘူး”
“ကောင်းပြီလေ.. အဲဒီချာတိတ်ကို လေးလေးနက်နက် ရှာဖွေကြည့်လိုက်ပါ.. အကယ်၍ သူနဲ့ပတ်သက်တဲ့ အချက်အလက်တွေ မရှိဘူးဆိုရင် သူဌေးကျင့်ကို တိုက်ရိုက် ဖုန်းခေါ်ဆိုပြီး အသေးစိတ် မေးမြန်းလိုက်ပါ.. ဒီကိစ္စက ငါတို့အတွက် အရမ်း အရေးကြီးတယ်”
ထိုစကားကို ပြောပြီးနောက် ယန်ဟူက နှုတ်ဆိတ်သွားခဲ့သည်။
“ငါ့အတွက် တစ်စုံတစ်ရာလုပ်ပေးဖို့ အစွမ်းထက်တဲ့မကောင်းဆိုးဝါးနှင် ဆရာကို ရှာဖွေဖို့အတွက် ဒီနှစ် မကောင်းဆိုးဝါးနှင် ပြိုင်ပွဲရဲ့ဆုတွေကို အရင်နှစ်ကထက် ပိုပြီး မြှင့်တင်ထားတယ်”
အမျိုးသမီးအတွင်းရေးမှူးက ခေါင်းညိမ့်လိုက်သည်။
သူဌေးကျင့်အဖွဲ့က သူ့ကို မျှော်လင့်ချက်အသစ်များ ပေးခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
“ကောင်းပါပြီ ဥက္ကဌ.. ကျွန်မသွားပြီးတော့ ဆောင်ရွက်လိုက်ပါ့မယ်”
ယန်ဟူ “သတိထားပြီး သေချာလုပ်ပါ.. ဟွာရှို့မဟာမိတ်အဖွဲ့က ဒီအကြောင်းကို ဘယ်လိုမှ သိလို့မရဘူး”
အမျိုးသမီးအတွင်းရေးမှူး “ဟုတ်ကဲ့ပါ.. ဒီလက်အောက်ငယ်သားက သေချာပေါက် သတိထားပါ့မယ်”
ထို့နောက်တွင် ကြီးမားသည့် ပြင်သစ်ပြတင်းပေါက်များ၏ ရှေ့၌ ယန်ဟူသည် စိတ်ထဲကနေ သက်ပြင်းတစ်ချက် ချလိုက်သည်။
မကြာသေးမီက မကောင်းဆိုးဝါးနှင် စင်တာ၏ ပေါ့ဆမှုကြောင့် နှစ်တစ်သန်း မိစ္ဆာအိုး၏ စည်းတံဆိပ်သည် မတော်တဆ ကွာကျသွားခဲ့သည်။
ထို့ကြောင့် ထိုနှစ်တစ်သန်းမိစ္ဆာသည် ရက်အနည်းငယ် အတွင်း ကမ္ဘာပေါ်တွင် ပြန်လည် ပေါ်ထွက်လာတော့မည် ဖြစ်၏။
ဆိုရလျှင် ဥက္ကဌယန်ဟူ အတွက် အချိန်သိပ်မရှိတော့ပေ။
အကယ်၍သာ ဟွာရှို့မဟာမိတ်အဖွဲ့က ဤအကြောင်းကို သိရှိသွားခဲ့လျှင် မကောင်းဆိုးဝါးနှင် စင်တာ၏ ဥက္ကဌဖြစ်သည့် သူ၏ ရာထူးသည် အန္တရာယ်ရှိလာမည် ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း သူဌေးကျင့်သည် မရေမတွက်နိုင်သော လူများထံမှ ဝမ်းမြောက်ဝမ်းသာ ဖုန်းခေါ်ဆိုမှုများနှင့် မက်ဆေ့ချ်ပေးပို့်မှုများကို လက်ခံရရှိခဲ့သည်။
“သူဌေးကျင့် မင်းရဲ့အဖွဲ့ဝင်တွေကို ဘယ်လိုတောင် စုဆောင်းခဲ့တာလဲ.. ငါတို့ကို ပြောပြလို့ရမလား”
“နောက်နှစ်ကျရင်ရော ဘယ်လိုတွေ ပူးပေါင်းဆောင်ရွက်ဦးမှာလဲ’’
“မင်းရဲ့ဆိုင်မှာ ရင်းနှီးမြှုပ်နှံမယ့်သူ တစ်ယောက်ကို ရှာနေရင် ငါ့ကို မေ့မထားနဲ့နော်.. ငါက မင်းရဲ့လူပဲလို့ မှတ်ထားလိုက်”
“ချစ်လှစွာသော သူဌေးကျင့်.. ဘောပင်နတ်သမီးကို နှိမ်နင်းနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်.. ငါမင်းကို တစ်ခုပဲမေးချင်တယ်.. မင်းရဲ့ အဖွဲ့ထဲမှာ ရှိတဲ့လူတွေက ဘယ်သူတွေလဲ ဆိုတာကို ငါ့ကို ရိုးရိုးသားသား ပြောပြပေးလို့ရမလား”
စက္ကန့်ပိုင်း အတွင်းမှာပင် သူဌေးကျင့်သည် မက်ဆေ့ချ်တစ်ရာကျော်ကို လက်ခံရရှိခဲ့သည်။
၎င်းတို့အားလုံးက တူညီသော အကြောင်းအရာများ ဖြစ်သည့် အောင်မြင်မှုအကြောင်း၊ ဂုဏ်ယူသောအကြောင်းအရာနှင့် သူဌေးကျင့်၏ အဖွဲ့ဝင်များ အကြောင်းကိုသာ မေးမြန်းခဲ့ကြသည်။
သူဌေးကျင့်က သက်ပြင်းချလိုက်ပြီး သူ့ဆီ မက်ဆေ့ချ်ပို့သူများ၏ အကြောင်းကို စဉ်းစားခဲ့သည်။
ယခင်က သူ၏ဆိုင်ကို ဆက်လက် လည်ပတ်ရန်အတွက် ထိုသူများထံမှ ငွေချေးခဲ့သော်လည်း တစ်ယောက်မှ သူ့ကို ပြန်မဖြေခဲ့ပေ။
ယခုလို သူ၏အခြေအနေ ရုတ်တရက် ပြောင်းလဲသွားသောအခါတွင် သူတို့သည် ရုတ်တရက် စိတ်ပြောင်းသွားကြပုံ ရ၏။
“သူဌေးကျင့် မင်းဘာမှပြန်မဖြေဘူးလား”
ကျိုးရီက မေးလိုက်သည်။
ဘောပင်နတ်သမီးကို နှိမ်နင်းသည့် သတင်းများ ထွက်ပေါ်လာပြီးနောက်တွင် သူဌေးကျင့်၏ ဖုန်းသည် စာသားမက်ဆေ့ချ်များ မရပ်မနား ဝင်ရောက်လာ၍ ဖုန်းမျက်နှာပြင်ပင် အဆက်မပြတ် တောက်ပနေခဲ့သည်။
သူဌေးကျင့်က မက်ဆေ့ချ်များကို မြင်သောအခါ အတိတ်ကိုပြန်တွေးမိပြီး အနည်းငယ် စိတ်မကောင်းဖြစ်သွား၍ ဖုန်းကိုပိတ်ပစ်လိုက်သည်။
“ငါ့ကို ကူညီပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်”
သူဌေးကျင့်က ကျိုးရီနှင့် အားလုံးကို ဆက်ပြောလိုက်သည်။
“အခြားနတ်ဆိုးနှစ်ကောင်က ဒုတိယနဲ့ တတိယအဆင့် နတ်ဆိုးတွေပဲ”
“သူဌေးကျင့်က လူသားစားချိုးငှက်နဲ့ လီမွန်မှင်စာတို့အကြောင်းကို ပြောနေတာလား”
ဖန့်ရှင်းက ပြုံး၍ ပြောလိုက်သည်။
“ကျွန်တော်တို့ရဲ့ ဒုတိယနဲ့ တတိယအဖွဲ့တွေက သူတို့ရဲ့တည်နေရာကို ရှာတွေ့ထားပါပြီ.. ဒါကြောင့် မကြာမီ နှိမ်နင်းနိုင်ပါလိမ့်မယ်.. ပြောရရင် မကောင်းဆိုးဝါး အများစုက ဝိညာဉ်လေးတွေပါပဲ.. လုံလုံလောက်လောက် အားကောင်းနေသရွေ့တော့ သူတို့ကို ရှာဖို့အတွက် သံလိုက်အိမ်မြှောင်ကိုတောင် အသုံးပြုဖို့ မလိုပါဘူး.. ကိုယ့်အိမ်မှာကိုယ် ထိုင်နေရင်းတောင် သူတို့ရဲ့ အော်ရာတွေကတဆင့် သူတို့ရဲ့ တည်နေရာကို အနီးစပ်ဆုံး ဆုံးဖြတ်နိုင်ပါတယ်”
“……….”
“ဒါ့အပြင် လူသားစားချိုးငှက်နဲ့ လီမွန်မှင်စာတို့က မသန်မာကြဘူး.. သူတို့က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်မှာပဲ ရှိသေးတယ်.. ပုံမှန်အားဖြင့်တော့ ဒီမှင်စာလေးတွေလောက်က ငါတို့အဖွဲ့ကို အနှောင့်အယှက် ပေးနိုင်မှာ မဟုတ်ပါဘူး”
“……….”
ထိုစကားကိုပြောရင်း ဖန့်ရှင်းက မက်ဆေ့ချ်တစ်စောင်ကို တစ်ချက်ကြည့်ကာ စကားကို ဆက်ပြောလိုက်သည်။
“အခုပဲ ငါတို့ဂိုဏ်းခေါင်းဆောင်ဆီက မက်ဆေ့ချ် ရောက်လာတယ်.. မကောင်းဆိုးဝါးနှင် ဆရာအများအပြားက ဒီနတ်ဆိုးနှစ်ကောင်ကို အသည်းအသန် ရှာဖွေနေကြတယ်တဲ့.. ဒါကြောင့် အချိန်အနည်းငယ်လောက် စောင့်ဆိုင်းစေလို့တယ်လို့ သူကမှာလိုက်တယ်.. အကြောင်းအရင်းကတော့ ငါတို့က ပြိုင်ပွဲကို မပျက်စီးစေဘဲ သူတို့ရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးပစ်မှာမို့လို့ပဲ”
“……….”
သူဌေးကျင့်နှင့် သူ၏ ဆိုင်လက်ထောက် လင်းဟွမ်တို့သည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
အစောပိုင်းတွင် သူတို့သည် ဤလူများထဲတွင် ကျောင်းပေါင်း ၁၀၀၏ အထွေထွေအုပ်ချုပ်ရေး ဒါရိုက်တာ ကျိုးရီလောက်သာ အစွမ်းအစရှိသည်ဟု သတ်မှတ်ထားခဲ့သည်။
ဒါရိုက်တာကျိုး၏ သူငယ်ချင်းများကလည်း အလွန်ပင်ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
သူဌေးကျင့်က အသိစိတ် ပြန်ဝင်လာသောအခါတွင် သူ၏ ချွေးများကို သုတ်လိုက်သည်။
“ဘာပဲဖြစ်ဖြစ် အားလုံးကိုကျေးဇူးတင်ပါတယ်.. နောက်ပြီးမင်းတို့ရှာနေတဲ့ ဓားအိမ်ဆီကို ငါမက်ဆေ့ချ်ပို့ပြီးပါပြီ.. သူမက အခု လမ်းခုလတ်မှာတောင် ရောက်နေပြီ”
“သူဌေးကျင့်က ဘာကိုဆိုလိုတာလဲ”
“ဪ ဒါနဲ့ မင်းတို့ကို ငါအခုထိ မပြောရသေးဘူး.. တကယ်တော့ မက်မွန်သစ်သားဓားရဲ့ ဓားအိမ်ကလည်း ရှေးဟောင်းဝိညာဉ်တစ်ခုကို မွေးထုတ်ပေးခဲ့တယ်.. သူမက အရမ်းလှတဲ့မိန်းကလေး တစ်ယောက် ဖြစ်ပြီး ငါသူကို ငါ့သမီးလေး အဖြစ် ပြုစုပေးခဲ့တယ်”
လူတိုင်း “……….”
“ဓားအိမ်လေးက အခု လမ်းပေါ်ရောက်နေပြီ.. မကြာခင် သူ့ကို မင်းတို့ တွေ့ရတော့မှာပါ.. သူမက အချိန်အများစုမှာ အခန်းတံခါးပိတ်ပြီး ဂိမ်းပဲ ဆော့နေတတ်တယ်.. သူမကို ဂိမ်းတစ်ခု ဝယ်ပေးမယ်လို့ ကတိပြုလိုက်မှပဲ သူမက ဒီကိုလာဖို့သဘောတူခဲ့တယ်”
လူတိုင်းနှင့်ဝမ်လင်း “……….”
အပိုင်း(၉၀၃) ပြီး၏