အိမ်တွင်းအကြမ်းဖက်မှု မြင်ကွင်း
Vol. 61 Ch. 906
"သခင်ကျင့်ခယ်ပါလား"
ကျိုးရီက စိတ်လှုပ်ရှားသွားသည်။
အားလုံး၏မျက်လုံးက ကောင်းကင်မှ ပိန်ပိန်ပါးပါးပုံစံ ဆီသို့ ရောက်သွားကြသည်။
အမြဲလိုလိုပင် ဒဏ္ဍာရီလာ ဓားဝိညာဉ်များ၏ ဘုရင်ကြီးသည် သူ၏ ပြင်းထန်သော တိုက်ခိုက်ရေးအစွမ်းကို ပြသခဲ့သည်။
သူက လက်တစ်ဖက်တည်းဖြင့် စစ်နတ်ဘုရားကဲ့သို့ ထိန်းချုပ်ရန် ခက်ခဲသူဟု ထင်ရသည့် ပိုင်ချောင်း၏ တိုက်ခိုက်မှုကို ထိန်းထားနိုင်ခဲ့သည်။
မြေပြင်မှ သူဌေးကျင့်နှင့် ဆိုင်အကူ လင်းဟွမ်တို့က ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်သွားခဲ့သည်။
ထိုအခိုက်အတန့်မှာပင် ဤလူအုပ်စုသည် ဘောပင်နတ်သမီးကို ပြိုင်ပွဲစတင်သည်နှင့် အဘယ်ကြောင့် နှိမ်နင်းနိုင်ခဲ့မှန်း သူတို့ကောင်းစွာ နားလည်သွားခဲ့သည်။
၎င်းတို့ထဲတွင် သူနှင့်အဆင့်တူ တစ်ယောက်မှ မပါဝင်ခဲ့ပေ။
အားလုံးသည် သူ့ထက် အဆပေါင်းများစွာ သာလွန်သူများ ဖြစ်ကြသည်။
"သူဌေး ကျွန်တော်တို့ ငြိမ်ငြိမ်သက်သက်နေမှ ဖြစ်မယ်"
သူဌေးကျင့်နှင့် လင်းဟွမ်တို့က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ရသည်။
ကျင့်ခယ်က ကောင်းကင်ပေါ်တွင် ပေါ်လာပြီးနောက်၌ ပိုင်ချောင်း၏ မာနကြီးသောမျက်နှာကို စူးစိုက်ကြည့်လိုက်သည်။
ပိုင်ချောင်းက အားအင်အကုန် ထုတ်သုံးခဲ့သော်လည်း သူမ၏ ရွှေရောင်ဝိညာဉ်ဓားက တစ်လက်မမျှပင် မလှုပ်နိုင်တော့ကြောင်း သိရှိလိုက်သည်။
ဤကောင်လေးက အံဩလောက်အောင်ပင် သန်မာသည်။
"ငါ့ပတ်ဝန်းကျင်က လူတွေကို ထိဖို့မစဉ်းစားနဲ့"
ပိုင်ချောင်းက ကျင့်ခယ်ကို စိုက်ကြည့်နေစဉ်မှာပင် သူမ၏ စိတ်ထဲ၌ အသံတစ်သံကို ကြားလိုက်ရသည်။
ထိုအချိန်တွင် သူမ၏ နှလုံးသားက အလွန် ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိခဲ့သည်။
စင်စစ် သူမသည် နေနှင့်လတို့မှ မွေးဖွားလာသည့် ကောင်းကင်နှင့် မြေကြီး၏ သင်္ကေတ ဖြစ်သည်။
သူမက သက်ရှိသတ္တဝါ အားလုံးကို နားလည်နိုင်စွမ်းရှိသောကြောင့် ဆိုင်သို့ရောက်သောအခါတွင် လူတိုင်းကို ကဲ့ရဲ့ပြီး အဆိပ်ပြင်းသော စကားများကို ပြောဆိုနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင် သူမ လုံးဝ မမြင်နိုင်သည့် လူတစ်ယောက် ရှိနေခဲ့သည်။
တစ်ယောက်မှာ ဝမ်လင်းဟုခေါ်သော ဆယ်ကျော်သက်လူငယ်ဖြစ်သည်။
အဆိပ်ပြင်းသော စကားလုံးများဖြင့် သူမက ကဲ့ရဲ့ပြစ်တင်ခဲ့သော်လည်း တကယ်တမ်းတွင် ဤလူငယ်ကို သူမ မြင်သည့်အမြင်မှာ အပေါ်ယံမျှသာ ဖြစ်သည်။
နောက်ထပ် တစ်ယောက်မှာ သူမ၏ ရွှေရောင်ဝိညာဉ်ဓားကို ဆုပ်ကိုင်ထားသည့် ကလေးဖြစ်သည်။
ထိုခဏတွင် ပိုင်ချောင်းက သူမနှင့် ဤကလေး ဆက်နွှယ်နေသည်ကို ရိပ်စားမိခဲ့သည်။
သို့သော် သူမက ဝန်ခံလိုစိတ်မရှိခဲ့ပေ။
သူမအနေဖြင့် လွတ်လွတ်လပ်လပ် နေရသည်ကို နေသားကျနေပြီ ဖြစ်သည်။
ကမ္ဘာကြီးက အလွန်ပင် အရောင်အသွေး စုံလင်ပြီး သူမ ကစားရန် ဂိမ်းပေါင်းများစွာ ရှိနေခဲ့သည်။
ထို့ကြောင့် ကလေးတစ်ယောက်နှင့် အိမ်တွင်ကစားရန် သူမတွင် အချိန်မရှိပေ။
“ငါနဲ့အတူ ပြန်လိုက်ခဲ့ပါ”
ကျင့်ခယ်၏ မျက်လုံးများက ပိုင်ချောင်းကို စိုက်ကြည့်နေခဲ့သည်။
သူ၏လေသံက ယခင်အတိုင်းပင် အေးအေးလူလူ ဖြစ်နေခဲ့သည်။
ကျင့်ခယ်က ကလေးတစ်ယောက်၏ ခန္ဓာကိုယ်ကို ထင်ရှားစွာပိုင်ဆိုင်ထားသော်လည်း အသံကမူ အာဏာစက် ရှိနေခဲ့သည်။
ထိုစကားကိုကြားလျှင် ပိုင်ချောင်းက ရယ်မောလိုက်သည်။
“ငါ့ကို ဘာလုပ်ရမယ်ဆိုတာ ဆရာကြီး လာမလုပ်နဲ့.. ငါဒီနေ့ကစားဖို့ ဂိမ်းတွေ အများကြီးရှိသေးတယ်.. ဖတ်စရာဝတ္ထုတွေလည်း အများကြီးရှိသေးတယ်.. ငါအကြိုက်ဆုံး စာရေးဆရာ ခူဟွမ်ရဲ့ အင်မော်တယ်ဘုရင်ရဲ့နေ့စဉ်ဘဝ စာအုပ်ကလည်း ဒီနေ့ အသစ်ထွက်တယ်.. ငါအမြန်သွားပြီး စာရင်းသွားသွင်းရဦးမယ်”
သူမ၏ အကြောင်းပြချက်ကြောင့် လူတိုင်းက အံ့ဩသွားကြသည်။
သို့သော် မာနကြီးပြီး ခက်ထန်သည့် ကျင့်ပိုင်ချောင်း၏ ရှေ့တွင် ကျင့်ခယ်၏ အမူအရာသည် အစအဆုံး မပြောင်းလဲခဲ့ပေ။
သူ၏ အကြည့်စူးစူးများက တည်ငြိမ်လွန်း၍ ပိုင်ချောင်း၏ ရင်တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။
ဓားဝိညာဉ်များသည် ၎င်းတို့၏ သခင်နှင့်တူသည်ဟု ဆိုကြသည်။
ဤကလေးက သူမကို ကြည့်နေသည့် အကြည့်မှာ သူ၏ သခင်နှင့် တစ်ထပ်တည်း ကျနေသည်ကို ပိုင်ချောင်းက မြင်လိုက်ရသည်။
ထိုသခင်ကို ကိုင်တွယ်ရန် မလွယ်ကူသောကြောင့် သီအိုရီအားဖြင့် ဤဓားဝိညာဉ်ကိုလည်း ကိုင်တွယ်ရန် လွယ်ကူမည် မဟုတ်လောက်ပေ။
“ငါအလေးအနက်ထားပြီး ရင်ဆိုင်မှဖြစ်မယ်”
ပိုင်ချောင်းချောင်းက စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် သူမ၏ အမူအရာသည် လေးနက်သွားခဲ့သည်။
“ဆံပင်ရတနာအိမ်”
နောက်ထပ် အခိုက်တန့်တွင် လူတိုင်းသည် ရွှေရောင်ဝိညာဉ်ဓားကနေ မရေမတွက်နိုင်အောင် များပြားလှသည့် အပ်များအဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။
ပိုင်ချောင်း၏ ထိန်းချုပ်မှုအောက်တွင် ထောင်နှင့်ချီသော အပ်များသည် ကျင့်ခယ်ပေါ်သို့ အပ်မိုးရွာချလိုက်သည်။
ကျင့်ခယ်က ပိုင်ချောင်းကို ဘယ်တုန်းကမှ သတိမပြတ်ခဲ့ပေ။
သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အညိုရောင်ဓားအလင်းက လွင့်ထွက်သွားခဲ့သည်။
ထန်ဂိုဏ်း၏ မုန်တိုင်းသစ်တော်ပန်း တထဆအပ်နှင့် အလားသဏ္ဍာန်တူသည့် ပိုင်ချောင်း၏ဆံချည်မျှင်အားလုံးသည် အညိုရောင်ဓားအလင်းကြောင့် ပျက်စီးသွားခဲ့သည်။
ကျိုးရီ “မိန်းကလေးပိုင်ချောင်းက သခင်ကျင့်ခယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ပစ်မှတ်ထားပြီး အသေတိုက်ခိုက်နေတာပဲ”
မြေပြင်ပေါ်ရှိ ကျိုးရီ ထွင်ထျန်းဟာနှင့် ဖန့်ရှင်းတို့က တိုက်ပွဲကိုကြည့်ရင်း ချွေးများစို့လာကြသည်။
ဤမြင်ကွင်းမှာ တကယ်ကို ကြောက်စရာကောင်းသည်။
ကျင့်ခယ်က ဖျက်ဆီးခဲ့သော်လည်း မုန်တိုင်းသစ်တော်ပန်းအပ်များ၏ အရှိန်က ဥက္ကာခဲ ထောင်ပေါင်းများစွာ ကမ္ဘာမြေပေါ် ထိမှန်သွားသကဲ့သို့ မရေမတွက်နိုင်သောအဆောက်အဦများကို ချက်ချင်းပျက်စီးစေခဲ့သည်။
ဤသည်က မိန်းကလေးပိုင်ချောင်း၏ စွမ်းအားအကုန် မဟုတ်သေးပေ။
သူမ၏ အလုံးစုံတိုက်ခိုက်ရေး အင်အားသည် ပကတိအင်မော်တယ်ထက်ပင် ကျော်လွန်နေသည်ဟု ဖန့်ရှင်းက သိထားခဲ့သည်။
ဤတစ်ကြိမ်တိုက်ပွဲသည် ဓားဝိညာဉ်နှင့် ဓားအိမ်ဝိညာဉ်တို့ကြားရှိ တိုက်ပွဲဖြစ်သည်။
ရလဒ်ကို ခန့်မှန်းရန်မှာ အလွန်ပင်ခက်ခဲသည်။
မိန်းကလေးပိုင်ချောင်း၏ တိုက်ခိုက်မှုများက ပိုမို ပြင်းထန်လာခဲ့သည်။
သူတို့နှစ်ယောက်၏ အော်ရာများက ပေါက်ကွဲသွားပြီး လမ်းကြောင်းအရပ်ရပ်သို့ ပြန့်နှံ့ကာ ဖုန်မှုန့်အဖြစ်သို့ပြောင်းလဲသွားခဲ့သည်။
ကမ္ဘာပျက်သည့်နေ့က စောစီးစွာ ဖြစ်ပေါ်လာသလိုပင်။
သူတို့၏ဝိညာဉ်စွမ်းအားသည် အလွန်ပြင်းထန်သောကြောင့် အရာအားလုံးကို ဖျက်ဆီးနိုင်သော တိုက်ခိုက်မှုအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့သည်။
ကျင့်ခယ်က အစမှအဆုံးတိုင် ပြန်လည်၍ မတိုက်ခိုက်ဘဲ ခုခံကာကွယ်၍သာ နေခဲ့သည်။
“ဘာလဲ.. မင်းငါ့ကို မတိုက်ခိုက်ရဲဘူးလား”
မိန်းကလေးပိုင်ချောင်းက ရယ်မောလိုက်သည်။
သူမက ဤသို့တိုက်ခိုက်ရသည်ကို သဘောကျနေခဲ့သည်။
အများအားဖြင့် သူမက အခန်းတံခါးပိတ်ကာ ဂိမ်းဆော့နေသောကြောင့် ဤကဲ့သို့ တစ်ခါတစ်ရံ ကြွက်သားနှင့် အရိုးများကို လေ့ကျင့်ခန်း လုပ်ရသည်က မဆိုးလှသော အတွေ့အကြုံ မဟုတ်ပါလော။
တကယ်တမ်းတွင် သူမသည် ကလေးတစ်ယောက်နှင့် တိုက်ခိုက်ရာတွင် ဤမျှအထိ အပြင်းအထန်တိုက်ခိုက်ရန် မရည်ရွယ်ထားသော်လည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်လေလေ စိတ်လှုပ်ရှားလေလေ ဖြစ်လာသည်။
စင်စစ် သူမက ကျင့်ခယ်နှင့် တိုက်ခိုက်နေရင်း ကျင့်ခယ်ကသူမ၏စိတ်ကို မသိမသာ သိမ်းပိုက်သွားခဲ့ခြင်းပင်။
တကယ်တမ်းတွင် ဝမ်လင်းသည် ဤအခြေအနေကို ကောင်းစွာ နားလည်သည်။
ဥပမာပြရလျှင် သင်၏ပေါင်ကို တစ်ချိန်လုံး လိမ်ဆွဲနေသည့် အတန်းထဲမှ သင်၏ အမျိုးသမီးအတန်းဖော်နှင့် ဆင်တူသည်။
ကောင်မလေးက သင့်ကို အနိုင်ကျင့်နေသည်ဟု သင်က ထင်ပြီး ဆရာမကိုပင် တိုင်ပြောလိုက်သေးသည်။
တကယ်တမ်းတွင် ကောင်မလေးက သင့်ကို ချစ်သော်လည်း စကားလုံးဖြင့် မည်သို့ ဖော်ပြရမှန်းမသိ၍သာ ဖြစ်၏။
နောက်ထပ် ဥပမာတစ်ခုမှာ သူ၏ရှေ့ခုံတွင် ထိုင်နေသော ကောင်မလေး၏ ဆံပင်ကို အမြဲလိုလို ဆွဲကစားလေ့ရှိသည့် ကောင်လေးနှင့် ဆင်တူသည်။
ပိုင်ချောင်း၏ ခံစားချက်ကလည်း ထို့အတူပင်။
သူမက တိုက်ခိုက်လေလေ ကျင့်ခယ်ကို အနိုင်ကျင့်ချင်လေလေ ဖြစ်လာသည်။
ဆိုရလျှင် ဤသည်က အချစ်စမ်းခြင်း တစ်မျိုးပင် ဖြစ်၏။
ထိုခဏတွင် ပိုင်ချောင်း၏ ဆံပင်များသည် ကျင့်ခယ်ကို ချုပ်နှောင်ရန် ဆန့်ထွက်သွားခဲ့သည်။
သူမ၏ဆံပင်က ကမ္ဘာကို လှည့်ပတ်မှုများစွာ ပြုလုပ်နေသည့် အာကာသထဲမှ ဂြိုဟ်တစ်လုံးကဲ့သို့ ကျင့်ခယ်ကို လှည့်ပတ်နေခဲ့သည်။
“မကောင်းတော့ဘူး”
ဖန့်ရှင်းက အခြေအနေ မကောင်းသည့် ခံစားချက်ကို ရရှိလိုက်သည်။
ထိုအချိန်မှာပင် ဆံပင်ချည်များကြားတွင် အဆုံးသတ်၌ ကျင့်ခယ်၏ အော်ရာက ထွက်ပေါ်လာခဲ့သည်။
စင်စစ် ကျင့်ခယ်က ပိုင်ချောင်း၏ ဆံပင်ကို ဖမ်းဆုပ်လိုက်ခြင်း ဖြစ်သည်။
ထို့နောက်တွင် ကျင့်ခယ်သည် ဆံပင်ကို ဆောင့်ဆွဲလိုက်တော့သည်။
ထိုအပြုအမူ၏ အကျိုးဆက်အဖြစ် ပိုင်ချောင်းသည် သနားစရာ ကောင်းလောက်အောင် အော်ညီး၍ ကျင့်ခယ်ဆီသို့ လွင့်ပျံလာခဲ့သည်။
ထို့နောက်တွင် ပိုင်ချောင်း၏ ဖြူဖြူဖွေးဖွေး ပေါင်တံနှစ်ချောင်းက ကျင့်ခယ်၏ ပုခုံးကို ခွထားသည့် အံဩဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ကျိုးရီ “ဒါက အင်ပါယာကို လုပ်ကြံသတ်ဖြတ်တဲ့ နည်းစနစ်ပဲ”
ထွင်ထျန်းဟာက ကျိုးရီ၏ စကားကို နားမလည်ခဲ့ပေ။
ထွင်ထျန်းဟာ “ဒါပေမဲ့ ငါသိချင်တာက မိန်းကလေးပိုင်ချောင်းက ဆံပင်တွေ ဘာကြောင့် ဒီလောက်အများကြီး ရှည်ထွက်လာရတာလဲ”
ဖန့်ရှင်း “သီအိုရီအရဆိုရင် မိန်းကလေးပိုင်ချောင်း အနေနဲ့ အမွေးအမျှင် တွေကို အဆမတန် ဆွဲဆန့်နိုင်ရတဲ့ အကြောင်းအရင်းက သူမ ခန္ဓာကိုယ်မှာရှိတဲ့ အမွှေးအမျှင်တွေ အားလုံးက အာဟာရတွေကို စုပ်ယူလိုက်တာကြောင့် ဖြစ်မယ်.. ဒါကြောင့် ဒီဆံချည်မျှင်တွေ အားလုံးက သူမရဲ့ ခြေသားလုံးမွေးတွေနဲ့ ဆက်စပ်နေနိုင်တယ်လို့ သခင်ကျင့်ခယ်က ယူဆပြီး သူမရဲ့ ခြေသားလုံးတွေကို ဖမ်းဆုပ်ထားတာ ဖြစ်နိုင်တယ်.. ပြောရရင် ငါတို့အားလုံးရဲ့ ခြေသားလုံးမွေးတွေ ပေါင်းလိုက်ရင်တောင် မိန်းကလေးပိုင်ချောင်းရဲ့ ခြေသားလုံးမွေး တစ်မွေးလောက် ရှည်မှာမဟုတ်ဘူး”
ထိုစကားကိုကြားလျှင် လူတိုင်းက အံ့ဩသွားကြသည်။
“ဒီကမ္ဘာကြီးမှာ ဒီလိုကိစ္စမျိုးလည်း ရှိနေသေးတယ်လား”
အပိုင်း(၉၀၆) ပြီး၏