← Chapters

ပိုင်ချောင်း၏ဂိမ်း

Vol. 61 Ch. 908

ပိုင်ချောင်း၏ဂိမ်း

Vol. 61 Ch. 908

မကောင်းဆိုးဝါးနှင် ပြိုင်ပွဲအပြီးတွင် သူဌေးကျင့်သည် ဆုငွေများစွာကို ရရှိခဲ့သည်။

အားလုံး၏အမြင်တွင် သူဌေးကျင့်သည် သူ၏ သမီးဆိုးအပေါ်တွင် သဘောအလွန်ကောင်းသူ ဖြစ်သည်။

ညှိနှိုင်းဆွေးနွေးမှု အပြီးတွင် ပိုင်ချောင်းသည် ဝမ်လင်းနှင့် သဘောတူညီချက် အသစ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။

သူမ၏ ဆန္ဒဖြစ်သည့် ဂိမ်းတစ်ခုကို ဖန်တီးပေးလျှင် ဝမ်လင်းနှင့်အတူ ပြန်လိုက်လာရန် ဆန္ဒရှိမည် ဖြစ်သည်။

ယခုအခါတွင် နောက်ထပ် ပြဿနာတစ်ခု ရှိနေခဲ့သည်။

ဤနေရာရှိလူတိုင်းသည် ဂိမ်းဆော့တတ်သော်လည်း မဖန်တီးတတ်ပေ။

ဂိမ်းများကို တီထွင်ဖန်တီးခြင်းသည် ခက်ခဲရုံသာမက စီစစ်မှုအဆင့်သည်လည်း မကြာသေးမီ နှစ်များအတွင်း တိုးမြင့်လာခဲ့သည်။

ဂိမ်းအသစ်များစွာသည် သက်ဆိုင်ရာအဖွဲ့များထံမှ လိုင်စင်ခွင့်ပြုချက်ပင် မရယူနိုင်ခဲ့၍ အဆုံးသတ်တွင် ထိုဂိမ်းအသစ်အားလုံးသည် ဂိမ်းကုမ္ပဏီများ လက်ထဲမှာပင် ပျောက်ကွယ်သွားခဲ့ရသည်။

ထို့အပြင် ဂိမ်းတစ်ခုကို ထုတ်လုပ်ရာတွင် မြင့်မားသောကုန်ကျစရိတ်များကို ရင်းနှီးမြှုပ်နှံရ၍ နောက်ပိုင်းတွင် ဂိမ်းများကို ထုတ်လုပ်သည့်ကုမ္ပဏီများ သိပ်မရှိကြတော့ပေ။

ဆိုရလျှင် ဂိမ်းကုမ္ပဏီများသည် ဈေးကွက်ထဲတွင် အကြပ်ရိုက်နေကြသည်။

အဓိကအချက်မှာ မည်သို့သော ဂိမ်းမျိုး ဖန်တီးသင့်သလဲဆိုသည့် မေးခွန်းဖြစ်သည်။

(Horseguin) နှင့် (Nethard) ကဲ့သို့သော ဂိမ်းများသည် MOBAနှင့် PUPG ကဲ့သို့သောဂိမ်းများဖြင့် ထိပ်တန်းအဆင့်ကို လွှမ်းမိုးထားကြသည်။

အကယ်၍သာ ဂိမ်းကုမ္ပဏီများသည် အလားတူဂိမ်းအမျိုးအစားများကို တီထွင်ခဲ့မည်ဆိုလျှင် ဈေးကွက်ဝေစုကို ရရှိရန် အလွန်ခက်ခဲမည် ဖြစ်သည်။

ထို့အပြင် ဂိမ်းကုမ္ပဏီငယ်များသည် ဂိမ်းတစ်ခုကို မည်မျှပင် ထူးခြားအောင်ဖန်တီးထားပါစေ၊ ဆာဗာလည်ပတ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ တည်ထောင်ထားသည့် ကုမ္ပဏီများနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် အသုံးပြုသူများလာသည် နှင့်အမျှ ဆာဗာက မနိုင်မနင်းဖြစ်ကာ ပျက်ကျနိုင်ချေ များသောကြောင့် ဖြစ်သည်။

သို့သော် ပိုင်ချောင်းတွင် ဂိမ်းဒီဇိုင်းနှင့် ပတ်သက်၍ ကိုယ်ပိုင်စိတ်ကူးများ ရှိနေပြီးသား ဖြစ်၏။

ဂိမ်းအသစ်တစ်ခုသည် ဂိမ်းဈေးကွက်ထဲ၌ လက်ဝါးကြီးအုပ် ခြေကုပ်ရယူလိုလျှင် တီထွင် ဖန်တီးနိုင်မှုသည် အဓိကအချက်ဖြစ်သည်။

ဤနေ့က ဩဂုတ် ၂၉ရက် နွေရာသီအားလပ်ရက်၏၁၆ရက်မြောက်နေ့ ဖြစ်သည်။

ဝမ်လင်း၏အခန်းက ဤမျှများပြားလှသော လူများနှင့် တစ်ခါမှ အသက်မဝင်ဖူးပေ။

သုတေသနအခန်းထဲတွင် အချိန်အတော်ကြာ တွန်းအားပေးခံခဲ့ရသော ဝမ်မင်လည်း ရောက်ရှိလာသည်။

သို့ရာတွင် ဝမ်မင်က ကိုယ်တိုင် လာရောက်ခြင်း မဟုတ်ဘဲ သူကိုယ်တိုင် အဝေးကနေ ထိန်းချုပ်နိုင်သည့် ဝမ်လင်း2ကို စေလွှတ်လိုက်ခြင်း ဖြစ်၏။

ဝမ်လင်း2ကို အဝေးရောက်ထိန်းချုပ်မှုမှ တဆင့် တိုက်ပွဲတွင်အသုံးပြုနိုင်ရုံသာမက မူလခန္ဓာကိုယ်နှင့် ပေါင်းစည်းရန်အတွက် ကလစ်တစ်ချက် နှိပ်ရုံဖြင့် ပြန်လည် ပေါင်းစည်းနိုင်မည် ဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ ဝမ်လင်း2တွင် အခြေခံဉာဏ်ရည်တု ရှိပြီးသားဖြစ်၍ ကိုယ်ပိုင်အသိဉာဏ်လည်း ရှိသည်။

ဆိုလိုသည်မှာ ဝမ်လင်း2၏ လက်ရှိစွမ်းဆောင်ရည်သည် ဝမ်လင်း ဖန်တီးထားသော ခေါက်ဆွဲခြောက် တာအိုဧကရာဇ်နှင့် အလွန်နီးစပ်နေပြီ ဖြစ်သည်။

ထို့အပြင် ဝမ်လင်း2၏ မှတ်ဉာဏ်များသည် ဝမ်မင်၏ ဦးနှောက်နှင့် ချိတ်ဆက်နေပေလိမ့်မည်။

တစ်ခုတည်းသော ခြားနားချက်မှာ ဝမ်လင်း2သည် ခေါက်ဆွဲခြောက်တာအိုဧကရာဇ်လောက်တော့ အစွမ်းမထက်ပေ။

အခန်းထဲတွင် ထွင်ထျန်းဟာ၊ ကျင့်ခယ်၊ ငွေရောင်လေး၊ ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ဝမ်လင်းတို့သည် ပိုင်ချောင်းကို စက်ဝိုင်းပုံစံဖြင့် ဝန်းရံထားကြသည်။

“ဂိမ်းဒီဇိုင်းအတွက် မင်းလုပ်ချင်တဲ့ အကြံဉာဏ်တွေကို အရင်ပြောပြပါ.. ကျန်တာတွေကို မေ့ထားလိုက်လို့ရတယ်”

ဝမ်လင်း2က ဝမ်မင်၏အသံဖြင့် စကားပြောလိုက်သည်။

“လွတ်လပ်မှု မြင့်မားတဲ့(Cultivation Simulation Sandbox) ဂိမ်းမျိုး ဒီဇိုင်းဆွဲချင်တယ်”

ဂိမ်းဒီဇိုင်း အကြောင်းကို ပြောသောအခါတွင် ပိုင်ချောင်း၏ မျက်နှာက ကြည်လင်နေပြီး မျက်လုံးများက အလင်းရောင်များဖြင့် တောက်ပနေသည်။

“ကျွန်မက အဲဒါကို (Cultivation emulator) လို့ အမည်ပေးမယ်.. ဇာတ်ကောင်တွေ မှော်စွမ်းရည်တွေ ကျင့်ကြံခြင်းကျင့်စဉ်တွေ မှော်အတတ်တွေ ကမ္ဘာကြီးကိုယ်တိုင် အပါအဝင် အရာရာကို လူတိုင်းက စိတ်ကြိုက် သတ်မှတ်နိုင်တယ်.. ဒါပြင်ကမ္ဘာကြီးရဲ့ မျှချေကို ထိန်းသိမ်းဖို့လည်း လိုအပ်တယ်.. ကျွန်မလိုချင်တာက ရည်ရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်ဖို့သေချာတဲ့ ကမ္ဘာကြီးပဲ.. အဲဒါက ဒီဂိမ်းရဲ့သော့ချက်ပဲ”

“ဒါဆို ဂိမ်းရဲ့အဓိကသော့ချက်က ကမ္ဘာတစ်ခုလုံး လည်ပတ်ဖွံ့ဖြိုးဖို့ပေါ့.. ဂိမ်းအတွင်းမှာ ဝယ်ယူမှုတွေရော ရှိဦးမှာလား”

ငွေရောင်လေးက မေးလိုက်သည်။

ဂိမ်းဝါသနာရှင် တစ်ဦးအဖြစ် ဗုံးပစ်စီနီယာအင်မော်တယ်၏ အိမ်တွင် နေထိုင်သည့် လများအတွင်း သူသည် ထိပ်တန်းအဆင့် ဂိမ်းအချို့ကို ကစားခဲ့ပြီး ငွေကြေးများစွာကို သုံးစွဲခဲ့သည်။

သူအမုန်းဆုံးဂိမ်းမှာ (Dungeon and Devils) ဂိမ်းဖြစ်သည်။

ထိုဂိမ်း၏ လက်နက်အဆင့်မြှင့်တင်မှုစနစ်က သူနှင့် ကီးမကိုက်ပေ။

ပိုက်ဆံကို သောက်သောက်လဲ သုံးသော်လည်း သူ၏ လက်နက်များကို အဆင့်မြှင့်တင်၍ မရပေ။

ငွေရောင်လေးက အွန်လိုင်းဗီဒီယိုအချို့ကို ကြည့်ရှုပြီးနောက်တွင် လက်နက်များကို အောင်မြင်စွာ အဆင့်မြှင့်တင်နိုင်သူများသည် လက်နက် အဆင့်မြှင့်တင်သည့် စနစ်ကို အလိုလိုက် အကြိုက်ဆောင်ကာ ဖားနေရကြောင်း သူသိလိုက်ရသည်။

သူတို့၏ ရိုးသားမှုကို သက်သေပြရန်အတွက် မောက်စ်ကို နဖူးဖြင့် နှိပ်ခဲ့ရသည်။

“ဂိမ်းအတွင်းမှာ ဝယ်ယူမှုတွေရှိမှာ မဟုတ်ဘူး.. ဒါက လုံးဝတရားမျှတတဲ့ ဂိမ်းတစ်ခုပဲ.. ဒါပေမဲ့ ငွေရှာဖို့ အတွက်ကတော့ အဆင့်မြှင့်ဂိမ်းကဒ်နဲ့ အတူ ခေတ်မီဖက်ရှင်တွေကို ရောင်းချဖို့ ဒီဇိုင်းထုတ်နိုင်ပါတယ်”

“ခေတ်မီအဝတ်အစားတွေ ဝတ်ပြီး စွမ်းအင်ကို တိုးမြှင့်စေမှာမျိုးလား”

“အဲဒီလိုမဟုတ်ဘူး.. အဆင့်မြှင့်ဂိမ်းကဒ်မှာက ကိုယ်ရွေးချယ်လိုက်တဲ့ ဇာတ်ကောင်ရဲ့ အခြေခံအချက်အလက်တွေကို စိတ်ကြိုက် သတ်မှတ်လို့ရတယ်.. ကိုယ်သတ်မှတ်လိုက်တဲ့ပေါ်မူတည်ပြီး အဝတ်အစားတွေက အလိုအလျောက် ဖြစ်ပေါ်လာမှာ ဖြစ်တယ်.. ဥပမာအားဖြင့် သင့်ရဲ့ကမ္ဘာမှာ အင်အားဘယ်လောက်၊ စွမ်းအားဖြန့်ကျက်မှု ဘယ်လောက် စသည်ဖြင့်ကြိုတင်သတ်မှတ်နိုင်တယ်.. ဒါပေမဲ့ အင်အားဖွဲ့စည်းမှုနဲ့အရွယ်အစားကတော့ ဇာတ်ကောင်ရဲ့ ဘောင်ပေါ်မှာပဲ မူတည်တယ်.. ကစားသမားတွေက ဇာတ်ကောင်တစ်ဦးစီရဲ့ ပင်ကိုယ်စွမ်းအင် အရည်အချင်း ကိုယ်ရည်ကိုယ်သွေး စတဲ့အချက်တွေအတွက် အရာအားလုံးကို အစမှာလွတ်လပ်စွာ ပုံဖော်နိုင်တယ်.. သူတို့ရဲ့ အရည်အချင်းနဲ့ ကိုယ်ရည်ကိုယ်သွေးတွေပေါ်အခြေခံပြီး ဒီဇာတ်ကောင်တွေက လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်လာမှာပဲ”

“ဒါနဲ့ လူဆိုးတွေမပါဘဲ ကမ္ဘာကြီးကို ထူထောင်လို့ ဖြစ်ပါ့မလား”

ထွင်ထျန်းဟာက မေးလိုက်သည်။

“လွတ်လပ်စွာကျင့်ကြံခြင်း ကမ္ဘာမှာတော့ ကစားသမားကသာ ဘုရားသခင်ဖြစ်တယ်.. မကောင်းမှုတွေမရှိတဲ့ ပြီးပြည့်စုံတဲ့ကမ္ဘာကို ဖန်တီးချင်တာက ကောင်းပါတယ်.. ဒါပေမဲ့ အဲဒီလိုကမ္ဘာကြီးက ဆက်လက်ဖွံ့ဖြိုးဖို့ မလွယ်ဘူး.. ငါးခူနဲ့ဆာဒင်းငါး ပုံပြင်ကို ကြားဖူးတယ်မဟုတ်လား.. ယဉ်ကျေးမှု တစ်ခုက ရန်ပွဲကြားကနေ ပေါက်ဖွားလာတယ်.. လေ့လာလိုက်စားလိုစိတ် ဒါမှမဟုတ် ပြောင်းလဲလိုစိတ် မရှိဘူးဆိုရင် ကမ္ဘာကြီးက တိုးတက်မှုတွေ ရှိလာမှာမဟုတ်ဘူး”

ပိုင်ချောင်းက ပြောလိုက်သည်။

ဝမ်လင်း2က ခေါင်းညိမ့်လိုက်သည်။

“မင်းလိုချင်တဲ့ပုံစံကို ငါနားလည်ပြီ.. ဒါပေမဲ့ ဒီဂိမ်းပရိုဂရမ်ကို ရေးဆွဲဖို့အတွက် အကိုးအကား အဖြစ် အချက်အလက်အစစ်အမှန်အချို့ လိုအပ်နေတာတော့ အမှန်ပဲ”

ဝမ်မင်က ထိုစကားကို ပြောပြီးနောက်တွင် သူတော်စင်အင်မော်တယ်ကျမ်း ရုတ်တရက် ပြောလိုက်သည်။

“ကျွန်တော့ရဲ့ပညာရှိသခင်က ကျွန်တော့်ကို သင့်လျော်သောကမ္ဘာအား ရှာဖွေစေပြီး ထိုကမ္ဘာကို အကိုးအကားယူရန် ၉၈% အခွင့်အလမ်း ရှိတယ်လို့ ကျွန်တော် တွက်ချက်ပါတယ်”

ဝမ်လင်း “……….”

“ဝိုး.. ဒီလိုမျိုး ခေတ်မမှီတော့တဲ့ တက်ဘလက် တစ်ခုက ဒီလောက်ထိတောင် စွမ်းဆောင်နိုင်တယ်လား”

ပိုင်ချောင်း၏ မျက်လုံးများက တောက်ပသွားသည်။

“မိန်းကလေးပိုင်ချောင်း ဒါက ငါ့အတွက် အသေးအဖွဲပါ”

သူတော်စင်အင်မော်တယ်ကျမ်းက ပြန်ဖြေလိုက်သည်။

ထို့နောက်တွင် သူတော်စင်အင်မော်တယ်ကျမ်းက အပြာရောင်နှင့်အညိုရောင် ဂြိုဟ်ပုံစံ တစ်ခုကို ဝမ်းဗိုက်ရှိ စခရင်ကနေ ပြသခဲ့သည်။

“ဒါက ဒဿမ စကြဝဠာရဲ့ လွန်ခဲ့တဲ့ နှစ်သန်း ၆၀၀ ကအနေအထားပဲ.. မိန်းကလေး ပိုင်ချောင်းက ဇာတ်ကောင်တွေကို အခုဖန်တီးလို့ရပြီ.. ဇာတ်ကောင်တွေကို ဒီ ဒဿမ စကြဝဠာနဲ့ ဖန်တီးလိုက်မယ်ဆိုရင် အနာဂတ်မှာ ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ်.. မိန်းကလေးပိုင်ချောင်းတင် မကဘူး ဒီမှာရှိတဲ့ လူတိုင်းက ကိုယ်ပိုင် ဇာတ်ကောင်တွေကို ဖန်တီးနိုင်တယ်.. ဒါက အနာဂတ်ကမ္ဘာကြီး အပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်”

ထိုစကားကိုပြောရင်း သူတော်စင်အင်မော်တယ်ကျမ်းက ဝမ်လင်းကို လှည့်ကြည့်လိုက်သည်။

“သခင် မင်းရော ပထမဆုံးဇာတ်ကောင်ကို ဖန်တီးချင်လား”

သူတော်စင်အင်မော်တယ်ကျမ်းက ၎င်း၏သခင်မှာ ဝမ်လင်းဖြစ်ကြောင်း ကောင်းစွာသိသည်။

ထို့ကြောင့် ဇာတ်ကောင်ကို ဖန်တီးရာတွင် ဦးစားပေးအနေဖြင့် မျက်နှာသာပေးရမည် ဖြစ်သည်။

အပိုင်း(၉၀၈) ပြီး၏

All Chapters