မဟာဗျူဟာလှည့်ဖြားမှုရုံး၏ အင်တာနက်ကဖေး
Vol. 61 Ch. 913
ဝမ်ကျန်းက အောက်ကမ္ဘာသို့ ဆင်းသက်လာသောကြောင့် နတ်ဘုရားနယ်မြေ၏ တည်ရှိမှုကို လူတိုင်းသိထားပြီးဖြစ်သည်။
သူတို့က နတ်ဘုရားနယ်မြေကို အပြည့်အဝ နားမလည်ခင်မှာပင် နတ်ဘုရားနယ်မြေထက် ပို၍ ဝေးကွာသောနေရာမှ ထွက်ပေါ်လာသည့် ခေါင်းသုံးလုံးဖီးနစ်ကို တွေ့လိုက်ရသည်။
"အဲဒါက ဘယ်လိုနေရာမျိုးပါလိမ့်"
နတ်ဆိုးသူတော်စင်နှင့် ရွှမ်းအားယွဲ့တို့ နှစ်ဦးစလုံးက အလွန်ပင် စိတ်ဝင်စားခဲ့ကြသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးကို အကြောင်းကြားသင့်လား”
ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က ပြောလိုက်သည်။
“မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးက လက်ရှိမှာငါတို့နတ်ဆိုးကမ္ဘာရဲ့ အကြီးမားဆုံးမဟာမိတ်ပဲ.. သူတို့ကို အသိမပေးဘူးလို့ ဆုံးဖြတ်လိုက်ရင်တော့ သူတို့ဆီက အကြံဉာဏ်ကိုရရှိမှာမဟုတ်ဘူး.. အဲဒီကလူတွေက ခေါင်းသုံးလုံးဖီးနစ်ကို ကိုင်တွယ်နိုင်တဲ့အထိ သန်မာကြတာတော့ အမှန်ပဲ”
ထိုစကားကို ပြောပြီးနောက် ရွှမ်းအားယွဲ့သည် ခေါင်းသုံးလုံးဖီးနစ်၏လည်ပင်းကို လက်တစ်ဖက်ထဲဖြင့် ဆုပ်ကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် လည်ချောင်းထဲကနေ ကြိုးမျှင်တစ်ခုကို ဆွဲထုတ်လိုက်သည်။
ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က ထိုမြင်ကွင်းကို မြင်ဖူးသလို ခံစားလိုက်ရသည်။
“ဒါက..”
“ဒီကြိုးက အရမ်း ထူးခြားတဲ့ပစ္စည်းနဲ့ ပြုလုပ်ထားတဲ့ပုံပဲ.. တစ်စုံတစ်ယောက်က ဒီကြိုးကိုအသုံးပြုပြီး ခေါင်းသုံးလုံးဖီးနစ်ကို ထိန်းချုပ်ထားတယ်ဆိုတာ ငါသေချာပေါက် ပြောနိုင်တယ်.. ဒီကြိုးက ရုပ်သေးမှော်ကြိုး ဖြစ်ပြီး ဝမ်ကျန်း သုံးတဲ့ကြိုးထက် ပိုအဆင့်မြင့်တယ်.. ခေါင်းသုံးလုံးဖီးနစ်က ဒီရုပ်သေးကြိုးနဲ့ ချိတ်ဆက်ခံထားရသရွေ့ အဲဒီလူကနောက်ကွယ်ကနေ အရာအားလုံးကို ထိန်းချုပ်နိုင်တယ်”
ထိုစကားကိုကြားလျှင် ဒုတိယမျိုးဆက်နတ်ဆိုးသူတော်စင်၏ မျက်လုံးများသည် မည်းမှောင်သွားခဲ့ပြီး ကမ္ဘာကြီး၏ အရှိန်အဟုန်လှိုင်းများကို ခံစားလိုက်ရသည်။
စကြာဝဠာ၏ လှိုင်းလုံးများက တစ်ကြိမ်ပြီးတစ်ကြိမ် လှုပ်ခတ်လာသဖြင့် များမကြာမီ လှိုင်းဂယက်များ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပါလား။
ဩဂုတ်၃၀ရက် ဗုဒ္ဓဟူးနေ့သည့် နွေရာသီအားလပ်ရက်၏ 17ရက်မြောက်နေ့ ဖြစ်သည်။
ဤနှစ်ရက်အတွင်း မိန်းကလေးပိုင်ချောင်း၏ စိတ်ကူးဖြင့် ဖန်တီးထုတ်လုပ်ထားသော နောက်ဆုံးထွက် ဂိမ်းတစ်ခုဖြစ်သည့်(Cultivation emulator)၏ စမ်းသပ်ဗားရှင်းသည် ကျောင်းများ၏(Tieba)တွင်ဖြစ်စေ၊ အတန်းချက်ဂရုများတွင်ဖြစ်စေ၊ အဓိက ပလက်ဖောင်းအမျိုးမျိုး၏ ခေတ်စားသောအကြောင်းအရာများတွင် နေရာယူထားခဲ့သည်။
ဂိမ်း၏ ကျော်ကြားမှုသည် လူတိုင်းမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။
ဂိမ်းကို တရားဝင် မထုတ်ရသေးသော်လည်း ကြိုတင်မှာယူမှုအရေအတွက်သည် မည်သူမှ စိတ်ကူးမယဉ်နိုင်သည်အထိ ဆယ်သန်းကျော်သွားခဲ့သည်။
ထို့ကြောင့် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးက ဂိမ်းအဖွဲ့တစ်ခုကို ချက်ချင်း တည်ထောင်ခဲ့ပြီး မိန်းကလေးပိုင်ချောင်းသည်လည်း ထိုအဖွဲ့၏ခေါင်းဆောင် ဖြစ်လာခဲ့သည်။
ဤသည်က ချစ်ကြည်ရင်းနှီးမှုပြုလုပ်ရန် အတွက် နှောင်ကြိုးတစ်ခု ဖြစ်သော်လည်း မိန်းကလေးပိုင်ချောင်း၏ နှလုံးသားကို အေးချမ်းစေသည်ထက်ပင် ပို၍ အဆင်ပြေစေခဲ့၏။
ဂိုဏ်းထဲသို့ ဝင်ပြီးနောက်တွင် လူတိုင်းသည် မိသားစု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
အရေးအကြီးဆုံးမှာ ဗုံးပစ်စီနီယာ အင်မော်တယ်သည် မိန်းကလေးပိုင်ချောင်း မငြင်းဆန်နိုင်သည့် မြင့်မားသောလစာကို ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။
ဤသည်က ဂိမ်းအိုင်တမ်ဝယ်ရန် အတွက် သူမ၏မွေးစားဖခင်ဖြစ်သည့် သူဌေးကျင့်ကို ရှာဖွေရန် မလိုအပ်တော့ဟုဆိုလိုသည်။
ထိုနေ့တွင်ပင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ဂိမ်းအဖွဲ့အတွက် ခန်းမတစ်ခုကို ပြုလုပ်ခဲ့ပြီး ခန်းမ၏ တံခါးဝတွင် ဂိမ်းအဖွဲ့ ဟူသောဆိုင်းဘုတ်ကိုပါ ချိတ်ဆွဲပေးခဲ့သည်။
ထိုခန်းမ၏ အပြင်အဆင်သည် အင်တာနက်ကဖေးနှင့်ဆင်တူသည်။
မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးမှ မည်သူမဆို မိမိတို့၏ တံဆိပ်ပြားကို အသုံးပြု၍ ဂိမ်းများကို ဆော့ကစားနိုင်မည် ဖြစ်သည်။
ဂိုဏ်းဝင်တပည့်များ အတွက် အင်တာနက် အသုံးပြုခမှာ အခမဲ့ဖြစ်ပြီး ၎င်းတို့၏ ရာထူးအဆင့်များအလိုက် အဖျော်ယမကာများနှင့် အစားအစာများကိုပါ အခမဲ့စားသုံးနိုင်ဦးမည် ဖြစ်၏။
ပုံမှန်အားဖြင့် ဂိမ်းအဖွဲ့၏ အင်တာနက်ကဖေးတွင် ဈေးနှုန်းသတ်မှတ်ချက်များ ရှိသည်။
အင်တာနက်ကဖေးကို အသုံးပြုလိုသော အခြားဂိုဏ်းများမှဧည့်သည်များသည် တစ်နာရီလျှင် အင်မော်တယ်ရွှေ ၅၀ ကုန်ကျမည် ဖြစ်၏။
မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံး၏ တည်ဆောက်မှုက ယခုအခါတွင် အပြည့်အဝ ရုပ်လုံးပေါ်လာပြီဟုပင် ယူဆနိုင်သည်။
အရောင်းရဆုံးထုတ်ကုန် ဖြစ်သည့် ကောင်းကင်တာအို ဘရိုကိုလီနှင့်(Cultivation emulator)ဂိမ်း၏ တိုးတက်မှုက မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး အတွက် အရေးကြီးသော ဝင်ငွေအရင်းအမြစ်များ ဖြစ်လာသည်။
ထိုနေ့တွင် အင်မော်တယ်လက်ဝါးသစ်ပင်ဂိုဏ်းမှ တပည့်နှစ်ဦးသည် ဘရိုကိုလီ ဝယ်ရန်လာရင်း ဂိမ်းအဖွဲ့၏ အင်တာနက်ကဖေးကို မြင်လိုက်ရသည်။
သူတို့က စပ်စုကြည့်ရာ အဆုံးသတ်တွင် အင်တာနက်ကဖေး၏ မြင့်မားသော ဈေးနှုန်းများကြောင့် ထိတ်လန့်သွားခဲ့သည်။
“တစ်နာရီအသုံးပြုခက အင်မော်တယ်ရွှေ ၅၀ ဖြစ်ပြီး ဝက်အူချောင်း တစ်ချောင်းရဲ့ စျေးနှုန်းက အင်မော်တယ်ရွှေ၅ ခုတောင် ကုန်ကျတယ်.. မင်းတို့ရဲ့ ဝက်အူချောင်းက ဘာလို့ဒီလောက်တောင် ဈေးကြီးနေရတာလဲ”
အင်မော်တယ် လက်ဝါးသစ်ပင်ဂိုဏ်းမှ တပည့်က ကောင်တာစားပွဲတွင် တစ်ချိန်လုံး ငိုက်နေသည့် လူငယ်လေးကို မေးလိုက်သည်။
“မင်းတို့ရဲ့မေးခွန်းကို ငါသေချာဖြေပေးပါ့မယ်”
ထိုလူငယ်လေးက မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံး ဖွင့်ပွဲတွင် နာမည်ကျော်ကြားခဲ့သည့် စုရှင်းမှလွဲ၍ အခြားသူမဟုတ်ပေ။
စုရှင်းသည် ဖွင့်ပွဲအခမ်းအနားတွင် သူ၏ လက်ဝါးနည်းစနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ထိပ်တန်း သူတော်စင်လက်နက်ကို ဆုအဖြစ် ရရှိခဲ့သည်။
သို့သော် သူ၏လက်ဝါးဂိုဏ်းတွင် သူမှလွဲ၍ အခြားမည်သည့်တပည့်မှ မရှိတော့ပေ။
ဂိုဏ်း၏လုပ်ငန်းဆောင်တာ ခွင့်ပြုချက်လိုင်စင်သည်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။
ထို့ကြောင့် ဗုံးပစ်စီနီယာအင်မော်တယ်က စုရှင်းကိုမဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ အဖွဲ့ဝင်အဖြစ်စည်းရုံးခဲ့သည်။
စုရှင်းက ကောင်းကင်တာအိုကို မရည်ရွယ်ဘဲ နားလည်သွားခဲ့သူဖြစ်ရာ ကောင်းကင်တာအိုအကြောင်းကို သုတေသနပြုရာတွင် များစွာ အထောက်အကူ ဖြစ်ခဲ့သည်။
စုရှင်းသည် ယခုအခါတွင် ကြေးစားလူမိုက်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပြီး ခေါင်းဆောင်ဖန့်ရှင်း၏ လက်ထောက်တစ်ဦးလည်း ဖြစ်သည်။
ယခုအခါတွင် ဂိမ်းအဖွဲ့က တည်ထောင်ခါစ ဖြစ်ပြီး မိန်းကလေးပိုင်ချောင်း အလုပ်များနေသဖြင့် ဖန့်ရှင်းက အင်တာနက်ကဖေးကို အကူအညီပေးရန်အတွက် စုရှင်းကိုစေလွှတ်ထားခဲ့ခြင်း ဖြစ်သည်။
ကြေးစားလူမိုက်အဖွဲ့သည် မည်သည့် အခြေအနေမျိုးတွင် မဆို ဂိုဏ်း၏ ဌာနအသီးသီးအား စောင့်ရှောက်ပေးရမည့် ဝတ္တရား ရှိသည် မဟုတ်လော။
စုရှင်းသည် ယခင်က ဂိုဏ်း၏ဖွင့်ပွဲအခမ်းအနားတွင် မီဒီယာများပေါ် ရောက်သည်အထိ ကျော်ကြားခဲ့သည်။
သူ၏လက်ဝါးဂိုဏ်းက အဆင့်အတန်းမြင့်သော ဂိုဏ်းတစ်ခုမဟုတ်သော်လည်း သူ၏ ယခင်အော်မြင်မှုများကြောင့် လူအများက အသိအမှတ်ပြုခဲ့ကြသည်။
ထို့ကြောင့် စုရှင်းကို ရုတ်တရက် မြင်လိုက်ရာ အင်မော်တယ်လက်ဝါးသစ်ပင်ဂိုဏ်း၏ တပည့်နှစ်ယောက်က အံ့အားသင့်သွားကြသည်။
“ဘယ်သူများလဲမှတ်တယ်.. ညီနောင်စုပါလား”
အင်မော်တယ် လက်ဝါးသစ်ပင်ဂိုဏ်း၏ တပည့်နှစ်ဦးထဲမှ အသက်ပိုကြီးပုံရသောသူက အံ့ဩတကြီး ရေရွတ်လိုက်သည်။
“မင်းတို့ကသာ ဈေးများတယ်ပြောနေတာ.. ဒီဝက်အူချောင်းကိုကောင်းကင် တာအိုဘရိုကိုလီ၊ ကောင်းကင်တာအို ခေါက်ဆွဲခြောက်ကြွပ်ကြော်နဲ့ နဂါးဝက်သားတွေ ထည့်သွင်းပြုလုပ်ထားတာကွ.. ဝက်အူချောင်း တစ်ချောင်းအတွက် အင်မော်တယ်ရွှေ ၅ ခုက လုံးဝမျှတတဲ့ ဈေးနှုန်းပဲ.. မဝယ်ဘဲထွက်သွားရင် မင်းတို့တွေ နောင်တရသွားလိမ့်မယ်”
စုရှင်းက အင်မော်တယ်လက်ဝါးသစ်ပင်ဂိုဏ်းမှ လူနှစ်ယောက်ကို စူးစိုက်ကြည့်ရင်း ခပ်ထေ့ထေ့ ရယ်မောလိုက်သည်။
ထို့နောက် သူက လက်ဝါးနှစ်ဖက်ကို အချင်းချင်း ပွတ်တိုက်လိုက်ရာ နတ်ဘုရားသံနှစ်ခု ထိပ်တိုက်တွေ့ဆုံသော အသံကဲ့သို့ ပြတ်သားသောအသံက ထွက်ပေါ်လာခဲ့သည်။
ထိုအသံကြောင့် တပည့်နှစ်ဦးသည် တံတွေးကိုပင် မျိုမချနိုင်တော့ပေ။
ဤသည်က ဝက်အူချောင်းကင်၏ ရနံ့ကြောင့်မဟုတ်ဘဲ စုရှင်းကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။
ဂိုဏ်း၏ ဖွင့်ပွဲအခမ်းအနားတွင် စုရှင်း၏ လက်ဖဝါးဖြင့် တိုက်ခိုက်သည့် ဗီဒီရိုများသည် အဓိက ဆိုရှယ်ပလက်ဖောင်းများတွင် ပျံ့နှံ့ခဲ့သည်။
ထို့ကြောင့် အင်မော်တယ်လက်ဝါးသစ်ပင်ဂိုဏ်းမှ တပည့်နှစ်ဦးသည် စုရှင်း၏လက်ဝါးနည်းစနစ် မည်မျှကောင်းမွန်သည်ကို ကောင်းစွာသိရှိထားကြသည်။
“ဝက်အူချောင်းကင် တစ်ကင်က အင်မော်တယ်ရွှေ ၅ခုပဲလား.. အရမ်းတန်တယ်.. ငါယူမှာပေါ့”
တပည့်နှစ်ဦးထဲမှ စီနီယာအစ်ကိုကြီးက စုရှင်း၏ ခြိမ်းခြောက်မှုကြောင့် ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူက ပိုက်ဆံအိတ်ထဲမှ ရွှေရောင်ငွေစက္ကူများကို ထုတ်ယူလိုက်သည်။
ထိုရွှေရောင်ငွေစက္ကူများသည် သာမန် ငွေစက္ကူများနှင့်ကွဲပြားပြီး ဂိုဏ်းဂဏများ၏ အဓိကအသုံးပြုသော ငွေကြေး ဖြစ်သည်။
စီနီယာအစ်ကိုက အင်မော်တယ်ရွှေချောင်း ၅ချောင်းနှင့်ညီမျှသည့် အင်မော်တယ်ရွှေငွေစက္ကူ ၅၀ ကို ချက်ချင်း ထုတ်ယူလိုက်သည်။
“ညီနောင် ဝက်အူချောင်း ဘယ်နှစ်ချောင်းဝယ်မှာလဲ”
စီနီယာအစ်ကိုကြီးက လက်တစ်ချောင်းကို အားလျော့စွာထောင်ပြလိုက်သည်။
“တစ်…တစ်ချောင်းပါ”
“ဘာဖြစ်လို့လဲညီနောင်.. မင်းရဲ့ ညီငယ်လေး အတွက်ရော မဝယ်တော့ဘူးလား”
“ဝက်အူချောင်း နှစ်ချောင်း အတွက်ဆိုရင်တော့ အင်မော်တယ်ရွှေဆယ်ခုပဲ ကုန်ကျမှာလေ”
“အင်း”
“မန်ဘာကဒ်နဲ့ ဆိုရင်တော့ အထူးဈေးနှုန်းကို ရရှိပါမယ်.. မန်ဘာကဒ်ထဲမှာ အင်မော်တယ်ရွှေ ၅၀၀ ဖြည့်လိုက်တာနဲ့ နောက်ထပ် ၅၀၀ ကို ထပ်ဆောင်းပေးတယ်.. ဒါ့အပြင် မန်ဘာကဒ်ကို ရထားတဲ့အတွက် ဝက်အူချောင်းကင် တစ်ကင်ရဲ့ဈေးနှုန်းက အင်မော်တယ်ရွှေ ၃ ခုပဲ ကျသင့်တော့မယ်.. ဘယ်လိုလဲ မန်ဘာကတ်ရော လိုချင်သေးလား”
“……….”
“ရပါတယ်.. မန်ဘာကတ် မလိုပါဘူး”
“မင်းတို့ အင်မော်တယ် လက်ဝါးသစ်ပင်ဂိုဏ်းရဲ့ လစာက တော်တော်လေးမြင့်တယ် မဟုတ်လား.. အင်မော်တယ်ရွှေလေး ၅၀၀ တောင် မင်းတို့မတတ်နိုင်ဘူးလား.. ဒါမှမဟုတ် မင်းတို့ ငါ့ကို မျက်နှာသာမပေးချင်လို့လား”
“ငါ.. ငါ အဲဒါဆိုရင် မန်ဘာကတ်တစ်ခု ယူလိုက်မယ်”
အင်မော်တယ်လက်ဝါးသစ်ပင်ဂိုဏ်းမှ ဂျူနီယာညီလေး ဖြစ်သူက သွားများကိုအံကြိတ်၍ ပြောလိုက်သည်။
“ငါတို့ဆီမှာ မန်ဘာကတ်တွေကို အဆင့်တွေ ခွဲထားသေးတယ်.. ကြေးအဆင့်မန်ဘာတွေက ပထမဆုံး ငွေငါးရာဖြည့်တဲ့အချိန်မှာ အပိုဆောင်း၅၀၀ ထပ်ရလိမ့်မယ်.. ရွှေအဆင့်မန်ဘာတွေကတော့ ပထမဆုံးအကြိမ် ငွေဖြည့်သွင်းတဲ့ငွေ ၁၀၀၀ အတွက် အပိုဆောင်း ၁၀၀၀ ကို ရရှိလိမ့်မယ်.. ဘယ်လိုမန်ဘာကတ်အမျိုးအစားကို လိုချင်ပါသလဲ”
“အိုး.. အဲဒီလိုလည်း ခွဲထားသေးတယ်လား”
“ဝက်အူချောင်းကင် အတွက် ကြေးအဆင့်မန်ဘာတွေရဲ့ဈေးနှုန်းက အင်မော်တယ်ရွှေ ၃ခုဖြစ်တယ်.. ရွှေအဆင့်မန်ဘာတွေရဲ့ ဈေးနှုန်းကတော့ အင်မော်တယ်ရွှေ ၂ ခုပဲ ဖြစ်တယ်.. စိန်အဆင့် မန်ဘာတွေရဲ့ ဈေးနှုန်းကတော့ အင်မော်တယ်ရွှေ ၁ ခုဖြစ်တယ်.. ဒါပေမဲ့ ငါတို့ရဲ့ အင်တာနက်ကဖေးက ကွန်ပျူတာတွေကို နေ့စဉ်နေ့တိုင်း လာသုံးမယ်ဆိုရင်တော့ မင်းတို့ကို ဝက်အူချောင်းကင် တစ်ကင် အလကားပေးမှာပါ”
“……….”
“လခွမ်း.. အင်မော်တယ်ရွှေ ၅ ခုပဲ ကုန်ကျတဲ့ဝက်အူချောင်းလေး အတွက်နဲ့ ငါတို့က နေ့စဉ်နေ့တိုင်း အင်မော်တယ်ရွှေ ၅၀ ကို အကုန်ကျခံနေရမှာလား”
အပိုင်း(၉၁၃) ပြီး၏