← Chapters

ကျိုးရီ၏ဧည့်ဝတ်ကျေပွန်မှု

Vol. 61 Ch. 914

ကျိုးရီ၏ဧည့်ဝတ်ကျေပွန်မှု

Vol. 61 Ch. 914

အင်မော်တယ်လက်ဝါးဂိုဏ်းမှ တပည့်နှစ်ယောက်သည် အင်တာနက်ကဖေးအား စပ်စုမိသည်ကို အလွန်ပင် နောင်တရနေခဲ့သည်။

စုရှင်းက သူတို့ကို အနိုင်အထက် ပြုနေသော်လည်း သူတို့အနေဖြင့် မျက်နှာမလွှဲနိုင်ပေ။

ဂိုဏ်းဖွင့်ပွဲအပြီးတွင် စုရှင်းနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့က အလွန်ရင်းနှီးသွားကြောင်း လူတိုင်း သိထားကြသည်။

ဗုံးပစ်စီနီယာအင်မော်တယ် ဆိုသည်မှာ မည်သူနည်း။

၎င်းက မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး ဖွင့်လှစ်သည့်နေ့မှာပင် နိုင်ငံစတင်တည်ထောင်သူ ဗိုလ်ချုပ် ၁၀ ပါးကပင် မျက်နှာသာပေးရသူဖြစ်သည်။

ထိုမဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးသည် လက်ရှိတွင် အလင်းအဖွဲ့အစည်းများ အားလုံး၌ ဟွာရှို့မဟာမိတ်အဖွဲ့နှင့် တိုက်ရိုက် ပူးပေါင်းလုပ်ဆောင်နေသည့် တစ်ခုတည်းသော ဂိုဏ်းလည်း ဖြစ်သည်။

ထို့ကြောင့် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးနှင့် ဆက်ဆံရေးကောင်း တစ်ခုတည်ဆောက်ရန်မှာ အလွန်အရေးကြီး၏။

ဂိုဏ်းဖွင့်ပွဲအခမ်းအနားတွင် အင်မော်တယ် လက်ဝါးသစ်ပင်ဂိုဏ်းသည် အခမ်းအနားသို့ မည်သည့် ကိုယ်စားလှယ်မှ မစေလွှတ်ခဲ့ပေ။

အင်မော်တယ် လက်ဝါးသစ်ပင်ဂိုဏ်း၏ ခေါင်းဆောင်သည် ကောင်းကင်တာအိုဘရိုကိုလီ ရောင်းချသည့်နေ့မှာပင် အလွန်နောင်တရကာ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးနှင့်ပတ်သက်သည့် အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့သည်။

ယင်းမှာ ဂိုဏ်းဝင်တပည့်များ အားလုံးသည် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ လုပ်ငန်းဆောင်တာအားလုံးသည် တတ်အားသရွေ့ ပံ့ပိုးပေးရမည် ဟူသော စည်းမျဉ်းဖြစ်သည်။

တစ်နည်းအားဖြင့် ထိုသို့ အမိန့်ထုတ်ပြန်လိုက်ခြင်းသည် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးကို တောင်းပန်ခြင်းတစ်မျိုးပင်။

ထို့အပြင် အင်မော်တယ်လက်ဝါးသစ်ပင်ဂိုဏ်းသည် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်အတွက် ရိုးသားမှုကိုပြသခဲ့ခြင်းလည်း ဖြစ်သည်။

တကယ်တမ်းတွင် အင်မော်တယ် လက်ဝါးသစ်ပင်ဂိုဏ်းမှ တပည့်နှစ်ယောက်သည် စုရှင်း၏ အနိုင်အထက်ပြုမှုကို ငြင်းဆန်၍မရသည်မှာ ဤစည်းမျဉ်းကြောင့်ပင်။

“ရွှေအဆင့်မန်ဘာကတ်ကို ယူလိုက်ပါမယ်”

စီနီယာအစ်ကိုကြီး ဖြစ်သူက အံကြိတ်လိုက်ပြီး ပိုက်ဆံအိတ်ထဲမှ ရွှေရောင်ငွေစက္ကူများစွာကို ထုတ်ယူလိုက်သည်။

ထိုအချိန်တွင် စီနီယာအစ်ကိုကြီးနံဘေးရှိ ဂျူနီယာညီလေးသည် အစ်ကိုကြီးဖြစ်သူ၏ ကံဆိုးမှုကိုကြည့်ကာ ရွှင်မြူးသောမျက်နှာထားဖြင့် တိတ်တဆိတ် ရယ်မောနေသည်ကို စုရှင်း သတိထားမိခဲ့သည်။

စုရှင်း “ရွှေအဆင့်မန်ဘာ ဖြစ်သွားပြီဆိုတော့ နောက်ထပ် ၅၀၀ ထပ်ဖြည့်ပြီး အဆင့်မြှင့်လိုက်ပါလား.. အဲဒါဆိုရင် ရွှေအဆင့်မန်ဘာကတ်က ပိုအဆင့်မြင့်သွားပြီး လူနှစ်ဦး အသုံးပြုနိုင်မှာဖြစ်တယ်.. ဒါပေမဲ့ အဲဒီအင်မော်တယ်ရွှေ ၅၀၀ ကို မင်းရဲ့ဂျူနီယာညီလေးကပဲ ပေးမှရမယ်”

“………..”

စုရှင်း၏စကားကြောင့် ဂျူနီယာညီလေး၏ မျက်နှာက ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။

သူက မငြင်းဆန်နိုင်ဘဲ အင်မော်တယ်ရွှေ ၅၀၀ နှင့် ညီမျှသော ရွှေရောင်ငွေစက္ကူများကို ထုတ်ပေးလိုက်ရဿည်။

စုရှင်းက ပိုက်ဆံကို ဝမ်းသာအားရ ဖြည့်သွင်းခဲ့ပြီး စာရင်းသွင်းနေစဉ် ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိပြီး ညီအစ်ကိုနှစ်ဦးကို ကြည့်လိုက်သည်။

“အင်း.. ဒါနဲ့ နောက်ထပ် အင်မော်တယ်ရွှေ ၅၀၀ ကို ထပ်ဖြည့်ချင်သေးလား.. ငါတို့ အင်တာနက်ကဖေးက အခုမှ စဖွင့်တာဆိုတော့ ပရိုမိုးရှင်းတစ်ခု ရှိတယ်.. အဲဒီပရိုမိုးရှင်းက အင်မော်တယ်ရွှေ ၅၀၀ ကို ခေါက်ဆွဲခြောက်ထုပ်နဲ့ လဲလှယ်နိုင်တာပဲ”

“ရပါပြီ.. မလိုတော့ပါဘူး.. ငါတို့မှာ ပိုက်ဆံလည်း မကျန်တော့ဘူး”

အင်မော်တယ် လက်ဝါးသစ်ပင်ဂိုဏ်းမှ ညီအစ်ကိုနှစ်ယောက်က ငိုမဲ့မဲ့ဖြင့် ပြန်ဖြေလိုက်သည်။

ထိုမြင်ကွင်းကိုကြည့်ကာ စုရှင်းက ပြုံးလိုက်သည်။

“မင်းတို့တွေနောက်မှ နောင်တမရကြနဲ့နော်”

တကယ်တမ်းတွင် ညီအစ်ကိုနှစ်ဦးထံ၌ ပိုက်ဆံမရှိ၍ မဟုတ်ပေ။

ခေါက်ဆွဲခြောက်ထုပ်များကို အင်မော်တယ်ရွှေ ၅၀၀ နှင့်လဲလှယ်ရန်မှာ မထိုက်တန်ဟုထင်၍ ဖြစ်သည်။

ငတုံးတစ်ယောက်ကသာ ထိုကဲ့သို့သော အလဲအလှယ်ကို ပြုလုပ်မည် မဟုတ်ပါလား။

ဆယ်မိနစ်ခန့်အကြာတွင် အင်မော်တယ် လက်ဝါးသစ်ပင်ဂိုဏ်းမှ တပည့်နှစ်ယောက်သည် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ အင်တာနက်ကဖေးမှ ရွှေရောင်မန်ဘာကတ်ကို ကိုင်ဆောင်၍ စိတ်ပျက်လက်ပျက် မျက်နှာပေးဖြင့် ထွက်သွားခဲ့သည်။

စုရှင်းက တံခါးဘောင်ပေါ်တွင် လက်တင်၍ ထိုနှစ်ယောက်ထွက်သွားသည်ကို ငေးကြည့်နေခဲ့သည်။

ဩဂုတ်လ ၃၀ ရက်နေ့သည် ဗုဒ္ဓဟူးနေ့ဖြစ်သည်။

အင်မော်တယ် လက်ဝါးသစ်ပင်ဂိုဏ်းမှ တပည့်နှစ်ဦးထွက်သွားပြီး မကြာမီမှာပင် ကျောင်းပေါင်း ၁၀၀ အထွေထွေအုပ်ချုပ်ရေးတံဆိပ် ပါသော ဗင်ကားတစ်စီးသည် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ ဂိတ်တံခါးကိုဖြတ်သန်းသွားခဲ့သည်။

ထို့နောက်တွင် လူတစ်စုက ကားပေါ်မှ ဆင်းလာခဲ့သည်။

ထိုလူတစ်စုမှာ အမှတ် ၆၀ အထက်တန်းကျောင်း ပထမနှစ် အခန်း ၃ မှဖြစ်သည့် ဝမ်လင်း၊ ချန်းချောင်း၊ ကော်ဟောက်နှင့် မြေပဲလေးတို့ ဖြစ်ကြသည်။

ချန်းချောင်က မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးမှ ဖိတ်ခေါ်ချက်ကို အမှန်တကယ် လက်ခံရရှိခဲ့သောကြောင့် မယုံနိုင်လောက်အောင် ဖြစ်နေခဲ့သည်။

သူက(Cultivation Emulator) ဂိမ်းမှ ဘီတာအကောင့်ကို မရရှိခြင်းနှင့် ပတ်သက်၍ မနေ့က ညီးညူနေခဲ့သည်ကို အမှတ်ရနေသေးသည်။

အဆုံးသတ်တွင် နောက်တစ်နေ့၌ ဖိတ်စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။

ထိုဖိတ်စာထဲတွင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ အမည်နှင့်လက်မှတ်များ ပါဝင်ပြီး ရွှေရောင်တံဆိပ်တုံးကိုပင် ထုထားသေးသည်။

သူက အသစ်တည်ဆောက်ထားသည့် အင်တာနက်ကဖေးသို့ အလည်အပတ် ကြွရောက်ရန် ဖိတ်ကြားခံခဲ့ရခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကော်ဟောက်နှင့် မြေပဲလေးတို့ကလည်း အလားတူ ဖိတ်ကြားစာများကို လက်ခံရရှိခဲ့သည်။

ဖန့်ရှင်းက ရှေ့ခရီးသည်ထိုင်ခုံကနေ သူတို့ကို ပြုံးပြလိုက်သည်။

“အရမ်းကြီး စိတ်မလှုပ်ရှားနေပါနဲ့.. ငါတို့က အရွယ်မရောက်သေးတဲ့အတွက် လှည့်ပတ်ကြည့်ရှုခွင့်ပဲ ရှိပါတယ်.. ငါတို့ကိုဖိတ်ကြားဖို့အတွက် စီနီယာကျိုးရီက ဗုံးပစ်စီနီယာအင်မော်တယ်ကို တောင်းဆိုပေးတာနဲ့ပဲ ငါတို့အနေနဲ့ ကျေနပ်သင့်နေပါပြီ”

“ငါတို့က လှည့်ပတ်ကြည့်ရှုခွင့်ပဲ ရှိတာလား”

ကော်ဟောက်နှင့် ချန်းချောင်တို့ နှစ်ဦးလုံးက အနည်းငယ်စိတ်ပျက်သွားခဲ့ကြသည်။

“ပြောလို့မရဘူးနော်.. မင်းတို့ပြန်လို့ရှိရင် ဘီတာဗားရှင်းကို လက်ဆောင်ပေးရင် ပေးလိုက်မှာ.. အဲဒါဆိုရင် အိမ်မှာဆော့လို့ရသွားပြီ”

မြေပဲလေးက ရယ်မော၍ ပြောလိုက်သည်။

လေ့လာရေးတာဝန်ခံ အဖြစ် တာဝန်ယူထားသည့် မြေပဲလေး၏ စကားကြောင့် ကော်ဟောက်နှင့် ချန်းချောင်တို့က စိတ်များ ပြန်လည် တက်ကြွလာခဲ့သည်။

“ဝမ်လင်းက လာဘ်ကောင်လေးလို့ ငါပြောတာမှန်တယ်မဟုတ်လား.. အခုထိတောင် အံ့အားသင့်နေတုန်းပဲ.. ဒါပေမဲ့ စီနီယာကျိုးရီက ဘာလို့ ရုတ်တရက်ကြီး ငါတို့ကို ဖိတ်ခေါ်ခဲ့တာလဲ”

“ဝိညာဉ်ဓားဖလှယ်ပွဲမှာ ဝမ်လင်းရဲ့ ဝိညာဉ်ဓားကို စီနီယာကျိုးရီက ငှားယူခဲ့တာ မင်းမေ့သွားပြီလား.. ဒါက စီနီယာကျိုးရီရဲ့ ကျေးဇူးတင် စကားပြောနည်းတစ်ခုပါပဲ”

ဖန့်ရှင်းက ရှင်းပြလိုက်သည်။

ဖန့်ရှင်းနှင့်ကျိုးရီတို့က ဤဇာတ်လမ်းအတွက် မနေ့ညကတည်းက ဇာတ်တိုက်ထားပြီးသား ဖြစ်သည်။

“မင်းပြောသလိုပေါ့.. ဝမ်လင်းက တကယ့် လာဘ်ကောင်လေးပဲ”

ချန်းချောင် သံသယမဝင်အောင် ဖန့်ရှင်းက ကံကြမ္မာကို ပုံချလိုက်သည်။

“အကြောင်းအရင်းကိုသာ မသိရင် ငါတို့ကို ဖိတ်ကြားဖို့လှုံ့ဆော်လိုက်တဲ့သူက အတန်းဖော် ဝမ်လင်းပဲလို့ ငါယုံလုနီးပါးပဲ”

ဖန့်ရှင်း “……….”

ဝမ်လင်း “……….”

ဖန့်ရှင်းပြောခဲ့သလိုပဲ သူတို့အနေဖြင့် ဤတစ်ကြိမ်တွင် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ အင်တာနက်ကဖေးကို သွားရောက်လည်ပတ်ရုံသာ တတ်နိုင်ခဲ့ကြသည်။

ထိုနေရာက တရားဝင် အင်တာနက်ကဖေး ဖြစ်သောကြောင့် အသက်မပြည့်ဘဲ အသုံးပြုရန် မဖြစ်နိုင်ပေ။

“လခွမ်း.. မိုက်လှချည်လားဟ”

အင်တာနက်ကဖေးသို့ ဝင်လိုက်သည်နှင့် သူမြင်လိုက်ရသောမြင်ကွင်းကြောင့် ချန်းချောင်က အံ့အားသင့်သွားခဲ့သည်။

ဤနေရာက အင်တာနက်ကဖေးဟု လုံးဝ ထင်ရက်စရာမရှိပေ။

ခန်းမတစ်ခုလုံးကို နန်းတော်ခန်းမ တစ်ခုကဲ့သို့ တည်ဆောက်ထားပြီး စက်များအားလုံးသည် ပုံရိပ်ယောင် ဂိမ်းစက်များ ဖြစ်သည်။

ထွင်းဖောက်၍ မြင်နေရသည့် ဖန်သားအဖုံးဖြင့် ဖုံးအုပ်ထားသည့် ရှည်မျောမျော ကုတင်ပေါ်တွင် လှဲလျောင်းကာ ဦးထုပ်ဆောင်းလိုက်ရုံဖြင့် အင်တာနက်နှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ဂိမ်းကို ဆော့နိုင်မည် ဖြစ်သည်။

အကြာကြီးကစားလျှင်ပင် သင့်အနေဖြင့် ပင်ပန်းမည်မဟုတ်ပေ။

သင့်အနေဖြင့် ဂိမ်းစက်ထဲသို့ရောက်သည်နှင့် တပြိုင်နက် အိပ်မက်မက်နေသလို ခံစားရပြီး သင့်ခန္ဓာကိုယ်က လုံးဝအနားယူသွားမည် ဖြစ်သည်။

ထို့ပြင် ဗုံးပစ်စီနီယာအင်မော်တယ် ဝယ်ယူထားသော ပုံရိပ်ယောင် ဂိမ်းကုတင်သည် အလွန်အဆင့်မြင့်ပြီး အနှိပ်လုပ်ဆောင်ချက်များပင် ပါဝင်၏။

ဖန့်ရှင်းက စုရှင်းထံ သူတို့ရောက်လာမည့် အကြောင်းကို ကြိုတင် အကြောင်းကြားထားပြီးပြီ ဖြစ်သည်။

စုရှင်းက သူတို့ရောက်လာသည်နှင့် အင်တာနက်ကဖေး၏ အသွင်အပြင် အမျိုးမျိုးကို သူတို့အား မိတ်ဆက်ပေးခဲ့သည်။

“ဒီပုံရိပ်ရောင်ကုတင်တွေက နောက်ဆုံးထွက် ဗားရှင်းဖြစ်ပြီး အညစ်အကြေးစွန့်တဲ့ စနစ်ကိုပါ ထည့်ထားတယ်.. အကယ်၍ သင်က အိမ်သာကို အသုံးပြုချင်တယ်ဆိုရင် အိမ်သာမုဒ်ကို တိုက်ရိုက် ပြောင်းလိုက်ရုံပဲ.. အဲဒီနောက်မှာတော့ ပုံရိပ်ယောင်ကုတင်က အလုံပိတ်အိမ်သာ အဖြစ်ကို ပြောင်းလဲသွားမှာ ဖြစ်တယ်”

ထို့နောက် စုရှင်းက ခလုတ်တစ်ခုကို ညွှန်ပြလိုက်သည်။

“ဒီခလုတ်ကိုတွေလား.. ဗိုက်နာတဲ့ပုံကို ပြသနေတဲ့ ဒီခလုတ်က အိမ်သာမုဒ်အတွက် ခလုတ်ဖြစ်တယ်”

“ဒါကရော ဘာခလုတ်လဲ”

ကော်ဟောက်က အိမ်သာမုဒ်ခလုပ်အောက်ရှိ ခလုတ်တစ်ခုကို ညွှန်ပြလိုက်သည်။

ထိုခလုပ်၏ မျက်နှာပြင်တွင် စားကြွင်းစားကျန် အစားအစာပုံကို ကပ်ထားသည်။

“ဒါက တုန်ခါမှုမုဒ်ပါ”

“……….”

“တချို့ဖောက်သည်တွေက ဂိမ်းကို အလွန်အကျွံ နှစ်သက်နိုင်တယ် ဆိုတဲ့အချက်ကို ကျွန်တော်တို့ ထည့်သွင်းစဉ်းစားခဲ့ပြီး ဝမ်းနုတ်ဆေးလိုမျိုး သက်ရောက်မှုရှိတဲ့ လုပ်ဆောင်ချက် တစ်ခုကို ထည့်သွင်းခဲ့တာ ဖြစ်တယ်.. အချိန်အတော်ကြာလဲလျောင်းခြင်း ဒါမှမဟုတ် ထိုင်ခြင်းက ဝမ်းချုပ်ခြင်းကိုအလွယ်တကူ ဖြစ်စေနိုင်တာ ကျွန်တော်တို့အားလုံး သိကြတယ်လေ”

“မင်းတို့ရဲ့ ဝန်ဆောင်မှုတွေက အကုန်လုံးကို အလေးအနက်ထားပြီး ထည့်သွင်းစဉ်းစားထားတာပဲ”

ကော်ဟောက်က အံ့အားသင့်စွာ ချီးကျူးလိုက်သည်။

“ကစားသမားတွေ အိမ်သာတက်ပြီး စွန့်ပစ်လိုက်တဲ့ အညစ်အကြေးတွေက စွန့်ပစ်ရေလှောင်ကန်ထဲကို ရောက်ရှိသွားမှာဖြစ်တယ်.. ဒီအညစ်အကြေးတွေကို အထူးသန့်စင်ပြီးတဲ့နောက်မှာ ကောင်းကင်တာအို ဘရိုကိုလီ အတွက် မြေဩဇာအဖြစ် ပြန်လည်အသုံးပြုသွားမှာ ဖြစ်တယ်

”……..….”

“အင်တာနက်ကဖေးက အခုမှစဖွင့်တယ် ဆိုပေမဲ့ ငါတို့မှာအခြေတည်စိတ်ဝိညာဉ် အဆင့်နဲ့ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဖောက်သည်တွေ အများကြီးရှိနေပါပြီ.. ပုံမှန်အားဖြင့် သူတို့ရဲ့အညစ်အကြေးတွေကို ရရှိဖို့ဆိုတာ မလွယ်ဘူးလေ”

“……….”

စုရှင်းက ရှင်းပြနေစဉ်အတွင်း ဝမ်လင်းကို မသိမသာ ခိုးကြည့်နေခဲ့သည်။

ချန်းချောင်၊ မြေပဲလေး၊ ကော်ဟောက်မှလွဲ၍ ဤနေရာရှိ လူတိုင်းသည် ဝမ်လင်း၏ သရုပ်မှန်ကို ကောင်းစွာ သိရှိခဲ့ကြသည်။

အပိုင်း(၉၁၄) ပြီး၏

All Chapters