ဝမ်လင်း၏ အမှတ်အသား
Vol. 61 Ch. 915
မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ အမာခံအဖွဲ့ဝင်များတွင် ဝမ်လင်း၏သရုပ်မှန်ကို မသိသူတစ်ယောက်မှမရှိပေ။
ဝမ်လင်းသာမက ဝမ်မိသားစု အိမ်ငယ်လေးတွင် နေထိုင်သူအားလုံးသည် စီနီယာများ ဖြစ်ကြသည်။
ထိုစကားအား ဖြန့်ဝေပေးသူမှာ ဗုံးပစ်စီနီယာ အင်မော်တယ် ဖြစ်သည်။
စိတ်ကူးယဉ်ဆန်သော စိတ်ကူးစိတ်သန်းရှိသည့် မိတ်ဆွေတစ်ဦးရှိခြင်းသည် အချို့အရာများကို ရှင်းပြရာတွင် အမှန်တကယ် သက်သာရာရကြောင်း လက်တွေ့အနေဖြင့်သက်သေပြခဲ့သည်။
အဆုံးသတ်တွင် ၎င်းတို့အားလုံးမှာ နှုတ်လုံကြသည့် အမာခံအဖွဲ့ဝင်များဖြစ်ပြီး ဗုံးပစ်စီနီယာ၏ လူယုံများလည်းဖြစ်သည်။
ဤလူများက သူ့ကိုစီနီယာတစ်ယောက် အဖြစ် အသိအမှတ်ပြုထားကြောင်း ဝမ်လင်းကောင်းစွာသိသည်။
သူက အထက်တန်းကျောင်းတွင် ကျောင်းတက်နေသည်ကို ၎င်းတို့ သိကြသော်လည်း ထိုအရာသည် အနန္ဒတန်ခိုးရှင်တစ်ဦး၏ ထူးခြားသောအာသီသ ဖြစ်သည်ဟုသာ ထင်ခဲ့ကြသည်။
အနန္ဒတန်ခိုးရှင်တစ်ဦး ဖြစ်လာရသည့် အကြောင်းအရင်းမှာ အနည်းနှင့်အများ ထူးဆန်းနေသောကြောင့် ဖြစ်သည်ဟု လူအများက လက်ခံထားကြသည်။
ချောချောမွေ့မွေ့နှင့် တည်ငြိမ်စွာကျင့်ကြံခြင်းသည် ကောင်းမွန်သောအရာ ဖြစ်သည်။
ထိုသို့တည်ငြိမ်၍ လေးနက်သော စရိုက်လက္ခဏာ ရှိသူများတွင် ထူးခြားသည့် အောင်မြင်မှုများကို မြင်တွေ့ရလေ့မရှိပေ။
အခြားတစ်ဖက်တွင်မူ အများနှင့်မတူဘဲ တစ်မူထူးခြားသောသူများသည် ထူးခြားသော ကိုယ်ရည်ကိုယ်သွေးများ ရှိတတ်ကြသည်။
ကျင့်ကြံခြင်းလောကတွင် အများအားဖြင့် အမှီခိုကင်းသောပုံစံရှိသူများသည် အရာခပ်သိမ်းကို ပို၍လွယ်ကူစွာ ပြီးမြောက်နိုင်ကြသည်။
ဤသည်က အဓိပ္ပါယ်မဲ့သည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အမှန်တရား ဖြစ်သည်။
တကယ်လည်း ဝမ်လင်းသည် ဒရမ်မာ ရုပ်ရှင်ကားများကို ကြည့်ရသည်အား နှစ်သက်ပြီး ခေါက်ဆွဲခြောက်ကြွပ်ကြော်များကို စွဲစွဲလမ်းလမ်း နှစ်သက်သည့် ထူးခြားချက်များ ရှိသည် မဟုတ်ပါလော။
နောက်ဆုံးအချက်မှာ ဖေဖေဝမ်နှင့် မေမေဝမ်တို့၏ ငယ်စဉ်ကတည်းက သွန်သင်မှုကြောင့် စာကျက်ရသည်ကို နှစ်သက်ခြင်းဖြစ်သည်။
အားလုံးကို ခြုံပြောရလျှင် သူ၏ နှစ်သက်မှုများသည် နှစ်ထောင်ပေါင်းများစွာ သမိုင်းတစ်လျောက် ဖြတ်သန်းခဲ့ကြသော စီနီယာကြီးများပင် နှိုင်းယှဉ်၍ မရလောက်သည်အထိ ထူးခြားနေသည်ကို သက်သေပြနေခဲ့သည်။
ဝမ်လင်းက စာကျက်ရသည်ကို နှစ်သက်သော်လည်း အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ပျင်းရိသည့်အချိန်များလည်း ရှိခဲ့သည်။
ထိုသို့မဟုတ်လျှင် သူ့ကိုယ်စား အိမ်စာလုပ်ရန်အတွက် မွန်းစတာဘောပင်နှင့် မှင်စာခဲဖျက်တို့ကို ဖန်တီးခဲ့မည် မဟုတ်ပေ။
ဝမ်လင်းက စာမေးပွဲတွင် အမှတ်များ အလယ်အလတ်တွင်ရှိစေရန်အတွက် စာများကို ကြိုတင်လေ့ကျင့်လေ့ရှိသည်။
အိမ်စာများကို သူကိုယ်တိုင်လုပ်လေ့ ရှိသော်လည်း တစ်ခါတစ်ရံတွင် စိတ်ပါ၍လုပ်ခြင်း မဟုတ်ဘဲ ခေါက်ဆွဲခြောက်ကြွပ်ကြော် အတွက် အိမ်စာများလုပ်ခြင်း ဖြစ်သည်။
သူကိုယ်တိုင်လုပ်ထားသည့် အိမ်စာများသည် ငွေကြေးဖြင့်ပင်ဝယ်ယူ၍ မရသည်အထိ တန်ဖိုးမြင့်မားသည်။
အဘယ်ကြောင့်ဆိုသော် ထိုအိမ်စာများဖြင့် သူသည် ကောင်းကင်တာအိုထံမှ ခေါက်ဆွဲခြောက်ထုပ်များနှင့် လဲလှယ်၍ရသောကြောင့် ဖြစ်၏။
တစ်ခါတစ်ရံတွင် သူကျောင်းသို့ ရောက်သည်နှင့် ချန်းချောင်နှင့် ကော်ဟောက်တို့သည် သူ့ထံသို့ အပြေးရောက်လာကြပြီး ဘောပင်စီးဆင်းမှု စွမ်းရည်ကို အသုံးပြု၍ သူ၏အိမ်စာများကို ကူးယူလေ့ရှိသည်။
စာသင်ကျောင်းများတွင် အိမ်စာများကို အခကြေးငွေဖြင့် ကိုယ်စား လုပ်ဆောင်ပေးသူများလည်း ရှိ၏။
၎င်းတို့က လူတစ်ဦး၏လက်ရေးကို ထပ်တူကျသည်အထိ ကူးယူနိုင်ပေသည်။
ဤသို့ဖြင့်ပင် ၎င်းအလုပ်သည် အမြတ်အစွန်းများသောလုပ်ငန်းတစ်ခု ဖြစ်လာခဲ့သည်။
ဝမ်လင်း၏ ထင်မြင်ချက်အရ အိမ်စာကူးယူမှုသည် အလွန်ဆိုးရွားသော အပြုအမူဖြစ်ပြီး လူတစ်ဦးအတွက် ကောင်းကျိုး လုံးဝ ဖြစ်စေမည်မဟုတ်ပေ။
အခကြေးငွေဖြင့် တစ်ပါးသူ၏ အိမ်စာကို လုပ်ဆောင်ပေးသည်က ပို၍ပင် ဆိုးရွားသည်။
ဤသည်က ၎င်းတို့ကို ကူညီရာ မရောက်ဘဲ ဒုက္ခဖြစ်စေသည် မဟုတ်ပါလော။
သူက ဤနှစ်များတစ်လျှောက်တွင် ညီမျှသော လဲလှယ်ခြင်းအစီအရင်ကို အသုံးပြု၍ ကောင်းကင်တာအိုနှင့် အလဲအလှယ် ပြုလုပ်ခဲ့သည်။
ထို့ကြောင့် သူ၏အိမ်စာထက် မည်သည့်အရာကမှ တန်ဖိုးမရှိခဲ့ပေ။
မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးထဲသို့ ဝင်ရောက်ချိန်မှစ၍ ဌာနအသီးသီးမှ ဝန်ထမ်းများသည် သူ့အား ဂရုတစိုက် ကြည့်နေကြသည်ကို ဝမ်လင်း သတိပြုမိသည်။
အင်တာနက်ကဖေးထဲသို့ ဝင်ပြီးနောက်တွင် စုရှင်းသည် သူ့ကိုတစ်ချိန်လုံး ခိုးကြည်နေခဲ့သည်။
အထက်တန်းကျောင်း တက်ပြီးနောက်တွင် စာသင်နှစ်ဝက်အတွင်း အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့ပြီး ဝမ်လင်းသည်အာရုံစိုက်မှု အနည်းငယ်ကိုပင် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။
နောက်ပိုင်းတွင်မူ သူက သောက်ရမ်းချော၍ အကြည့်ခံရသည်ဟုသာ သဘောထားလိုက်သည်။
သူက မဟာမျက်နှာပုံသွင်းခြင်းတာအိုကိုအသုံးပြုပြီး သူ၏ အသွင်အပြင်များကို အနည်းငယ်ချိန်ညှိကာ သူ့ကိုယ်သူ ဆွဲဆောင်မှုမရှိအောင် တမင်တကာ ပြုလုပ်ခဲ့သည်။
တကယ်တမ်းတွင် သူက ရုပ်ချောသည်ဟု မယူဆနိုင်ပေ။
သူ၏ရုပ်ရည်ကို မှန်ထဲတွင်ကြည့်သောအခါတွင် သာမန်ရုပ်ရည်သာ ဖြစ်သည်ဟု ဝမ်လင်းခံစားမိသည်။
တီဗွီထဲမှ အိုင်ဒေါလ် သရုပ်ဆောင်များလို နှာတံမြင့်မြင့် ဖြောင်းစင်းသော မျက်ခုံးနှင့် ဆွဲဆောင်မှုရှိသော ဘဲဥပုံမျက်နှာများ သူ့တွင်မရှိပေ။
သူ၏ရုပ်ရည်က အင်မော်တယ်ထုန်ရာ၏ ဆယ်ပုံတစ်ပုံမျှပင်မရှိဟု ဝမ်လင်း ခံစားရသည်။
သူက ချစ်စရာကောင်းသည့် သာမန် အထက်တန်းကျောင်းသားလေးသာ ဖြစ်သည်။
သို့ရာတွင် စုရှင်းသူ့ကိုကြည့်နေသည်က ဖန့်ရှင်းကိုအနည်းငယ်မျှပင် စိတ်မချမ်းမသာ ဖြစ်စေလိမ့်မည်ဟု ဝမ်လင်း ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးတွင် ဖန့်ရှင်းသည် စုရှင်း၏ အထက်လူကြီး ဖြစ်သည်။
စုရှင်းက ဝမ်လင်းကို မျက်လုံးထောင့်မှ ခိုးကြည့်နေသောအချိန်တွင် မြွေဟောက်တစ်ကောင်က သူ၏ နောက်ကျောကနေ စိုက်ကြည့်နေသကဲ့သို့ ခံစားရပြီး အေးစက်သောချွေးစေးများသည် နဖူးပေါ်မှ ကျဆင်းလာခဲ့သည်။
လင်းကျန်းရန်က မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးတွင် အချောဆုံးဟု လူတိုင်းက သတ်မှတ်ထားကြသည်။
သို့ရာတွင် ဤကဲ့သို့ သတ်မှတ်သည်က အနည်းငယ် လွန်လွန်းပြီး ထိုမျှလောက်ထိ မဟုတ်ဟု သူခံစားမိသည်။
ထိုခဏတွင် စုရှင်းသည် ဖန့်ရှင်းက သူ့ကို စိုက်ကြည့်နေကြောင်း သဘောပေါက်လိုက်သည်။
ကြေးစားလူမိုက်အဖွဲ့ဝင် အနေဖြင့် သူက အထက်လူကြီးကို မစော်ကားဝံ့၍ ခပ်တိုးတိုး ရယ်မောလိုက်ပြီး ဝမ်လင်းတို့အဖွဲ့ကို အခန်းငယ်လေး တစ်ခန်းသို့ လိုက်ပို့လိုက်သည်။
ထိုအခန်းက အင်တာနက်ကဖေး၏ အထူးဧည့်ခန်းမဖြစ်သည်။
ဗုံးပစ်စီနီယာအင်မော်တယ်သည် ထိုအခန်းထဲတွင် ဂိမ်းစက် ၅ လုံးကို ကြိုတင်၍ တပ်ဆင်ထားခဲ့သည်။
အခန်းထဲသို့ ရောက်သည်နှင့် ချန်းချောင်၊ ကော်ဟောက်နှင့်မြေပဲလေးတို့က အံ့ဩသွားကြသည်။
“ဒါက…”
ဖန့်ရှင်းက ရယ်မော၍ ရှင်းပြလိုက်သည်။
“ငါတို့က အသက်မပြည့်သေးလို့ အင်တာနက်ကဖေးမှာ အင်တာနက် မသုံးနိုင်ပေမဲ့ ဒါက ဧည့်ခန်းမပဲလေ.. မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဗုံးပစ်စီနီယာအင်မော်တယ်က ဂိမ်းစက်တွေကို အထူးပြင်ဆင်ပေးထားပြီး ငါတို့ကို ကိုယ်တိုင် ခံစားကြည်ဖို့အတွက် ဖိတ်ခေါ်ခဲ့တယ်.. သူက ငါ့ကို ကြိုတင်ပြောပြထားပေမဲ့ မင်းတို့ကို စပရိုက်တိုက်ချင်လို့ ဘာမှမပြောခဲ့တာပဲ”
“ဝိုး.. ဗုံးပစ်စီနီယာအင်မော်တယ်က ငါတို့ကို အထူး အခွင့်အရေးပေးခဲ့တာလား”
ချန်းချောင်နှင့် ကော်ဟောက်တို့က စိတ်လှုပ်ရှားသွားခဲ့သည်။
သူတို့အနေဖြင့် ဤကဲ့သို့ တန်ဖိုးကြီးဂိမ်းစက်ကို တစ်ခါမှ မသုံးခဲ့ဖူးပေ။
ဤသည်မှာ ငွေကြေးမတတ်နိုင်၍ မဟုတ်ပေ။
အထက်တန်းကျောင်းသား အဆင့်သည် အရာအားလုံးကိုလုပ်ဆောင်၍ မရသေးသောအဆင့် ဖြစ်သည်။
ထိုကဲ့သို့ ဂိမ်းစက်ကြီးတစ်လုံးကို အိမ်သို့သာ ယူဆောင်လာခဲ့လျှင် မိဘများကို စိတ်အနှောင့်အယှက် ဖြစ်စေမည်မှာ သေချာသည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲ မဖြေဆိုရသေးဘဲ ဤကဲ့သို့သောလွန်ကဲသည့် အပန်းဖြေမှုမျိုးကို လုပ်ဆောင်ရန် မသင့်တော်ပေ။
သူတို့လူစုက ပုံရိပ်ယောင်ဂိမ်းစက်၏ ကုတင်ပေါ်တွင် တစ်ယောက်ပြီး တစ်ယောက် ဝင်ထိုင်လိုက်ကြသည်။
ပျော့ပျောင်းသပ်ရပ်သော ကူရှင်က သူတို့ကို အိပ်မက်လှလှမက်နေသကဲ့သို့ ခံစားစေသည်။
၎င်းက အလွန်ပင် သက်သောင့်သက်သာရှိလွန်းပြီး ဂွမ်းစကဲ့သို့ နူးညံ့၏။
လှဲချလိုက်သည်နှင့် ရေထဲတွင် နစ်မျောနေသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ခန္ဓာကိုယ်က ငှက်မွှေးကဲ့သို့ပေါ့ပါးသွားသလိုခံစားလိုက်ရသည်။
သူတို့အနေဖြင့် ဂိမ်းမဆော့လျှင်ပင် ဤနေရာတွင် အိပ်ရသည်က အလွန်အဆင်ပြေသည်။
“ငါကောလိပ်တက်တာနဲ့ ဒီလိုမျိုး ဂိမ်းစက်တစ်ခုကို သေချာပေါက်ဝယ်မယ်”
ချန်းချောင်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
“မင်းအခု ကစားနေတဲ့ဂိမ်းတွေကို ဖျက်လိုက်မယ်ဆိုရင် ဒီလိုမျိုး ဂိမ်းစက်တစ်ခုဝယ်ဖို့ ပိုက်ဆံအလုံအလောက် ရှိသွားမယ်လို့ ငါထင်တယ်”
ကော်ဟောက်က ရယ်မော၍ ပြောလိုက်သည်။
ယနေ့ခေတ် ဂိမ်းစက်များသည် ဂိမ်းထဲရှိ အိုင်တမ်များကို အဆင့်မြှင့်လေ ပိုက်ဆံပို၍ ကုန်ကျလေ မဟုတ်ပါလော။
ထိပ်တန်းပုံရိပ်ယောင်ဂိမ်းစက်များသည် အလွန်ဈေးမကြီးဘဲ ၁.၆ သန်းသာ ကုန်ကျသည်။
မြေပဲလေးက ဗုဒ္ဓဘာသာဝင်ဖြစ်၍ ပုံရိပ်ယောင်ဂိမ်းစက်အတွင်းရှိ ကုတင်တွင် လှဲအိပ်နေစဉ် ဆုတောင်းနေသကဲ့သို့ လက်အုပ်ချီထားလိုက်သည်။
ဂိမ်းစက်အတွင်းသို့ ရောက်နေသော မြေပဲလေးသည် ဤတစ်ကြိမ်တွင် အနည်းငယ် အပြစ်ရှိသလိုခံစားရပြီး လမ်းမှားကိုလိုက်မိသည့် ရိုးသားသော ကလေးကဲ့သို့ ခံစားနေရသည်။
မြေပဲလေးက အတန်းတာဝန်ခံဖြစ်ပြီး မိသားစုထဲတွင် ရိုးသားသော ကလေး ဖြစ်သည်။
သူက အိမ်တွင် ဂိမ်းဆော့လေ့မရှိဘဲ စမတ်ဖုန်း ကောင်းကောင်းပင် မရှိပေ။
ဤတစ်ခေါက် အပြင်ထွက်တာတောင် သူ့မိဘများသည် ကျိုးရီ၏ ဖိတ်ခေါ်မှုကို မြင်ပြီး စာသင်ကြားရန် အတွက်ဟု ယူဆခဲ့ကြသည်။
ဂိမ်းစက်ထဲတွင် လူတိုင်း လဲလျောင်းနေသည်ကို မြင်လိုက်ရလျှင် စုရှင်းက ပြုံးလိုက်သည်။
“အားလုံးအဆင်သင့်ဖြစ်ကြပြီလား.. တတ်နိုင်သမျှ သက်သောင့်သက်သာဖြစ်အောင် နေကြပါ.. မင်းတို့အတွက် ဂိမ်းစက်ကို ငါဖွင့်တော့မယ်”
စုရှင်း၏ လက်ထဲတွင် ရီမုတစ်ခု ရှိနေခဲ့သည်။
သူက ခလုတ်ကို နှိပ်လိုက်ရာ ဂိမ်းစက်၏ ကုတင်ကို ထွင်းဖောက်မြင်နေရသည့် ဖန်အခုံးတစ်ခုက ပိတ်သွားခဲ့သည်။
ယင်းက ရိုးရှင်းသော အတွေ့အကြုံတစ်ခုမျှသာ ဖြစ်သည်။
သို့ရာတွင် ဂိမ်းကမ္ဘာထဲ၌ မည်သို့သောအရာများ ကြုံတွေ့ရမည်ကို ဖန့်ရှင်းရော ဝမ်လင်းပါ မသိခဲ့ကြပေ။
အပိုင်း(၉၁၅) ပြီး၏