← Chapters

ထိုးချက် ၃ ချက်

Vol. 110 Ch. 1638

ထိုးချက် ၃ ချက်

Vol. 110 Ch. 1638

“လူသားဧကရာဇ်ရဲ့ခေတ်က ကုန်သွားပြီ”

ဆိုးယုတ်လေယက္ခဧကရာဇ်က အေးစက်စွာ ပြောလိုက်၏။

“သမိုင်းတစ်လျှောက်မှာ လူသားမျိုးနွယ်က လူသားဧကရာဇ်တစ်ယောက်ကိုပဲ မွေးထုတ်ပေးနိုင်ခဲ့တယ်... မင်းတို့တွေက ငါတို့ကမ္ဘာဦးမျိုးနွယ်တွေနဲ့ ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ”

ကမ္ဘာဦးမျိုးနွယ်များ၏ မျက်လုံးထဲတွင် လူသားများသည် အမြဲတမ်းပုရွက်ဆိတ်များသာဖြစ်လေသည်။

ထိုပုရွက်ဆိတ်များအား ထျန်ဟွမ်ကုန်းမြေတိုက်ကို နှစ်ပေါင်းများစွာ အုပ်စိုးခွင့်ပေးခဲ့ရပြီးနောက် ကမ္ဘာဦးမျိုးနွယ်များသည် လူသားများအပေါ် မနာလိုမုန်းထားစိတ် လွန်စွာများပြားနေခဲ့ပြီဖြစ်၏။

ချန်နဂါးဧကရာဇ်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဒီဘက်မျိုးဆက်မှာ ကမ္ဘာဦးမျိုးနွယ်တွေအနေနဲ့ မြင့်မားတိုးတက်လာဖို့က မလွဲဧကန်ပဲ... အားလုံးပဲ ခင်ဗျားတို့က အဲ့လောက်ထိတော့ စိုးမိုးဗိုလ်ကျမနေကြပါနဲ့”

ငရဲစုန်းဧကရာဇ်က သူ၏ ခေါင်းကို ခါယမ်းပြလိုက်၏။

“နဂါးမျိုးနွယ်... ငါတို့က မျိုးနွယ်စုတစ်သောင်းအတူယှဥ်တွဲနေထိုင်မယ်လို့ ကတိပေးရင်းနဲ့ နောက်ကိုခြေတစ်လှမ်းဆုတ်ပေးထားပြီးပြီ.. ဒီလူသားတွေကသာ အတင့်ရဲနေကြတာပဲ”

“ငါတို့ကသာ တကယ်တမ်း စိုးမိုးဗိုလ်ကျချင်တယ်ဆိုရင်... ပဟေဠိနန်းတော်မှာရှိတဲ့ ဒီလူသားတွေထဲ ဘယ်သူကများ ရှင်သန်နိုင်ဦးမှာလဲ”

“လူတိုင်းပဲ ကျုပ်ကိုမျက်နှာသာပေးပါဦး”

ချန်နဂါးဧကရာဇ်က သက်ပြင်းချလိုက်၏။

“ကျုပ်မသေခင် ဒီနှစ်အပိုင်းအခြားလေးအတွင်းမှာ ထျန်ဟွမ်ကုန်းမြေတိုက်မှာ စစ်မီးတွေတောက်ပြီး သက်ရှိတွေသေကြေပျက်စီးကြတာကို ကျုပ်တကယ်ပဲ မမြင်ချင်ဘူး”

ငရဲစုန်းဧကရာဇ်က ခဏမျှစဥ်းစားတွေးတောပြီး ပြောလိုက်၏။

“ကောင်းပြီလေ... ဒီလိုဆိုမှတော့ လူသားမျိုးနွယ်က သူတို့ရဲ့ပိုင်နက်နယ်မြေတွေအားလုံးကို စွန့်လွှတ်ဖို့ သဘောတူရမယ်... လူသားကျင့်ကြံသူတွေကတော့ ဖန်းလိုင်ကျွန်းကို သွားနေကြ... မင်းတို့တွေက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို ဘယ်တော့မှ ပြန်ပြီးခြေချမလာနဲ့”

“အား...”

လူအုပ်ကြီးက အံ့အားတသင့်ရေရွတ်လိုက်ကြ၏။

ငရဲစုန်းဧကရာဇ်သည် လူသားများ၏ အသက်ကို ချမ်းသာပေးသော်လည်း သူသည် ကျင့်ကြံသူများအားလုံးကို ဖန်းလိုင်ကျွန်းသို့ မောင်းထုတ်ချင်လေသည်။ ဖန်းလိုင်ကျွန်းက ကြီးမားသော်လည်း ၎င်းသည် ထျန်ဟွမ်ကုန်းမြေတိုက်၏ ကျင့်ကြံသူများအားလုံးကို ဝင်ဆံ့စေနိုင်လိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ မှီတင်းနေထိုင်ကြသော သာမန်မြို့သူမြို့သားများနှင့် အများပြည်သူလူထု သန်းနှင့်ချီပြီး ရှိလေသည်။

လူသားမျိုးနွယ်၏ ကျင့်ကြံရေးလူမှုအဖွဲ့အစည်းကို ဆက်လက်ထိန်ထားနိုင်မည်ဖြစ်သော်လည်း သာမန်အများပြည်သူများကို မည်သို့မည်ပုံ စီစဥ်ပေးမှာလဲ။

လူရိုင်းဧကရာဇ်က မျက်မှောင်အနည်းငယ်ကြုတ်၍ မေးလိုက်၏။

“ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ နေရာတစ်ဝန်း ပြန့်ကျဲနေထိုင်ကြတဲ့ သန်းနဲ့ချီတဲ့ မော်တယ်တွေကို ငါတို့က ဘယ်လိုလုပ်မှာလဲ”

“လွယ်ပါတယ်... အဲ့ဒီပုရွက်ဆိတ်တွေက မျိုးနွယ်စုတစ်သောင်းရဲ့ ကျေးကျွန်တွေနဲ့ စားသောက်စရာတွေဖြစ်လာမှာပေါ့”

သွေးဧကရာဇ်က စိတ်လှုပ်ရှားစွာဖြင့် သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်၏။

“မရဘူး”

ဆူဇီမိုက တုံ့ဆိုင်းခြင်းမရှိဘဲ ငြင်းပယ်လိုက်၏။

“အလောတကြီး ငြင်းပယ်မနေစမ်းပါနဲ့ဦး”

ငရဲစုန်းဧကရာဇ်က ပြုံးပြလိုက်၏။

“ငါက... မင်းတို့ဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေကို ဒုတိယရွေးချယ်စရာတစ်ခုပေးနိုင်တယ်... မင်းတို့တွေက ငါတို့ ကမ္ဘာဦးမျိုးနွယ်တွေထံမှာ အညံ့ခံမယ်ဆိုရင်... မင်းတို့တွေက ဖန်းလိုင်ကျွန်းကို သွားစရာမလိုဘဲ ရှင်သန်နိုင်လိမ့်မယ်”

“အခုကစပြီး... နတ်ဘုရားမျိုးနွယ်ကိုလည်း ဖန်းလိုင်ကျွန်းကို ပို့ရမယ်”

ရွှေကျီးကန်းမီးဧကရာဇ်က ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်ကိုကြည့်ပြီး ရုတ်တရက်ပြောလိုက်၏။

“ညီကို ကောင်းကင်ဘုံနတ်ဘုရား... နတ်ဘုရားမျိုးနွယ်ကရော ကန့်ကွက်စရာရှိလား”

“ရပါတယ်... အဲ့ဒါအဆင်ပြေတယ်”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က ခေါင်းညိတ်ပြလိုက်၏။

အခုချိန်မှာ... နတ်ဘုရားမျိုးနွယ်က လူတိုင်း၏ ပစ်မှတ်ဖြစ်လာပြီး သူက သေချာပေါက် နောက်သို့ ခြေတစ်လှမ်းဆုတ်ပေးရပေလိမ့်မည်။

ဒါ့အပြင် နတ်ဘုရားမျိုးနွယ်သည် ဖန်းလိုင်ကျွန်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်နိုင်ပေလိမ့်မည်။

ဖန်းလိုင်ကျွန်းသည် ကျင့်ကြံသူများစွာကို ဝင်မဆံ့စေနိုင်သော်လည်း အဲ့ဒါသည် နတ်ဘုရားမျိုးနွယ်အတွက် ရှင်သန်နေထိုင်ဖို့ လုံလောက်လေသည်။

လူအုပ်ကြီးက လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားကြ၏။

နတ်ဘုရားမျိုးနွယ်နှင့် လူသားမျိုးနွယ်သည် ဖန်းလိုင်ကျွန်းသို့ အတူတကွပို့ဆောင်ခြင်းခံရမည်ဆို... လူသားကျင့်ကြံသူဘယ်လောက်များများက ရှင်သန်နိုင်မှာလဲ။

ရွှေကျီးကန်းမီးဧကရာဇ်၏ စိစဥ်ထားသိုမှုက အလွန်တရာရက်စက်ရာကျလေသည်။

ချန်နဂါးဧကရာဇ်က သက်ပြင်းချလိုက်၏။

“မင်းက လူသားမျိုးနွယ်ကို ပြန်လမ်းမရှိမဲ့နေရာဆီ တွန်းပို့ဖို့ကြိုစားနေတာပဲ”

“အဲ့လိုမပြောစမ်းပါနဲ့”

ရွှေကျီးကန်းမီးဧကရာဇ်က ညင်သာစွာပြုံးပြလိုက်၏။

“အရင်တုန်းက... ထာဝရလူသားဧကရာဇ်ကလည်း ငါတို့ကမ္ဘာဦးမျိုးနွယ်တွေကို အပယ်ခံဘဝနဲ့ ရှင်သန်နေထိုင်စေခဲ့တာ မဟုတ်ဘူးလား... အဲ့ဒါက ကံကြွေးပဲ”

ငရဲစုန်းဧကရာဇ်ကလည်း ပြုံးပြလိုက်၏။

“ချန်နဂါးဧကရာဇ်... ငါတို့က လူသားမျိုးနွယ်ကို အခွင့်အရေးမပေးဘူးလို့ မပြောလိုက်နဲ့... ငါတို့ရွေးချယ်စရာနှစ်ခုပေးထားတယ်... သူတို့က အညံ့ခံရင်ခံ မဟုတ်ရင် ဖန်းလိုင်ကျွန်းကို သွားကြ... လူသားမျိုးနွယ်က သူတို့အလိုရှိရာကို ရွေးချယ်နိုင်တယ်”

ဤစီစဥ်ထားသိုမှုသည် ရက်စက်ရာကျရုံမက ချန်နဂါးဧကရာဇ်ကိုပါ အခက်တွေ့စေလေသည်။

ချန်နဂါးဧကရာဇ်သည် နတ်ဘုရားမျိုးနွယ်ကို ဖန်းလိုင်ကျွန်းသို့ ပို့ဆောင်ဖို့ ခွင့်ပြုပေးလိုက်မည်ဆိုလျှင် သူတို့က လူသားမျိုးနွယ်ကို သေချာပေါက်သတ်ဖြတ်ပေလိမ့်မည်။ သို့သော်လည်း သူသည် နတ်ဘုရားမျိုးနွယ်နှင့် ယခုချက်ချင်း စစ်ပွဲတစ်ခုစတင်ပြီး ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်နှင့် အသေအကြေတိုက်ခိုက်မည်ဆိုလျှင် ငရဲစုန်းဧကရာဇ်နှင့် အခြားသူများက အ​​ခြေအနေပေါ် အမြတ်ထုတ်လာပေလိမ့်မည်။

ချန်နဂါးဧကရာဇ်သည် ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေမှာ ရောက်ရှိနေ၏။

ထိုအခိုက်အတန့်မှာ ချန်နဂါးဧကရာဇ်သည် သိသိသာသာအိုစာသွားသည်ဟု ထင်ရလေသည်။

လူအုပ်ကြီးထဲမှ ရုတ်ရုတ်သဲသဲ အသံဗလံများကလည်း ထွက်ပေါ်လာ၏။

ဂိုဏ်းများနှင့် အဖွဲ့အစည်းအချို့သည် အညံ့ခံတော့မည့် အရိပ်လက္ခဏာများ ပြသလာကြ​ပြီဖြစ်၏။

အဲ့ဒါက သူတို့၏ အမှားတော့ မဟုတ်ပေ။

ကောင်းကင်စင်ရော်ဂိုဏ်းနှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းကဲ့သို့ ထိပ်သီးဂိုဏ်းကြီးများပင်လျှင် အညံ့ခံဖို့ ရွေးချယ်ခဲ့ရသည်ဆိုပါက သူတို့က ဘာများလုပ်နိုင်ဦးမှာလဲ..

သူတို့သည် ဖန်းလိုင်ကျွန်းသို့ သွားရောက်မည်ဆိုလျှင် နတ်ဘုရားမျိုးနွယ်၏ သတ်ဖြတ်ခြင်းကို ခံရဖို့သာရှိလေသည်။ သူတို့သည် ကမ္ဘာဦးမျိုးနွယ် ၅စုထံမှာ ယခုချိန် အညံ့ခံမည်ဆိုလျှင် အနည်းဆုံး သူတို့က ရှင်သန်နိုင်ပေလိမ့်မည်။

“ချန်နဂါးဧကရာဇ်... လက်လျှော့လိုက်တော့”

ငရဲစုန်းဧကရာဇ်က ရယ်မောလိုက်၏။

“မျိုးနွယ်စုတစ်သောင်းစုဝေးပွဲရဲ့ ဒီအချိန်ထိကို လူသားမျိုးနွယ်က ဧကရာဇ်တစ်ပါးတောင် ပေါ်ထွက်မလာခဲ့ဘူး... သူတို့ကိုယ်စား ခင်ဗျားက ဘာလို့အဲ့လောက်ထိ ခေါင်းမာနေရတာလဲ”

ရုတ်တရက် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က လှောင်ရယ်လိုက်၏။

“ဒီလိုလုပ်လေ... လူသားမျိုးနွယ်က ဘယ်ဧကရာဇ်မဆို.. ရှေ့ကိုပေါ်ထွက်လာပြီး ငါ့ရဲ့ထိုးချက်သုံးချက်ကို ခံယူရဲမယ်ဆိုရင်... ငါက ဖန်းလိုင်ကျွန်းမှာ လူသားမျိုးနွယ်ကို မသတ်ဖြတ်ဘူးလို့ အာမခံနိုင်တယ်”

ခဏနေပြီးနောက် မည်သူကမှ ပြန်ဖြေမလာခဲ့ပေ။ များစွာသော ကျင့်ကြံသူများက စိတ်ပျက်အားငယ်သော အမူအရာများနှင့်အတူ သူတို့၏ ခေါင်းများကို ငုံ့ထားလိုက်ကြ၏။

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်ကလည်း ရယ်မောလိုက်၏။

“ဘယ်သူမှ ရှေ့ကိုထွက်မလာရဲဘူးလား”

မည်သူကမှ ပြန်မဖြေကြသေးပေ။

“ဟားဟားဟားဟား...”

ကမ္ဘာဦးမျိုးနွယ်များကြားမှ လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာ၏ ။

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က ဆူဇီမိုက ရန်စသလို ကြည့်ပြီး လှောင်ရယ်လိုက်၏။

“အထီးကျန်သိုင်းသခင်... လူသားမျိုးနွယ်က ဧကရာဇ်တွေက ကြွက်တွေလို... ကြောက်တတ်တဲ့ ငကြောက်ကောင်တွေပဲ”

“ငါမင်းကို ဖန်းလိုင်းကျွန်းကနေ စောင့်နေမယ်”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် ဆူဇီမိုကို အရိုးထိတိုင်မုန်းတီးလေသည်။ ထိုသို့ဖြင့် သူက လူသားမျိုးနွယ်ကိုအတတ်နိုင်ဆုံးဒုက္ခပေးဖို့ ကြိုးစားလာခဲ့လေသည်။

“ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်... ခင်ဗျားရဲ့ထိုးချက်သုံးချက်ကို ကျုပ်ခံယူမယ်”

ထိုစဥ်မှာပင် ပဟေဠိနန်းတော်၏ အနက်ပိုင်းထဲကနေ အိုမင်းသောအသံတစ်သံထွက်ပေါ်လာ၏။

ကျင့်ကြံသူခြောက်ယောက်က ခန်းမကိုဖြတ်ကျော်၍ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာကြပြီး သူတို့က စွမ်းအားကြီးမားသော အော်ရာတစ်ခုကို ထုတ်ဖော်ထားကြ၏။

အဲ့ဒါက ဧကရာဇ်များ၏ စွမ်းပကားဖြစ်လေသည်။

လူသားမျိုးနွယ်၏ ဧကရာဇ်များ...။

သူတို့၏ ခေါင်းဆောင်က ပဟေဠိနန်းတော်၏ ပုံပြောအဖိုးအိုဖြစ်လေသည်။

သူ၏ ဘေးရှိ ဧကရာဇ်ငါးဦးသည် သူတို့၏ ဝတ်ရုံများအရ နှင်းပုံတောင်ကြား ၊ ခရမ်းရောင်မိုးကောင်းကင်ဂိုဏ်း ၊ ပဒေသရာဇ်နန်းတော် ၊ စင်ကြယ်အပျိုစင်ဂိုဏ်းနှင့် စိန်ကျောင်းတော်တို့မှ ဖြစ်ကြလေသည်။

လူသားမျိုးနွယ်၏ ဧကရာဇ် ၆ဦးက ရောက်ရှိလာခဲ့လေပြီ။

ရုတ်တရက်... ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

ဧကရာဇ် ၆ ပါးသည် စွမ်းအင်အမြောက်အမြားကို သုံးစွဲခဲ့ရသည့်အလား သူတို့၏ အော်ရာများက မတည်မငြိမ်ဖြစ်နေသည်ကို သူက သတိထားမိလေသည်။

သူတို့ကို ဦးဆောင်လာသော ပုံပြောအဖိုးကတော့ သူ၏ ဆံပင်များက ဖြူစွတ်နေပြီး သူက အားအင်ချိနဲ့နေသော အမူအရာတစ်ခုရှိလေသည်။

ဆူဇီမို၏ ဘေးတွင် လင်းရွှမ်ကျီက သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ပြီး နာကျင်ခံစားရသော အမူအရာတစ်ခုနှင့်အတူ သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။

“စီနီယာပုံပြောအဖိုးအိုက ဘာဖြစ်သွားတာလဲ”

သူက မနေနိုင်ဘဲမေးလိုက်၏။

လင်းရွှမ်ကျီက တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ ခေါင်းကိုသာခါယမ်းပြလိုက်၏။

“ဟီးဟီး”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က ပုံပြောအဖိုးအိုနှင့် တခြား၅ယောက်ကို ကြည့်ပြီးရယ်မောလိုက်၏။

“ဘာလို့လဲ... နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကို ထိန်းချုပ်ရတာက သိပ်ပြီးမလွယ်ဘူးလား”

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက် ဧကရာဇ်လက်နက်သည် ကောင်းကင်ထက်ကနေ ပျောက်ကွယ်သွားပြီး ရှေးဟောင်းတိုက်ပွဲမြေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီဖြစ်၏။

ပုံပြောအဖိုးအိုက ရှေ့သို့ထွက်ရပ်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်... ခင်ဗျားကို ကျုပ်ပြောလိုက်မယ်... ဒီဘက်မျိုးဆက်မှာ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာက အားနည်းလာတယ်ဆိုရင်တောင်... ကျုပ်တို့အားလုံးက သတ္တိကြောင်တဲ့လူတွေမဟုတ်ဘူး”

“ငါက... မင်းရဲ့အရိုးတွေကို လက်ညိုးတစ်ချောင်းထဲနဲ့ ချေမွဖျက်ဆီးပစ်နိုင်တယ်”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က လှောင်ရယ်လိုက်၏။

“ပုံပြောအဖိုးအို... အဲ့ဒါကို ကျုပ်လုပ်လိုက်မယ်”

စိန်ကျောင်းတော်၏ ဧကရာဇ်က လေးနက်သောအသံဖြင့် ​ပြောလိုက်၏။

“မလိုပါဘူး... ကိစ္စတွေက ဒီအ​ခြေအနေထိရောက်လာပြီဆိုမှတော့... အဲ့ဒါကို ကျုပ်ပဲ စမ်းကြည့်ရတာပေါ့”

ပုံပြောအဖိုးအိုက ညင်သာစွာ ပြုံးပြလိုက်၏။

“လူတိုင်းသေကြရမှာပဲ... ကျုပ်က ဒီနေရာမှာသေရမယ်ဆိုရင်တောင် လူသားမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို ပြင်ပမျိုးနွယ်တစ်စုက မနင်းခြေနိုင်စေရဘူး”

“လာခဲ့”

ပုံပြောအဖိုးအိုက ရှေ့သို့လျှောက်လှမ်းလာ၏။

“မင်းက... အသက်ရှင်ရတာ ငြီးငွေ့နေတဲ့ပုံပဲ”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က ဒေါသထွက်နေသည်မှာ ကြာခဲ့ပြီဖြစ်၏။ သူက သူ၏ လက်ညိုးကို ဆန့်ထုတ်ပြီး ပုံပြောအဖိုးအိုရှိရာသို့ ကြမ်းကြုတ်ခက်ထန်စွာ ဖိချလိုက်၏။ နတ်ဘုရားအလင်းက ဝင်းလက်တောက်ပလာပြီး လေဟာနယ်က တုန်ခါလာခဲ့၏။

All Chapters