လူသားဧကရာဇ်၏ နန်းတော်
Vol. 110 Ch. 1639
ပုံပြောအဘိုးအိုသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ရင်း သူ၏ အမူအရာက သုန်မှုန်နေ၏။ သူ၏ ရှေ့တွင် လက်နှစ်ဖက်ကို ဝှေ့ယမ်းပြီး သူက ရုတ်တရက် သူ၏ အင်္ကျီလက်အိုးကို ပစ်ထုတ်ကာ အော်လိုက်လေသည်။
“အင်္ကျီလက်အိုး စကြာဝဠာ”
ရွှစ်…
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ လက်ညိုးက ပုံပြောအဘိုးအို၏ ခန္ဓာကိုယ်နှင့် ထိတွေ့မလာနိုင်ခဲ့ပေ။ ထိုအစား ၎င်းသည် အကန့်အသတ်မဲ့သော စကြာဝဠာထဲသို့ ကျဆင်းသွားသည့်အလားပင်။
အင်္ကျီလက်အိုး စကြာဝဠာသည် အန္တိမ နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်၏။
သူ့တာအိုဝတ်ရုံ၏ အင်္ကျီလက်အိုးတစ်ခုမှာ စကြာဝဠာတစ်ခုလုံးကို သယ်ဆောင်ထားနိုင်လေသည်။
ထိုအန္တိမ နတ်ဘုရားစွမ်းအား၏ တိုက်ခိုက်ခြင်းစွမ်းအားက မသန်မာသော်လည်း ၎င်းသည် အရာရာတိုင်းကို လွှမ်းခြုံနိုင်လေသည်။ ပဟေဠိနန်းတော်မှ လူတိုင်းကိုပင်လျှင် ထိုသေးငယ်သော အင်္ကျီလက်အိုးထဲမှာ ထည့်၍ သယ်ထားနိုင်လေသည်။
ထိုစကြာဝဠာထဲမှာ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ လက်ညိုးသည် အကန့်အသတ်မဲ့သော နတ်ဘုရားဆန်ဆန် အလင်းတစ်ခုနှင့်အတူ ပစ်လွင့်ပေါက်ကွဲလာပြီး အဆက်မပြတ် ဖြန့်ကြက်သွား၏။
“ဟမ့်”
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က အေးစက်စွာ နှာတစ်ချက်မှုတ်ပြီး သူ၏ လက်ညိုးကနေ အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ဖြန့်ကြက်ထွက်ပေါ်လာ၏။ ၎င်းသည် ထက်ရှသော ဧရာမ လှံတစ်လက်ကဲ့သို့ဖြစ်ပြီး အရာရာတိုင်းကို ထိုးဖောက်ကာ တရားစီရင်ချင်နေလေသည်။
ပုံပြောအဘိုးအို၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။
ဗျစ်…
ပုံပြောအဘိုးအို၏ အင်္ကျီလက်စက ချက်ချင်းပင် ကြေမွသွား၏။
ထိုစကြာဝဠာသည် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ လက်ညိုးဖြင့် ဆုတ်ဖြဲခြင်း ခံလိုက်ရပြီး ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ပုံပြောအဘိုးအိုကို ထိခတ်ကာ သူ၏ ခန္ဓာကိုယ်ကို သွေးမြူတစ်ခုအဖြစ် ပြောင်းလဲသွားစေ၏။ သူတို့နှစ်ယောက်ကြား ခွန်အားကွာဟချက်က အရမ်းကို ကြီးမားနေ၏။
ထိုအန္တိမ နတ်ဘုရားစွမ်းအားသည် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ လက်ညိုးတစ်ချောင်းကိုပင် မခုခံနိုင်ပေ။
နှစ်ခုစလုံးက အန္တိမ နတ်ဘုရားစွမ်းအားများ ဖြစ်သော်လည်း အန္တိမ နတ်ဘုရားစွမ်းအာ ၆ခုကို နားလည်ဆင်ခြင်ထားသည့် ဧကရာဇ်တစ်ပါး ထုတ်ဖော်လိုက်သော ထိုစွမ်းအားသည် အဆများစွာ ပိုမိုသန်မာလေသည်။
ဆူဇီမိုက အဲဒါကို ရှင်းလင်းစွာ တွေ့မြင်လိုက်ရ၏။
ပုံပြောအဘိုးအိုက သေဆုံးမသွားပေ။
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ လက်ညိုးက အင်္ကျီလက်အိုး စကြာဝဠာကို ဆုတ်ဖြဲလာသည့် ခဏမှာပင် ပုံပြောအဘိုးအိုက အန္တရာယ်ကို ကြိုတင်အာရုံခံမိသွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်နှင့်အတူ ထွက်ပြေးသွားခဲ့၏။
ပုံပြောအဘိုးအို၏ အမြုတေစိတ်ဝိညာဉ်က လေထဲမှာ လွင့်မျောနေပြီး သူ့ရှေ့တွင်ရှိသော သွေးမြူကို ကြည့်နေ၏။ သို့သော်လည်း သူက အတန်ကြာသည်အထိ ကိုယ်ကာယ ခန္ဓာကိုယ်တစ်ခုကို စုဖွဲ့မလာနိုင်ပေ။
သူက ထိုသို့ မပြုလုပ်ချင်သောကြောင့် မဟုတ်ပေ။
အကြောင်းမှာ သူ့အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားက ကုန်ခမ်းသလောက်နီးပါး ဖြစ်လာပြီး သူက သွေးကနေ ပြန်လည်မွေးဖွားခြင်းကို အသုံးမပြုနိုင်တော့သောကြောင့်ပင်။
အဲဒါက ဝမ်းနည်းဖွယ်ရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်လေသည်။
လူသားမျိုးနွယ်၏ ဧကရာဇ်တစ်ပါးက ဤကဲ့သို့သော အခြေအနေထိ ရောက်ရှိသွားရလေသည်။
“ပုံပြောသူ”
ဘေးပတ်ဝန်းကျင်ရှိ ဧကရာဇ်များက အံ့အားတသင့် အော်ခေါ်လိုက်ကြ၏။
ပုံပြောအဘိုးအို၏ အားအင်ချိနဲ့မှုနှင့် သူ၏ အမြုတေစိတ်ဝိညာဉ်နှင့် အသက်ဓာတ်အားက လျင်မြန်စွာ ဆုတ်ယုတ်လာသည်ကို လူတိုင်းက ခံစားမိနိုင်ကြ၏။
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ တိုက်ခိုက်ခြင်း မရှိလျှင်တောင် ပုံပြောအဘိုးအိုက မကြာခင် သေရပေတော့မည်။
“ဆရာ..”
လင်းရွှမ်ကျီက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး အော်ခေါ်လိုက်လေသည်။
သူသည် အခါများစွာမှာ ပုံပြောအဘိုးအိုအပေါ် မယဉ်မကျေး ပြုမူတတ်သော်လည်း ထိုသူ့အပေါ် သူ၏ ခံစားချက်က အလွန်တရာ နက်ရှိုင်းလေသည်။
သူသည် ပုံပြောအဘိုးအိုကို ဆရာဟု ဘယ်တုန်းကမှ မခေါ်ခဲ့ပေ။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူ့နှလုံးသား၏ အနက်ပိုင်းထဲမှာ မြုပ်နှံထားသော စကားလုံးများက လွှတ်ခနဲ ထွက်လာခဲ့၏။
“ဂမ္ဘီရဧကရာဇ်”
များစွာသော ကျင့်ကြံသူများက ပူဆွေးဝမ်းနည်းသော အမူအရာများနှင့်အတူ မြေပြင်ပေါ်မှာ ဒူးထောက်ချလိုက်၏။
ပုံပြောအဘိုးအိုသည် သေရမည်ဆိုတာ သေချာနေတာတောင် ရှေ့သို့ မရမက ထွက်လာခဲ့သည်မှာ သူသည် လူသားမျိုးနွယ်၏ နောက်ဆုံးလက်ကျန် ဂုဏ်သိက္ခာ တစ်စွန်းတစ်စကို ကာကွယ်ပေးချင်သောကြောင့်ဆိုတာ လူတိုင်းက ပြောနိုင်ကြလေသည်။
“ဟီးဟီး”
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က လှောင်ပြောင်သရော်လိုသော အမူအရာတစ်ခု ရှိနေပြီး သူက အထင်သေးစွာ ပြောလိုက်၏။
“မင်းက ငါ့ရဲ့ လက်ညိုးတစ်ချောင်းကိုတောင် မခုခံနိုင်ဘဲနဲ့ ဘယ်လို အတင့်ရဲပြီး ထွက်လာရဲတာလဲ”
“ငါ မင်းရဲ့ နောက်ဆုံးခရီးကို ပို့ပေးမယ်”
သူက သူ၏ လက်ညိုးကို ညင်သာစွာ ဝှေ့ယမ်းပြီး ပုံပြောအဘိုးအိုထံသို့ နတ်ဘုရားဆန်ဆန် အလင်းတစ်ခုကို ပစ်ထုတ်လိုက်၏။
ဘုန်း.. ဘုန်း…
ထိုစဉ်မှာပင်.. ကောင်းကင်ထက်ကနေ မိုးကြိုးတစ်စင်း ဆင်းသက်လာပြီး နတ်ဘုရားဆန်ဆန် အလင်းကို ထိခတ်ကာ ၎င်းကို ကြေမွသွားစေ၏။
လူတိုင်းက လှုပ်ရှားယိမ်းယိုင်သွားကြ၏။
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်ထံမှ သာမန်ကာလျှံကာ နတ်ဘုရားအလင်းတစ်ခုပင်လျှင် ဧကရာဇ်အများစုကို ဖျက်ဆီးပစ်နိုင်ဖို့ လုံလောက်လေသည်။ အဲဒါကို ကြေမွစေဖို့က မလွယ်ကူပေ။
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ စွမ်းအားကို ဘယ်သူက ကြေပျက်စေနိုင်တာလဲ…။
လူတိုင်းသည် အလိုလိုမော့ကြည့်လိုက်ကြ၏။
ပဟေဠိနန်းတော်ထက်မှာ လျှပ်စီးများက တဖျတ်ဖျတ်လက်၍ မိုးခြိမ်းသံများက ထွက်ပေါ်နေ၏။ ကြီးမားသော အနက်ရောင် တိမ်စိုင်တစ်ခုက လွှမ်းခြုံလာပြီး ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ အဆက်မပြတ် လည်ပတ်နေသည့် ဧရာမ ဝဲကတော့တစ်ခုကို ဖြစ်ပေါ်လာစေ၏။
ဝဲကတော့၏ အတွင်းမှာ ဧရာမ လျှပ်စီးပင်လယ်တစ်ခု ဖြစ်ပေါ်နေ၏။
မိုးကြိုးသံများက တဂျိမ်းဂျိမ်းမြည်နေပြီး လျှပ်စီးများက တဖျတ်ဖျတ်လက်နေ၏။
ရှေးဟောင်းနန်းတော်တစ်ခုသည် တိမ်စိုင်ဝဲကတော့ အတွင်းကနေ ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး ပဟေဠိနန်းတော်၏ ကောင်းကင်ထက်မှာ ပေါ်ထွက်လာခဲ့၏။ ၎င်းသည် နတ်ဘုရားသက်ရှိတစ်ပါးကဲ့သို့ ရူးသွပ်ပေါက်ကွဲသော စွမ်းပကားတစ်ခုကို ထုတ်ဖော်နေ၏။ လူသားဧကရာဇ်၏ နန်းတော်က ပေါ်ထွက်လာခဲ့လေပြီ။
ကျင့်ကြံသူများစွာ၏ မျက်လုံးထဲမှာ စိတ်အားထက်သန်မှုများက တလိပ်လိပ်တက်လာပြီး သူတို့က အော်ဟစ်အားပေးတော့မည့်ဆဲဆဲ ဖြစ်လေသည်။
ဤအခိုက်အတန့်မှာ လူသားဧကရာဇ်၏ နန်းတော် ပေါ်ထွက်လာခြင်းက ဘယ်လိုအဓိပ္ပာယ်ဆောင်သလဲ။
လူသားဧကရာဇ်က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို ဆင်းသက်လာတော့မှာလား။
လူသားဧကရာဇ်၏ နန်းတော် ရောက်ရှိလာမှုသည် ကျင့်ကြံသူများစွာ၏ မျှော်လင့်ချက်အလင်းကို ပြန်လည်ထွန်းညှိပေးလိုက်လေသည်။
ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး တုန်ရီနေကြ၏။
လူသားဧကရာဇ်၏ နန်းတော်ကို မပြောနှင့်… လူသားဧကရာဇ်၏ ပုံရိပ်ယောင် စောစောက ပေါ်ထွက်ခဲ့စဉ်ကတောင် သူတို့ကို ကောင်းကောင်းခြိမ်းခြောက်နိုင်ခဲ့လေသည်။
သို့သော်လည်း ငရဲစုန်းဧကရာဇ်၊ ရွှေကျီးကန်း မီးဧကရာဇ်နှင့် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်တို့ကဲ့သို့ လက်ရှိ ကမ္ဘာဦးမျိုးနွယ်၏ ဧကရာဇ်များက တည်ငြိမ်နေကြ၏။ သူတို့သည် ရှေးဟောင်းနန်းတော်ကို မော့ကြည့်ပြီး သူတို့၏ အော်ရာများက အဆက်မပြတ် မြင့်တက်လာ၏။
လူသားဧကရာဇ်၏ နန်းတော်ကပင်လျှင် သူတို့ကို မဖိနှိမ်နိုင်စေရ။
“လူသားဧကရာဇ်က ရောက်ရှိလာတော့မှာလား”
မွေးနီတစ္ဆေက တုန်လှုပ်သွား၏။
ချန်နဂါးဧကရာဇ်က သူ၏ ခေါင်းကို ခါယမ်းပြလိုက်၏။
“လူသားဧကရာဇ်က အထက်ဘုံကို တက်လှမ်းသွားတာ ကြာခဲ့ပြီ… သူက အခြေအနေကို ပြောင်းပြန်လှန်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်လို အောက်ဘုံလောကတစ်ခုကို ပြန်ရောက်လာစရာ အကြောင်းမရှိဘူး”
“အဲဒါက ဘာအဓိပ္ပာယ်လဲ”
မွေးနီတစ္ဆေက မျက်မှောင်ကြုတ်လိုက်၏။
“ဒီစကြာဝဠာထဲမှာ ထျန်ဟွမ်ကုန်းမြေတိုက်လို လောကပေါင်း မရေမတွက်နိုင်အောင် ရှိတယ်… နတ်ဘုရားကုန်းမြေတိုက်က သူတို့ထဲက တစ်ခုပဲ”
ချန်နဂါးဧကရာဇ်က ရှင်းပြလိုက်၏။
“အဲဒီလောကတွေက တူညီတဲ့ အဆင့်မှာရှိပြီး သူတို့ရဲ့ ခွန်အားတွေကလည်း မတိမ်းမယိမ်းပဲ.. တစ်ယောက်ယောက်က ကောင်းကင်ဘုံကပ်ဘေးကနေ ရှင်သန်နိုင်ခဲ့မယ်ဆိုရင် သူတို့က ခွန်အားအဆင့် ပိုပြီးမြင့်မားတဲ့ ဘုံလောကတစ်ခုကို တက်လှမ်းနိုင်လိမ့်မယ်.. အဲဒါက ငါတို့ပြောနေတဲ့ အထက်ဘုံလောက ဆိုတာပဲ”
“အထက်ဘုံနဲ့ အောက်ဘုံလောကကြားမှာ အရမ်းကို ကြောက်စရာကောင်းတဲ့ ကောင်းကင်နဲ့မြေကြီး နိယာမတွေ ရှိတယ်… အောက်ဘုံက ကျင့်ကြံသူတွေက အထက်ကို တက်လှမ်းချင်တယ်ဆိုရင် သူတို့က သေကြေပျက်သုဉ်းရနိုင်ချေများတဲ့ အထွတ်အထိပ် ကပ်ဘေးတစ်ခုကို ဖြတ်ကျော်ရလိမ့်မယ်… ဒါပေမဲ့ အထက်ဘုံက အင်မော်တယ်တွေကလည်း အောက်ဘုံကို ပြန်လာဖို့ မဖြစ်နိုင်ဘူး”
“အထက်ဘုံလောကက ဘယ်သူမဆို ထျန်ဟွမ်ကုန်းမြေတိုက်ကို ဆင်းသက်မလာခင်မှာပဲ သူတို့က အလယ်မှာ ရှိတဲ့ ကောင်းကင်နဲ့မြေကြီး နိယာမတွေနဲ့ ဖျက်ဆီးခြင်းကို ခံရလိမ့်မယ်”
မွေးနီတစ္ဆေက ခေါင်းညိတ်လိုက်၏။
အထက်ဘုံလောကမှ ထိုသူများသည် အောက်ဘုံလောကသို့ အလွယ်တကူ ဝင်ရောက်လာနိုင်မည်ဆိုလျှင် သန်းနှင့်ချီသော လောကများက ပရမ်းပတာ ဖြစ်လာပေလိမ့်မည်။
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွား၏။ သူက တစ်စုံတစ်ရာ ပြောချင်သော်လည်း ရပ်တန့်လိုက်လေသည်။
ချန်နဂါးဧကရာဇ် ပြောသည်က ပကတိ မမှန်ကန်ကြောင်း သူသိထားလေသည်။
အနည်းဆုံးတော့ တျဲယွဲ့သည် ထျန်ဟွမ်ကုန်းမြေတိုက်သို့ အရင်က ရောက်ရှိခဲ့ဖူးလေသည်။
တျဲယွဲ့၏ အစွမ်းအစအရ.. သူမသည် အထက်ဘုံလောကမှ ပုဂ္ဂိုလ်တစ်ယောက် သေချာပေါက် ဖြစ်ရပေမည်။
ဆူဇီမိုက မေးလိုက်၏။
“လူသားဧကရာဇ် နန်းတော်က အထက်ဘုံကနေ ဘာကြောင့် ရောက်လာနိုင်ရတာလဲ”
ချန်နဂါးဧကရာဇ်က သူ၏ ခေါင်းကို ခါယမ်းပြလိုက်၏။
“လူသားဧကရာဇ် နန်းတော်က အထက်ဘုံကို ဘယ်တုန်းကမှ ပါမသွားခဲ့ဘူး.. အဲဒါက ထျန်ဟွမ်ကုန်းမြေတိုက်မှာ လူသားဧကရာဇ် ချန်ထားရစ်ခဲ့တဲ့ နောက်ဆုံးဝှက်ဖဲပဲ”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး တစ်စုံတစ်ရာကို ဝိုးတဝါး ခန့်မှန်းမိသွား၏။
ချန်နဂါးဧကရာဇ်က ဆက်ပြောလိုက်လေသည်။
“တကယ်တော့.. ကမ္ဘာဦးမျိုးနွယ်တွေက ကမ္ဘာဦးခေတ်တုန်းကလို သူတို့ရဲ့ အထွတ်အထိပ်ကို ပြန်လည်ရောက်ရှိနေခဲ့တာ ကြာခဲ့ပြီ.. ဒါပေမဲ့ သူတို့က ဒီလောက်ကြာတဲ့အထိ တိုက်ခိုက်မလာခဲ့ဘူးဆိုတာ လူသားဧကရာဇ် နန်းတော်ရဲ့ ခြိမ်းခြောက်မှုကြောင့်ပဲ”
“လူသားဧကရာဇ် နန်းတော်က လူသားဧကရာဇ်ရဲ့ အမွေအနှစ်တွေကို လက်ဆင့်ကမ်း ဖြန့်ဝေဖို့အတွက် ၇ကြိမ် ပေါ်ထွက်လာခဲ့တယ်.. ဒါပေမဲ့ အဲဒါက အမှတ်သင်္ကေတတစ်ခုပဲ.. သူ့ရဲ့ အစစ်အမှန် ရည်ရွယ်ချက်က ကမ္ဘာဦးမျိုးနွယ်တွေကို ခြိမ်းခြောက်ဖို့ပဲ”
“လူသားဧကရာဇ် နန်းတော်ရဲ့ ပိုင်ရှင်က လူသားဧကရာဇ်ပဲ… ဒါပေမဲ့ လူသားဧကရာဇ်ရဲ့ နန်းတော်မှာ တာဝန်ကျနေတဲ့ ပုဂ္ဂိုလ်က နန်းတော် အစောင့်အရှောက်လို့ ခေါ်တဲ့ အခြားတစ်ယောက်ပဲ”
“အဲဒါ သူပဲ”
ဆူဇီမိုက လူသားဧကရာဇ် နန်းတော်ထဲရှိ လျှို့ဝှက်ဆန်းကြယ်သော အဘိုးအိုကို ပြန်လည်အမှတ်ရလာ၏။
ချန်နဂါးဧကရာဇ်က ပြောလိုက်လေသည်။
“နန်းတော် အစောင့်အရှောက်က အမွေအနှစ်တွေကို အဆက်မပြတ် ဖြန့်ဝေပေးရပြီး သူတို့အားလုံးနီးပါးက မျိုးဆက်တစ်ခုစီတိုင်းမှာ လူသားမျိုးနွယ်ရဲ့ အသန်မာဆုံး ဧကရာဇ်တွေပဲ”
“အဲဒါဆို ဒီဘက်မျိုးဆက်မှာ ကမ္ဘာဦးမျိုးနွယ်တွေက ဘာကြောင့် တိုက်ခိုက်လာရဲတာလဲ”
ဆူဇီမိုက ထပ်မေးလိုက်၏။
“အဲဒါက ဒီဘက်မျိုးဆက်ရဲ့ နန်းတော် အစောင့်အရှောက်က ငါ့လိုမျိုး အိုမင်းနေပြီမလို့ပဲ”
ချန်နဂါးဧကရာဇ်က ပြောလိုက်လေသည်။
“လွန်ခဲ့တဲ့ နှစ်လေးသောင်းက နန်းတော် အစောင့်အရှောက်က ကျင့်ကြံသူတစ်ယောက်ကို သဘောတွေ့သွားပြီး သူ့ကို လူသားဧကရာဇ် နန်းတော်ရဲ့ နောက်ထပ် အရိုက်အရာဆက်ခံသူ ဖြစ်လာဖို့ ပြုစုပျိုးထောင်ချင်ခဲ့တယ်.. သူက လူသားဧကရာဇ်ရဲ့ ကြေးမုံကိုတောင် အဲဒီလူကို အမွေပေးခဲ့တယ်”
“ကံဆိုးစွာနဲ့ပဲ.. အဲဒီလူက လွန်ခဲ့တဲ့ နှစ်လေးသောင်းတုန်းက သေဆုံးသွားခဲ့ပြီး နန်းတော် အစောင့်အရှောက်က သင့်လျော်တဲ့ အရိုက်အရာ ဆက်ခံသူတစ်ယောက်ကို နောက်ထပ် ဘယ်တော့မှ ရှာမတွေ့တော့ဘူး”
“အဲဒီလူက လွန်ခဲ့တဲ့ နှစ်လေးသောင်းတုန်းက သေမသွားခဲ့ဘူးဆိုရင်.. သူက ဒီနှစ်တွေထဲမှာ နန်းတော် အစောင့်အရှောက်အသစ် သေချာပေါက် ဖြစ်လာလိမ့်မယ်.. အဲ့လိုဆိုရင် ကောင်းကင်ဘုံနတ်ဘုရား ဧကရာဇ်နဲ့ တခြားသူတွေက သူ့ကို သတိကြီးကြီးထားနေရတဲ့အတွက် မဆင်မခြင် ပြုမူတိုက်ခိုက်လာရဲမှာ မဟုတ်ဘူး”