ကြိုဆိုပါတယ်ဆရာ
Vol. 110 Ch. 1643
နန်းတော်အစောင့်အရှောက်သည် အံကိုကြိတ်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်လိုက်၏။ သူသည် လူသားဧကရာဇ်၏ စုတ်တံကို ဝေ့ယမ်းပြီး လေဟာနယ်ထဲတွင်... နောက်ထပ် မျဥ်းကြောင်းတစ်ခုကို ရေးဆွဲကာ နောက်ထပ် သွေးအမာရွတ်တစ်ခုကို ပေါ်ထွက်လာစေ၏။ သွေးအမာရွတ်က ကြောက်မက်ဖွယ်ရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုနှင့်အတူ ဆေဘာရှည်တစ်လက်ကဲ့သို့ ပထမအမာရွတ်နှင့် ကြက်ခြေခတ်သွားစေလေသည်။
နန်းတော်အစောင့်အရှောက်သည် သွေးအမာရွတ်အကြောင်းနှစ်ကြောင်းကို ထုတ်ဖော်ပြီးနောက် သူ၏ အမူအရာက သိသိသာသာ ဖြူဖျော့သွား၏။ သူသည် စွမ်းအင်အမြောက်အမြားကို သုံးစွဲခဲ့ရသည့်အလား သူ၏နဖူးမှ ချွေးများစိုလာခဲ့၏။
သွေးအမာရွတ်နှစ်ခုသည် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ အန္တိမနတ်ဘုရားစွမ်းအားအပေါ် သက်ရောက်မှုများစွာ မဖြစ်စေပေ။ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် သူ့လက်ဖဝါးထဲမှ နတ်ဘုရားတိုင်းပြည်ကိုကိုင်စွဲပြီး နန်းတော်အစောင့်အရှောက်ရှိရာသို့ ပြေးဝင်လိုက်၏။
နန်းတော်အစောင့်အရှောက်သည် လေတစ်ချက်ကိုရှုရှိုက်ပြီး လူသားဧကရာဇ်၏ စုတ်တံကို နောင်တစ်ဖန်ဝေ့ယမ်းလိုက်၏။
သူက သွေးအမာရွတ်များ၏ အောက်မှာ နောက်ထပ်မျဥ်းနှစ်ကြောင်းကို ရေးဆွဲပြီး ကြက်ခြေခတ်တစ်ခုရေးခြစ်လိုက်လေသည်။
သွေးအမာရွတ်နှစ်ခုက ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်ရှိရာသို့ ပြေးဝင်သွား၏။
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် အကြောက်အလန့်ကင်းမဲ့သော အမူအရာရှိပြီး သူကလှောင်ရယ်လိုက်၏။
သူသည် နတ်ဘုရားတိုင်းပြည်ကို ကိုင်မြှောက်ပြီး သွေးအမာရွတ်ကို ပိတ်ဆို့တားဆီးလိုက်၏။
“ဤတစ်ခေါက်မှာတော့ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က ရပ်တန့်သွားခဲ့၏။ သို့သော်လည်း နန်းတော်အစောင့်အရှောက်၏ အခြေအနေက ပို၍ပင်ဆိုးဝါးလေသည်။
သွေးအမာရွတ်နှစ်ခုကို ရေးဆွဲပြီးနောက် နန်းတော်အစောင့်အရှောက်၏ ခန္ဓာကိုယ်သည် ပို၍ပင် တုန်ယင်လာပြီး သူကအလွန်တရာ အားပျော့လာခဲ့၏။
“နန်းတော်အစောင့်အရှောက်က တစ်ခုခုကို ရေးနေတဲ့ပုံပဲ”
ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်၏။
ချန်နဂါးဧကရာဇ်က ခေါင်းညိတ်ပြလိုက်၏။
“အဲ့ဒါက ကြောက်စရာကောင်းတဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုပါဝင်တဲ့ အရမ်းကိုစွမ်းအားကြီးမားတဲ့ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုပဲ...ထာဝရလူသားဧကရာဇ်က အဲ့ဒီနတ်ဘုရားစွမ်းအားကို အရင်တုန်းက ထုတ်ဖော်ခဲ့တုန်းက ဧကရာဇ်များစွာက မြှုပ်နှံခံခဲ့ရတယ်”
“အဲ့ဒီအန္တိမနတ်ဘုရားစွမ်းအားကို သတ်ဖြတ်ခြင်းစကားလုံးပညာရပ်လို့ခေါ်တယ်”
“သတ်ဖြတ်ခြင်းစကားလုံးပညာရပ်လား”
ဆူဇီမို၏ စိတ်ထဲမှာ နားလည်သဘောပေါက်သည့် ပုံရိပ်တစ်ခုထင်ဟပ်လာ၏။
“နန်းတော်အစောင့်အရှောက်က 'သတ်' ဆိုတဲ့စကားလုံးကို ရေးချင်နေတဲ့ပုံပဲ”
“ဟုတ်တယ်”
ချန်နဂါးဧကရာဇ်က ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏ ခေါင်းကို ခါယမ်းလိုက်ပြန်၏။
“ဒါပေမဲ့... သူက အဲ့ဒီနတ်ဘုရားစွမ်းအားကို အခုချိန်ထိ အသုံးမပြုနိုင်သေးဘူး... စုတ်ချက်လေးချက်ကို ရေးဆွဲလိုက်တာက သူ့ရဲ့အကန့်အသတ်ဖြစ်နေပြီ”
“အဲ့ဒါဆို... ကျုပ်တို့ဘယ်လိုလုပ်ရမလဲ”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက မျက်မှောင်ကြုတ်လိုက်၏။
“နန်းတော်အစောင့်အရှောက်က ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်ရဲ့ သတ်ဖြတ်ခြင်းခံရမှာကို ကျုပ်တို့က ဒီတိုင်းပဲ စောင့်ကြည့်နေရမှာလား”
ချန်နဂါးဧကရာဇ်က အသံတိတ်နေ၏။
ငရဲစုန်းဧကရာဇ် ၊ ရွှေကျီးကန်းမီးဧကရာဇ်နှင့် အခြားသူများက သူ့ကိုစောင့်ကြည့်နေကြ၏။
သူက တိုက်ခိုက်မည်ဆိုလျှင် ဧကရာဇ်များကြားမှာ ကြီးမားသည့်တိုက်ပွဲတစ်ခု သေချာပေါက် ပေါ်ထွက်လာပေလိမ့်မည်။ ထိုအချိန်ကျလျှင် အခြေအနေက ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာပင်လျှင် ဤနေရာမှာ သေဆုံးရနိုင်လေသည်။
အဲ့ဒါက နဂါးမျိုးနွယ် လက်မခံနိုင်သည့် ဆုံးရှုံးမှုဖြစ်လေသည်။
ချန်နဂါးဧကရာဇ်သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကိုသာ ကာကွယ်ဖို့ရွေးချယ်နိုင်လေသည်။
“သူ သေချာပေါက်ရောက်လာမယ်လို့ ငါယုံတယ်”
ထိုစဉ်မှာပင် မလှမ်းမကမ်းရှိ ပုံပြောအဖိုးအိုက မိုးကောင်းကင်ထက်ကို မော့ကြည့်ပြီး ရိုကျိုးခယသော အမူအရာတစ်ခုနှင့်အတူ ညင်သာစွာ တီးတိုးရေရွတ်လိုက်၏။
လူတိုင်းနီးပါးသည် လေထဲရှိတိုက်ပွဲကို စောင့်ကြည့်နေကြပြီး မည်သူကမှ ပုံပြောအဖိုးအို၏ စကားသံကို မကြားလိုက်ကြပေ။
သို့သော်လည်း ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး မနေနိုင်ဘဲမေးလိုက်၏။
“ဘယ်သူလဲ”
ပုံပြောအဖိုးအိုက မိုးကောင်းကင်ထက်ကိုသာ တိတ်တဆိတ်ဖြင့် ငေးကြည့်နေ၏။
ရုတ်တရက် အလွန်တရာရဲတင်းသော အတွေးတစ်ခုက ဆူဇီမို၏ စိတ်ထဲသို့ဝင်ရောက်လာပြီး သူက တုန်လှုပ်စွာဖြင့် ထခုန်လိုက်လေသည်။
သို့သော်လည်း သူက ထိုအတွေးကို အလျင်အမြန်ပယ်ချလိုက်၏။
“မဖြစ်နိုင်ဘူး”
ဆူဇီမိုက သူ၏ ခေါင်းကို ခါယမ်းလိုက်၏။
“ဘယ်လိုမှကို မဖြစ်နိုင်ဘူး”
တိုက်ပွဲနယ်မြေတွင်...
နန်းတော်အစောင့်အရှောက်သည် သူ၏ အကြည့်ကို ရွေ့လျားခြင်းမရှိဘဲ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်ကို စိုက်ကြည့်နေ၏။
လူသားဧကရာဇ်၏ စုတ်တံကို သူ၏ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း သူက တုန်ယင်၍ ပဉ္စမမြောက်သွေးအမာရွတ်တစ်ခုကို ရေးဆွဲလိုက်လေသည်။
ထိုသွေးသံရဲရဲ'သတ်'ဆိုသော စကားလုံးသည် ပြီးပြည့်စုံလုနီးပါး ဖြစ်နေခဲ့ပြီး နောက်ဆုံးစုတ်ချက်ကိုသာ လွဲချော်သွားလေသည်။
ပဥ္စမမြောက်အမာရွတ်သည် နတ်ဘုရားတိုင်းပြည်ကို ထိတွေ့ရိုက်ခတ်ပြီး ၎င်းက ပြိုကျပျက်စီးတော့မည့်အလား အကျွိကျွိမြည်၍ ပြင်းထန်စွာလှုပ်ခါလာ၏။
သူတို့က ဧကရာဇ်များမဟုတ်ကြလျှင်တောင် နန်းတော်အစောင့်အရှောက်သည် ဆဋ္ဌမမြောက်စုတ်ချက်ကိုရေးဆွဲပြီး 'သတ်'ဆိုသောစကားလုံးကို ပြီးပြည့်စုံစေနိုင်သည်နှင့်အမျှ သူသည် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ နတ်ဘုရားတိုင်းပြည်ကို သေချာပေါက်ဖျက်ဆီးနိုင်မည်ဖြစ်ကြောင်း လူတိုင်းက ပြောနိုင်လေသည်။
သို့သော်လည်း နန်းတော်အစောင့်အရှောက်သည် မည်သို့ပင်ဆိုစေ နောက်ဆုံးစုတ်ချက်ကို အဆုံးမသတ်နိုင်တော့ပေ။
ပဉ္စမမြောက်စုတ်ချက်က သူ၏ အကန့်အသတ်ဖြစ်လေသည်။
နန်းတော်အစောင့်အရှောက်သည် လူသားဧကရာဇ်၏ စုတ်တံကို ကိုင်ဆွဲပြီး သူ၏ အမြင်အာရုံက ဝေဝါးလာကာ ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။
“ဟားဟားဟားဟား”
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် သူ၏ ခေါင်းကိုမော့၍ ရယ်မောလိုက်၏။
“နန်းတော်အစောင့်အရှောက် လက်လျှော့လိုက်တော့... ဒီဘက်မျိုးဆက်က ရှေးဟောင်းခေတ် မဟုတ်တော့ဘူး”
“မင်းက... လူသားဧကရာဇ်ရဲ့ နောက်လိုက်ခွေးတစ်ကောင် ဖြစ်နေတဲ့အချက်ကိုအသာထား ထာဝရလူသားဧကရာဇ်က ဒီဘက်မျိုးဆက်မှာ ဆင်းသက်လာမယ်ဆိုရင်တောင် ငါသူ့ကို ဖိနှိမ်ပြနိုင်တယ်”
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က ထိုသို့ယုံကြည်မှုရှိလေသည်။
ထာဝရလူသားဧကရာဇ်က အလွန်တရာ စွမ်းအားကြီးမားလျှင်တောင် သူသည် အန္တိမနတ်ဘုရားစွမ်းအား ၆ခုကိုသာ နားလည်ဆင်ခြင်ထား၏။
ယခုအချိန်မှာ သူ၏ တိုက်ခိုက်ရည်ခွန်အားသည် အန္တိမနတ်ဘုရားစွမ်းအား ၆ခုကို နားလည်ဆင်ခြင်ထားသော လူသားမျိုးနွယ်မှ ဧကရာဇ်တစ်ပါးနှင့်တူညီလေသည်။
ဘုန်း...
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က ထိုသို့ပြောလိုက်သည့်ခဏမှာပင် ကောင်းကင်ထက်ကနေ မိုးကြိုးသံက မြည်ဟည်း၍ ပေါက်ကွဲထွက်ပေါ်လာ၏။
မျိုးနွယ်စုတစ်သောင်းမှသက်ရှိများအားလုံးသည် သူတို့၏ နားများက တစီစီမြည်၍ သူတို့၏ စိတ်များက ဗလာကျင်းသွားသည်ဟု ခံစားရကာ ကြောင်အ,မှင်တက်သွားကြ၏။ သူတို့ကိုမပြောနှင့် လက်ရှိဧကရာဇ်များပင်လျှင် မျက်မှောင်ကြုတ်လိုက်ကြ၏။
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်ပေါ် ထိတွေ့ရိုက်ခတ်မှုက ပို၍ပင်ကြီးမားပြီး သူ၏ ခန္ဓာကိုယ်က ယိမ်းထိုးလှုပ်ရှားသွား၏။ သူ၏ နားနှစ်ဖက်က မခံမရပ်နိုင်သော ပုံစံဖြင့် နာကျင်သွားပြီး သူက အလွန်တရာ နာကျင်ရသော အမူအရာတစ်ခုကို ထုတ်ဖော်ပြသလာ၏။
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် ထာဝရလူသားဧကရာဇ်ကို စိန်ခေါ်လိုက်သည့်အတွက် မိုးကောင်းကင်က သူ့ကိုအပြစ်ပေးလိုက်သည့်အလားပင်။
မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် သူတို့၏ ခေါင်းများကို မော့ကာ ကြည့်လိုက်ကြ၏။
မိုးကောင်းကင်ထက်မှာ ဧရာမအက်ကွဲကြောင်းတစ်ခုပေါ်ထွက်လာပြီး ကျိန်းစပ်နေသော အဖြူရောင်အလင်းများက အထဲကနေ ပစ်လွင့်ထွက်ပေါ်ကာ အလွန်တရာကြောက်စရာကောင်းသော ဖိအားတစ်ခုကို ထုတ်ပေးနေလေသည်။
ထိုဖိအားသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှ လာခြင်းနှင့်မတူဘဲ တခြားသော လောကတစ်ခုမှ ရောက်ရှိလာသည့်ပုံပင်။
အဲ့ဒါသည် ထျန်ဟွမ်ကုန်းမြေတိုက်၏ မိုးကောင်းကင်ထက်မှာ အပေါက်တစ်ခုက ဆုတ်ဖြဲပေါ်ထွက်လာသည့်အလားပင်။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် လေဟာနယ်ကို ဆုတ်ဖြဲသောအခါ အဲ့ဒါသည် တူညီသော လောကအတွင်းမှာသာဖြစ်၏။ သို့သော် ယခုအခါ ကြောက်စရာကောင်းသော ပြင်ပစွမ်းအားတစ်ခုသည် ထျန်ဟွမ်ကုန်းမြေတိုက်၏ ဤအစိတ်အပိုင်းသို့ ဆင်းသက်ထိုးဖောက်လာသည့်ပုံပင်။
ပုံပြောအဖိုးအိုသည် မိုးကောင်းကင်ထက်ရှိ အလျှံညီးညီး မီးတောက်များကိုမော့ကြည့်ရင်း မြေပြင်ပေါ်မှာ စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်ချလိုက်၏။
နန်းတော်အစောင့်အရှောက်သည် အသက်တစ်ချက်ရှုသွင်းပြီး သူ၏ အမြင်အာရုံက ကြည်လင်လာခဲ့၏။ သူသည် ပုံပြောအဖိုးအို၏ အပြုအမူကို တွေ့မြင်သောအခါ သူက တစ်စုံတစ်ရာကို နားလည်သွားပုံရပြီး အော်ပြောလိုက်၏။
“မင်းက အဲ့ဒီလျှို့ဝှက်ပညာရပ်ကိုသုံးဖို့အတွက် မင်းရဲ့ဘဝသက်တမ်းကို စတေးလိုက်တာလား”
“ဟုတ်တယ်”
ပုံပြောအဖိုးအိုက ကျယ်လောင်စွာပြန်ဖြေလိုက်၏။
နန်းတော်အစောင့်အရှောက်သည် မိုးကောင်းကင်ထက်ရှိ အလျှံညီးညီး အလင်းရောင်ကိုကြည့်ရင်း သူက တွေဝေရှုပ်ထွေးသော အမူအရာတစ််ခုရှိနေသော်လည်း မြေပြင်ပေါ်သို့ ဒူးထောက်ချကာ အော်ပြောလိုက်လေသည်။
“ကြိုဆိုပါတယ်ဆရာ”
“ကြိုဆိုပါတယ်ဆရာတဲ့လား”
လက်ရှိသက်ရှိများအားလုံးသည် အနည်းငယ်မှင်တက်သွားပြီး ခဏကြာသည်အထိ မတုံ့ပြန်နိုင်ကြပေ။
သို့သော် မကြာခင်သူတို့၏ အမူအရာများက ပြောင်းလဲကုန်ကြ၏။
နန်းတော်အစောင့်အရှောက်၏ ဆရာဆိုတာက...။
“ထာဝရလူသားဧကရာဇ်”
ဧကရာဇ်များက ထိတ်လန့်တကြား ရေရွတ်လိုက်ကြ၏။
“မဖြစ်နိုင်တာ...”
ငရဲစုန်းဧကရာဇ်က အော်ပြောလိုက်၏။
“ထာဝရလူသားဧကရာဇ်က အထက်ဘုံကိုတက်လှမ်းသွားပြီပဲ... အထက်ဘုံနဲ့ အောက်ဘုံကြားမှာ အရမ်းကိုကြောက်စရာကောင်းတဲ့ မဟာတာအိုနိယာမတွေရှိနေတာပဲ... ထာဝရလူသားဧကရာဇ်က ထျန်ဟွမ်ကုန်းမြေတိုက်ကို ဘယ်လိုလုပ်ပြန်လာနိုင်မှာလဲ “
ဆူဇီမိုသည် တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ မိုးကောင်းကင်ထက်ကိုသာ မမှိတ်မသုန်စိုက်ကြည့်နေ၏။
လူတစ်ယောက်က အလျှံညီးညီး အလင်းရောင်များကြားကနေ လျှောက်လှမ်းထွက်လာလေသည်။ ထိုအမျိုးသားသည် အလွန်တရာကြည့်ကောင်းတင့်တယ်ပြီး အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူ၏ အနက်ရောင်ဆံပင်များက ကခုန်နေပြီး သူ၏ မျက်လုံးများက အဆုံးမဲ့သော လျှို့ဝှက်ချက်များနှင့် ဉာဏ်ပညာတို့ကို ပိုင်ဆိုင်ထားသည့်အလား ကြယ်များကဲ့သို့ နက်ရှိုင်းနေ၏။
လောကက အေးလဲရပ်တန့်သွားပြီး အရာရာတိုင်းက ငြိမ်သက်သွားသည်ဟု ထင်ရလေသည်။
ထိုအမျိုးသားသည် အောက်ကိုငုံ့ကြည့်ပြီး သူ၏ မျက်လုံးများက အဆုံးမဲ့သော တည်ငြိမ်ရင့်ကျက်မှုနှင့် စိတ်ခံစားချက်များကို ထုတ်ဖော်ပြသနေ၏။
ထိုအခိုက်အတန့်မှာ ထျန်ဟွမ်ကုန်းမြေတိုက်ကလည်း တိတ်ဆိတ်ငြိမ်သက်သွား၏။
သားရဲတစ်ထောင်တောင်ကြားမှာ နှစ်တစ်ထောင်သွေးပင်လယ်၏ အနက်ပိုင်းထဲရှိ အလွန်တရာကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုသည် ၎င်း၏ အော်ရာကို အလျင်အမြန်ရုပ်သိမ်းကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ အလယ်ပိုင်းတိုက်မှာ တစ်စုံတစ်ယောက်သည် သူ၏ ချွန်ထက်သောလက်သည်းများကိုသုံးပြီး ခေါင်းတလားကို ကုတ်ခြစ်နေသည့်အလား သုသာန်တစ်ခု၏ အောက်ရှိ ရှေးကျသော ခေါင်းတလားတစ်ခုတည်းမှာ ဂျစ်ဂျစ်ဂျက်ဂျက်အသံများက အစက ထွက်ပေါ်နေ၏။
သို့သော်လည်း ရုတ်တရက် ထိုအသံက ပျောက်ကွယ်သွား၏။
ရှေးဟောင်းခေါင်းတလားသည် ပုံမှန်အတိုင်းပြန်ဖြစ်သွားလေသည်။
အရှေ့ပင်လယ်တွင်...
သေးငယ်သော လှေတစ်စင်းက လွင့်မျောနေ၏။
ဝါးခမောက်ကို ဆောင်းထားသော တံငါသည်တစ်ယောက်သည် အစက သူ၏ ခြေနှစ်ချောင်းကိုချိတ်ကာ လှေငယ်လေးပေါ်မှာ အေးအေးလူလူလှဲလျောင်းနေပြီး နေပူစာလှုံနေ၏။
ရုတ်တရက် တံငါသည်က ဆတ်ခနဲတုန်ယင်သွားပြီး ကျွမ်းပစ်ကာ အရှေ့ပင်လယ်ထဲသို့ ခုန်ချသွား၏။
သူက ပင်လယ်ထဲသို့ ဝင်ရောက်သွားသည့်ခဏမှာပင် တံငါသည်က ပျောက်ကွယ်သွားပြီး ဧရာမငါးတစ်ကောင်အဖြစ် ပြောင်းလဲကာ ပင်လယ်၏ အနက်ပိုင်းထဲသို့ ကူးခတ်သွားလေသည်။