ထာဝရလူသားဧကရာဇ်
Vol. 110 Ch. 1644
ထာဝရလူသားဧကရာဇ်….
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် မျက်လုံးအပြူးသားနှင့် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။ သူတို့သည် တုန်လှုပ်ရလွန်းသောကြောင့် မည်သည့်စကားမှ မဆိုနိုင်ဘဲ သူတို့၏ မျက်နှာများပေါ်မှာ မယုံကြည်နိုင်မှုများက ထင်ဟပ်နေ၏။
ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များသည်လည်း လိပ်ပြာလွင့်မတတ် ကြောက်လန့်ကာ တုန်ယင်နေကြ၏။
အဲဒါသည် လူသားဧကရာဇ်၏ ပုံရိပ်ယောင် မဟုတ်ပေ။
အဲဒါသည် သူ၏ တုန်လှုပ်စရာကောင်းသော တာအိုနှင့် ဓမ္မနည်းစနစ်များကို ပိုင်ဆိုင်ထားသည့် စစ်မှန်သော ထာဝရလူသားဧကရာဇ် ဖြစ်လေသည်။
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၊ ငရဲစုန်းဧကရာဇ်နှင့် အခြားသူများကဲ့သို့ အသန်မာဆုံး ဧကရာဇ်များပင်လျှင် ထာဝရလူသားဧကရာဇ်၏ ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်ပေ။
ယခု အလွန်ကြာညောင်းသော အချိန်ကာလတစ်ခုကို ဖြတ်ကျော်ခဲ့ပြီးနောက်… ထာဝရလူသားဧကရာဇ်၏ ပါရမီအရည်အချင်းနှင့် အလားအလာအရ သူက ဘယ်ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိနေမလဲ စဉ်းစားကြည့်၍ မရနိုင်ပေ။
ဘုန်း.. ဘုန်း…
ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များသည် ဖြူဖပ်ဖြူလျော် အမူအရာများနှင့်အတူ မြေပြင်ပေါ်မှာ ဒူးထောက်ချကာ တုန်ယင်နေကြ၏။
ငရဲစုန်းဧကရာဇ်၊ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်နှင့် အခြားသူများပင်လျှင် ခြွင်းချက်မရပေ။ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ အားလုံးက ဒူးထောက်ကျသွား၏။
လူသားဧကရာဇ်သည် မည်သည့်စွမ်းအားကိုမှ တကူးတက ဖော်ထုတ်မနေလျှင်တောင် သူ၏ နာမည်ဂုဏ်သတင်းကပင် မျိုးနွယ်စုတစ်သောင်းကို တုန်လှုပ်စေဖို့ လုံလောက်လေသည်။
ကျင့်ကြံသူများ၏ မျက်လုံးများက အဆုံးမဲ့သော စိတ်လှုပ်ရှားမှုနှင့် စိတ်အားမာန်တို့ဖြင့် ပြည့်နှက်လာ၏။
ထာဝရလူသားဧကရာဇ်…
ရှေးဟောင်းခေတ်၏ အသန်မာဆုံးနှင့် ရင်သပ်ရှုမောဖွယ်ရာ အဖြစ်ဆုံး တည်ရှိမှုတစ်ခု ဖြစ်ခဲ့သည့် ဒဏ္ဍာရီလာ ဤဧကရာဇ်က လူသားမျိုးနွယ် ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်မှာ ထျန်ဟွမ်ကုန်းမြေတိုက်သို့ နောက်တစ်ဖန် ဆင်းသက်ရောက်ရှိလာခဲ့လေပြီ။
“နှုတ်ဆက်ပါတယ် လူသားဧကရာဇ်”
ကျင့်ကြံသူများစွာက စိတ်အားမာန်တက်ကြွလာပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြ၏။
“အခု လူသားဧကရာဇ်က ရောက်လာပြီ.. ဘယ်သူက လူသားမျိုးနွယ်ကို အနိုင်ကျင့်ရဲသေးလဲ”
ကျင့်ကြံသူအချို့က အော်ပြောလိုက်ကြ၏။
နောက်ထပ်လူတစ်ယောက်က ကမ္ဘာဦးမျိုးနွယ် ၆စုမှ ဧကရာဇ်များဘက်သို့ လက်ညိုးထိုးပြီး အံကိုကြိတ်ကာ ပြောလိုက်လေသည်။
“စောစောက ခင်ဗျားတို့ ကမ္ဘာဦးမျိုးနွယ်တွေရဲ့ မောက်မာမှုက ဘယ်နေရာကို ရောက်သွားတာလဲ… ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်.. ခင်ဗျားက ထာဝရလူသားဧကရာဇ်ကို ဖိနှိမ်ပြမယ်လို့ မပြောခဲ့ဘူးလား.. အခု ထွက်လာခဲ့လေ”
“ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်.. ခင်ဗျားက ဘာလို့ ခွေးတစ်ကောင်လို မြေကြီးပေါ်မှာ ဒူးထောက်နေရတာလဲ”
ကျင့်ကြံသူများစွာက အော်ပြောလိုက်ကြ၏။
“မဖြစ်နိုင်ဘူး.. ဘယ်လိုမှ မဖြစ်နိုင်ဘူး”
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်နှင့် အခြားသူများသည် သူတို့၏ မျက်လုံးထဲရှိ ကြောက်ရွံ့မှုနှင့်အတူ ကောင်းကင်ထက်ရှိ အမျိုးသားကို မယုံကြည်နိုင်စွာ ငေးကြည့်ရင်း ချွေးများ စိုရွှဲလာခဲ့၏။
အထက်ဘုံကနေ ဆင်းသက်လာခြင်းသည် ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများကို လုံးဝ ချိုးဖျက်လိုက်ခြင်း ဖြစ်လေသည်။ အထက်ဘုံနှင့် အောက်ဘုံသည် လုံးဝ မတူညီသော အဆင့်များမှာ ရှိပြီး မဟာတာအို၏ အလွန်တရာ တင်းကျပ်သော ဥပဒေသများဖြင့် ကန့်သတ်ထားလေသည်။
အောက်ဘုံကနေ အထက်ဘုံသို့ တက်လှမ်းဖို့အတွက် လူတစ်ယောက်သည် ကောင်းကင်ဘုံကပ်ဘေးတစ်ခုကို ဖြတ်ကျော်ရပြီး ထိုဖြစ်စဉ်မှာ သေဆုံးရနိုင်ချေ အလွန်များလေသည်။
သို့သော်လည်း တစ်စုံတစ်ယောက်သည် အထက်ဘုံကနေ အောက်ဘုံသို့ ဆင်းသက်လာချင်သည်ဆိုလျှင် အဲဒါက ပကတိ သေကြေပျက်သုဉ်းရပေလိမ့်မည်။
အဲဒါသည် အထက်ဘုံနှင့် အောက်ဘုံကို တစ်သီးတခြား ကန့်သတ်ပိုင်းခြားထားသည့် မဟာတာအို ဥပဒေသများ၏ တည်ရှိမှုကြောင့် ဖြစ်လေသည်။ ထိုသို့ဖြင့် အောက်ဘုံမှ သက်ရှိများသည် သဘာဝအလျောက် ကြီးပြင်း၍ ကျင့်ကြံနိုင်ကြပေလိမ့်မည်။
အထက်ဘုံမှ ပညာရှင်များက အောက်ဘုံသို့ အလွယ်တကူ ရောက်ရှိလာနိုင်မည်ဆိုလျှင် အထက်ဘုံ၏ စွမ်းအား ပါဝင်သော သူတို့၏ လက်ဝါးရိုက်ချက်တစ်ချက်ကပင် အောက်ဘုံလောကများကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်လေသည်။
ထိုအချိန်ကျလျှင် စကြဝဠာတစ်ခုလုံးက ကသောင်းကနင်း ဖြစ်လာပေလိမ့်မည်။
ငရဲစုန်းဧကရာဇ်သည် မြေပြင်ပေါ်မှာ ဒူးထောက်နေသော်လည်း သူ၏ အကြည့်က ထာဝရလူသားဧကရာဇ်အပေါ် မမှိတ်မသုန် ရောက်ရှိနေ၏။
စုန်းမျိုးနွယ်မှာ အထက်ဘုံမှ ပညာရှင်များ ဆင်းသက်လာခြင်းနှင့် ပတ်သက်သည့် မှတ်တမ်းများ ရှိလေသည်။
အထက်ဘုံမှ ပညာရှင်များက ကောင်းကင်နှင့်မြေကြီး၏ နိယာမကို ချိုးဖြတ်ပြီး အတင်းအကျပ် ဆင်းသက်လာမည်ဆိုလျှင်ဆိုလျှင်တောင် သူတို့သည် အလွန်တရာ မြင့်မားသော တန်ဖိုးတစ်ခုကို သေချာပေါက် ပေးဆပ်ရပေလိမ့်မည်။ အဲဒါက သူတို့၏ သွေး၊ ဘဝသက်တမ်းများ သို့မဟုတ် သူတို့၏ ကျင့်ကြံမှုများပင်လျှင် ဖြစ်ကောင်းဖြစ်နိုင်လေသည်။
အဲဒါသည် အထက်ဘုံမှ ပညာရှင်များ လက်မခံနိုင်သည့် တန်ဖိုးတစ်ခု ဖြစ်လေသည်။
လူသားဧကရာဇ်သည် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ဆင်းသက်လာပြီးနောက် အဆင်ပြေချောမွေ့နေလိမ့်မည်ဟု ငရဲစုန်းဧကရာဇ်က မယုံကြည်ပေ။
လူသားဧကရာဇ်၏ အကြည့်က သားရဲတစ်ထောင်တောင်ကြားရှိ နှစ်တစ်ထောင်သွေးပင်လယ် ရှိရာဘက်သို့ ရွေ့လျားသွားပြီး မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
ချက်ချင်းပင် သူ၏ အကြည့်က အလယ်ပိုင်းတိုက်ရှိ ဧရာမ သုဿာန်တစ်ခုဘက်သို့ လှည့်သွားပြီး မြေပြင်ကို ထိုးဖောက်သွားသည့်အလား ရှေးဟောင်း ခေါင်းတလားတစ်ခုပေါ်သို့ ဆင်းသက်သွားလေသည်။
နောက်ဆုံးမှာတော့.. လူသားဧကရာဇ်သည် အရှေ့ပင်လယ်ဘက်သို့ လှည့်ကာ ငေးကြည့်လိုက်လေသည်။ အရှေ့ပင်လယ်မှာ လှေငယ်တစ်စင်းက ဗလာကျင်းနေ၏။ လူသားဧကရာဇ်၏ မျက်လုံးထဲမှာ စိုးရိမ်ပူပန်သည့် အရိပ်အယောင်တစ်ခုက ထင်ဟပ်လာပြီး သူက ညင်သာစွာ သက်ပြင်းချလိုက်၏။ လူသားမျိုးနွယ် ရင်ဆိုင်နေရသော အန္တရာယ်သည် သူတွေးထင်ထားသည်ထက် များစွာပိုမို ပြင်းထန်ကြမ်းတမ်းနေ၏။
သို့သော် ယခုအခါ သူ့ကို ပုံပြောသူက ဆင့်ခေါ်ခဲ့ပြီး သူက ထျန်ဟွမ်ကုန်းမြေတိုက်သို့ ရောက်ရှိလာသော်လည်း သူသည် ဤလောကရှိ နိယာမများ၏ ကန့်သတ်ချုပ်နှောင်မှုကြောင့် ဤနေရာမှာ ကြာကြာနေနိုင်လိမ့်မည် မဟုတ်ပေ။
သူက ထျန်ဟွမ်ကုန်းမြေတိုက်၏ ပျက်သုဉ်းနိုင်သည့် အန္တရာယ်များကို ခံစားမိနေသည်ဆိုလျှင်တောင် သူမှာ အဲဒါတွေကို ကိုင်တွယ်ဖို့ လုံလောက်သော အချိန်နှင့် စွမ်းအင်မရှိတော့ပေ။
သူသည် လူသားမျိုးနွယ် လက်ရှိရင်ဆိုင်နေရသည့် အန္တရာယ်ကိုသာ ကျော်ဖြတ်နိုင်စေရန် အတတ်နိုင်ဆုံး ကြိုးစားပေးနိုင်ပေလိမ့်မည်။
လူသားဧကရာဇ်က သူ၏ အကြည့်ကို ရုတ်သိမ်းပြီး ပဟေဠိနန်းတော် ရှိရာသို့ လျှောက်လှမ်းလာ၏။
သူ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း လောကက တုန်ခါသွား၏။
အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ထာဝရလူသားဧကရာဇ်ကို နေရာမှာပင် သတ်ဖြတ်ချင်သည့်အလား သူ့ထံသို့ တလိပ်လိပ်တိုးဝင်လာ၏။ လူသားဧကရာဇ်က အမူအရာ ကင်းမဲ့၍ သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ခြင်း မရှိပေ။
သို့သော်လည်း ထိုစွမ်းအားသည် လူသားဧကရာဇ်ကို စိစိညက်ညက်ကြေအောင် ခြေမွှပစ်ချင်နေသည့်အလား ပိုမိုသန်မာ၍ ပိုမိုကြောက်စရာကောင်းလာခဲ့၏။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် ထိုသည်ကို တွေ့မြင်သောအခါ သူတို့၏ အမူအရာများက အိုးတိုးအမ်းတမ်း ဖြစ်လာကြ၏။ ထာဝရလူသားဧကရာဇ်က ဘယ်လိုအရာမျိုးနှင့် ကြုံတွေ့နေရသလဲ သူတို့ မသိရှိပေ။ လက်ရှိဧကရာဇ်များက အဖြေတစ်ခုကို ဝိုးတဝါး ခန့်မှန်းမိလာကြ၏။
ထိုအရာများသည် ထျန်ဟွမ်ကုန်းမြေတိုက်၏ ကောင်းကင်နှင့်မြေကြီး နိယာမများက ထာဝရလူသားဧကရာဇ်ကို ငြင်းဆန်နေပြီး အထက်ဘုံမှ အတင်းအကျပ် ဆင်းသက်လာသည့် ဤပညာရှင်ကို ဖျက်ဆီးပစ်ချင်နေခြင်း ဖြစ်၏။
ထာဝရလူသားဧကရာဇ်၏ အော်ရာက ဆက်လက်ကျဆင်းလာနေပြီး သူ၏ ကျင့်ကြံမှုအဆင့်ကပါ ကျဆင်းလာနေပုံရသည်ကို ငရဲစုန်းဧကရာဇ်နှင့် အခြားသူများက ရှင်းလင်းစွာ ခံစားမိလိုက်၏။
သို့သော်လည်း သူတို့၏ ထာဝရလူသားဧကရာဇ်၏ ကျင့်ကြံမှုကို ဖောက်ထွင်းမမြင်နိုင်ပေ။
ထာဝရလူသားဧကရာဇ်က ပဟေဠိနန်းတော်ထံသို့ ချဉ်းကပ်လာနေ၏။
ဘန်း…
ထိုစဉ်မှာပင် လူတိုင်း၏ ရှေ့မှောက်မှာ ထာဝရလူသားဧကရာဇ်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး သူ၏ ခြေထောက်က ကြေမွသွားလေသည်။
အား…
လူအုပ်ကြီးက အံ့အားတသင့် ရေရွတ်လိုက်ကြ၏။
သူ၏ ခြေထောက်မှ မည်သည့် သွေးနှင့် အသားမှ ပြန့်ကျဲသွားခြင်း မရှိဘဲ ကြေမွသွားခဲ့လေသည်။
အဲဒါသည် ကောင်းကင်နှင့်မြေကြီး နိယာမများဖြင့် ဘာမှမကျန်အောင် ဖယ်ရှားရှင်းလင်းခံလိုက်ရလေသည်။
အဲဒါသည် ဖုန်မှုန့်တစ်လွှာကို ဖယ်ရှားရှင်းလင်းလိုက်သည့်အလားပင်။
ထာဝရလူသားဧကရာဇ်က မျက်မှောင် အနည်းငယ်ကြုတ်ပြီး သူ၏ ဆုံးရှုံးသွားသော ခြေထောက်ကို ကြည့်လိုက်၏။ သူက ခဏမျှ ရပ်တန့်ပြီးနောက်.. ဆက်လက်ဆင်းသက်လိုက်၏။
ဘန်း…
သူ၏ အခြားသော ခြေဖဝါးတစ်ဖက်ကလည်း ဘာမှမကျန်အောင် ကြေမွသွား၏။
“ဟီးဟီး”
ထိုစဉ်မှာပင်.. ငရဲစုန်းဧကရာဇ်က ရုတ်တရက် ထူးဆန်းစွာ ရယ်မောပြီး ပြောဆိုလိုက်လေသည်။
“လူသားဧကရာဇ်.. အို.. လူသားဧကရာဇ်.. ကောင်းကင်နဲ့မြေကြီး နိယာမတွေဆိုတာ ဆန့်ကျင်လို့ မရဘူး.. ခင်ဗျားတောင်မှ အဲဒါကို စိန်မခေါ်နိုင်ဘူး… ခင်ဗျားက ထျန်ဟွမ်ကုန်းမြေတိုက်ကို အတင်းအကျပ် ဆင်းသက်လာချင်တယ်ဆိုရင် ခင်ဗျားက မြင့်မားတဲ့ တန်ဖိုးတစ်ခုကို ပေးဆပ်ရလိမ့်မယ်”
“လူသားဧကရာဇ်.. ခင်ဗျားက ပဟေဠိနန်းတော်ကို အသက်ရှင်လျက် ရောက်လာနိုင်ပါ့မလားဆိုတာ ကြည့်ရသေးတာပေါ့”
ရွှေကျီးကန်း မီးဧကရာဇ်ကလည်း လှောင်ရယ်၍ မတ်တတ်ထရပ်လိုက်၏။
လူသားဧကရာဇ်က တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိဘဲ တည်ငြိမ်သော အကြည့်နှင့်အတူ ပဟေဠိနန်းတော် ရှိရာသို့ ဆက်လက်လျှောက်လှမ်းလာကာ နီးကပ်သည်ထက် နီးကပ်လာခဲ့၏။
ဘန်း… ဘန်း… ဘန်း…
လူသားဧကရာဇ်၏ ခန္ဓာကိုယ်တစ်ပိုင်းက ဘာမှမကျန်အောင် ပြောင်းလဲသွားပြီဖြစ်ပြီး လောကကနေ အပြီးတိုင် ပျောက်ကွယ်သွား၏။
“လူသားဧကရာဇ်…”
ထိုသည်ကို တွေ့မြင်သောအခါ ပုံပြောအဘိုးအိုက ပူဆွေးဝမ်းနည်းဖွယ်ရာ အော်ဟစ်လိုက်ပြီး သူ၏ ပါးနှစ်ဖက်ပေါ် မျက်ရည်များက စီးကျလာ၏။
“ဆရာ.. ရပ်လိုက်ပါတော့”
နန်းတော် အစောင့်အရှောက် ရှေ့သို့ တက်လှမ်း၍ လူသားဧကရာဇ်ကို တားဆီးချင်နေသည်။
လူသားဧကရာဇ်က သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းပြီး သူ၏ လက်ဖဝါးကို မြှောက်ကာ နန်းတော် အစောင့်အရှောက်၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်၏။
သူ၏ လက်ဖဝါးကို မြှောက်လိုက်သည့် ခဏမှာပင် အဲဒါက ကောင်းကင်နှင့်မြေကြီး နိယာများ၏ နောက်တစ်ဖန် ဖယ်ရှားရှင်းလင်းခြင်းကို ခံလိုက်ရပြီး ပျောက်ကွယ်သွားလေသည်။
လူသားဧကရာဇ်၏ အော်ရာက ယခင်ကကဲ့သို့ ကြောက်စရာကောင်းခြင်း မရှိတော့ပေ။
လူသားဧကရာဇ်၏ ကျင့်ကြံမှုကလည်း ကျဆင်းလာနေ၏။
သို့သော်လည်း သူ၏ ခြေလှမ်းများက ရပ်တန့်မသွားဘဲ ရှေ့သို့ ဆက်လှမ်းလာ၏။
“လူသားဧကရာဇ်.. ကျေးဇူးပြုပြီး ရပ်တန့်လိုက်ပါတော့”
“လူသားဧကရာဇ်.. ခင်ဗျားရဲ့ စိတ်ဆန္ဒကို ကျုပ်တို့ နားလည်ပါတယ်.. ကျေးဇူးပြုပြီး ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ပြီး ပြန်ပါတော့”
များစွာသော ကျင့်ကြံသူများက မျက်ရည်များ တသွင်သွင်စီးကျလာ၏။
ကျင့်ကြံသူတိုင်းသည် လူသားဧကရာဇ်၏ ခန္ဓာကိုယ် တစ်စတစ်စ ပျက်စီးပျောက်ကွယ်သွားသည်ကို ငေးကြည့်ရင်း သူတို့၏ နှလုံးသားများက နာကျင်ကိုက်ခဲလာခဲ့လေသည်။
လူသားဧကရာဇ်က ကျင့်ကြံသူများ အားလုံး၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်လေသည်။
လူသားမျိုးနွယ်က သေဆုံးရမည်ဆိုလျှင်တောင် များစွာသော ကျင့်ကြံသူများသည် လူသားဧကရာဇ် ဤနေရာမှာ သေဆုံးရမည်ကို မတွေ့မြင်လိုကြပေ။
လူသားဧကရာဇ်က ရပ်တန့်ခြင်း မရှိဘဲ သူ၏ အကြည့်က ပြတ်သားခိုင်မာနေ၏။
နောက်ဆုံးမှာတော့ လူသားဧကရာဇ်၏ ခန္ဓာကိုယ်က လုံးဝ ပျောက်ကွယ်သွားပြီး အမြုတေစိတ်ဝိညာဉ်တစ်ခုသာလျှင် ကျန်ရစ်ခဲ့၏။
အမြုတေစိတ်ဝိညာဉ်၏ အော်ရာကလည်း လျင်မြန်စွာ ကျဆင်းလာနေ၏။
လူသားဧကရာဇ်၏ အမြုတေစိတ်ဝိညာဉ်သည် ပဟေဠိနန်းတော် အထက်သို့ ဆင်းသက်လာသည့် အချိန်မှာပင် လူသားဧကရာဇ်၏ ကျင့်ကြံမှုအဆင့်သည် ဆက်တိုက်ကျဆင်းနေ၏။ ယခင် မည်သူကမှ မထောက်လှမ်းနိုင်သည့် အဆင့်တစ်ခုကနေ သူက မဟာယာနအဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
ထိုမျှသာမက လူသားဧကရာဇ်၏ အမြုတေစိတ်ဝိညာဉ်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာခဲ့ပြီ ဖြစ်၏။
“ဟားဟားဟားဟား”
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က မတ်တတ်ထရပ်ပြီး တလိပ်လိပ်တက်လာသော တိုက်ပွဲဝင်စိတ်နှင့်အတူ သိပ်သည်းပြင်းထန်သော အော်ရာတစ်ခုကို ထုတ်ဖော်လိုက်၏။ သူ၏ ရင်ထဲရှိ အကြောက်တရားက ပျောက်ကွယ်သွားပြီး သူက ဆက်လက်၍ သံသယမရှိတော့ပေ။ သူက မလှမ်းမကမ်းတွင်ရှိသော လူသားဧကရာဇ်၏ အမြုတေစိတ်ဝိညာဉ်ကို စိုက်ကြည့်ပြီး အော်ပြောလိုက်၏။
“လူသားဧကရာဇ်.. အက်ကွဲနေတဲ့ အမြုတေစိတ်ဝိညာဉ်တစ်ခုနဲ့ ခင်ဗျားက ကျုပ်ကို တိုက်ခိုက်ဖို့ ဘာရှိဦးမလဲ ကြည့်ရသေးတာပေါ့”