← Chapters

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ နိဂုံး

Vol. 110 Ch. 1645

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ နိဂုံး

Vol. 110 Ch. 1645

လူသားဧကရာဇ်သည် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်ကိုကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“အချိန်တွေက အရမ်းကြာသွားလို့နဲ့တူတယ်.. မင်းက ရှေဟောင်းခေတ်စစ်ပွဲရဲ့ သင်ခန်းစာကို မေ့လျော့သွားပြီပဲ”

လူသားဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်၏ အကြည့်က ရွေ့လျားသွားပြီး ဆူဇီမိုပေါ်သို့ ဆင်းသက်သွား၏။

“မိတ်ဆွေလေး... မင်းရဲ့ခန္ဓာကိုယ်ကို ငါငှားလို့ရမလား”

ထိုစကားလုံးက ရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။

မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် ဆူဇီမိုကို မနာလိုအားကျသော အကြည့်များနှင့်အတူ ကြည့်လိုက်ကြ၏။

လက်ရှိဧကရာဇ်များ၏ အကြည့်များပင်လျှင် တောက်လောင်ပြင်းပြလာ၏။

လူသားဧကရာဇ်ဆိုလိုသည့်အရာမှာ သူသည် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်နှင့် တိုက်ခိုက်ဖို့အတွက် ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို အသုံးပြုချင်လေသည်။ အဲ့ဒါက ဆူဇီမိုအတွက် လုံးဝမမျှော်မှန်းနိုင်သည့် အခွင့်အလမ်းတစ်ရပ်ဖြစ်လေသည်။

လက်ရှိ ပညာရှင်များစွာကြားမှာ အသင့်လျော်ဆုံးခန္ဓာကိုယ်သည် နန်းတော်အစောင့်အရှောက်၏ ခန္ဓာကိုယ်သာ သေချာပေါက်ဖြစ်ပေလိမ့်မည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ အဲ့ဒါက ဧကရာဇ်တစ်ပါး၏ ခန္ဓာကိုယ်ကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

လူသားဧကရာဇ်က ဆူဇီမိုကို အခွင့်အလမ်းတစ်ရပ်ပေးချင်နေသည်မှာ သိသာလေသည်။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လွှတ်ခနဲပြောလိုက်၏။

“ရတာပေါ့”

ဖျတ်ခနဲဆို... လူသားဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်က နေရာကနေ ပျောက်ကွယ်သွားပြီး အလင်းတန်းတစ်ခုအသွင်ပြောင်းကာ မလှမ်းမကမ်းရှိ ဆူဇီမို၏ အသိစိတ်ထဲသို့ ဝင်ရောက်သွားလေသည်။

သူ၏ အသိစိတ်ထဲမှာ ဆူဇီမို၏ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်သည် ခုခံငြင်းဆန်မှုမရှိဘဲ သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်၏ အပြည့်အဝထိန်းချုပ်ခွင့်ကို လက်လွှဲပေးလိုက်လေသည်။

“ဟားဟား..”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က အ​ကြောက်အလန့်ကင်းမဲ့သော အမူအရာနှင့်အတူ အော်ဟစ်ရယ်မောလိုက်၏။

“မင်းက... ဧကရာဇ်အမြုတေစိတ်ဝိညာဥ်တစ်ခုဆိုရင်တောင် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး မင်းက တိုက်ခိုက်ရည်ခွန်အား ဘယ်လောက်များများကို ထုတ်ဖော်နိုင်မှာလဲ”

“လူသားဧကရာဇ်... မင်းက အဲ့လောက်ထိ ယုံကြည်မှုရှိနေမှတော့ ငါကမင်းကို ဒီနေရာမှာ သေခွင့်ပေးလိုက်မယ်”

သူ့စကားမဆုံးသေးခင်မှာပင် သူ့ခန္ဓာကိုယ်ထဲရှိသွေးချီက တလိပ်လိပ်တက်လာပြီး သူက သူ၏ လှံကို ကိုင်ဆွဲကာ လူသားဧကရာဇ်ထံသို့ ပြေးဝင်လာခဲ့လေသည်။ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် ဤအဆင့်ထိရောက်အောင် ကျင့်ကြံထားနိုင်သည့်အတွက် သူက အတွေ့အကြုံကြွယ်ဝလေသည်။

ယခုအချိန်တွင် လူသားဧကရာဇ်၏ အားအနည်းဆုံး အချိတ်အဆက်မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဖြစ်လေသည်။

သူသည် အနီးကပ်တိုက်ခိုက်ပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ဒဏ်ရာအပြင်းအထန် ရရှိစေနိုင်သည်နှင့်အမျှ လူသားဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်တစ်ခုသာကျန်ရစ်ခဲ့မည်ဖြစ်ပြီး အဲ့ဒါက မည်သည့်ခြိမ်းခြောက်မှုမှ ရှိနိုင်တော့မည် မဟုတ်ပေ။

“နတ်ဘုရားမျိုးနွယ်... ငါမင်းကိုအရင်ဆုံး မြှုပ်နှံပေးရမယ်”

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထဲသို့ ဝင်ရောက်သွားပြီး လူသားဧကရာဇ်၏ လေသံက အေးစက်နေ၏။ ခဏမျှ တွေ့ကြုံခံစားပြီးနောက် သူသည် နန်းတော်အစောင့်အရှောက်ရှိရာဘက်သို့ သူ၏ လက်ကို ဆန့်ထုတ်လိုက်၏။

ရွှစ်...

နန်းတော်အစောင့်အရှောက်၏ လက်ဖဝါးက ပြေလျော့သွားပြီး လူသားဧကရာဇ်စုတ်တံက ကျောက်စိမ်းအလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ လူသားဧကရာဇ်၏ လက်ထဲသို့ ချက်ချင်းပင်ရောက်ရှိသွား၏။

လူသားဧကရာဇ်သည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး လူသားဧကရာဇ်စုတ်တံကို ဝေ့ယမ်းလိုက်လေသည်။ တစ်ခဏချင်းမှာပင် သွေးအမာရွတ် ၆ခုက သူ၏ ရှေ့မှာ ပေါ်ထွက်လာ၏။

“သတ်”

သွေးသံရဲရဲ 'သတ်' ဟူသောစကားလုံးသည် လေထဲမှာပေါ်ထွက်လာပြီး ပျက်ပြယ်ခြင်းမရှိဘဲ သိပ်သည်းစုဖွဲ့ကာ အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုနှင့်အတူ ပြည့်နှက်နေ၏။

အန္တိမနတ်ဘုရားစွမ်းအား... သတ်ဖြတ်ခြင်းစကားလုံးပညာရပ်...။

စောစောက နန်းတော်အစောင့်အရှောက်သည် သူတတ်နိုင်တာကို အကောင်းဆုံးကြိုးစားခဲ့လျှင်တောင် သူသည် သတ်ဖြတ်ခြင်းစကားလုံးပညာရပ်၏ စုတ်ချက် ငါးချက်ကိုသာ ရေးဆွဲနိုင်ခဲ့၏။

သို့သော်ယခု... လူသားဧကရာဇ်သည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ထိန်းချုပ်ပြီး သူက လက်တစ်ချက်ဝေ့ယမ်းလိုက်ရုံဖြင့် သွေးသံရဲရဲ 'သတ်ဖြတ်ခြင်း' ဟူသောစကားလုံးကို ရေးဆွဲခဲ့လေသည်။

လောကက အဆက်မပြတ် လှုပ်ခါလာခဲ့၏။

လေဟာနယ်တစ်ခုလုံးက ထိုစကားလုံးဖြင့် အပိုင်းပိုင်းလှီးဖြတ်ခြင်းကို ခံလိုက်ရ၏။

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာရှေ့သို့ ရောက်ရှိမလာခင်မှာပင် သတ်ဖြတ်ခြင်းစကားလုံးပညာရပ်၏ အန္တိမနတ်ဘုရားစွမ်းအားက ဆင်းသက်လာခဲ့ပြီး သူ့ကိုလွှမ်းခြုံသွား၏။

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် ပင့်သက်ကိုရှိုက်ပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွား၏။ ထိုအခိုက်အတန့်မှာ သူသည် နောက်ခဏ၌ သေရတော့မည့်အလား သတ်ဖြတ်ခြင်းအော်ရာကို ခံစားမိနေ၏။

အဲ့ဒါက အရမ်းကိုကြောက်စရာကောင်း၏။

အဲ့ဒါကို လူသားဧကရာဇ်က ထုတ်ဖော်လိုက်သည့်အခါ ထိုသတ်ဖြတ်ခြင်းနတ်ဘုရားစွမ်းအားသည် သူတွေးထင်ထားသည်ထက် များစွာပိုမိုသန်မာနေ၏။

တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ လက်ခလယ်ပေါ်ရှိ သိုလှောင်လက်စွပ်က ဖျတ်ခနဲလက်သွားပြီး ဧရာမရွှေရောင်ဒိုင်းကာတစ်ခုက သူ့ရှေ့မှာပေါ်ထွက်လာ၏။

ဇီ...

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် သူ၏ နတ်ဘုရားစွမ်းအားကို လှည့်ပတ်ပြီး ဧရာမရွှေရောင်ဒိုင်းကာက နတ်ဘုရားဆန်ဆန်အလင်းတစ်ခုနှင့်အတူ တောက်ပလာ၏။

ဘုန်း...

သွေးသံရဲရဲ သတ်ဖြတ်ခြင်း စကားလုံးက ၎င်းပေါ်သို့ ကျဆင်းလာသောအခါ ကျယ်လောင်သော မြည်သံက ထွက်ပေါ်လာ၏။

ထို့နောက် ချက်ချင်းပင် ဖျက်ဆီး၍မရနိုင်ဟုထင်ရသော ရွှေရောင်ဒိုင်းကာသည် သတ်ဖြတ်ခြင်းစကားလုံးဖြင့် သတ္တုပျက်တစ်ခုအဖြစ် အပုံလိုက်လှီးဖြတ်ခြင်းခံလိုက်ရ၏။

​ဖောက်...

သတ်ဖြတ်ခြင်းစကားလုံးပညာရပ်က ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး သူ၏ နတ်ဘုရားခန္ဓာကိုယ်ကို အပိုင်းပိုင်းလှီးဖြတ်လိုက်၏။ သွေးများက ပြန့်ကျဲသွားပြီး ပြတ်တောက်သွားသော ခြေလက်များက မြေပြင်ပေါ်သို့ ပြန့်ကျဲကျဆင်းလာ၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက တုန်လှုပ်သွားကြ၏။

အန္တိမနတ်ဘုရားစွမ်းအား ၆ခုကို နားလည်ဆင်ခြင်ထားသည်နှင့်တူညီသော တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားသည့် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် လူသားဧကရာဇ်၏ လှုပ်ရှားကွက်တစ်ကွက်ကိုပင် ခံနိုင်ရည်မရှိပေ။

ဒါ့အပြင် လူသားဧကရာဇ်က သူ၏ ခန္ဓာကိုယ်ကို ဆုံးရှုံးထားပြီး ယခုအခါ မဟာယာနအဆင့်မှာရှိသည့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ကို အသုံးချကာ တိုက်ခိုက်နေခြင်းဖြစ်၏။

“ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က ဒီလိုနဲ့သေသွားပြီလား”

“လူသားဧကရာဇ်က အရမ်းကိုကြောက်ဖို့ကောင်းတာပဲ”

“သူက အခုချိန်ထိ မသေသေးဘူး... သူ့ရဲ့အမြုတေစိတ်ဝိညာဥ်က ထွက်ပြေးလွတ်မြောက်သွားတယ်”

လူအုပ်ကြီးထဲမှ ရုတ်ရုတ်သဲသဲအသံများ ထွက်ပေါ်လာ၏။ တိုက်ပွဲနယ်မြေတွင် ဧရာမရွှေရောင်ဒိုင်းကာက ကြေမွသွားသည့်ခဏမှာပင် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က အန္တရာယ်ကို အာရုံခံမိသွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က အရင်ဆုံး ထွက်ပြေးသွားခဲ့လေသည်။

“စုဖွဲ့စမ်း”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ဖို့အတွက် သွေးကနေပြန်လည်မွေးဖွားခြင်းကို ထုတ်ဖော်လိုက်၏။

“ချိတ်ပိတ်လိုက်စမ်း”

လူသားဧကရာဇ်က မှင်သေသေဖြင့် ပြောလိုက်၏။

ထိုစကားလုံးမှာ အလွန်တရာစွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအားတစ်ခုပါဝင်နေပုံရ၏။ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ အသားက လုံးဝချိတ်ပိတ်ခံလိုက်ရပြီး ၎င်း၏ အရောင်အဝါက မှေးမှိန်သွား၏။ ၎င်း၏ သွေးချီက အားနည်းသွားပြီး ဆက်လက်၍ မစုဖွဲ့နိုင်တော့ပေ။

“မင်းက... ငါ့ကို စိန်ခေါ်နိုင်ဖို့ အဝေးကြီးလိုသေးတယ်”

ဖျတ်ခနဲဆို... လူသားဧကရာဇ်က ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်ရှိရာသို့ လျှောက်လှမ်းသွား၏။

“ငရဲစုန်း... ရွှေကျီးကန်း... မင်းတို့တွေက ဘာကိုစောင့်နေကြတာလဲ”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က စူးစူးဝါးဝါး အသံဖြင့် အလောတကြီးအော်ပြောလိုက်လေသည်။

“လူသားဧကရာဇ်ရဲ့ ကျင့်ကြံမှုအဆင့်က ကျဆင်းနေပြီ... သူ့ရဲ့ ခန္ဓာကိုယ်ကလည်း အားနည်းနေပြီ... အဲ့ဒါက ရှားရှားပါးပါးအခွင့်အရေးတစ်ရပ်ပဲ... မင်းတို့တွေက သူ့ကို မသတ်ဖြတ်ဘူးဆိုရင်တောင် လူသားဧကရာဇ်က မင်းတို့တွေကို လွှတ်ပေးမှာမဟုတ်ဘူး”

ငရဲစုန်းဧကရာဇ်နှင့် အခြားသူများ၏ မျက်နှာများက ညိုမည်းသွားပြီး သူတို့က တလက်လက်တောက်ပလာသော အကြည့်များနှင့်အတူ အကြည့်ချင်းဖလှယ်လိုက်ကြ၏။

သူတို့အားလုံးသည် ထိပ်သီးဧကရာဇ်များဖြစ်ပြီး သတ်ဖြတ်ရာမှာ ပြတ်သားကြလေသည်။

တစ်ခဏချင်းမှာပင် သူတို့က ဆုံးဖြတ်ချက်ချလိုက်ကြပြီဖြစ်၏။

“သတ်”

လူသားဧကရာဇ်က လက်ရှိတွင် သူ၏ အားအနည်းဆုံး အခြေအနေမှာရှိနေသည်ကို သူတို့က ပြောနိုင်လေသည်။

လူသားဧကရာဇ်၏ နတ်ဘုရားစွမ်းအားက ပြိုင်ဘက်ကင်းသော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်က သူ့အတွက် အားအနည်းဆုံး အချိတ်အဆက်ဖြစ်လေသည်။ သူတို့က သူထံသို့ ချဥ်းကပ်နိုင်သည်နှင့်အမျှ သူတို့သည် သူ့ကိုသေချာပေါက်သတ်ဖြတ်နိုင်ပေလိမ့်မည်။

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် လူသားဧကရာဇ် ပြေးဝင်လာသည်ကို တွေ့မြင်သောအခါ သူက ထိုသူနှင့် ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိဘဲ အလောတကြီးပြေးထွက်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။

“အမှောင်ဝါးမျိုခြင်း”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် ယခုအချိန်မှာ သွေးပျက်ချောက်ချားနေပြီဖြစ်၏။

လူသားဧကရာဇ်၏ ပစ်မှတ်ထားခြင်းခံရပြီးနောက် သူမှာ ထွက်ပြေးလွတ်မြောက်နိုင်စရာနည်းလမ်း မရှိတော့ပေ။

သို့သော်လည်း ထိုအန္တိမနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ခြင်းဖြင့် သူသည် သူ၏ လမ်းကြောင်းကို ဖုံးကွယ်နိုင်ရုံသာမက သူသည် လူသားဧကရာဇ်၏ လိုက်လံဖမ်းဆီးခြင်းကိုပါ နှောင့်နှေးကြန့်ကြာစေပေလိမ့်မည်။

ငရဲစုန်းဧကရာဇ်နှင့် အခြားသူများ တိုက်ခိုက်လာသည်နှင့် သူက ထွက်ပြေးလွတ်မြောက်နိုင်ပေလိမ့်မည်။

နက်မှောင်နေသော စွမ်းအားတစ်ခုက ဆင်းသက်လာပြီး အမှောင်ထုက ထွက်ပေါ်လာခဲ့၏။ အမှောင်ထုက အရာရာတိုင်းကို ဝါးမျို၍ သက်ရှိများအားလုံးကို ဖျက်ဆီးပစ်ချင်နေသည့်အလား လူသားဧကရာဇ်ထံသို့ လွှမ်းခြုံလာခဲ့၏။

ထိုအမှောင်ထုထဲမှာ မည်သည့်အလင်းရောင်မှာမရှိဘဲ မည်သည့်အရပ်ဘက်ကိုမှ ဆုံးဖြတ်နိုင်မည် မဟုတ်ပေ။

မည်သည့်အကြည့် သို့မဟုတ် မည်သည့်စိတ်ဝိညာဥ်အသိစိတ်ကမှ အမှောင်ထုကို မဖြတ်သန်းနိုင်ပေ။ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်က အမှောင်ထုထဲမှာ တစ်စွန်းတစ်စမကျန် ချက်ချင်းပင်ပျောက်ကွယ်သွား၏။ သူ၏ အော်ရာကပင်လျှင် လုံးဝပျောက်ကွယ်သွား၏။

လူသားဧကရာဇ်၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏ မျက်လုံးက ဝင်းလက်သွား၏။ ဝင်ရောက်လာသော အမှောင်ထုကိုငေးကြည့်ရင်း သူက လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲ လှုပ်ရှားကာ ရှေ့သို့စေညွှန်ရင်း အော်ပြောလိုက်လေသည်။

“ထာဝရမွန်မြတ်ခြင်းတရား”

လူသားဧကရာဇ်းလက်ချောင်းထိပ်မှာ အလင်းလုံးတစ်လုံးက ပစ်လွင့်ထွက်ပေါ်လာ၏။

အစကတော့ အဲ့ဒါက အလွန်တရာ သေးငယ်လေသည်။ သို့သော်လည်း ၎င်းသည် သိပ်သည်းစုဖွဲ့လာခဲ့ပြီး ကျိန်းစပ်နေသော အရောင်အဝါတစ်ခုကို အမှောင်ထုရှိရာသို့ ပစ်လွှတ်လိုက်လေသည်။

အန္တိမနတ်ဘုရားစွမ်းအားများ၏ စွမ်းအားနှင့် ရင်ဆိုင်ရချိန်မှာ အမှောင်စွမ်းအားက နေရောင်နှင့်ထိတွေ့မိသော နှင်းကဲ့သို့ ချက်ချင်းပင်အရည်ပျော်ကာ ပျက်ပြယ်လာခဲ့၏။

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်က တစ်ဖန်ပေါ်ထွက်လာ၏။ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် ထိတ်လန့်တကြား အမူအရာရှိနေပြီး အလိုလို လှည့်ကြည့်လိုက်၏။ သူ၏ အမြင်အာရုံကို ကျိန်းစပ်နေသော အရောင်အဝါများက လွှမ်းခြုံသွားလေသည်။

နောက်ခဏ၌ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်သည် အလင်းရောင်ဖြင့် လွှမ်းခြုံခြင်းခံရပြီး နေရာမှာပင် ပျက်စီးပျောက်ကွယ်သွား၏။ သူ၏ အမြုတေစိတ်ဝိညာဥ်က ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ ၎င်းသည် အန္တိမနတ်ဘုရားစွမ်းအားများ၏ စွမ်းအားကို ခုခံနိုင်ခြင်းမရှိပေ။

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် လူသားဧကရာဇ်ထံမှ အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုဖြင့် ဖျက်ဆီးသတ်ဖြတ်ခြင်းခံလိုက်ရလေသည်။

All Chapters