ကောင်းကင်နှင့်မြေကြီး၏ ချို့ယွင်းချက်များ
Vol. 110 Ch. 1650
ပါရမီတံတား၏ မျက်နှာပြင်ပေါ်မှာ လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများစွာရှိနေပြီး သူတို့မှာ လူသားဧကရာဇ်၏ တာအိုနှင့် ဓမ္မပညာရပ်တို့ပါဝင်နေ၏။
အဲ့ဒါသည် မဟူရာမျက်လုံးဧကရာဇ် ရင်ဆိုင်နိုင်သော တစ်စုံတစ်ရာမဟုတ်ပေ။
ကမ္ဘာဖျက်မျက်လုံးက သန်မာသော်လည်း ၎င်းသည် ပါရမီတံတား၏ စွမ်းပကားအောက်မှာ နင်းချေဖျက်ဆီးခံလိုက်ရ၏။
ပါရမီတံတားသည် ကျိန်းစပ်နေသော ရွှေရောင်အလင်းဖြင့် ပြည့်နှက်နေပြီး ကမ္ဘာဖျက်မျက်လုံးကနေ ထွက်ပေါ်လာသည့် အနက်ရောင်အလင်းတန်းကို ချိုးဖျက်ကာ မဟူရာမျက်လုံးဧကရာဇ်ကို ထိမှန်သွားလေသည်။
ဘန်း...
မဟူရာမျက်လုံးဧကရာဇ်၏ ခန္ဓာကိုယ်က ပါရမီတံတား၏ ပစ်တိုက်မှုဖြင့် ကြေမွပျက်စီးသွား၏။
သူ၏ အမြုတေစိတ်ဝိညာဥ်ကပင် ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိဘဲ ပါရမီတံတားကနေ ထုတ်လွှတ်လိုက်သည့် ရွှေရောင်အလင်းတန်းများဖြင့် နေရာမှာပင် သတ်ဖြတ်ခံလိုက်ရ၏။
ပဟေဠိနန်းတော်တစ်ခုလုံးက အတန်ကြာသည့်အထိ တိတ်ဆိတ်ငြိမ်သက်သွား၏။
တိုက်ပွဲက အဆုံးသတ်လာခဲ့ပြီဖြစ်၏။
ကမ္ဘာဦးမျိုးနွယ် ၆စု မှဧကရာဇ်များသည် ပဟေဠိနန်းတော်သို့ စီးပိုးခြယ်လှယ်စွာဖြင့် ရောက်ရှိလာခဲ့ကြ၏။ အစကတော့ သူတို့သည် လူသားမျိုးနွယ်ကို ဖိနှိမ်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကို နောက်တစ်ဖန် အုပ်စိုးချင်ကြ၏။ သို့သော်လည်း သူတို့လေးယောက်သည် လူသားဧကရာဇ်၏ သတ်ဖြတ်ခြင်းကိုခံလိုက်ရ၏။
ကျန်ရှိနေသော ငရဲစုန်းဧကရာဇ်နှင့် ရွှေကျီးကန်းမီးဧကရာဇ်တို့ကလည်း ပြင်းထန်သော ဒဏ်ရာများနှင့်အတူ ထွက်ပြေးသွားခဲ့ရ၏။ တကယ်တော့... ကမ္ဘာဦးမျိုးနွယ် ၆စု မှာ ဧကရာဇ်တစ်ပါးစီထက် ပိုရှိကြလေသည်။
သို့သော်လည်း အဲ့ဒါက သူတို့အတွက် အရမ်းကိုကြီးမားသည့် ပျက်စီးထိခိုက်ဆုံးရှုံးမှုဖြစ်လေသည်။
မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် တိုက်ပွဲနယ်မြေရှိ လူသားဧကရာဇ်ကို သူတို့မျက်လုံးထဲရှိ နက်ရှိုင်းသော ကြည်ညိုလေးစားမှုများနှင့်အတူ ကြည့်လိုက်ကြ၏။
ဤပုဂ္ဂိုလ်က အရမ်းကိုကြောက်စရာကောင်းလေသည်။
ရှေးဟောင်းခေတ်မှာတုန်းက လူသားဧကရာဇ်သည် ရုတ်တရက်ပေါ်ထွက်လာပြီး ကမ္ဘာဦးမျိုးနွယ်များကို ဖိနှိမ်ကာ ဒီရေအလှည့်အပြောင်းကိုဖြစ်စေခဲ့၏။
သည်ဘက်မျိုးဆက်မှာ လူသားဧကရာဇ်သည် ကောင်းကင်နှင့်မြေကြီး၏ နိယာမများကို ချိုးဖျက်ကာ အထက်ဘုံကနေ ဆင်းသက်လာခဲ့၏။ သူ၏ ကိုယ်ကာယက ပျက်စီးသွားရ ၊ သူ၏ အမြုတေစိတ်ဝိညာဥ်က ထိခိုက်ဒဏ်ရာရသွားပြီး သူ၏ ကျင့်ကြံမှုအဆင့်က လျော့ကျသွားသည့်အခြေအနေအောက်မှာ သူသည် ကမ္ဘာဦးမျိုးနွယ်က ဧကရာဇ်များကို ဖိနှိမ်နိုင်ခဲ့၏။
မျိုးနွယ်စုတစ်သောင်းမှသက်ရှိများအားလုံးက ကြည်ညိုလေးစားနေကြ၏။
ချန်နဂါးဧကရာဇ်က ရှေ့သို့ဖြည်းဖြည်းချင်းလျှောက်လှမ်းလာပြီး လူသားဧကရာဇ်ရှိရာဘက်သို့ စိတ်ကျေနပ်အားရသော အမူအရာနှင့်အတူ အလေးအနက်ဦးညွှတ်လိုက်၏။
“ကျုပ်မသေခင် လူသားဧကရာဇ်ရဲ့ ကြီးကျယ်ခမ်းနားမှုကို တွေ့မြင်သွားရတဲ့အတွက် ကျုပ်ဘဝမှာ နောင်တဆိုတာ မရှိတော့ဘူး”
ချန်နဂါးဧကရာဇ်သည် ဘဝသက်တမ်း နှစ်လေးသိန်းနီးပါးရှင်သန်နေထိုင်ခဲ့သော်လည်း သူသည် ထာဝရလူသားဧကရာဇ်၏ ရှေ့မှာ ဂျူနီယာတစ်ယောက်သာဖြစ်၏။
လူရိုင်းဧကရာဇ်နှင့် ခွန်ဧကရီတို့ကလည်း ရှေ့သို့အလောတကြီးတက်လာပြီး ရိုကျိုးခယစွာ ဦးညွှတ်လိုက်ကြ၏။
“အဲ့လိုမျိုး တခမ်းတနားကြီးလုပ်နေစရာမလိုဘူး”
လူသားဧကရာဇ်က ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်သုံးပါးကို နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။
လူရိုင်းဧကရာဇ်နှင့် ခွန်ဧကရီသည် စိတ်သက်သာရာရသွားသော်လည်း သူတို့၏ ရင်ထဲမှာ အကြောက်မပြေသေးပေ။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် ကမ္ဘာဦမျိုးနွယ်၆ စုနှင့် ပူးပေါင်းခဲ့ခြင်း သို့မဟုတ် လူသားမျိုးနွယ်ကို တိုက်ခိုက်ခဲ့ခြင်းမရှိပေ။ မဟုတ်ပါက သူတို့၏ အမြုတေစိတ်ဝိညာဥ်များသည် ဖျက်ဆီးခံရပြီး သွေးဧကရာဇ်နှင့် အခြားသူများကဲ့သို့ သေဆုံးသွားရနိုင်လေသည်။
“စီနီယာလူသားဧကရာဇ်”
ပုံပြောအဖိုးအို၏ ဆံပင်များက ဖြူဖွေးနေပြီး သူက သူ့မျက်လုံးထဲရှိ ပူနွေးသော မျက်ရည်များနှင့်အတူ လူသားဧကရာဇ်ကို ကြည့်လိုက်၏။
သူထုတ်ဖော်ခဲ့သော လျှို့ဝှက်အတတ်သည် သူ၏ ဘဝသက်တမ်းကို စွန့်လွှတ်စတေးရပြီး လူသားဧကရာဇ်ကလည်း အောက်ဘုံသို့ ဆင်းသက်လာသည့်အတွက် အလွန်တရာကြောက်စရာကောင်းသည့် အပြစ်ဒဏ်တစ်ခုကို တွေ့ကြုံရပေလိမ့်မည်။
သို့သော်လည်း လူသားဧကရာဇ်သည် ထျန်ဟွမ်ကုန်းမြေတိုက်ဆီသို့ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဆင်းသက်လာခဲ့၏။
နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ပြီးတာတောင် လူသားဧကရာဇ်သည် ထျန်ဟွမ်ကုန်းမြေတိုက်ရှိ အများပြည်သူလူထုကို မေ့လျော့မသွားခဲ့ပေ။
ပုံပြောအဖိုးအို၏ မျက်လုံးများက နက်ရှိုင်းသော မလုံမလဲခံစားချက်ကို ထုတ်ဖော်ပြသနေ၏။
သူသည် ထိုလျှို့ဝှက်အတတ်ကိုထုတ်ဖော်၍ လူသားဧကရာဇ်ကို ဆင့်ခေါ်ခဲ့၏။ သို့သော်လည်း လူသားဧကရာဇ်သည် အဲ့ဒါအတွက် အလွန်တရာမြင့်မားသည့် တန်ဖိုးတစ်ခုကို ပေးဆပ်ရပြီး အဲ့ဒါက သူ့အပေါ်မှာ ဘယ်လောက်တောင် သက်ရောက်မှုရှိမလဲ မည်သူကမှ မသိရှိကြပေ။
“ငါအဆင်ပြေပါတယ်... မင်းဘာမှ မလုံမလဲ ခံစားနေစရာမလိုဘူး”
သူသည် ပုံပြောအဖိုးအို၏ စိတ်ကို ဖတ်မိနိုင်သည့်အလား လူသားဧကရာဇ်က ပြုံးပြလိုက်၏။
“နောက်ပြီး... လင်းလုံကလည်း အဆင်ပြေတယ်... မင်းတို့တွေက ထျန်ဟွမ်ကုန်းမြေတိုက်ကို ကာကွယ်ပြီး ပဟေဠိနန်းတော်ရဲ့ အခြေခံအုတ်မြစ်သင်ကြားခြင်းတွေကို မမေ့လျော့ကြဘူးဆိုတာ သူသိတယ်”
“ဘိုးဘေးလင်းလုံ”
နတ်မိမယ်လင်းလုံအကြောင်း ကြားရချိန်တွင် ပုံပြောအဖိုးအိုနှင့် ပဟေဠိနန်းတော်မှ အခြားသူများက ပို၍ပင် စိတ်လှုပ်ရှားလာပြီး လွှတ်ခနဲ အော်ခေါ်လိုက်ကြ၏။
“စီနီယာ လူသားဧကရာဇ်.... ကျုပ်..ကျုပ်တို့က မှားမှန်းသိပါပြီ... စီ..စီနီယာ ကျေးဇူးပြုပြီး ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ”
“စီနီယာလူသားဧကရာဇ်... ကျေးဇူးပြုပြီး ကျုပ်တို့ကို ချမ်းသာပေးပါဦး”
ထိုအခိုက်အတန့်မှာ ကမ္ဘာဦးမျိုးနွယ်မှ ကလန်ခေါင်းဆောင်များသည် မြေပြင်ပေါ်မှာ ဒူးထောက်ချပြီး မလှမ်းမကမ်းကနေ ဝမ်းလျားမှောက်ဦးချနေကြ၏။ တကယ်ဆို... သူတို့သည် တုန်ယင်နေသောအသံများဖြင့် ပြောဆိုရင်း လူသားဧကရာဇ်နှင့် အကြည့်ချင်းဆုံရဲခြင်းပင် မရှိပေ။
လူသားဧကရာဇ်သည် သူတို့ကို မှင်သေသေဖြင့် တစ်ချက်ကြည့်ပြီး မေးလိုက်၏။
“အခု... လူသားမျိုးနွယ်က ကမ္ဘာဦးမျိုးနွယ်တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ အဆင့်မီသွားပြီလား”
“ကျုပ်..ကျုပ်တို့ မ..မပြောဝံ့ပါဘူး”
ထိုစကားကိုကြားသောအခါ ကမ္ဘာဦးမျိုးနွယ်များ၏ ကလန်ခေါင်းဆောင်များက ချွေးများဖြင့် ပို၍ပင် စိုရွှဲလာပြီး သူတို့၏ မျက်နှာများက မြေကြီးနှင့် ထိလုမတတ် ဖြစ်နေလေပြီ။
“မျိုးနွယ်စုတစ်သောင်းကို ဆက်ပြီးကျင်းပလိုက်ကြ... ငါကတော့ ပြန်သွားဖို့အချိန်ကျပြီ”
လူသားဧကရာဇ်က ပြောလိုက်၏။
“စီနီယာလူသားဧကရာဇ်”
များစွာသော ကျင့်ကြံသူများသည် သူတို့၏ မျက်လုံးထဲရှိ နက်ရှိုင်းသော နှမြောတမ်းတမှုနှင့်အတူ အော်ခေါ်လိုက်ကြ၏။
အဲ့ဒါသည် လူသားဧကရာဇ်က မနေချင်သောကြောင့် မဟုတ်ပေ။
သူ့မှာ နေဖို့အတွက် ခွန်အားများစွာမကျန်ရှိတော့သည့်အတွက် ဖြစ်လေသည်။
လူသားဧကရာဇ်သည် အထက်ဘုံနှင့်အောက်ဘုံကြားရှိ ကောင်းကင်နှင့်မြေကြီး၏ နိယာမကို ချိုးဖျက်ခြင်းဖြင့် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးဆီသို့ ဆင်းသက်လာနိုင်ခဲ့၏။ သူသည် ထိုဖြစ်စဥ်အတွက် အရမ်းကိုကြီးမားသည့် တန်ဖိုးတစ်ခုကို ပေးဆပ်ရပေမည်။
“ငါမင်းကို သိနေတာကြာပြီ”
ထိုစဥ်မှာပင် လူသားဧကရာဇ်က ညင်သာစွာပြောလိုက်၏။
“အမ်...”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အသိစိတ်ထဲမှာ လူသားဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်က ဆူဇီမို၏ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်ဘက်သို့ လှည့်ကာပြောလိုက်၏။
အပြင်ဘက်ရှိ မည်သူကမှ ထိုအသံကို မကြားရပေ။
အဲ့ဒါသည် လူသားဧကရာဇ်နှင့် ဆူဇီမိုကြား နှစ်ကိုယ်ကြားပြောဆိုမှုဖြစ်လေသည်။
“မင်းက လူသားဧကရာဇ်နန်းတော်ထဲကို ဝင်ရောက်လာတဲ့အချိန်မှာပဲ ငါမင်းကိုသိခဲ့တယ်”
လူသားဧကရာဇ်က ညင်သာစွာ ပြုံးပြလိုက်၏။
“လင်းလုံမှာ... ယွဲ့ဟွာနဲ့ ဆက်သွယ်နိုင်တဲ့ လျှို့ဝှက်အတတ်တစ်ခုရှိတယ်... အော် ယွဲ့ဟွာဆိုတာ နန်းတော်အစောင့်အရှောက်ကိုပြောတာ”
“မိစ္ဆာဂိုဏ်းတွေရဲ့ စင်ကြယ်အပျိုစင်က လူသားဧကရာဇ်နန်းတော်ကို ဝင်ရောက်နိုင်ခဲ့တယ်ဆိုတာကလည်း လင်းလုံက ခွင့်ပြုပေးခဲ့လို့ပဲ”
“ငါ... မင်းနဲ့ပတ်သက်တဲ့အရာ အတော်များများကို သိထားတယ်... မင်းက သိုင်းတာအိုကို တည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာသင်ကြားပေးဖို့ တော်တော်ကိုရဲဝံ့တာပဲ.. ငါတောင်မှ မင်းကိုယှဥ်နိုင်မှာ မဟုတ်ဘူး... မင်းလုပ်တာကောင်းတယ်”
အခြားသူများသာ ထိုစကားကိုကြားလျှင် သူတို့က တုန်လှုပ်သွားပေလိမ့်မည်။
လူသားဧကရာဇ်ကိုယ်တိုင် သူက ပိုမိုနိမ့်ကျသည်ဟု ပြောဆိုရလောက်အောင် ဤလောကမှာ ဘယ်သူက အဲ့ဒါကို လုပ်နိုင်မှာလဲ။
“အဲ့ဒါတွေက ချဲ့ကားပြောဆိုနေကြတာပါ စီနီယာ”
ဆူဇီမိုက အလောတကြီးပြန်ဖြေလိုက်၏။
“ကျုပ် လူသားမျိုးနွယ်အပေါ် ခင်ဗျားရဲ့ ပြိုင်ဘက်ကင်းအကျိုးဆောင်မှုကိုမီဖို့ အဝေးကြီးလိုပါသေးတယ်”
“ဒီကုန်းမြေမှာ လူသားမျိုးနွယ်ရဲ့ အနာဂတ်ကံကြမ္မာက မင်းပေါ်မှာပဲ မူတည်တော့တယ်”
လူသားဧကရာဇ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
ဆူဇီမိုက ခဏမျှမှင်တက်သွား၏။
လူသားဧကရာဇ်က ပြောလိုက်လေသည်။
“မပူပါနဲ့... ဒီနေ့ပြီးတဲ့နောက် ထျန်ဟွမ်ကုန်းမြေတိုက်က အချိန်အတိုင်းအတာတစ်ခုထိ တည်ငြိမ်အေးချမ်းသွားလိမ့်မယ်”
“စုန်းမျိုးနွယ်နဲ့ ရွှေကျီးကန်းမျိုးနွယ်က ဧကရာဇ်နှစ်ယောက်က ငါ့လက်ချက်နဲ့ ဒဏ်ရာရသွားကြတယ်... သူတို့က ပြန်ကောင်းလာဖို့ဆိုရင် အနည်းဆုံး နှစ်တစ်ထောင်လောက် အချိန်ယူရလိမ့်မယ်... အဲ့ဒီနှစ်တစ်ထောင်မှာ မင်းက တတ်နိုင်သမျှ မြန်မြန်ကြီးပြင်းလာအောင်လုပ်ရမယ်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“မပူပါနဲ့.. စီနီယာလူသားဧကရာဇ်... နတ်ဘုရားမျိုးနွယ်ရဲ့ သရုပ်သကန်က အပြင်လူတွေအဖြစ် ဖော်ထုတ်ခံလိုက်ရပြီဆိုတော့... သူတို့က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးနဲ့ သီးခြားခွဲထုတ်ခံရလိမ့်မယ်”
“ကျန်ရှိနေတဲ့ ကမ္ဘာဦးမျိုးနွယ် ၅စုကတော့ ထိပ်သီးဧကရာဇ်သုံးဦးက သေဆုံးသွားပြီး ကျန်တဲ့နှစ်ယောက်ကလည်း ဒဏ်ရာအပြင်းအထန် ရရှိထားတယ်... ငရဲစုန်းဧကရာဇ်နဲ့ ရွှေကျီးကန်းမီးဧကရာဇ် တို့က အပြည့်အဝပြန်ကောင်းလာမယ်ဆိုရင်တောင် သူတို့က လူသားမျိုးနွယ်ကို မဆင်မခြင်ထပ်ပြီး မတိုက်ခိုက်ရဲလောက်တော့ဘူးလို့ ကျုပ်ထင်တယ်”
လူသားဧကရာဇ်၏ ရောက်ရှိလာမှုက ကမ္ဘာဦးမျိုးနွယ်များကို လုံးဝကြောက်လန့်သွားစေခဲ့၏။
ဒါ့အပြင် နဂါးမျိုးနွယ်၏ ချန်နဂါးဧကရာဇ်က သူတို့ကို စောင့်ရှောက်နေဆဲ ဖြစ်၏။
ယခု... ငရဲစုန်းဧကရာဇ်နှင့် ရွှေကျီးကန်းမီးဧကရာဇ်တို့က ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး ချန်နဂါးဧကရာဇ်သည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ အသန်မာဆုံး ဧကရာဇ်ဖြစ်လာခဲ့၏။
ချန်နဂါးဧကရာဇ်၏ ဘဝသက်တမ်းက ကုန်ခန်းလုနီးပါး ဖြစ်နေသည်ဆိုလျှင်တောင် သူက နေရဖို့အတွက် ဘဝသက်တမ်းနှစ်တစ်သောင်းကျန်ရှိနေသေး၏။
“ငါလည်း... အဲ့လိုမျှော်လင့်တာပဲ”
လူသားဧကရာဇ်က ခေါင်းညိတ်၍ တစ်ဖန်မျက်မှောင်ကြုတ်လိုက်၏။
အလယ်ပိုင်းတိုက် ၊ သားရဲတစ်ထောင်တောင်ကြားနှင့် အရှေ့ပင်လယ်မှ ကြီးမားသော အန္တရာယ်အငွေ့အသက်များက သူ၏ စိတ်ထဲသို့ ဖျတ်ခနဲဝင်ရောက်လာပြီး သူက ပြောဆိုချင်သော်လည်း တွေဝေတုံ့ဆိုင်းနေ၏။
ရုတ်တရက် သူသည် ပို၍ပင်အရေးကြီးသော အခြားတစ်စုံတစ်ရာကို တွေးမိသွားလေသည်။
“ဒါနဲ့... ငါမင်းကို သတိပေးစရာ တခြားတစ်ခုရှိသေးတယ်... ထျန်ဟွမ်ကုန်းမြေတိုက်ဆီ အတင်းအကျပ်ဆင်းသက်လာတယ်ဆိုတာ... ငါက ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ လောကကို ချိုးဖျက်ဝင်ရောက်လာတာနဲ့ အတူတူပဲ”
“ငါ့ရဲ့ လက်ရှိခွန်အားနဲ့ဆို ငါက အဲ့ဒီကျိုးပျက်သွားတဲ့ လောကမျက်နှာပြင်ကို ပြန်ပြီးတော့ မပြုပြင်ပေးနိုင်တော့ဘူး”
“အချိန်ကြာလာတာနဲ့ ထျန်ဟွမ်ကုန်းမြေတိုက်မှာရှိတဲ့ ကောင်းကင်နဲ့မြေကြီး နိယာမတွေက သေချာပေါက် မတည်မငြိမ်ဖြစ်လာလိမ့်မယ်... အဲ့ဒါက ကောင်းကင်နဲ့မြေကြီးရဲ့ ချို့ယွင်းချက်တွေဖြစ်လာပြီး နိယာမတွေက ကသောင်းကနင်းဖြစ်လာလိမ့်မယ်”
ဆူဇီမိုက တွေဝေရှုပ်ထွေးသွားပြီး မေးလိုက်၏။
“ကောင်းကင်နဲ့မြေကြီးမှာ ချို့ယွင်းချက်တွေရှိလာပြီး နိယာမတွေက ကသောင်းကနင်းဖြစ်လာရင် ဘာတွေဖြစ်လာနိုင်မှာလဲ”
“ဒါက ထျန်ဟွမ်ကုန်းမြေတိုက်အပေါ် ဘယ်လောက်ထိသက်ရောက်နိုင်မလဲ ငါမပြောတတ်ဘူး”
လူသားဧကရာဇ်က ပြောလိုက်၏။
“ဒါပေမဲ့... အဲ့ဒီကိစ္စကို မင်းသတိထားရမယ်... ငါက ဒီနေ့အောက်ဘုံကို ဆင်းသက်လာနိုင်တယ်ဆိုရင် အထက်ဘုံမှာရှိတဲ့ ကမ္ဘာဦးမျိုးနွယ်က ပညာရှင်တွေကလည်း ဆင်းသက်လာနိုင်ကောင်း ဆင်းသက်လာနိုင်လိမ့်မယ်”
“အာ...”
ထိုစကားကိုကြားသောအခါ ဆူဇီမို၏ အမူအရာက ပြောင်းလဲသွား၏။