ဖုန်းဆက်အကူအညီတောင်းခြင်း
Vol. 62 Ch. 916
ဖန်အခုံးတံခါးက ပိတ်လိုက်သည်နှင့် မထင်မှတ်ဘဲ တစ်ခုခုဖြစ်သွားခဲ့သည်။
ဖန်အခုံးတံခါးများကို ပိတ်ရန်နှင့် ဂိမ်းစက်ကို စတင်လည်ပတ်ရန်အတွက် အဝေးထိန်း ခလုတ်အမျိုးမျိုး ရှိသည်။
သို့သော်လည်း စုရှင်း ဂိမ်းစတင်သည့် ခလုတ်မနှိပ်မီ ဂိမ်းစက်များက သူ့ဘာသာသူ စတင်လည်ပတ်နေခဲ့သည်။
စုရှင်းက တစ်စုံတစ်ရာ မူမမှန်သည်ကို မသိစိတ်ကနေ ခံစားမိကာ မျက်မှောင်ကြုတ်လိုက်သည်။
သူက ချက်ချင်းပင် ရီမုကနေ ခလုတ်ကို ပိတ်လိုက်သော်လည်း ဂိမ်းစက်အတွင်းရှိ တစ်ယောက်မှ မတုံ့ပြန်ခဲ့ပေ။
“ဂိမ်းစက်တွေက တစ်ခုခုများ မှားယွင်းနေတာလား”
စုရှင်းက အပြင်မှာရှိသည့်လူများကို ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
“ပလပ်ကို မြန်မြန် ဆွဲဖြုတ်ကြစမ်း”
ချက်ချင်းဆိုသလိုပင် အင်တာနက်ကဖေး၌ မီးများ ပြတ်တောက်သွားခဲ့သည်။
ဖောက်သည်အချို့က အခြေအနေကိုမေးရန် ဂိမ်းစက်အတွင်းမှ ထွက်လာကြသည်။
“ဘာလို့ပါဝါကျသွားတာလဲ.. ငါဝတ္ထုဖတ်တာ တစ်ဝက်ပဲရှိသေးတယ်လေ”
“အိုး.. အစ်ကိုကြီး မင်းက အရမ်းတော်တာပဲ.. အင်တာနက်ကဖေးလို နေရာမျိုးမှာ ဂိမ်းဆော့နေရင်းနဲ့ ဝတ္ထုတစ်ပုဒ်ကို ဖတ်နိုင်တာပဲ”
ထိုလူ၏နံဘေးမှ တစ်ယောက်က ပြောလိုက်သည်။
“ဟုတ်တယ်.. ငါဖတ်နေတဲ့ဝတ္ထုက အရမ်းဖတ်လို့ကောင်းတယ်လေ.. စာရေးဆရာကလည်း အရမ်းချောတယ်.. တရုတ်နှစ်သစ်ကူးတုန်းကဆို လစဉ်မဲတောင် မတောင်းဘူး”
“အခုခေတ်မှာ လစဉ်မဲ မတောင်းတဲ့ စာရေးဆရာ ရှိသေးလို့လား.. ကျွန်တော့်အထင် သူ့ရဲ့အက်ပ်ဒိတ်တွေက အရမ်းနှေးတာကြောင့် မဲမတောင်းရဲဘူး ထင်ပါတယ်.. ဒါနဲ့ အစ်ကို အခုဖတ်နေတာက ဘာဝတ္ထုများလဲ”
“နာမည်ကြီး ခွန်အားဖြည့်စာပေတွေရေးတဲ့ စာရေးဆရာမ ဖြိုးဖြိုးအောင်ရဲ့စာတွေကို ဖတ်နေတာလေ.. သူဌေးဆယ်ယောက်နားမှာနေရင် ဆယ့်တစ်ယောက်မြောက် သူဌေးက ကိုယ်ပဲဖြစ်လာလိမ့်မယ်တဲ့”
“……….”
လောလောဆယ်တွင် လျှပ်စစ်မီးက ပျက်နေခဲ့သည်။
သို့သော် ဝမ်လင်းတို့၏ ဂိမ်းစက် ၅ လုံးကတော့ လည်ပတ်နေဆဲပင်။
“ပြဿနာတစ်ခုခုတော့ သေချာပေါက်ရှိနေပြီ”
စုရှင်းက ချွေးစေးများ ထွက်လာသည်။
ရန်သူက မည်သူမှန်း သူမသိပေ။
“ငါဂိမ်းစက်ရဲ့ ဖန်အခုံးတံခါးကို ဖျက်ဆီးမှ ဖြစ်တော့မယ်”
စုရှင်းက သူ့ရှေ့ရှိ ဂိမ်းစက် ၅ လုံးကို စိုက်ကြည့်နေခဲ့သည်။
သိပ်မကြာခင်မှာပင် သူက အံကြိတ်ပြီး ဖန်အခုံးကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
ယခုအချိန်တွင် သူဘာမှ မတွေးနိုင်တော့ပေ။
အရေးအကြီးဆုံးမှာ သူ့အသက်ကို ဦးစွာကယ်တင်ရန် ဖြစ်သည်။
သူ၏လက်ဝါးရိုက်ချက်က ဂိမ်းစက်၏ ဖန်အခုံးတံခါးကို ပြင်းပြင်းထန်ထန် ထိမှန်ခဲ့သည်။
သို့သော် ဖန်အခုံးတံခါးနှင့် လက်ဖဝါး ထိတွေ့လိုက်သည်နှင့် စုရှင်းက ထိတ်လန့်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် မမြင်နိုင်သော အတားအဆီးတစ်ခုက ဖန်အခုံးတံခါးကို အမှန်တကယ် လွှမ်းခြုံထားသောကြောင့် ပင်။
“ဒီအတားအဆီးက ဘယ်ကတည်းက ရှိနေတာလဲ”
စုရှင်း၏ မျက်နှာက ရှုံ့မဲ့သွားသည်။
သူက ဤဂိမ်းစက်များကို ယနေ့နံနက်မှသာ ယူဆောင်လာခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အမှားတစ်စုံတစ်ရာ မရှိကြောင်း သေချာစေရန်အတွက် ဂိမ်းစက်များကို စမ်းသပ်ခဲ့သေးသည်။
လင်းကျန်းရန်က အတန်းဖော်များကို မခေါ်လာမချင်း သူကဤနေရာတွင် အချိန်ပြည့်ရှိနေခဲ့သည်။
ဤအခန်းထဲကို မည်သူမျှမဝင်ခဲ့ပေ။
စုရှင်းက အပြင်ကနေ တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ပြီး သံသယဖြစ်စရာ မည်သူ့ကိုမှ သတိမထားမိခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ တစ်ယောက်ယောက်က ဂိမ်းဆော့ဝဲလ်များကို တစ်စုံတစ်ရာ နှောင့်ယှက်ခဲ့ပုံရ၏။
“ဝုန်း”
စုရှင်း၏လက်ဝါးက အတားအဆီးကို ထိမိသည်နှင့် ပြင်းထန်သော ဝိညာဉ်စွမ်းအားလှိုင်းများက စုရှင်းကို တွန်းထုတ်ခဲ့သည်။
“ခိုင်ခံ့လှချည်လား”
စုရှင်းက သွားများကို အံကြိတ်လိုက်ပြီး အတားအဆီးလှိုင်းကို လက်ဝါးနှင့် ရိုက်ချရန် ထပ်မံ ကြိုးစားလိုက်သည်။
စုရှင်း၏ လက်ဝါးတွင် အားနည်းခြင်းမရှိသည့် ကောင်းကင်တာအို စွမ်းအားများ ပါဝင်သည်။
သို့သော် သူ၏လက်ဝါးက အတားအဆီးလှိုင်းများကို ထိမိသည်နှင့် တပြိုင်နက် တွန်းကန်မှုကို ခံစားလိုက်ရပြီး ပါးစပ်ကနေ သွေးများပါ အန်ထွက်လာခဲ့သည်။
စုရှင်းက ဒူးတစ်ဖက်ကိုအားယူ၍ မြေပြင်မှ ခက်ခက်ခဲခဲ ကုန်းထလိုက်ရသည်။
သူ၏ရင်ညွန့်က ကျိုးနေပြီး အခန်းနံရံများလည်း ပြိုကျသွားပြီ ဖြစ်သည်။
အင်တာနက်ကဖေးက တစ်ခဏအတွင်းမှာပင် နားမလည်နိုင်လောက်အောင် ရှုပ်ပွသွားခဲ့သည်။
“ဒီကမ္ဘာမြေကြီးမှာ ဘာတွေဖြစ်နေတာလဲ”
ထိုခဏအတွင်း စုရှင်းသည် တစ်စုံတစ်ယောက် အကြောင်းကို ရုတ်တရက် တွေးလိုက်မိသည်။
“ကွိုင်ပဲဟ.. မိန်းကလေးပိုင်ချောင်း ပြဿနာတက်ပြီ”
ဂိမ်းဆော့ဝဲလ်ကို သူမ၏ရုံးခန်းသို့ မနက်ပိုင်းက ပို့ဆောင်ပေးခဲ့သည်။
ယုတ္တိကျစွာပြောရလျှင် ပါဝါကျသွားသည်နှင့် တစ်ပြိုင်နက် မိန်းကလေးပိုင်ချောင်းသည် ဒေါသအိုးပေါက်ကွဲကာ လာရောက် သောင်းကျန်းသင့်ပေသည်။
သို့သော် ယခုအခါတွင် သူမ၏ အရိပ်အယောင်ကိုမျှ မတွေ့ရခဲ့ပေ။
သူမသည်လည်း လင်းကျန်းရန်တို့နှင့်အတူ ဂိမ်းစက်အတွင်း၌ ဒုက္ခတွေ့နေပါသလော။
စုရှင်းက ချက်ချင်းပင် ဗုံးပစ်စီနီယာအင်မော်တယ် ထံသို့ အကြောင်းကြားလိုက်သည်။
သို့သော် သူဖုန်းခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် အာကာပြင်အက်ရာတစ်ခုက သူ့နောက်ကနေ မထင်မှတ်ဘဲ ထွက်ပေါ်လာသည်။
ထိုအာကာပြင်အက်ရာကနေ ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် လိင်ခွဲခြားရခက်သော ချောမောသောသူ တစ်ဦးတို့က ထွက်လာခဲ့သည်။
ထိုလူ၏အော်ရာက လူသားများနှင့် မသက်ဆိုင်ဘဲ အလွန်အားပြင်းသော နတ်ဆိုးချီအော်ရာ ဖြစ်သည်။
ထိုချောမောသောလူက ရွှမ်းအားယွဲ့မှ လွဲ၍ အခြားသူမဟုတ်ပေ။
“ငါတို့ အရမ်းနောက်ကျသွားတဲ့ပုံပဲ”
ဗုံးပစ်စီနီယာ အင်မော်တယ်က မျက်မှောင်ကြုတ်လိုက်သည်။
ရွှမ်းအားယွဲ့က ဒဏ်ရာရနေသော စုရှင်းကိုမြင်လျှင် သူ့ခေါင်းပေါ်ရှိ ပလပ်စတစ်ကို ဖယ်ထုတ်လိုက်သည်။
ခေါင်းပေါ်ရှိ အက်ကွဲရာကနေ သွေးများ ဒလဟော ထွက်လာသည်ကို မြင်လျှင် စုရှင်း အံ့ဩသွားခဲ့သည်။
ရွှမ်းအားယွဲ့က အသင့်သယ်လာသော ပလပ်စတစ်ခွက် ကိုထုတ်ပြီး သွေးများကို ကျွမ်းကျင်စွာ စုဆောင်းလိုက်၏။
ထို့နောက်တွင် သူ၏ခေါင်းပေါ်၌ ပလပ်စတစ်တိတ်ကို ပြန်ကပ်ထားလိုက်သည်။
စုရှင်း “……….”
ထို့နောက်တွင် ရွှမ်းအားယွဲ့သည် စုရှင်းကို သွေးခွက်အား လှမ်းပေးရင်း သိမ်မွေ့စွာ ပြောလိုက်သည်။
“မင်းအရမ်းနာနေမှာပဲ.. ဒီသွေးထဲမှာရှိတဲ့ အာနိသင်တွေ မကုန်ခင် မြန်မြန်လေး သောက်ချလိုက်”
ထိုလူတွင် နတ်ဆိုးချီ ရှိနေသော်လည်း ဗုံးပစ်စီနီယာအင်မော်တယ်၏ ရင်းနှီးသောမိတ်ဆွေ ဖြစ်နေမှန်း ထင်ရှားနေသဖြင့် စုရှင်းက အလွန်အမင်း စဉ်းစားမနေတော့ဘဲ သွေးခွက်ကို မော့သောက်လိုက်သည်။
နတ်သမင်၏ သွေးသည် ပြင်းထန်သောဒဏ်ရာများမှ ပြန်လည်နလံထူနိုင်စွမ်း ရှိပြီး ငွေရောင်လေး၏ သွေးထက်ပင် အဆများစွာ ပိုမိုထိရောက်သည်။
စုရှင်းက သွေးခွက်ကို မော့သောက်လိုက်သည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်ရှိ နာကျင်မှုအားလုံးသည် ပြေပျောက်သွားပြီး ကျိုးနေသော အရိုးများပင် ပြန်ဆက်သွားသည်ကို အံ့ဩဖွယ် တွေ့လိုက်ရသည်။
သူ့အသားအရေကပင် သိသိသာသာ ကြည်လင်လာခဲ့သည်။
“ငါမင်းကို မိတ်ဆက်ပေးရဦးမယ်.. ဒီပုဂ္ဂိုလ်က နတ်ဆိုးလောကရဲ့ သူတော်စင်ဆရာကြီး ရွမ်းဝူယွဲ့ပဲ”
စုရှင်း ပြန်လည်ကောင်းမွန်လာသည်ကို တွေ့မြင်ရသဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်က ရွှမ်းဝူယွဲ့နှင့် မိတ်ဆက်ပေးခဲ့သည်။
“နတ်ဆိုးလောကရဲ့ သူတော်စင်ဆရာကြီး”
စုရှင်း၏နှုတ်ခမ်းများက တလှုပ်လှုပ် ဖြစ်သွားခဲ့သည်။
မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးကို သူလျှော့တွက်ထားခဲ့မိသလို ခံစားလာရသည်။
စုရှင်းက သူ၏ အထိတ်တလန့်ဖြစ်မှုကို ကြိုးစားထိန်းချုပ်၍ မေးခွန်းထုတ်လိုက်သည်။
“စီနီယာအင်မော်တယ်.. ဘာကိစ္စတွေဖြစ်နေတာလဲ”
“အစောပိုင်းက နတ်ဆိုးလောကမှာရှိတဲ့ သူတော်စင်နန်းတော်ဆီကို ခေါင်းသုံးလုံးဖီးနစ် တစ်ကောင်က ကျူးကျော်လာခဲ့တယ်.. ဒီခေါင်းသုံးလုံးဖီးနစ်က နတ်ဘုရားနယ်မြေထက် ပိုဝေးတဲ့နေရာကနေ ရောက်ရှိလာခဲ့တာပဲ.. ဒါ့အပြင် ဒီခေါင်းသုံးလုံးဖီးနစ်မှာ ရုပ်သေးကြိုးတစ်ချောင်း ပါရှိနေတယ်.. ခေါင်းသုံးလုံးဖီးနစ်က သူတော်စင်နန်းတော်ကို တိုက်ခိုက်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ဆရာကြီး ရွှမ်းဝူယွဲ့ရဲ့ ချေမှုန်းခြင်းကို ခံခဲ့ရတယ်”
“နတ်ဘုရားနယ်မြေထက် ပိုဝေးတဲ့နေရာကလား”
စုရှင်း၏ကမ္ဘာ့အမြင်က နောက်ထပ်တစ်ကြိမ် ပြန်လည်ဆန်းသစ်လာသည်။
လွန်ခဲ့သည်နှစ်ရက်က အဖြစ်အပျက်များသည် စုရှင်း၏ ကျင့်ကြံခြင်းကမ္ဘာနှင့် ပတ်သက်သည့် အသိပညာများကို လန်းဆန်းစေခဲ့သည်။
ယခင်ကဆိုလျှင် သူသည် ဗိုလ်ချုပ်ဆယ်ပါးကို ကျင့်ကြံခြင်းလောက၏ ထိပ်တန်းပုဂ္ဂိုလ်များ အဖြစ် မှတ်ယူခဲ့ဖူးသည်။
သို့သော် ယခုအခါတွင်မူ သူသည် ရေအိုင်ထဲမှ ဖားတစ်ကောင်မျှသာ ဖြစ်ကြောင်း သူ့ကိုယ်သူ သဘောပေါက်လာခဲ့သည်။
သူတို့စကားပြောနေစဉ်မှာပင် ရွှမ်းအားယွဲ့က ဂိမ်းစက်ပေါ်ရှိ အတားအဆီးလှိုင်းကို စစ်ဆေးခဲ့ပြီး လေးနက်စွာမျက်မှောင်ကြုတ်လိုက်သည်။
ဗုံးပစ်စီနီယာအင်မော်တယ် “အခြေအနေဘယ်လိုလဲ”
ရွမ်းအားယွဲ့ “ဒီအတားအဆီးက ငါတစ်ခါမှ မမြင်ဖူးတဲ့ စွမ်းအားတစ်ခုပဲ.. အဲဒါက ငါ့ရဲ့စွမ်းအားထက် ကျော်လွန်နေပေမဲ့ သေချာတာကတော့ ဒီစွမ်းအင်က ကောင်းကင်တာအိုရော၊ စည်းပြင်ပတာအိုရော မဟုတ်ဘူး.. စီနီယာအင်မော်တယ်.. မင်းမှာလည်း ကောင်းကင်တာအိုရဲ့ စွမ်းအား ရှိတယ်ဆိုတော့ ဒီစွမ်းအားကို ဘယ်လိုမြင်လဲ”
ဗုံးပစ်စီနီယာအင်မော်တယ်က လေးနက်သော အမူအရာဖြင့် ခေါင်းညိမ့်လိုက်သည်။
“ဟုတ်တယ်.. ဒီစွမ်းအားက တကယ်ပဲ ကောင်းကင်တာအိုရဲ့စွမ်းအား မဟုတ်ဘူး.. ကြည့်ရတာ ငါတို့ ရန်သူရဲ့ ကျင့်ကြံခြင်းအဆင့်က ပိုမြင့်တဲ့အဆင့်တစ်ခုမှာ ရှိနေတဲ့ပုံပဲ”
ရွှမ်းအားယွဲ့က သက်ပြင်းချလိုက်သည်။
“ဒါဆို ငါတို့ ဘာမှမတတ်နိုင်တော့ဘူးပေါ့”
“ဒီအချိန်မှာ ငါတို့အနေနဲ့ သခင်လင်းရဲ့ ခွန်အားကိုပဲ ယုံကြည်နိုင်တော့တယ်.. ဒါ့အပြင် မစ္စတာဝမ်ကျန်းနဲ့ အခြားသူတွေဆီကလည်း အကူအညီ တောင်းနိုင်ပါသေးတယ်.. သူတို့က နတ်ဘုရားနယ်မြေက လာတဲ့သူတွေဆိုတော့ ဒီစွမ်းအားနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ သိနိုင်မယ်လို့တော့ ငါထင်တယ်”
အပိုင်း(၉၁၆) ပြီး၏