ဂြိုဟ်သားကမ္ဘာသို့ရောက်ရှိသွားသော ဝမ်လင်း
Vol. 62 Ch. 917
“နောက်ထပ်တစ်ယောက် ရှိသေးတယ် မဟုတ်လား.. အဲဒီလူက အခြေအနေတစ်ခုကြောင့် အနာဂတ်ကနေ ရောက်လာတယ်လို့ စီနီယာအင်မော်တယ် ပြောဖူးတယ်လေ”
“ညီနောင် ကူရွှင်းကျစ်လား”
ထိုအခါမှ ဗုံးပစ်စီနီယာအင်မော်တယ်က သူ့ခေါင်းကို လက်ဖြင့် ရိုက်လိုက်သည်။
သူအစောပိုင်းက စိတ်ရှုပ်နေ၍ ထိုစီနီယာကို မေ့လုနီးပါး ဖြစ်သွားခဲ့သည်။
စီနီယာ ကူရွှင်းကျစ်သည် စကြဝဠာအုပ်ထိန်းသူ ဖြစ်ပြီး ကောင်းကင်တာအို၏ အသိအမှတ်ပြုမှုကို ခံထားရသူဖြစ်သည်။
ဤကဲ့သို့ နားမလည်နိုင်သည့် အခြေအနေမျိုးတွင် စကြာဝဠာအုပ်ထိန်းသူသည် သာမန် ကျင့်ကြံသူများထက် ပိုမို သိရှိလိမ့်မည် မဟုတ်ပါလော။
သို့ရာတွင် အကြောင်းတစ်စုံတစ်ရာကြောင့် ဗုံးပစ်စီနီယာအင်မော်တယ်သည် မကောင်းသော ခံစားချက်ကို ရရှိနေခဲ့သည်။
သူက ပကတိအရှင်မြတ် အဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင် ကောင်းကင်တာအိုကို နားလည်သဘောပေါက်မှုသည် အဆင့်သစ် တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
ထို့ကြောင့် သူ့ရှေ့ရှိ ဂိမ်းစက်များကို ကောင်းကင်တာအိုစွမ်းအားနှင့် ဘာမှမသက်ဆိုင်သည့် ထူးခြားသော စွမ်းအားက လွှမ်းခြုံထားမှန်း သူကောင်းစွာသိခဲ့သည်။
“ဒီကမ္ဘာမြေပေါ်မှာ ဘာတွေဖြစ်ကုန်တာလဲ သိရဖို့ ငါစီနီယာကူကို ဆက်သွယ်ကြည့်လိုက်ဦးမယ်”
ဗုံးပစ်စီနီယာအင်မော်တယ်က ဖုန်းကို ချက်ချင်းပင် ထုတ်ယူ၍ ခေါ်လိုက်သည်။
ကူရွှင်းကျစ်က ဝမ်လင်းနှင့် တိုက်ပွဲအပြီးတွင် ဝမ်လင်းကိုအပြည့်အဝ လေးစားခဲ့ပြီး ဝမ်လင်း၏ ဖုန်းနံပါတ်ကို လိုချင်ခဲ့သည်။
အဆုံးသတ်တွင် သခင်မာသည် ဝမ်လင်းကိုယ်စား နံပါတ်တစ်ခုကို ပေးအပ်ခဲ့သည်။
သို့သော် ကူရွှင်းကျစ်ထံမှ ဖုန်းခေါ်ဆိုလာသောအခါတွင် ဗုံးပစ်စီနီယာအင်မော်တယ်က ကြားဖြတ်ကိုင်ခဲ့သည်။
ဤသည်မှာ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးတွင် ဝမ်လင်း အနှစ်သက်ဆုံး ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။
မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးသည် ကြိုတင်ကာကွယ်သည့်အနေဖြင့် အမည်မသိ ဖုန်းနံပါတ်များမှ ဖုန်းခေါ်ဆိုမှုများကို အလိုအလျောက် ကြားဖြတ် ဖြေကြားပေးခဲ့သည်။
ဆိုရလျှင် ဝမ်လင်းကို အကာအကွယ်ပေးခြင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းလည်း ဖြစ်၏။
ယခုလတွင် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးသည် တရားမဝင် ငွေတိုးချေးစားသူ လူလိမ်တစ်ထောင်ကျော်ကို ဖမ်းဆီးမိခဲ့သည်။
ထိုလူလိမ်များသည် ကုမ္ပဏီတစ်ခုတည်းမှ ဖြစ်ကြပြီး မက်ဆေ့ချ်များပေးပို့ကာ လိမ်လည်ခဲ့ကြသည်။
ထို့အပြင် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးသည် အင်ပါယာချင်ထံမှ မြင့်မြတ်သောဆက်သွယ်မှုဟုဆိုကာ လိမ်လည်လှည့်ဖျားသူ တစ်သောင်းကျော်ကိုလည်း ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးမေးမြန်းပြီးနောက်တွင် ထိုအထဲ၌ အင်ပါယာချင် လူဝင်စားခြင်းဖြစ်သည်ဟု အခိုင်အမာပြောဆိုနေသော လူတစ်ဦးပင် ရှိသေးသည်။
ဗုံးပစ်စီနီယာအင်မော်တယ်က ကူရွှင်းကျစ်၏ ဖုန်းကိုခေါ်ဆိုပြီးနောက်တွင် တစ်ဖက်မှ ဖုန်းပြန်ဖြေမည်ကို စောင့်ဆိုင်းနေခဲ့သည်။
စက္ကန့်အနည်းငယ်အကြာတွင် ဗုံးပစ်စီနီယာအင်မော်တယ်၏ ဖုန်းတွင် "ဖောက်"ဟူသည့်အသံ ရုတ်တရက် ထွက်ပေါ်လာသည်။
“သတိထား”
ထိုအခိုက်အတန့်မှာပင် ရွှမ်းအားယွဲ့က သူ၏လက်ကို လျှပ်တပြက် ဆန့်ထုတ်ကာ ဗုံးပစ်စီနီယာ အင်မော်တယ်၏ လက်ထဲမှဖုန်းကို ရိုက်ထုတ်ပစ်လိုက်သည်။
“ဝုန်း”
ကျယ်လောင်သောပေါက်ကွဲသံက ထွက်ပေါ်လာသည်။
ဖုန်းက နျူကလိယားကဲ့သို့ ပေါက်ကွဲသွားပြီး အင်တာနက်ကဖေး၏ အပြင်ဘက်တွင် မှိုတိမ်တိုက်ကြီးပင် ဖြစ်ပေါ်လာ၏။
“ဒါက”
သေခြင်းတရားမှ ကပ်သီလေး လွတ်မြောက်လာခဲ့ပြီးနောက်တွင် ဗုံးပစ်စီနီယာအင်မော်တယ်သည် အချိန်အတော်ကြာသည်အထိ မတည်မငြိမ် ဖြစ်နေခဲ့သည်။
ဤသည်က အလွန်ပင် ကြောက်စရာကောင်းလွန်းသည်။
ရွှမ်းအားယွဲ့သာ မရှိခဲ့လျှင် ဖုန်းသည် ဗုံးပစ်စီနီယာအင်မော်တယ်၏ နံဘေးတွင် ပေါက်ကွဲသွားမည် ဖြစ်သည်။
ထိုသို့ဖြစ်လာလျှင် သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ကြောင့် မသေဆုံးနိုင်သော်လည်း ပေါက်ကွဲမှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိသွားမည် ဖြစ်သည်။
ဤသည်မှာ ၎င်းတို့အနေဖြင့် လုံးဝ မမျှော်လင့်ထားသည့် အံအားသင့်ဖွယ်ဗုံးဖောက်ခွဲတိုက်ခိုက်မှု ဖြစ်သည်။
ကံကောင်းထောက်မစွာပင် ရွှမ်းအားယွဲ့က လျှပ်စီးကဲ့သို့လျင်မြန်စွာလှုပ်ရှား၍ ကယ်တင်နိုင်ခဲ့သည်။
ဒဏ္ဍာရီလာ နတ်သားရဲတစ်ကောင် အနေဖြင့် မျိုးစပ်သားရဲ ခီဒီရာ(ဝါ)နတ်သမင်၏ အန္တရာယ်ကို ခံစားသိရှိနိုင်မှုသည် သာမန်လူထက် သာလွန်သည်။
“ဒါကသတိပေးတာများလား”
ဗုံးပစ်စီနီယာအင်မော်တယ်က အချိန်အတော်ကြာ ငြိမ်သက်သွားခဲ့သည်။
ယခု သူတို့ရင်ဆိုင်နေရသည့် ရန်သူသည် ယခင်က သူတို့ရင်ဆိုင်ဖူးသော ရန်သူများနှင့် မတူပေ။
သူတို့တွင် ထိုရန်သူနှင့် ပတ်သက်သည့် သဲလွန်စများပင် မရှိခဲ့ပေ။
ယင်းက သူတို့ကို အကာအကွယ်မဲ့လုနီးပါး ဖြစ်စေခဲ့သည်။
တစ်ဖက်လူက မည်သို့သောရန်သူလဲ သူတို့ လုံးဝမသိခဲ့ပေ။
“ဘာတွေ ထိခိုက်သွားသေးလဲ”
ရွမ်းအားယွဲ့က မေးလိုက်သည်။
“ငါဘာမှတော့ မထိခိုက်ဘူး.. ငါ့အထင် ဒါက ငါတို့ကို သတိပေးနေတာပဲ”
ဗုံးပစ်စီနီယာ အင်မော်တယ်က လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်သည်။
“စီနီယာကူ ဘက်မှာလည်း တစ်ခုခု ဖြစ်နေမှာကို ငါစိုးရိမ်မိတယ်”
အခြားတစ်ဖက်တွင်လည်း ဗုံးပစ်စီနီယာအင်မော်တယ် ခန့်မှန်းထားသည့် အတိုင်းပင် ကူရွှင်းကျစ်သည် အမှန်တကယ်ပင် မကြုံစဖူးသောဒုက္ခကို ကြုံတွေ့နေရသည်။
ကူရွှင်းကျစ်က ပြင်ပနယ်မြေများရှိ အာကာသ အချိန်ဝိညာဉ်စွမ်းအားစီးဆင်းမှုကို စူးစမ်းလေ့လာရင်း ထိုထူးခြားသောစွမ်းအားများကို ခံစားမိခဲ့သည်။
သူက ဤထူးခြားသော စွမ်းအားများ မည်သည့်နေရာက လာသည်ကို နားမလည်နိုင်၍ ထိတ်လန့်သွားခဲ့သည်။
“ဒါက ဘယ်လိုစွမ်းအားမျိုးပါလိမ့်”
ကူရွှင်းကျစ်က ရေရွတ်လိုက်သည်။
ထို့နောက် သူက မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏အသိစိတ်ကို ကောင်းကင်တာအိုနယ်မြေနှင့် ချိတ်ဆက်လိုက်သည်။
သူ့အတွက် ဤစွမ်းအင် အရင်းအမြစ်ကို ခွဲခြမ်းစိတ်ဖြာရန် ခက်ခဲနေသောကြောင့် ကောင်းကင်တာအိုနယ်မြေမှ ရွှေရောင်လူသားလေးများကို မေးမြန်းရန် ဆုံးဖြတ်လိုက်၏။
ကူရွှင်းကျစ်က ကောင်းကင်တာအို အုပ်ချုပ်ရေး ကော်မတီ၏ ရုံးခန်းသို့ ရောက်ရှိသွားခဲ့သည်။
ကောင်းကင်တာအို ကိုယ်စားလှယ် ၆ယောက်က သူရောက်လာမည်ကို ကြိုတင် သိရှိထားပုံရ၏။
“မင်းရောက်လာပြီကိုး”
ခွန်အားကောင်းကင်တာအိုက အားပျော့သောလေသံဖြင့် ပြောလိုက်သည်။
“ကမ္ဘာမြေကြီးပေါ်မှာ ဘာတွေဖြစ်နေတာလဲ”
ကူရွှင်းကျစ်က စကြာဝဠာအုပ်ထိန်းသူ အနေဖြင့် မေးခွန်းထုတ်လိုက်သည်။
စကြာဝဠာ၏ အာကာသစည်းမျဉ်းများကို ထိန်းသိမ်းထားပြီး နတ်ဘုရားနယ်မြေ၏ အသိအမှတ်ပြုခြင်းကို ခံရသူတစ်ယောက် အနေဖြင့် ဖြစ်ပျက်နေသည့် အကြောင်းအရာများကိုလုံးဝ မသိရှိသည်မှာ သူ့အတွက် ရယ်စရာကောင်းနေသည်။
သူ၏မေးခွန်းကိုကြားလျှင် ခွန်အားကောင်းကင်တာအိုနှင့် ကျန်ကောင်းကင်တာအို တို့က တိတ်ဆိတ်နေခဲ့သည်။
ဤအရာက ကူရွှင်းကျစ်ကို ပို၍ပင် စိုးရိမ်စေခဲ့သည်။
ယခင်က ဤကဲ့သို့ တစ်ခါမှ မဖြစ်ဖူးပေ။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင် ခွန်အား ကောင်းကင်တာအိုက ပြောလိုက်သည်။
“ဒီစွမ်းအားက နတ်ဘုရားနယ်မြေထက် ပိုဝေးတဲ့နေရာက လာတာပဲ”
“နတ်ဘုရားနယ်မြေထက် ပိုဝေးတယ်လား”
ကူရွှင်းကျစ်က အံ့ဩသွားခဲ့သည်။
ဤစကားကို ပထမဆုံးအကြိမ် ကြားရသည့် သူ၏အမူအရာသည် ဗုံးပစ်စီနီယာ အင်မော်တယ်၏ အမူအရာနှင့် တစ်ထပ်တည်း ဖြစ်နေခဲ့သည်။
“မင်းက စကြာဝဠာအုပ်ထိန်းသူ ဆိုပေမဲ့ မင်း မထိန်းချုပ်နိုင်တဲ့နယ်မြေတွေ အများကြီး ရှိတယ်”
ခွန်အားကောင်းကင်တာအိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ငါတို့နေတဲ့ စကြာဝဠာက အဆုံးမဲ့ပဲ.. စကြာဝဠာရဲ့နယ်မြေတွေက (matryoshka) အရုပ်နဲ့တူတယ်လို့ ကောင်းကင်တာအိုတည်ထောင်သူက တစ်ချိန်ကပြောခဲ့ဖူးတယ်.. အဲဒီအရုပ်လိုပဲ စကြာဝဠာက အလွှာအတွင်းထဲမှာ နောက်ထပ် အလွှာတွေများစွာ ရှိတယ်”
ကူရွှင်းကျစ်က စကြာဝဠာအမျိုးမျိုးကို ခရီးထွက်ခဲ့သော်လည်း ဤသီအိုရီကို ယခုမှသာ ပထမဆုံး ကြားဖူးခြင်း ဖြစ်သည်။
သူ၏မျက်နှာပေါ်တွင် တုန်လှုပ်နေသော အမူအရာဖြစ်ပေါ်နေသည်။
“ကျောက်တုံးကြီးကို မင်းမြင်နေရပေမဲ့ နောက်ကွယ်ကကျောက်တုံးကိုတော့ မင်းမြင်ရမှာမဟုတ်ဘူး.. မြစ်ကို မင်းမြင်နိုင်ပေမဲ့ ပင်လယ်ထဲကို စီးဝင်တာမဟုတ်ဘူး”
ခွန်အားကောင်းကင်တာအိုက သက်ပြင်းချလိုက်သည်။
ကောင်းကင်တာအို အားလုံးက စကားတစ်ခွန်းမှ မပြောကြပေ။
ဆိုရလျှင် ကောင်းကင်တာအို အုပ်ချုပ်ရေး ကော်မတီတစ်ခုလုံးသည် သက်တမ်းကုန်ဆုံးသွား သကဲ့သို့ တိတ်ဆိတ်နေခဲ့သည်။
“လင်းကျန်းရန်.. လင်းကျန်းရန် ဆီမှာ အဖြေတစ်ခုတော့ ရှိကောင်းရှိနေနိုင်တယ်”
ဝမ်လင်းနှင့် တိုက်ပွဲအပြီးတွင် ကူရွှင်းကျစ်က ဝမ်လင်း၏ ဖန်ဘွိုင်းဖြစ်လာခဲ့သည်။
ဝမ်လင်းက မည်သူမည်ဝါ ဖြစ်သည်ကို သူခပ်ရေးရေး ခန့်မှန်းနိုင်သော်လည်း သူအတည်မပြုဝံ့ပေ။
သန်မာမှုအရ ၎င်းတို့က အဆင့်တူတွင် မရှိခဲ့ကြောင်း ကူရွှင်းကျစ်အနေဖြင့် လက်ခံခဲ့သည်။
သူအထင် လင်းကျန်းရန်၏ ခွန်အားသည် ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် တိုင်းတာ၍မရနိုင်ပေ။
“နောက်ကျသွားပြီ.. အခုလောက်ဆို သူက ဂိမ်းကမ္ဘာထဲကို ရောက်နေလောက်ပြီ”
ခွန်အားကောင်းကင်တာအိုက ထိုစကားကို ပြောပြီးနောက်တွင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လေထုထဲတွင် မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။
ထိုမြင်ကွင်းမှာ ဂိမ်းစက်ထဲတွင် လဲလျောင်းနေသော ဝမ်လင်းတို့ လူတစ်စု၏ ပုံရိပ်ဖြစ်သည်။
ကူရွှင်းကျစ် “ဒါဆို ငါတို့ ဘယ်လိုလုပ်မလဲ”
ခွန်အားကောင်းကင်တာအို “နောက်ထပ် တစ်နာရီကျော် ကြာတဲ့အခါမှာ ဒီထူးခြားတဲ့စွမ်းအင်က ကမ္ဘာကြီးရဲ့ စိတ်ဝိညာဉ်ချီကို လုံးဝ လွှမ်းခြုံသွားလိမ့်မယ်.. ဒီကပ်ဘေးကြီးကို ကြံ့ကြံ့ခံနိုင်ပါ့မလား ဆိုတာတော့ ဘယ်သူမှကြိုမသိနိုင်ဘူး”
ကူရွှင်းကျစ်က ထိုအကြောင်းကို တွေးလေလေ တစ်စုံတစ်ရာမူမမှန်သည်ကို ခံစားရလေလေ ဖြစ်သည်။
“အနာဂတ်က လာတဲ့ငါကရော ဒီကပ်ဘေးကြီးမှာ အကြုံးဝင်လား”
ခွန်အားကောင်းကင်တာအို “မင်းကိုယ်မင်း သတိမထားမိဘူးလား”
ကူရွှင်းကျစ် “???”
ခွန်အားကောင်းကင်တာအို “မင်းရဲ့ခန္ဓာကိုယ်က ညှိုးနွမ်းစပြုနေပြီ”
ကူရွှင်းကျစ် “ဘာမှမဖြစ်ပါဘူး.. ငါအဆင်ပြေနေဆဲပါ”
ခွန်အားကောင်းကင်တာအို “မင်းရဲ့ခန္ဓာကိုယ်မှာ ပထမဆုံးပျောက်ကွယ်သွားမယ့်အရာက အရံစွမ်းအင်ကို သိုလှောင်ထားတဲ့နေရာပဲ”
“ဟင်”
ကူရွှင်းကျစ်က ချက်ချင်းပင် သူ၏ခါးပတ်ကို ဖြုတ်လိုက်ပြီး ဒွေးကျိ ရှိမရှိ စစ်ဆေးလိုက်သည်။
“မဟုတ်ပါဘူး.. ရှိနေပါသေးတယ်”
ခွန်အားကောင်းကင်တာအို “ငါဆိုလိုတာက မင်းရဲ့ဒန်တျန်မှာ ရှိတဲ့ ရွှေအမြုတေကို ဆိုလိုတာပါ.. မင်းရဲ့ ရွှေအမြုတေရော ရှိသေးရဲ့လား”
ကူရွှင်းကျစ် “……….”
......................
အခြားတစ်ဖက်တွင်လည်း ဝမ်လင်းတို့အဖွဲ့သည် လုံးဝမရင်းနှီးသည့် မြို့တစ်မြို့သို့ရောက်လာခဲ့သည်။
သူတို့အဖွဲ့က တောင်ထိပ် တစ်ခုပေါ်တွင် ဆင်းသက်လာကြသည်။
ထိုတောင်ထိပ်နှင့် သိပ်မလှမ်းသော အကွာအဝေးတွင် လှပသော မီးရောင်စုံများဖြင့် တောက်ပနေသော မြို့တစ်မြို့ကို မြင်တွေ့ရသည်။
ဤနေရာက ကမ္ဘာမြေကြီး မဟုတ်လောက်ပေ။
၎င်းတွင် ဝိညာဉ်ချီ၏ သဲလွန်စ အနည်းငယ်မျှပင် မပါရှိပေ။
“မှော်အတတ်ကိုတောင် အသုံးမပြုနိုင်ပါလား”
ဝမ်လင်းက သာမန် မှော်အတတ်များကို တစ်ခုပြီးတစ်ခု အသုံးပြုရန် ကြိုးစားခဲ့သော်လည်း တစ်ခုမှ အဆင်မပြေခဲ့ပေ။
ဤကမ္ဘာတွင် ဝိညာဉ်ချီမရှိ၍ ဝိညာဉ်စွမ်းအင်မရှိဟု အဓိပ္ပါယ်ရသည်။
ဝိညာဉ်စွမ်းအင် မရှိလျှင် သဘာဝအတိုင်း မှော်အတတ်များကို အသုံးပြု၍မရပေ။
ထို့ကြောင့် လတ်တလောတွင် ဝမ်လင်း အသုံးပြုနိုင်သည့် တစ်ခုတည်းသောအရာမှာ ကောင်းကင်တာအို မှော်စွမ်းရည်သာ ဖြစ်သည်။
အကြောင်းအရင်းမှာ ကောင်းကင်တာအို မှော်စွမ်းရည်သည် ကမ္ဘာဦးချီကိုသာ အသုံးပြုရသောကြောင့်ပင်။
ထို့အပြင် ဝမ်လင်း၏ အခြေအနေက အနည်းငယ်ထူးခြားသည်။
သူ၏ ကမ္ဘာဦးချီမှာ သူငယ်စဉ်ကတည်းကပင် သူ့ခန္ဓာကိုယ်ကနေ သဘာဝအတိုင်း ထုတ်လုပ်နေသည့်အရာ ဖြစ်သည်။
ထိုကမ္ဘာဦးချီကြောင့်ပင် သူမွေးပြီး သိပ်မကြာမီတွင် ဝမ်လင်းသည် ခန္ဓာကိုယ်ပေါ်၌ တာအို အဆောင်လက်ဖွဲ့များကို ကပ်ထားကာ ထိန်းချုပ်ခဲ့ရသည်။
တစ်လျှောက်လုံး သူ့ကို ဒုက္ခပေးလာသော ကမ္ဘာဦးချီသည် ယခုအချိန်တွင် အသုံးဝင်လာမည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
ဝမ်လင်းက ချောက်ကမ်းပါးထိပ်မှ အေးစက်သောလေထုကို တွန်းလှန်နေသော အချိန်တွင် ဖန့်ရှင်း၊ ချန်းချောင်၊ ကော်ဟောက်နှင့် မြေပဲလေးတို့သည် သတိလစ်နေဆဲ ဖြစ်သည်။
သူတို့က ဂိမ်းစက်၏ မှန်အခုံးတံခါးပိတ်သည်နှင့် ဤနေရာကိုတန်း၍ ရောက်ရှိလာခြင်း ဖြစ်၏။
ဆိုရလျှင် ဤနေရာသည် ဂိမ်းမဟုတ်သည်မှာ အလွန်ပင်ထင်ရှားသည်။
၎င်းက ထောင်ချောက်တစ်ခုဖြစ်ပြီး သူတို့လူစုက အခြားကမ္ဘာတစ်ခုသို့ ဆွဲခေါ်ခံခဲ့ရခြင်းပင်။
ဤကမ္ဘာပေါ်တွင် သတ္တဝါများသည် လမ်းများကို သန့်ရှင်းအောင် ဆေးကြောသော ရေယာဉ်များကဲ့သို့ လမ်းများပေါ်တွင် လွတ်လပ်စွာ သွားလာနေကြသည်။
၎င်းတို့ထဲမှအချို့မှာ အနက်ရောက် မျက်လုံးများ ရှိသည့်အပြင် ပျော့ပျောင်းပြီး အရိုးမပါသော ဂျယ်လီကဲ့သို့ သတ္တဝါများ ဖြစ်သည်။
ထို့အပြင် လူနှင့်တူသော ခြေထောက်နှစ်ချောင်း ပါရှိသည့် မွန်းစတားမျိုးစုံကိုလည်း တွေ့ရ၏။
အချို့က နတ်ဆိုးများနှင့် မိစ္ဆာများဟု ထင်ရသော်လည်း တကယ်တမ်း မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် နတ်ဆိုးချီနှင့် မိစ္ဆာချီများမရှိသောကြောင့် ဖြစ်သည်။
“ဒီကမ္ဘာမှာ ဝိညာဉ်စွမ်းအင် မရှိပေမဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိနေပုံပဲ.. ဒီကမိစ္ဆာတွေက ငါတို့နဲ့မတူတဲ့ စွမ်းအင်ရင်းမြစ်ကို အသုံးပြုပုံရတယ်”
ပိုင်ချောင်းက ပြောလိုက်သည်။
ထိုအချိန်မှာပင် ဖန့်ရှင်းက သတိပြန်ဝင်လာသည်။
“ရှင်နိုးလာပြီလား”
ပိုင်ချောင်းက အနည်းငယ် အံ့ဩသွားသည်။
“ငါနိုးနေတာကြာပြီ.. ငါ့မှာ ဝိညာဉ်စွမ်းအင်ကို အသုံးပြုဖို့ မလိုအပ်တဲ့ အဖြူရောင်ညမှော်စွမ်းရည် ရှိတယ်လေ.. ငါက အဲဒီမှော်စွမ်းရည်နဲ့ မြို့ကို လှည့်ပတ်ကြည့်နေခဲ့တာပါ.. ဒါပေမဲ့သူတို့တွေက တခြား ဘာသာစကားကို ပြောနေတဲ့ပုံပဲ.. ငါလုံးဝနားမလည်ဘူး”
ဖန့်ရှင်းက ပြောလိုက်သည်။
“အဆုံးသတ်မှာတော့ တစ်ကမ္ဘာလုံးက မန်ဒရင်း ဘာသာစကားပြောတာကို ရပ်တန့်သွားတဲ့ပုံပဲ”
ပိုင်ချောင်းက ရယ်မောလိုက်ပြီး မြေပြင်ပေါ်တွင် သတိလစ်နေသော ချန်းချောင်တို့လူစုကို ကြည့်လိုက်သည်။
“သူတို့ကို ဘာလုပ်သင့်လဲ.. ဒီမသာကောင်တွေကို ငါတို့နဲ့ ခေါ်သွားရင်လည်း သူတို့က ငါတို့အတွက် ဘာမှ အသုံးဝင်လာမှာမဟုတ်ဘူး”
“မင်းသူတို့ကို မသာကောင်လို့ ခေါ်တာကတော့ နည်းနည်းများသွားပြီ.. သူတို့မှာလည်း အသုံးဝင်တဲ့ အရည်အချင်းတွေ ရှိပါတယ်”
ထို့နောက်တွင် ဖန့်ရှင်းသည် ချန်းချောင်၏ မျက်နှာကို ပုတ်ကာ နှိုးလိုက်သည်။
ချန်းချောင်က အချိန်အတော်ကြာအောင် အိပ်မောကျနေသလို ခံစားခဲ့ရသည်။
သူက မျက်လုံးများကို စူးစူးဝါးဝါး မဖွင့်မီ ပွတ်သပ်လိုက်သည်။
သူ့ရှေ့မှမြင်ကွင်းက သူ့ကို အကြီးအကျယ် ထိတ်လန့်စေခဲ့သည်။
“အာ.. ဒီနေရာက ဘယ်နေရာလဲ”
“မင်းက ဂိမ်းလောကထဲမှာ သရုပ်ဖော်ထားတဲ့ မြို့တစ်မြို့ကိုရောက်နေတာပါ.. ဂိမ်းရဲ့ ပုံရိပ်ယောင် ဂိမ်းစက်နဲ့ ချိတ်ဆက်တာ ပထမဦးဆုံးအကြိမ် ဖြစ်တဲ့အတွက် မင်းရဲ့စိတ်ကအနည်းငယ် မတည်မငြိမ် ဖြစ်တာ ပုံမှန်အခြေအနေပါပဲ”
ဖန့်ရှင်းက ပြုံးရွှင်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
“ဟုတ်လား.. မင်းလိမ်နေတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ.. ငါတို့အားလုံး ဂြိုဟ်သားကမ္ဘာထဲကို ရောက်သွားတယ်လို့တော့ မပြောနဲ့နော်”
ဝမ်လင်း၊ ဖန့်ရှင်းနှင့် ပိုင်ချောင်း “……….”
ထိုအချိန်တွင် ချန်းချောင်သည် ပိုင်ချောင်းကို သတိထားမိလိုက်သည်။
“ဒီမိန်းကလေးက ဘယ်သူလဲ”
“သူက မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ အင်တာနက်ကဖေး ဘော့စ်ပါ.. သူမရဲ့ မျိုးရိုးနာမည်ကတော့ ပိုင်လို့ခေါ်တယ်”
ဖန့်ရှင်းက မိတ်ဆက်ပေးလိုက်သည်။
“မင်္ဂလာပါ မိန်းကလေးပိုင်”
ချန်းချောင်းက အိုးတိုးအန်းတမ်း မျက်နှာထားဖြင့် နှုတ်ဆက်လိုက်သည်။
“အတန်းဖော်စွန်းရုံထက် ပိုလှတဲ့မိန်းကလေးကို ငါပထမဆုံးမြင်ဖူးတာပဲ.. ငါ့အမြင်တော့ မိန်းကလေးပိုင်က ပန်းချီကားထဲက နတ်သမီးတစ်ယောက်လိုပဲ.. လူနဲ့တောင် မတူဘူး”
အစောပိုင်းက မသာကောင်ဟု သူမ တွေးခေါ်ထားသောသူထံမှ ထိုကဲ့သို့သော စကားကိုကြားလျှင် သူမက ပီတိဖြာသွားသည်။
သူမက ဖန့်ရှင်း၏ ပုခုံးပေါ်သို့ လက်တစ်ဖက်ကိုတင်ကာ သူမ မှားသွားကြောင်း ဝန်ခံလိုက်သည်။
“အစောပိုင်းက ငါ့စကားကို ပြန်ရုပ်သိမ်းတယ်”
ဖန့်ရှင်းက ပြုံး၍ ပြန်ပြောလိုက်သည်။
“စိတ်မပူပါနဲ့.. မင်းရဲ့ဆုံးဖြတ်ချက်က မှန်ကန်မှာပါ”
“ဒါနဲ့အခု ငါတို့ရဲ့အခြေအနေက ဘယ်လိုလဲ”
ချန်းချောင်က ပတ်ဝန်းကျင်ကို အကဲခတ်၍ မေးခွန်းထုတ်လိုက်သည်။
“ဒီဂိမ်းက နည်းနည်းတော့ ဆန်းပြားတယ်.. ငါတို့တွေက ဝိညာဉ်စွမ်းအင်ကို ဒီထဲမှာ အသုံးပြုလို့မရဘူး.. ဒါ့အပြင် ဒီကမ္ဘာရဲ့ ဘော့စ်က တစ်နေရာရာမှာ ပုန်းအောင်းနေတဲ့ပုံပဲ.. သဲလွန်စတွေကိုတော့ မြို့ထဲမှာပဲ ရှာရမယ်ထင်တယ်”
ဖန့်ရှင်းက ချောက်ကမ်းပါးထိပ်ကနေ သူတို့ရှေ့မှာ ရှိနေသည့်မြို့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
“ဒီဂိမ်းကို ဂြိုဟ်သားတွေရဲ့ မြို့တော်တစ်ခုမှာ တည်ဆောက်ထားတဲ့ပုံပဲ.. ကံဆိုးစွာနဲ့ ဒီမြို့က တရုတ်ဘာသာစကားကို အပြည့်အဝ မပြောင်းလဲရသေးဘူး.. ဒီမြို့က မွန်းစတားတွေအားလုံးက ဂြိုဟ်သား ဘာသာစကားကိုပဲ ပြောတတ်ကြတယ်”
ချန်းချောင်က မေးစေ့ကို ဟန်ပါပါပွတ်သပ်ကာ ခေါင်းညိမ့်လိုက်သည်။
“အချိန်ကန့်သတ်ချက်ရော ရှိလား”
“၂၄နာရီ”
ဖန့်ရှင်းက ပြန်ဖြေလိုက်သည်။
ဖန့်ရှင်းသည် ဤအရာက ဂိမ်းမဟုတ်ကြောင်း ချန်းချောင်တို့ကို မလိမ်ညာချင်ခဲ့ပေ။
သို့သော် သူ့တွင် အခြားရွေးချယ်စရာ မရှိခဲ့ပေ။
အချို့သောအချိန်များတွင် အဖြူရောင်မုသားကို အသုံးချရန် လိုအပ်သည် မဟုတ်ပါလော။
အဆုံးသတ်တွင် ချန်းချောင်၊ ကော်ဟောက်နှင့် မြေပဲလေးတို့သည် အထက်တန်းကျောင်းသားများသာ ဖြစ်သည်။
ဖြစ်ရပ်မှန်ကိုသာ သိသွားလျှင် ဖိအားဒဏ်ကို မခံနိုင်ဘဲ ပြဿနာများ ဖြစ်လာပေလိမ့်မည်။
ဤအရာက ဂိမ်းတစ်ခု မဟုတ်ဘဲ သူတို့အားလုံး ဂြိုဟ်သားကမ္ဘာကို ရောက်ရှိသွားခဲ့ခြင်း ဖြစ်၏။
ထို့အပြင် သူတို့ကို ဆင့်ခေါ်ခဲ့သူသည် သူတို့ကို အမှောင်ရိပ်ထဲကနေ စောင့်ကြည့်နေဆဲ ဖြစ်သည်။
“ပစ္စည်းတွေမရှိဘူးလား.. အိုင်တမ်တွေရော မရှိဘူးလား”
ချန်းချောင်က ခဏမျှတွေးပြီးနောက် မေးလိုက်သည်။
“မရှိဘူး”
ဖန့်ရှင်းက ခေါင်းခါ၍ ပြန်ဖြေလိုက်သည်။
“ဒါဆို ဒီဂိမ်းကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ငါသိပြီထင်တယ်”
ချန်းချောင်က တွေးတွေးဆဆဟန်ဖြင့် ပြောလိုက်သည်။
“မင်းတို့ GTAကစားဖူးလား.. ဒီဂိမ်းက(VICE CITY) နဲ့တူမယ်လို့ ငါထင်တယ်.. မြို့ထဲကို ရောက်တာနဲ့ တတ်နိုင်သမျှ အဖျက်အဆီးတွေကို ဖန်တီးဖို့ပဲ လိုအပ်တယ်.. အဲဒီလို အဖျက်အဆီးတွေ လုပ်နိုင်မှပဲ ငါတို့က ပင်မဇာတ်ကွက်တစ်ခု ဒါမှမဟုတ် ဇာတ်ကွက်ခွဲတစ်ခုကို သေချာပေါက် အစပျိုးနိုင်လိမ့်မယ်.. ဒီလိုဖြစ်လာရင် ဘော့စ်ကို ခြေရာခံဖို့အတွက် သဲလွန်စတွေနောက်ကို လိုက်နိုင်လိမ့်မယ်.. သူက ပုန်းနေမယ်ဆိုရင်တောင် အချိန်ရောက်ရင် ငါတို့ကို ထွက်ပြီး ရင်ဆိုင်ရလိမ့်မယ်.. ငါတို့တွေ သေတော့ မသေလောက်ဘူး မဟုတ်လား”
“ဘာလို့သေရမှာလဲ.. ဒါကဂိမ်းပဲလေ.. ဘယ်သူမှသေမှာမဟုတ်ဘူး.. ချန်းချောင်.. မင်းက ဂိမ်းမှာဆရာကြီးဆိုတော့ ငါလုံးဝ စိတ်မပူတော့ဘူး”
ဝမ်လင်းနှင့်ပိုင်ချောင်း “……….”
အပိုင်း(၉၁၇) ပြီး၏