← Chapters

ကမ္ဘာမြေ ကပ်ဆိုက်သောကာလ

Vol. 62 Ch. 920

ကမ္ဘာမြေ ကပ်ဆိုက်သောကာလ

Vol. 62 Ch. 920

ကော်ဖျင်၏ စကားကိုကြားသောအခါတွင် ဝမ်လင်းသည် ဝမ်မိသားစုအိမ်ငယ်လေးသို့ လွန်ခဲ့သည့်ခြောက်နှစ်က မကြာခဏ လာလည်သည့် ဝမ်မင်အကြောင်းအား ရုတ်တရက် ပြန်အမှတ်ရသွားခဲ့သည်။

ထိုအချိန်က ဝမ်မင်သည် အိမ်သို့ လာလည်တိုင်းတွင် ရေချိုးခန်းသို့ အမြဲလိုလို ပြေးသွားလေ့ရှိသည်။

ယခုမှ တွေးကြည့်လိုက်ရာ ဝမ်မင်သည် သူ၏ဆံပင်ကိုကောက်ယူရန်အတွက်‌ ရေချိုးခန်းအတွင်းသို့ ဝင်သွားခြင်း ဖြစ်နိုင်သည်။

ဝမ်လင်းက နေ့တိုင်းလိုလို ခေါင်းလျှော်လေ့ရှိသည်။

သူက အားရပါးရ ခေါင်းလျှော်လေ့ ရှိသောကြောင့် ဆံပင်တစ်စ နှစ်စက အမြဲလိုလို ကျွတ်ကျနေလေ့ ရှိ၏။

ကော်ဖျင်၏စကားကို ကြားပြီးနောက်တွင် ဝမ်လင်းသည် သူ့ဝမ်းကွဲအစ်ကို၏ လျှို့ဝှက်ချက်ကို သိရှိသွားခဲ့ပြီ ဖြစ်သည်။

တကယ်တမ်းတွင် ထိုအချိန်က ဝမ်မင်၏ အမူအရာမှာ အနည်းငယ် လျှို့ဝှက်နေပုံပေါက်သည်ဟု ဝမ်လင်း ခံစားခဲ့ရသည်။

သူထင်ခဲ့သည်မှာ ဝမ်မင်သည် သူ၏ခေါက်ဆွဲခြောက်ကြွပ်ကြော်ထုပ်များကို ခိုးယူနေသည်ဟု ထင်ခဲ့သည်။

သို့ရာတွင် သူ၏ခေါက်ဆွဲခြောက်ကြွပ်ကြော်ထုတ်များက အရေအတွက် မလျော့သွားသောကြောင့် သူ၏ သံသယက အချိန်ကြာလာသည်နှင့်အမျှ ရပ်တန့်သွားခဲ့သည်။

သူ့အစ်ကို၏ ပစ်မှတ်က သူ့ဆံပင် ဖြစ်နေလိမ့်မည်ဟု သူ မည်သို့ ထင်မိပါမည်နည်း။

သူ့အစ်ကိုကြီးက သူ၏ဆံပင်ကို ကောက်နေသည့်ပုံရိပ်အား သူစိတ်ကူးပင် မယဉ်နိုင်ပေ။

တကယ်တမ်းတွင် ဝမ်လင်း မသိသည်မှာ ဝမ်မင်သည် သူ၏ရုံးခန်းတွင် သိမ်းဆည်းထားသည့် ဝမ်လင်း၏ ရုပ်တုထံမှ ဆံပင်အပိုကို အသုံးပြုခဲ့ခြင်းသာ ဖြစ်သည်။

ထိုရုပ်တုငယ်မှာ ဝမ်လင်း၏ ပုံတူရုပ်တုငယ် ဖြစ်ပြီး ရုပ်တုငယ်၏ ဆံပင်များကို ဝမ်လင်း၏ ဆံပင်အစစ်များဖြင့် ပြုလုပ်ထားခဲ့သည်။

ထိုရုပ်တုငယ်မှ ဆံပင်အားလုံးကိုသာ စွမ်းအင် အရင်းအမြစ်တစ်ခုအနေဖြင့် အသုံးပြုခဲ့လျှင် အာကာသထဲတွင် အလင်းနှစ် သန်းရာပေါင်းစွာအထိ စွမ်းအင်သုံးစွဲနိုင်မည် ဖြစ်သည်။

“ဒါဆို မင်းက ငါတို့ကိုဆင့်ခေါ်လိုက်တာလား”

“ငါ့မှာ အဲဒီလောက် စွမ်းရည်မရှိပါဘူး.. အဲဒါက နတ်တာအိုကြယ်ရဲ့ ကြယ်စင်အရှင်သခင် လက်ချက်ပဲ.. သူ့ရဲ့အကြံအစည်ကတော့ ကမ္ဘာပေါ်က စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်ကို နတ်တာအိုကြယ်ပေါ်မှာ ချုပ်နှောင်ထားပြီး ကမ္ဘာမြေကြီးကို သိမ်းပိုက်ဖို့အစီအစဉ်ပဲ”

ထိုစကားကိုပြောရင်း ကော်ဖျင်၏ အကြည့်များသည် လူတိုင်းကို လွှမ်းခြုံသွားခဲ့သည်။

ကမ္ဘာပေါ်ရှိ အသန်မာဆုံးပုဂ္ဂိုလ်သည် ဤအုပ်စုထဲတွင် ရှိကြောင်း သူကောင်းစွာသိသည်။

ထို့ကြောင့်သာ ဤလူများသည် နတ်တာအိုကြယ်သို့ ဆင့်ခေါ်ခံရသည် မဟုတ်ပါလား။

[သေချာတယ်.. ဒီပြဿနာက ငါ့ကြောင့်ပဲဖြစ်ရမယ်]

ဝမ်လင်းက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

ထိုသို့ သူတွေးတောနေစဉ်မှာပင် ကော်ဖျင်သည် ပိုင်ချောင်းအား ကြည့်နေသည်ကို ဝမ်လင်း တွေ့လိုက်ရသည်။

“မိန်းကလေး.. မင်းက ကမ္ဘာပေါ်မှာ အသန်မာဆုံးပုဂ္ဂိုလ်လား”

ပိုင်ချောင်းက ဝမ်လင်းကို မျက်လုံးထောင့်မှ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ခဏမျှ စဉ်းစားလိုက်ပြီး‌ ခေါင်းညိမ့်လိုက်သည်။

“ဟုတ်တယ်.. ကျွန်မက ကမ္ဘာကြီးရဲ့ အသန်မာဆုံးပုဂ္ဂိုလ်ပဲ”

ပိုင်ချောင်းက ထိုသို့ပြောဆိုခဲ့ခြင်းမှာ ဝမ်လင်း၏ အင်အားကို ကြောက်ရွံ့သောကြောင့် မဟုတ်ပေ။

သူမက နှလုံးသားစေလိုရာနောက်သို့ လိုက်တတ်သည့် နန့်တန့်တန့် မိန်းကလေးများနှင့် မတူပေ။

ထိုမိန်းကလေးများနှင့် ဆန့်ကျင်ဘက်အားဖြင့် ပိုင်ချောင်းသည် ပို၍ လက်တွေ့ကျသည်။

ဝမ်လင်းက သူမ၏သခင် ဖြစ်သောကြောင့် ဝမ်လင်း ကိုယ်စား ကြားဝင်ခံရသည်မှာ သူမအတွက် အနည်းငယ်မျှပင် မနာကျင်ခဲ့ပေ။

“ဒီကြယ်စင်အရှင်သခင်ရဲ့ ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ အကြံအစည်က ဘယ်လိုမျိုးလဲ”

ပိုင်ချောင်းက ဟန်ပါပါဖြင့် လက်ပိုက်၍ မေးလိုက်သည်။

“ဒါက နတ်တာအိုကြယ်ရဲ့ စည်းမျဉ်းနဲ့ သက်ဆိုင်တယ်.. နတ်တာအိုကြယ်ကို ရောက်ဖို့အတွက် ငါတစ်နှစ်နီးပါး အချိန်ယူခဲ့ရတယ်.. ဒီကိုရောက်ပြီးနောက်မှာ သူတို့ရဲ့ ဘာသာစကားကိုနားလည်ဖို့အတွက် နောက်ထပ်တစ်နှစ် အချိန်ယူခဲ့ရတယ်.. နတ်တာအိုကြယ်မှာ အသုံးပြုတဲ့ ပုံမှန်မဟုတ်တဲ့ စွမ်းအင်အရင်းအမြစ်က အခြားသော စွမ်းအင်အရင်းအမြစ်တွေကို ဝါးမြိုပြီး ချဲ့ထွင်နိုင်တဲ့ အထူးစွမ်းအင် အရင်းအမြစ်ပဲ.. နှစ်တွေ ကြာလာတာနဲ့အမျှ နတ်တာအိုကြယ်ရဲ့ ကြယ်စင်အရှင်သခင်က ဂြိုဟ်ပေါင်းများစွာကို ဝါးမြိုပြီး သူ့ရဲ့စွမ်းအင်ကို မြှင့်တင်ခဲ့တယ်.. သူက စကြာဝဠာတစ်ခုလုံးမှာ နတ်တာအိုကြယ်ကို ထိပ်ဆုံးနေရာ ရှိစေချင်တယ်.. ဒီတစ်ကြိမ် သူ့ရဲ့ ပစ်မှတ်ကတော့ ကမ္ဘာမြေပဲ”

“လင်းနို့ဘောလုံးတိုက်ပွဲလိုလား”

ချန်းချောင်က ရုတ်တရက် ဖုန်းဂိမ်းတစ်ခုကိုတွေးမိလိုက်သည်။

“အင်း.. အဲဒီလိုတွေးလို့ရတယ်”

ကော်ဖျင်က ပြန်ဖြေလိုက်သည်။

သူက ဤဂိမ်းကို ကြားဖူးသည်။

နတ်တာအိုကြယ်သို့ ရောက်ပြီးနောက်တွင် ဘာသာစကားအခက်အခဲကြောင့် သူက အခက်တွေ့ခဲ့ရသည်။

ကော်ဖျင်က ကမ္ဘာမြေပေါ်တွင် မရှိသော်လည်း ဓာတ်ခွဲခန်းရှိအချက်အလက် စုစည်းသည့် စက်မှတဆင့် နောက်ဆုံးရသတင်းနှင့် သိပ္ပံဆိုင်ရာ အချက်အလက်များကို ရရှိနေဆဲဖြစ်သည်။

သူက နတ်တာအိုကြယ်ပေါ်တွင် အလွန် သတိကြီးစွာဖြင့် တစ်ယောက်တည်း နေထိုင်ခဲ့ရသည်။

ဤနေရာ၏ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် လူနေမှုပုံစံများသည် သူ့အတွက် လုံးဝ အသစ်အဆန်း ဖြစ်သည်။

ကမ္ဘာမြေမှ သူစိမ်းတစ်ယောက်ဖြစ်သည့် ကော်ဖျင်အတွက် ဤသည်မှာ ထောင်ထဲတွင် နေရသကဲ့သို့ပင်။

“မိန်းကလေး”

ထိုခဏတွင် ကော်ဖျင်သည် ပိုင်ချောင်းကို ကြည့်လိုက်သည်။

“ကမ္ဘာမြေကို ကယ်တင်ချင်ရင် အခုချိန်မှာ ငါတို့လုပ်နိုင်တာတစ်ခုက ကြယ်စင်အရှင်သခင်နဲ့ ညှိနှိုင်းဖို့ပဲ.. ငါတို့မှာ အချိန်သိပ်မရှိတော့ဘူး”

“ဘာကိုဆိုလိုတာလဲ.. နတ်တာအိုကြယ်က ကမ္ဘာမြေနဲ့ အရမ်းကို ဝေးကွာတယ်လေ.. ကမ္ဘာမြေကို မြိုချချင်ရင်တောင် လွယ်မှာ မဟုတ်ဘူး”

ဖန့်ရှင်းက ပြောလိုက်သည်။

“မဟုတ်ဘူး.. နတ်တာအိုကြယ်ရဲ့ ကိုယ်ပွားက ကမ္ဘာရဲ့အူတိုင်မှာ ရှိနေခဲ့ပြီ”

“ဘယ်လို.. “

“အဲဒါက သံလိုက်နဲ့ ကပ်ထားသလိုပဲ”

ကော်ဖျင်က ပြောလိုက်သည်။

“နတ်တာအိုကြယ်ရဲ့ကိုယ်ပွားမှာ ပင်မကြယ်ရဲ့ နတ်စွမ်းအားတွေ ရှိနေတယ်.. ငါ့ရဲ့တွက်ချက်မှုတွေအရ ကိုယ်ပွားက ပင်မကြယ်ရဲ့ နတ်စွမ်းအားတစ်ဝက်ကို ဆွဲထုတ်ပြီး ချဲ့ထွင်နိုင်သရွေ့ ကမ္ဘာမြေကြီး တစ်ခုလုံးကို အတွင်းကနေ တစ်လက်မချင်းစီ ဝါးမျိုနိုင်လိမ့်မယ်”

“ဒါဆို ငါတို့က ဘယ်လိုမျိုး ညှိနှိုင်းရမှာလဲ.. သူ့ဆီမှာလက်နက်ချရမှာလား.. ဒါမှမဟုတ် တခြားနည်းလမ်းရှိလား”

‘လောလောဆယ်မှာ ဒီကိစ္စကို ဖြေရှင်းဖို့အတွက် နည်းလမ်း နှစ်ခုရှိတယ်”

ကော်ဖျင်က ပြောလိုက်သည်။

“ပထမတစ်ခုက နတ်စွမ်းအားကို ဝိညာဉ်စွမ်းအားအဖြစ်ပြောင်းလဲဖို့အတွက် ဖော်မြူလာကို ရှာဖွေဖော်ထုတ်ဖို့ပဲ.. အဲဒီလိုသာ လုပ်နိုင်ခဲ့ရင် ငါတို့ရဲ့ အထူးပြုကိရိယာကို အသုံးပြုပြီး ဝိညာဉ်စွမ်းအားကို ဝိညာဉ်ချီအဖြစ် ပြောင်းလဲနိုင်လိမ့်မယ်.. ဒီလိုသာ ဖြစ်မယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ ဝိညာဉ်စွမ်းအားကို ပြန်လည်ဖြည့်တင်းနိုင်ပြီး အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် ဝိညာဉ်ချီ ချို့တဲ့ခြင်းပြဿနာကိုလည်း တစ်ခါတည်း ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်.. ဒါပေမဲ့ ဒီအစီအစဉ်မှာ ပြဿနာနှစ်ခု ရှိနေတယ်.. ငါက ဖော်မြူလာရဲ့ ဆယ်ပုံတစ်ပုံကိုပဲ ဖော်ထုတ်နိုင်သေးတယ်.. နောက်ပြီး လိုအပ်တဲ့ပစ္စည်းတွေကလည်း ကမ္ဘာမြေပေါ်မှာ ရှိနေဆဲပဲ”

“……….”

“ဒုတိယနည်းလမ်းကတော့ ကြယ်စင်အရှင်သခင်ဆီမှာ လက်နက်ချပြီး ဆွေးနွေးညှိနှိုင်းဖို့ပဲ.. ကြယ်စင်အရှင်သခင်ကို ကြယ်နှစ်လုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ ဖျောင်းဖျရမယ်.. ဒါပေမဲ့ ဒီသဘောတူညီချက်ကို ချုပ်ဆိုနိုင်တဲ့လူကတော့ ငါလုံးဝ မဖြစ်နိုင်ဘူး.. ဒါ့အပြင် ဒီကြယ်စင်သခင်ကလည်း ငါ့လိုလူနဲ့ ဘယ်လိုမှ ညှိနှိုင်းမှာမဟုတ်ဘူး.. ဒါပေမဲ့မိန်းကလေးပိုင်ချောင်း ရှေ့ထွက်မယ်ဆိုရင်တော့ ငါတို့အတွက် အခွင့်အရေးတွေ ရလာနိုင်တယ်”

“……….”

“နည်းလမ်းက ဒီနှစ်မျိုးပဲ ရှိတာပေါ့”

“ဟုတ်တယ်.. နှစ်မျိုးပဲရှိတယ်”

ကော်ဖျင်က သက်ပြင်းချလိုက်သည်။

“နတ်တာအိုကြယ်ရဲ့ ကြယ်စင်အရှင်သခင်ရဲ့ စွမ်းအားကို ငါကိုယ်တိုင် မျက်မြင်တွေ့ဖူးတယ်.. သူ့ရဲ့ခွန်အားက ကမ္ဘာမြေ ဒါမှမဟုတ် နတ်ဘုရားနယ်မြေက လူတွေ ယှဉ်နိုင်တဲ့အနေအထား မဟုတ်ဘူး”

“နည်းလမ်းနှစ်ခုလုံး မလိုအပ်ဘူး.. တတိယနည်းလမ်း ရှိကောင်းရှိနိုင်ပါတယ်”

ထိုခဏတွင် ဖန့်ရှင်းနှင့် ပိုင်ချောင်းတို့ နှစ်ယောက်စလုံးက တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။

“တတိယနည်းလမ်းလား.. အဲဒါက ဘယ်လိုမျိုးလဲ”

ကော်ဖျင် ခဏမျှ မှင်တက်သွားခဲ့သည်။

“သူ့ကို နာနာလေးရိုက်မယ်”

ထိုအချိန်မှာပင် ကော်ဖျင်၏နားထဲ၌ အသံတစ်သံကိုကြားလိုက်ရသည်။

သူက အုပ်စု၏နောက်ဆုံးတွင် ရပ်နေသော ခံစားချက်မဲ့ငါးမသာ မျက်လုံးနှင့် ချာတိတ်လေးကို ငေးကြည့်လိုက်သည်။

“ကြယ်စင်အရှင်သခင်ကို နာနာလေးရိုက်မယ်တဲ့လား.. ငါ့ကိုစကားပြောနေတာ ဒီချာတိတ်လား”

အပိုင်း(၉၂၀) ပြီး၏

All Chapters