← Chapters

ကမ္ဘာမြေကိုဝါးမျိုမည့် အစီအရင်

Vol. 62 Ch. 921

ကမ္ဘာမြေကိုဝါးမျိုမည့် အစီအရင်

Vol. 62 Ch. 921

“နာနာလေးရိုက်မယ်”

ဤရူးသွပ်လောက်ဖွယ် စကားလုံးက ကော်ဖျင်၏ နားထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။

ဤသည်က သူတစ်ခါမှ မတွေးရဲခဲ့သည့် ထူးခြားသည့်အစီအစဉ်တစ်ခု ဖြစ်သည်။

သို့သော် ကြယ်စင်အရှင်သခင်ကို ရိုက်နှက်ရန်မှာ မည်ကဲ့သို့ လွယ်ကူနိုင်ပါအံ့နည်း။

“ဒီနည်းလမ်းက အလုပ်ဖြစ်နိုင်ပါ့မလား”

ကော်ဖျင်က တွေးပင် မတွေးရဲခဲ့ပေ။

သူက နတ်တာအိုကြယ်ပေါ်တွင် နေထိုင်သည်မှာ မကြာသေးသော်လည်း ကြယ်စင်အရှင်သခင်သည် ဖျက်ဆီးခြင်းနတ်ဘုရားနှင့် တန်းတူအာဏာရှင် ဖြစ်သည်ကို သူကောင်းစွာသိသည်။

ထိုကဲ့သို့သောလူက တစ်စုံတစ်ဦးကို ပစ်မှတ်ထားလိုက်သည်နှင့် ထိုလူက ဇာတ်သိမ်းသွားပြီဟု သတ်မှတ်နိုင်၏။

ကြယ်စင်အရှင်သခင်သည် နတ်တာအိုကြယ်ကို ချဲ့ထွင်ရန်အတွက် ဤနှစ်များအတွင်း လူမဆန်သောလုပ်ရပ် များစွာကို လုပ်ဆောင်ခဲ့သည်။

ထိုအကြောင်းအရာများကို တွေးမိတိုင်း ကော်ဖျင်က ကူကယ်ရာမဲ့စွာ တုန်လှုပ်နေခဲ့သည်။

သူက ဂြိုဟ်သားများ၏ သတင်းဌာနကနေ အချက်အလက်များစွာကို ရရှိခဲ့သည်။

သူ့အတွက် ဤဂြိုဟ်သားဘာသာစကားကို လူသားဘာသာစကား အဖြစ် ပြန်ဆိုရန်မှာ အချိန်အတော်ကြာမြင့်ခဲ့၏။

ဘာသာပြန်ပြီးနောက်တွင် စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာအထိ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြောက်လန့်နေခဲ့သည်။

နတ်တာအိုကြယ်ကို အောင်မြင်စွာ ချဲ့ထွင်ပြီးတိုင်းတွင် ကြယ်စင်အရှင်သခင်သည် မာနကြီးသော မျက်နှာဖြင့် လူတိုင်းကိုကြေညာလေ့ရှိသည်။

ဆိုရလျှင် ကြယ်စင်အရှင်သခင်သည် စကြာဝဠာ၏ နတ်ဘုရားတစ်ပါးဖြစ်ပြီး အစွမ်းအထက်ဆုံး ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။

ဝမ်လင်းက ကော်ဖျင်၏ အမူအရာမှတဆင့် ကော်ဖျင်၏ အတွေးကို ကောင်းစွာရိပ်စားမိခဲ့သည်။

ကော်ဖျင်၏ မျက်နှာက ချက်ချင်းပင် အရောင်ဖျော့သွားခဲ့သည်။

“သူနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့က အချည်းနှီးပဲ ဖြစ်လိမ့်မယ်”

ထိုစကားများကို ပြောပြီးနောက်တွင် ကော်ဖျင်သည် ရှိသမျှခွန်အားအလုံးစုံ ဆုံးရှုံးသွား သကဲ့သို့ ဒူးထောက်ကျသွားခဲ့သည်။

“နတ်တာအိုကြယ်ရဲ့ ကြယ်စင်အရှင်သခင်က ဂြိုဟ်တွေကိုသိမ်းပိုက်ရာမှာ တစ်ခါမှ မအောင်မြင်တာ မရှိခဲ့ဖူးဘူး.. လွတ်မြောက်ဖို့ ကြိုးစားတဲ့သူတွေ အားလုံးက ဝါးမျိုခံခဲ့ရတယ်.. လူပေါင်းဘီလီယံ နှစ်ဆယ်ကျော်ရှိတဲ့ ဂြိုဟ်တစ်ခု နိဂုံးချုပ်သွားတာကို အရင်က မြင်ဖူးခဲ့တယ်.. နတ်တာအိုကြယ်ရဲ့ စွမ်းအားကြောင့် လူပေါင်းဘီလီယံ နှစ်ဆယ်ကျော်က ထွက်ပြေးဖို့အတွက် ဂြိုဟ်ရဲ့ တစ်ဖက်ခြမ်းမှာ ထောင်ပေါင်းများစွာသော ဒုံးပျံယာဉ်တွေကို ပြင်ဆင်ထားခဲ့တယ်.. ဒါတောင်မှ ကြယ်စင်အရှင်သခင်ရဲ့ လက်ကနေ မလွတ်မြောက်နိုင်ခဲ့ဘူး”

ထိုစကားကို ပြောပြီးနောက်တွင် ကော်ဖျင်က မချိပြုံး ပြုံးလိုက်သည်။

“အခုဆိုရင် ကမ္ဘာမြေမှာ နတ်တာအိုကြယ်ရဲ့ ကိုယ်ပွားက အဆက်မပြတ် ချဲ့ထွင်နေခဲ့ပြီ.. အကန့်အသတ်အားဖြင့် အချိန်အတိုင်းအတာ တစ်ခုအထိပဲ လွတ်မြောက်အောင် လုပ်နိုင်လိမ့်မယ်.. ထာဝရတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး.. ကြယ်စင်သခင်က သူ့အကြံအစည် မအောင်မြင်တာနဲ့ နတ်တာအိုကြယ်ကိုတိုက်ရိုက် ပျံသန်းစေပြီး နေစကြာဝဠာတစ်ခုလုံးကို ဖုံးအုပ်ထားလိမ့်မယ်.. ဒါကြောင့် ငါတို့အနေနဲ့ ဘယ်လိုမှ လွတ်နိုင်မှာမဟုတ်ဘူး”

“……….”

ကော်ဖျင်က နတ်တာအိုကြယ်တွင် နှစ်ပေါင်းများစွာ ပိတ်မိခဲ့သည်။

ဘားထဲတွင် ဝမ်လင်းနှင့်အခြားသူများ မန်ဒရင်းဘာသာစကား ပြောဆိုနေကြသည်ကို မြင်သောအခါ နောက်ဆုံး အသက်ကယ် ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်လိုက်မိ သကဲ့သို့ ခံစားခဲ့ရသည်။

ကြယ်စင်အရှင်သခင်က ကမ္ဘာပေါ်တွင် အသန်မာဆုံးလူကို ဖမ်းယူကာ နတ်တာအိုကြယ်ပေါ်တွင် အကျဉ်းချလေ့ ရှိသည်။

ထို့ကြောင့် ဤအုပ်စုထဲတွင် အသန်မာဆုံးလူ ပါဝင်နေမှန်း သူကောင်းစွာသိသည်။

ဝမ်လင်းနှင့် အခြားသူများကို အခြေစိုက်စခန်းသို့ ခေါ်ဆောင်သွားပြီးနောက်တွင် ဝမ်လင်းက အသွင်ပြောင်းခြင်းကို ပယ်ဖျက်လိုက်ရာ ကော်ဖျင်က ကော်ဟောက်ကို မြင်လိုက်ရသည်။

ကော်ဟောက်က သူနှင့်သွေးဝေးသည့် တူလေး တစ်ဦးမျှသာဖြစ်သော်လည်း ဇနီးနှင့် သားသမီးများကို တောင့်တနေသည့်ကော်ဖျင် အတွက် အိမ်လွမ်းသည့် ခံစားချက်ကို ပေးစွမ်းနေဆဲ ဖြစ်သည်။

ဤအချိန်တွင် သူသည် အရာအားလုံးကို စွန့်လွှတ်ချင်ခဲ့သည်။

အိမ်ပြန်ဖို့ကလွဲပြီး သူဘာမှ မလိုချင်ခဲ့ပေ။

ကမ္ဘာမြေက လက်နက်ချပြီး ကျွန်ခံခဲ့လျှင်ပင် သူစိတ်မဝင်စားတော့ပေ။

သူသေသွားခဲ့မည်ဆိုလျှင်ပင် သူ့ဇနီးနှင့် သားသမီးများကို သူ၏ နောက်ဆုံးအခိုက်အတန့်တွင် တွေ့ချင်ခဲ့သည်။

ချန်းချောင်၊ ကော်ဟောက်နှင့် မြေပဲလေးတို့ အားလုံးက အံ့အားသင့်ခဲ့ကြသည်။

ဂိမ်းထဲမှ NPC၏ စိတ်ခံစားမှုကြောင့် သူ့တို့တုန်လှုပ်သွားကြသည်။

သူတို့က လေသံကိုနှိမ့်၍ အချင်းချင်း တီးတိုးပြောလိုက်ကြသည်။

ချန်းချောင် “ကော်ဟောက်.. မင်းဦးလေး ထည့်ထားတဲ့ NPCက အတော်လေး အံ့ဩစရာကောင်းတာပဲ.. အမှန်တိုင်းဝန်ခံရရင် ဂိမ်းလို့တောင် မထင်မှတ်တော့တဲ့အထိပဲ”

မြေပဲလေး “ကော်ဟောက် မင်းမှာ သုတေသနဌာနမှာ အလုပ်လုပ်တဲ့ ဦးလေးတစ်ယောက် တကယ်ပဲ ရှိနေတာလား”

ကော်ဟောက်က ခေါင်းညိမ့်လိုက်သည်။

“ဟုတ်တယ်.. ငါ့မှာ သိပ္ပံသုတေသနဌာနမှာ အလုပ်လုပ်နေတဲ့ ဦးလေးတစ်ယောက် ရှိတယ်လို့ ငါ့အဖေပြောဖူးတယ်.. ဒါကငါ့ဦးလေး ရေးဆွဲထားတဲ့ ဇာတ်လမ်း ဖြစ်ကောင်းဖြစ်နိုင်တယ်”

ဝမ်လင်း “……….”

အခြေစိုက်စခန်း၌ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။

ထိုခဏတွင် ချန်းချောင်သည် ဖန့်ရှင်းကို လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“NPCကို ဒီအတိုင်းလွှတ်မထားနဲ့.. NPCက လက်ရှိအချိန်မှာ အရမ်းကို စိတ်ပျက်အားငယ်နေတယ်.. ဒီလိုအချိန်မှာ ငါတို့ကအားတက်စရာ တစ်ခုခုပြောပေးရမယ်.. ဒါမှ ဇာတ်ကြောင်းကို တွန်းပို့နိုင်မှာ ဖြစ်တယ်.. NPCကို ကြည့်ရတာ မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားတဲ့အတွက် အသက်မရှင်ချင်တော့ပုံ ရတယ်.. ဒီလိုလူမျိုးတွေက နွေးထွေးမှုကို ခံစားရသရွေ့ စိတ်ဓာတ်တွေ မြန်မြန်ဆန်ဆန် ပြန်တက်လာလိမ့်မယ်”

“ငါနားလည်ပြီ”

ဖန့်ရှင်းက ရှေ့သို့ထွက်လာပြီး ကော်ဖျင်၏ ပုခုံးကို ပုတ်လိုက်သည်။

“အရှုံးမပေးပါနဲ့ ငါတို့မှာ မျှော်လင့်ချက် ရှိပါသေးတယ်”

ကော်ဖျင်၏ အသက်မဲ့နေသော မျက်နှာက မျှော်လင့်ချက်အလင်းရောင်များဖြင့် ချက်ချင်းပင် တောက်ပလာသည်။

“တကယ်လား”

“ဘာတကယ်လားလဲ.. ဦးလေးက ဇာတ်ညွှန်းရေးတဲ့သူပဲ မဟုတ်ဘူးလား”

ကော်ဟောက်က မအော်ငေါက်ဘဲ မနေနိုင်တော့ချေ။

လူတိုင်း “……….”

“ဘာပဲဖြစ်ဖြစ် သေဖို့ထိုင်စောင့်နေတာထက် စာရင် ကြိုးစားတာက ပိုပြီးကောင်းတယ်”

ပိုင်ချောင်း “ရန်သူရဲ့ အကြောင်းကိုသိရင် တိုက်ပွဲတိုင်းကို အနိုင်ရမယ်လို့ ဆိုရိုးရှိတယ်.. ဒါကြောင့် ကြယ်စင်အရှင်သခင်ရဲ့ အကြောင်းကို ဦးလေး သိသလောက် ကျွန်မကို ပြောပြပါ.. ဒါနဲ့ ငါ့ရဲ့အမွေးတွေက မကြာသေးမီကစပြီး အရမ်းကို ယားယံနေတယ်”

သူမ ထိုစကားကိုပြောပြီးသည်နှင့် လူတိုင်း၏ အကြည့်သည် သူမထံ ရောက်ရှိသွားခဲ့သည်။

ထိုခဏတွင် ပိုင်ချောင်းသည် သူမ၏စကားက မည်သည့်အတိုင်းအတာအထိ ရောက်သွားမှန်း သဘောပေါက်ခဲ့သည်။

ပိုင်ချောင်း၏ နူးညံ့သောမျက်နှာလေးက နီရဲလာခဲ့သည်။

သူမက ကမန်းကတမ်းပင် ပြောလိုက်သည်။

“မင်းတို့ဘာတွေ ပေါက်ကရ လျှောက်တွေးနေတာလဲ.. ငါကဆံပင်မွေးကို ရည်ရွယ်ပြီး ပြောခဲ့တာပါ”

လူတိုင်း “……….”

အဆင်မပြေသော လေထုကို ခံစားလိုက်မိ၍ ကော်ဖျင်က ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။

“မင်းတို့အနေနဲ့ နတ်တာအိုကြယ်မှာရှိတဲ့ ပုတ်သင်တွေကို မြင်ဖူးကြပါလိမ့်မယ်.. တကယ်တော့ အဲဒီမွန်းစတားတွေက ပုတ်သင်တွေ မဟုတ်ဘဲ ဒဏ္ဍာရီလာ နဂါးတွေပဲ.. နတ်တာအိုကြယ်မှာတော့ သူတို့ကို နတ်နဂါးလို့ ခေါ်ဝေါ်ကြတယ်.. ဒါကြောင့် ဒီဂြိုဟ်ကိုအုပ်စိုးတဲ့ နတ်တာအိုကြယ်ရဲ့ အရှင်သခင်က လူသားအသွင်ပြောင်းလဲထားပေမဲ့ နတ်နဂါးတစ်ကောင် ဖြစ်နိုင်ချေများတယ်”

“ဘာလို့သူက လူသားအသွင်ကို ပြောင်းလဲထားရတာလဲ”

ကော်ဟောက်က မေးခွန်းထုတ်လိုက်သည်။

“တကယ်တော့ ဒီကြယ်စင်အရှင်သခင်က ကမ္ဘာမြေကို အလွန်နှစ်သက်ပြီး လူသားတွေကို လေးစားတဲ့အတွက်ကြောင့် လူသားအသွင်ကို ခံယူထားခဲ့တာပဲ.. နတ်တာအိုကြယ်မှာလူသားအသွင် ပြောင်းလဲပေးနိုင်တဲ့ ပလက်စတစ် ဆာဂျရီဆေးခန်းတွေ အများကြီး ရှိတယ်လေ.. လူသားကမ္ဘာက အိုင်ဒေါလ် မျက်နှာပေါက်တွေက ဒီမှာအရမ်းကို ရေပန်းစားတယ်”

“သူက ကမ္ဘာမြေကို နှစ်သက်တယ်ဆိုရင် ဘာလို့ ဒီလိုလုပ်ရပ်မျိုး လုပ်ရတာလဲ.. ကမ္ဘာမြေကို ဒီအတိုင်းထားတာက သူ့အတွက် ပိုကောင်းတယ် မဟုတ်ဘူးလား”

“နတ်တာအိုကြယ်မှာ ဘာလို့ ထူးဆန်းတဲ့ မွန်းစတားတွေ အများကြီးရှိလဲ မင်းတို့သိလား.. မွန်းစတား တစ်မျိုးစီက ဂြိုဟ်သားယဉ်ကျေးမှု တစ်ခုစီကို ကိုယ်စားပြုတယ်.. ဒီစကြာဝဠာမှာ အချစ်ကြီးသူလို့ ခေါ်တဲ့ ထူးဆန်းတဲ့ သက်ရှိတစ်ကောင်ရှိတယ်.. သူနှစ်သက်တဲ့အရာတွေကို ဆက်ဆံပုံက သာမန်လူတွေနဲ့ လုံးဝမတူဘူး”

“……….”

“ကမ္ဘာမြေကြီးကို ဝါးမျိုပြီးရင် နတ်တာအိုကြယ်မှာ လူသားမျိုးဗီဇ မှတ်တမ်းတစ်ခု ရှိလာမှာဖြစ်တယ်.. အဲဒီအခါကျရင် ပထမဆုံး လူသားစုံတွဲက နတ်တာအိုကြယ်မှာ ဖြစ်ပေါ်လာလိမ့်မယ်.. ပြောရရင် ဒီအရာက ကြယ်စင်အရှင်သခင် အတွက်တော့ ကမ္ဘာမြေက သူကြိုက်တဲ့ အရာအားလုံးကို အတူတကွပျိုးထောင်ပေးနိုင်တဲ့ ဂိမ်းတစ်ခုထက် မပိုဘူး”

အပိုင်း(၉၂၁) ပြီး၏

All Chapters