အသင်္ချေ ရောင်လျှံစက်ဝန်း
Vol. 62 Ch. 923
အိုလံပစ် သင်္ကေတ ကွင်းများကဲ့သို့ တစ်ခုနှင့်တစ်ခု ထပ်နေသည့် ရောင်လျှံစက်ဝန်း သုံးဆယ်ကျော်သည် လေယာဉ်ပေါ်ရှိ လူတိုင်းကို ထူထပ်စွာ ဖုံးအုပ်ထားသည်။
ချန်းချောင် နှင့် အခြားသူများသည် အခြေခံ တည်ထောင်ခြင်းအဆင့် အထက်တန်းကျောင်းသားလေးများသာ ဖြစ်သည့်တိုင် ရောင်လျှံစက်ဝန်းများစွာ၏ အထောက်အပံ့ဖြင့် ၎င်းတို့၏ တိုက်ပွဲစွမ်းအားသည် လျှော့တွက်၍ မရတော့ပေ။
ချန်းချောင်က စစ်မတိုက်မီ ထိုသို့ ဖြစ်လာမည်ဟု မျှော်လင့်ထားပြီးပြီး ဖြစ်သော်လည်း ဤဂိမ်းက အလွန် လက်တွေ့ကျလွန်းမည်ဟုတော့ မမျှော်လင့်ခဲ့ပေ။
"ဒါက အရမ်းများသွားပြီး.. ဘာပဲဖြစ်ဖြစ် ဒီဂိမ်းက စမ်းသပ်ဗားရှင်း ဆိုတော့ ပျော်ရွှင်ဖို့က ပိုအရေးကြီးတယ်"
လေယာဉ်ကို မောင်းနှင်ရင်း ချန်းချောင်က ကျေနပ်စွာ ပြုံးလိုက်သည်။
ဤဂိမ်းက တကယ်ကို ကြီးကျယ်ခမ်းနားသည့် ဂိမ်းတစ်ခု ဖြစ်နေမည်ဟု သူဘယ်တုန်းကမှ မထင်ထားပေ။
"ငါ အရမ်းသန်မာလာသလို ခံစားရတယ်"
မြေပဲလေးက သူ့လက်များကို မယုံနိုင်စွာ ကြည့်နေမိသည်။
"ဂိမ်းက ငါ့စွမ်းအားတွေကို အများကြီး မြှင့်တင်ပေးလိုက်သလိုပဲ"
ကော်ဟောက်ကလည်း ချီးကျူးစကား ပြောလိုက်သည်။
ဤသည်က စပိဘုတ်ကို တိုက်ခိုက်ဖို့ လေယာဉ်တင် သင်္ဘော ဆယ်စီးကို အသုံးပြုလိုက်သလိုပင်။
“အဓိက မြို့တော်ကို ရောက်တော့မယ်.. ပြီးရင် ငါတို့က ကြယ်စင်အရှင်သခင်ရဲ့ နန်းတော်ကို ဆက်သွားရမယ်"
ချန်းချောင်က လေယာဉ်ကို ချောမွေ့စွာ ပဲ့ကိုင်နေသော အခိုက်တွင် ကော်ဖျင်၏ အသံက လေယာဉ်ထဲတွင် ထွက်ပေါ်လာသည်။
မွန်းစတားများက မြို့အဝင်ဂိတ်တွင် နတ်တာအိုကြယ် ဘာသာစကားဖြင့် အော်ငေါက် စစ်ဆေးနေကြသည်။
သို့သော် ဤအချိန်၌ ၎င်းတို့ပြောသမျှကို လူတိုင်း နားလည်ခဲ့သည်။
အကြောင်းရင်းမှာ ကော်ဖျင် ဒီဇိုင်းထုတ်ထားသည့် “ချက်ချင်းဘာသာပြန်နိုင်သည့်” ဆော့ဖ်ဝဲလ်ပရိုဂရမ်ကို လေယာဉ်တွင် တပ်ဆင်ထားသောကြောင့်ပင်။
"သင်က အဓိကမြို့တော်မှာ အရှိန်ပြင်းပြင်း မောင်းနှင်နေတယ်.. စစ်ဆေးဖို့အတွက် အခုချက်ချင်း ရပ်လိုက်ပါ"
ထိုသို့ ပြောလိုက်သည့်တိုင် လေယာဥ်က မရပ်၍ ပုတ်သင် တစ်ကောင်က အမြှောက်ဖြင့် လေယာဉ်ကို ချိန်ရွယ်ကာ ထုချလိုက်ရာ ကြီးမားသော လှိုင်းလုံးကြီးသည် အမြှောက် ထိပ်ဖျားကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
ချန်းချောင်က လေယာဥ်ကို ထိန်းချုပ်ကာ ကျွမ်းကျင်စွာ ရှောင်တိမ်းလိုက်ပြီး ထိပ်တန်းအဆင့် ပြကွက်ဖြစ်သည့် ၃၆၀ ဒီဂရီကိုပင် လေထဲတွင် ပြုလုပ်ပြလိုက်သည်။
လေယာဉ်က ဘယ်လိုပဲ လှည့်နေပါစေ.. သူ မတုန်လှုပ်ပေ။
အနောက်တွင်ထိုင်ရင်း ဝမ်လင်းသည် ချန်းချောင်က ကျွမ်းကျင်သော အင်မော်တယ်သင်္ဘော လေယာဉ်မှူးတစ်ဦး ဖြစ်လာနိုင်သည်ဟု တွေးမိခဲ့သည်။
သိပ်မကြာခင် သူတို့ရှေ့တွင် တောင်ကြီးတစ်လုံးလို ကြီးမားသည့် ရွှေနန်းတော်တစ်ခု ပေါ်လာသည်။
၎င်းက တိမ်များထဲသို့ အကန့်အသတ်မရှိ ဆန့်ထွက်ကာ ခမ်းနားသော အလင်းရောင်များဖြင့် တောက်ပနေသည်။
ရွှေရောင်ကျောက်တိုင်လုံး များတွင်လည်း ယခင်က မမြင်ဖူးသော အက္ခရာများကို ရေးထွင်းထားသည်။
နန်းတော်တစ်ခုလုံးကို တောင်ထိပ်မှ နတ်သံကြိုးများဖြင့် ချိတ်ဆွဲထား၏။
ယင်းက အဆန်းကြယ်ဆုံး အငွေ့အသက်ကို ဖြစ်ပေါ်စေ၏။
အဘယ်ကြောင့်ဆိုသော် ရွှေနန်းတော်ကြီးသည် လေထဲတွင်လွင့်မျောနေသောပုံစံ ဖြစ်နေသောကြောင့်ပင်။
နတ်သံကြိုးများကို ဆွဲထားသရွေ့ ကြယ်စင်အရှင်သခင်၏ မြင့်မြတ်သောနန်းတော်သည် မည်သည့် ဦးတည်ရာကိုမဆို လှည့်နိုင်၏။
လေယာဥ်ကို ကြားဖြတ်ဟန့်တားရန် တာဝန်ရှိသော ပုတ်သင်များသည် လေယာဉ်ကို မရပ်တန့်နိုင်ခဲ့ပေ။
ထို့အပြင် လေယာဉ်အတွင်းရှိ လူတိုင်းတွင် အကာအကွယ် ရောင်လျှံစက်ဝန်း အမျိုးမျိုး ရှိကြ၍ အန္တရာယ် မတွေ့ခဲ့ချေ။
ရွှေနန်းတော်ရှေ့မှ ပုတ်သင်များသည် ကောင်းကင်သို့ ပျံတက်သွားကြသည်။
၎င်းတို့က လေယာဥ်ကို ကြားဖြတ် ဟန့်တားရန် ကြိုးပမ်းခဲ့သော ပုတ်သင်များနှင့် အလွန်ကွာခြားမှုရှိပြီး ၎င်းတို့၏ ကျောနှင့် အမြီးများတွင် နဂါးအတောင်ပံများ ပါရှိသည်။
ထို့အပြင် သူတို့၏ အော်ရာများကလည်း လုံးဝ ကွဲပြားနေ၏။
"ကျူးကျော်သူတွေက ကြယ်စင်သခင်ရဲ့ မြင့်မြတ်တဲ့နန်းတော်ထဲကို ဖောက်ဝင်ရဲတဲ့အထိ အတင့်ရဲလွန်းတယ်"
“ကြယ်စင်အရှင်သခင်က သူတို့ရဲ့ အသန်မာဆုံးလူကို ပိတ်လှောင်ပြီးတာနဲ့ မကြာမီ ဒါမှမဟုတ် နောက်ပိုင်းမှာ ကမ္ဘာမြေကြီးက ငါတို့ နတ်တာအိုကြယ်ရဲ့ အပိုင် ဖြစ်လာလိမ့်မယ်.. လူသားတွေက မကြာတော့တဲ့ ကာလမှာ ငါတို့ နတ်နဂါးမျိုးနွယ်ကို ကျွန်ခံကြရလိမ့်မယ်"
"ဒီကျူးကျော်လာတဲ့သူတွေက သာမန်လောက်ပါပဲ.. သူတို့ရဲ့ အသန်မာဆုံးလူက သိပ်ပြီး မသန်မာဘူးလို့ ကြားတယ်”
"ဒီလေယာဉ်ထဲမှာ ဘယ်သူက အသန်မာဆုံးလဲ"
“ဆံပင်ဖြူနဲ့မိန်းကလေးလို့ ကြားတာပဲ.. တခြားကမ္ဘာမြေကနေ လာတဲ့ လူသား ဂျွတ်စပွတ်လေးတွေပေါ့”
လေယာဉ်ပေါ်ရှိ လူတိုင်းသည် ရောင်လျှံစက်ဝန်း အမျိုးမျိုး၏ ထောက်ပံ့မှုကို ရရှိထားကြသည်။
ချန်းချောင် ကဲ့သို့သော အခြေခံ တည်ထောင်ခြင်း အဆင့် ကျင့်ကြံသူ၏ အာရုံခြောက်ပါးသည်ပင် အဆများစွာ မြှင့်တက်လာခဲ့သည်။
ပုတ်သင်အရာရှိများ၏ စကားပြောဆိုမှုအပြီးတွင် လေယာဥ်ပေါ်ရှိ လူတိုင်း၏အကြည့်များသည် ၎င်းတို့ ကိုယ်ပေါ်သို့ ရောက်သွားကြသည်။
ထိုခဏမှာပင် ပုတ်သင်အရာရှိများသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။
ချန်းချောင်တို့တစ်သိုက်၏ ကြီးမားလှသော ဝိညာဉ်ရေး ဖိအားသည် ပုတ်သင် အရာရှိများကို တုန်လှုပ်စေခဲ့သည်။
"ဝိညာဥ်ရေးဖိအားက ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ"
မြေပြင်ထက်မှ ပုတ်သင် အရာရှိများက ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
သူတို့တစ်ယောက်စီတိုင်းက အံသြနေခဲ့သည်။
"တစ်ခုခုတော့ မူမမှန်ဘူး"
ဆိုရလျှင် သူတို့၏ ကြယ်စင်အရှင်သခင်သည် ဆံဖြူမိန်းကလေး၏ တိုက်ခိုက်နိုင်စွမ်းကို အကဲဖြတ်ပြီးပြီး ဖြစ်သည်။
ပုံမှန်အားဖြင့် သူမသည် နတ်တာအိုစွမ်းအားကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် နတ်တာအိုစွမ်းအားသည် စိတ်ဝိညာဉ်စွမ်းအားထက် အဆများစွာ ပိုမိုသိပ်သည်းသောကြောင့်ပင်။
နတ်တာအိုစွမ်းအားထက် သိပ်သည်းသော စွမ်းအား မဟုတ်လျှင် နတ်တာအိုစွမ်းအားကို ကျော်ဖြတ်ရန် မဖြစ်နိုင်ပေ။
ဝမ်လင်းက ဤအချက်ကို ရှာဖွေတွေ့ရှိထားပြီးပြီ ဖြစ်သည်။
ထို့ကြောင့် အစကတည်းကပင် သူသည် အလွန်ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ငြိမ်သက်စွာ ထိုင်နေခြင်းသည် စိတ်ကိုပို၍ အာရုံစူးစိုက်စေနိုင်စွမ်း ရှိပြီး ပို၍ သိပ်သည်းသော ဝိညာဉ်စွမ်းအားကို ထုတ်ပေးနိုင်သောကြောင့်ပင်။
သို့သော် ဝိညာဉ်စွမ်းအားကို သိပ်သည်းအောင် လုပ်နိုင်သော ဤနည်းစနစ်သည် ဝမ်လင်းသာ လုပ်ဆောင်နိုင်သည့် အရာဖြစ်သည်။
ထိုသို့လုပ်ဆောင်ရန် ဝိညာဥ်ချီ ပြည့်နှက်နေသော စွမ်းအင်မော်လီကျူးတိုင်း အပေါ်တွင် တိကျသော ထိန်းချုပ်မှုလုပ်ကာ ဆွဲချုံ့ပစ်ဖို့ လိုအပ်၏။
ဗိုလ်ချုပ်ရီ၏ ဓားလက်ဝါး နှင့် မိစ္ဆာအင်ပါယာ၏ ပျက်စီးခြင်းစက်ဝန်း တို့သည် ဝိညာဉ်စွမ်းအားကို သိပ်သည်းအောင် ပြုလုပ်ထားသော စွမ်းရည်များ ဖြစ်ကြသည်။
သို့သော်လည်း ထိုစွမ်းရည်များသည် ဝမ်လင်း၏ ဝိညာဥ်စွမ်းအား သိပ်သည်းမှုစွမ်းရည်နှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။
ဤသို့ဖြင့် ဝမ်လင်းက စိတ်ဝိညာဉ်စွမ်းအား၏ အာရုံစူးစိုက်မှုဖြင့် သိပ်သည်းသော ဝိညာဥ်စွမ်းအားကို ဖန်တီးကာ လေယာဉ်ပေါ်ရှိ လူတိုင်းကို ရောင်လျှံစက်ဝန်းများဖြင့် အထောက်အပံ့ ပေးထားခဲ့သည်။
၎င်းတို့၏ သိပ်သည်းသော ဝိညာဉ်ရေးဖိအားကြောင့် ပုတ်သင် အရာရှိများက ၎င်းတို့၏ မျက်ခွံများကိုပင် ပင့်မတင်နိုင်ခဲ့ပေ။
၎င်းတို့၏ မျက်တောင်များ အားလုံးက အောက်ကိုသာ စိုက်ကျနေခဲ့သည်။
"ကြယ်စင်အရှင်သခင်ရဲ့ မြင့်မြတ်တဲ့ နန်းတော်ကို ကျူးကျော်လာတဲ့အတွက် အချိန်မဆိုင်းဘဲ ကွပ်မျက်ရလိမ့်မယ်"
ထိုအချိန်တွင် ရွှေရောင် အကြေးခွံနှင့် နတ်နဂါး ပုတ်သင်တစ်ကောင် ရောက်လာသည်။
၎င်းက ချပ်ဝတ်တန်ဆာ အပြည့်အစုံ ၀တ်ဆင်ထား၏။
သူ့အမူအရာက သိပ်သည်းသော ဝိညာဥ်ရေးဖိအားကြောင့် မြေပြင်ပေါ်တွင် ဒူးထောက်နေရသော ပုတ်သင်အရာရှိများထက် အဆပေါင်းများစွာ ခက်ထန်နေသည်။
"အရှေ့နန်းဆောင်ရဲ့ လက်ဝဲကာကွယ်သူပဲ"
မြေပြင်ပေါ်ရှိ ပုတ်သင် အရာရှိများ၏ နှလုံးသားများသည် ဤအသွင်အပြင်ကို ခံစားမိသောအခါ တုန်လှုပ်သွားကြသည်။
အရှေ့နန်းဆောင်၏ လက်ဝဲကာကွယ်သူကား မည်သူနည်း။
၎င်းက နတ်နန်းတော်တစ်ခုလုံးကို စောင့်ကြပ်ရသော တံခါးစောင့် ဖြစ်သည်။
သူပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ အော်ရာက စစ်မြေပြင်ကို လွှမ်းခြုံသွားခဲ့သည်။
ထိုခဏမှာပင် လေယာဉ်အတွင်းရှိ လူတိုင်းသည် သူ့ကို တစ်ပြိုင်နက် စိုက်ကြည့် လိုက်ကြသည်။
စက္ကန့်အနည်းငယ်အကြာတွင် အရှေ့နန်းဆောင်၏ လက်ဝဲကာကွယ်သူသည်လည်း လေထဲကနေ ဂျွန်းပြန်ကျသွားခဲ့သည်။
မြေပြင်သို့ ရောက်လျှင် အရှေ့နန်းဆောင်၏ လက်ဝဲကာကွယ်သူသည် သူ့မျက်နှာကို ကွယ်ထားလိုက်သည်။
"ဒါက အရမ်းရှက်စရာကောင်းတယ်.. သူတို့ရဲ့ အကြည့်ကို သုံးစက္ကန့်တောင် မခံနိုင်ခဲ့ဘူး"
သူက ကမ္ဘာမြေမှ ကျူးကျော်သူ အုပ်စု၏ အရှိန်အဝါ ဖိနှိပ်မှုကို အမှန်တကယ် ခံနိုင်ရည် မရှိခဲ့ပေ။
"ကြယ်စင် အရှင်သခင်ရဲ့ မြင့်မြတ်တဲ့ နန်းတော်ထဲကို ဘယ်လို အောက်တန်းစားတွေက ကျူးကျော်နေတာလဲ ဆိုတာ ကြည့်ရအောင်"
ထိုအချိန်တွင် နန်းတော်ထဲမှ တစ်စုံတစ်ယောက် ပြေးထွက်လာသည်။
"ဒါက အရှေ့နန်းဆောင်ရဲ့ လက်ယာ ကာကွယ်သူပဲ"
အရာရှိများက အားတက်ကာ တဖန် ရွှင်လန်းလာပြန်သည်။
“လက်ယာကာကွယ်သူက ငါ့ထက် အများကြီး ပိုသန်မာတယ်.. ဒီလူတွေကို သေချာပေါက် ကိုင်တွယ်နိုင်မှာပါ"
ဝိညာဥ်ရေး ဖိအားအောက်တွင် မတ်တပ်ပင် မရပ်နိုင်သည့် လက်ဝဲကာကွယ်သူသည် ယုံကြည်မှုအပြည့် ရှိနေသည်။
ပြီးနောက်…
ဤလက်ယာ ကာကွယ်သူသည်လည်း လေယာဉ်ပေါ်မှ အကြည့်များ၏ ဖိအားဒဏ်ကိုမခံနိုင်၍ မြေပြင်ပေါ်သို့ ဂျွန်းပြန် ကျသွားခဲ့သည်။
ဝမ်လင်းက အောက်ကို ငုံ့ကြည့်လိုက်ရာ လက်ဝဲ နှင့် လက်ယာကာကွယ်သူ နှစ်ယောက်သည် အရှင်လတ်လတ် မြှုပ်နှံခံထားရသကဲ့သို့ မြေကြီးထဲ ကျွံဝင်နေသည်ကို တွေ့လိုက်ရ၏။
“ငါက အလယ်နန်းဆောင်ရဲ့ လက်ဝဲကာကွယ်သူပဲ.. ငါ မင်းနဲ့ ရင်ဆိုင်မယ်”
မြင့်မြတ်သောနန်းတော်မှ နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာပြန်သညိ။
"လခွမ်း.. အတားအဆီးက မပြီးနိုင်တော့ဘူးလား"
ချန်းချောင်က စတီယာရင်ကို လက်ဝါးဖြင့် အားပါးတရ ရိုက်ချလိုက်သည်။
နောက်ထပ် အခိုက်အတန့်တွင် စာရေးဆရာက တခြားဘာမှ ထွေထွေထူးထူး မရေးမိအောင် တားဆီးဖို့ အတွက် ချန်းချောင်းက လေယာဉ်ကို နတ်နန်းတော်၏ ခံတပ်ဆီသို့ တိုက်ရိုက် ဝင်တိုက်ချလိုက်သည်။
အပိုင်း(၉၂၃) ပြီး၏