သင်ယူရန်အတွက်ဆို ဘယ်တော့မှ နှောင်းနှေးသည်ဟူ၍မရှိ
Vol. 62 Ch. 926
လူသားများသည် သင်ယူမှုကို ဘယ်တော့မှ မရပ်တန့်သင်ပေ။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးအောက်ရှိ သက်ရှိအားလုံးသည် အသင့်လျော်ဆုံး ရှင်သန်နိုင်ရန် အတွက် သင်ယူမှုကို အမြဲမပြတ်လုပ်ဆောင်ပြီး အခြေခံမူများနှင့်အညီ လိုက်နာ နေထိုင်ရမည်ဟု တစ်ချိန်က နာမည်ကြီး စာရေးဆရာ တစ်ယောက်ပြောဖူးသည်။
၎င်းက အသက်အရွယ်နှင့်လည်း သက်ဆိုင်သည်။
ဝမ်လင်းက အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးပြီး ဉာဏ်ပညာ မရင့်ကျက်သေးသော်လည်း သင်ယူမှုကို ခေတ္တမျှပင် မရပ်တန့်ခဲ့ပေ။
သူ့စိတ်ဓာတ်က လမ်းလွဲသွားခြင်းမရှိဘဲ လမ်းမှန်ကမ်းမှန်ဖြင့် ရင့်ကျက်လာရသည့် အကြောင်းရင်းမှာ ဖေဖေဝမ်နှင့် မေမေဝမ်တို့က သူ့ကို ငယ်စဉ်ကတည်းက ဂရုတစိုက် လမ်းပြ ပေးခဲ့သောကြောင့် ဖြစ်သည်။
အဆုံးသတ်တွင် ဤစုံတွဲသည် စာပေများစွာ ရေးသားခဲ့ပြီး ထိုအထဲတွင် ကျောင်းသား ဇာတ်ကောင်များ အကြောင်းများလည်း ပါခဲ့သည်။
သူတို့၏ ကလေးကို ကိုယ်ကျင့်တရား၊ ဉာဏ်ရည်ဉာဏ်သွေး၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ အနုပညာနှင့် လုပ်အား စသည့်ကဏ္ဍပေါင်းစုံတွင် ဖွံ့ဖြိုးရန်အတွက် မည်သို့ပျိုးထောင် ရမည်ကို သဘာဝကျကျ သိခဲ့ကြသည်။
.....................
ဝမ်လင်းက နတ်တာအိုကို ပိုင်းခြားစိတ်ဖြာပြီးနောက် ပြီးပြည့်စုံသည့်အဆင့်ရောက်ရန် စက္ကန့်များစွာ အချိန်ယူခဲ့ရသည်။
“အရမ်းနှေးတယ်”
ဝမ်လင်းက သူ့ကိုယ်သူ အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
သူက အရာအားလုံးကို အလွန်လျင်မြန်စွာ သင်ယူနိုင်စွမ်းရှိသည်။
တစ်စုံတစ်ရာကို သင်ယူရန် တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံလောက်သာ အချိန်ယူရ၏။
နိုင်ငံတကာ သင်္ချာအိုလံပစ်မေးခွန်းက မည်မျှခက်ခဲနေပါစေ.. ဖြေရှင်းသည့် နည်းလမ်းကို ကျွမ်းကျင်ပြီးသည်နှင့် ပြဿနာတိုင်းကို အခြေခံအားဖြင့် မိုက်ခရိုစက္ကန့်နှင့်ပင် ဖြေရှင်းနိုင်သည်။
သို့သော် ဤနတ်တာအိုကိုမူ စက္ကန့်ပေါင်းများစွာ ကြာအောင် သင်ယူခဲ့ရသည်။
ဝမ်လင်းက သူ၏ သင်ယူနိုင်စွမ်းကို အထင်ကြီးနေသော်လည်း ယခုအခါ မာန်ကျသွားခဲ့ပြီ ဖြစ်သည်။
သူက နတ်တာအိုကို သင်ယူရာတွင် စက္ကန့် ဒါဇင်ပေါင်းများစွာ နှေးကွေးလွန်ခဲ့သည် မဟုတ်ပါလား။
ဝမ်လင်းက ကမ္ဘာမြေသို့ ပြန်ရောက်လျှင် လေ့လာမှုကို ပိုလုပ်ရမည်ဟု တွေးမိခဲ့သည်။
ယင်းက အိမ်စာကို လုံလုံလောက်လောက် မလေ့ကျင့်ခဲ့လို့လည်း ဖြစ်နိုင်၏။
သူက အိမ်စာ လေ့ကျင့်ခန်းများကို သဘောပေါက် နားလည်သော်လည်း တကယ်တမ်း ရေးသားသူမှာ မွန်းစတားဘောပင်နှင့် မှင်စာခဲဖျက် ဖြစ်သည်။
ထိုအချိန်မျိုးတွင် အပျင်းစိတ်က ဝင်ရောက်လာပြီးသူ၏ သင်ယူနိုင်စွမ်းကိုပါ တိုက်စားသွားပုံရ၏။
သူ့အနေဖြင့် ဤအတိုင်းဆက်သွားနေ၍ မရပေ။
ကျင့်ကြံခြင်း၏ အဓိကတန်ဖိုးများကို လက်ကိုင်ထားသော ထူးချွန်သော လူငယ်တစ်ဦး အနေဖြင့် လေ့ကျင့်ခန်းများကို မပျင်းရိဘဲ ကိုယ်တိုင် လုပ်ဆောင်သင့်သည်ဟု ခံစားခဲ့ရသည်။
"မင်း.."
တစ်ဖက်တွင်လည်း ကြယ်စင်အရှင်သခင်က ပုလ္လင်ထက်ကနေ ဝမ်လင်းကို စိုက်ကြည့်လိုက်သည်။
အကယ်၍ ပိုင်ချောင်းသာ ဘာမှ မပြောခဲ့လျှင် ဤလူငယ်လေးက ကမ္ဘာဂြိုဟ်မှ အသန်မာဆုံးလူ အစစ်ဖြစ်မှန်း သူ ဘယ်တော့မှ ထင်မိမည် မဟုတ်ပေ။
သူ့အနေဖြင့် စောစောထဲကပင် သတိထားမိသင့်၏။
ပိုင်ချောင်းတွင် ရောင်လျှံစက်ဝန်း အများကြီး ရှိသော်လည်း ထိူစွမ်းအားက သူမနှင့် လုံးဝ မသက်ဆိုင်ပေ။
သို့ဆိုလျှင် ဤရောင်လျှံစက်ဝန်းများကို သူမအား သက်ရောက်စေရန် မည်သူက ကူညီခဲ့ပါသနည်း။
အဆုံးသတ်တွင် ကြယ်စင်အရှင်သခင်သည် ဤအဖြေကို သဘောပေါက်သွားခဲ့သည်။
ဂြိုဟ်တစ်လုံးကို လုယူသည့်အခါတိုင်းတွင် သူသည် ဂြိုဟ်ပေါ်ရှိ အသန်မာဆုံးလူ မည်သူဖြစ်သည်ကို ဦးစွာ ဆုံးဖြတ်ပြီး ထိုလူအား နတ်တာအိုကြယ်တွင် အကျဉ်းချပြီးမှသာ လှုပ်ရှားလေ့ရှိသည်။
ယခုတစ်ကြိမ်တွင် သူ၏ ကနဦးပစ်မှတ်သည် ပိုင်ချောင်း ဖြစ်သည်။
ထိုကောင်လေးကမူ မထင်မှတ်ဘဲ သူ၏မစ်ရှင်အတွင်း ဆွဲသွင်းခံခဲ့ရသူသာ ဖြစ်သည်။
ထို့အပြင် လူငယ်သည် အမှန်တကယ်ပင် အသက်ဆယ့်ခြောက်နှစ်သာ ရှိသေး၏။
ကျင့်ကြံသူများသည် အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကို နှေးကွေးစေရန် မှော်စွမ်းရည်များနှင့် ဆေးဝါးများကို သုံးစွဲနိုင်သော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်ရှိ “တက်ကြွမှု နှင့် အော်ရာ”ကမူ အသက်ကြီးလာသည်နှင့်အမျှ တဖြည်းဖြည်း ကွယ်ပျောက်သွားမည်သာ ဖြစ်သည်။
၎င်းက ကျင့်ကြံသူများ ကြားတွင် အသက်အရွယ်ကို အဆုံးအဖြတ်ပေးသည့် အဓိကနည်းလမ်းဖြစ်ပြီး လှည့်စား၍ မဖြစ်နိုင်သော အရာလည်း ဖြစ်သည်။
ပညာရှင်တစ်ဦးသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် အော်ရာကို ခွဲခြားမြင်နိုင်၏။
ကြယ်စင်အရှင်သခင်က ထိုကောင်လေး၏ ခန္ဓာကိုယ်၌ တက်ကြွမှု အပြည့်ရှိကြောင်း ခံစားနိုင်ခဲ့သည်။
ယင်းက ငယ်ရွယ်သေးသည့် အမှတ်လက္ခဏာပင်။
ကြယ်စင်အရှင်သခင်၏ မျက်လုံးများသည် သတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့် လင်းလက်သွားခဲ့သည်။
သူက ဝမ်လင်းကို စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“စကြဝဠာက ပါရမီရှင်တစ်ဦးနဲ့တင် လုံလောက်ပြီ.. ဒီအရှင် သာလျှင် ဒီနတ်ပလ္လင်နှင့် ထိုက်တန်တယ်”
ကြယ်စင်အရှင်သခင်က ပလ္လင်၏ လက်ရန်းပေါ်၌ လက်တော်ကို တင်၍ လက်ရန်းကို ပြုလုပ်ထားသည့် ကျောက်မြတ်ရတနာများထဲမှ ခုနှစ်ရောင်ခြယ် ကျောက်မျက်များ ထဲသို့ နတ်တာအိုစွမ်းအားကို ထည့်သွင်းလိုက်သည်။
ထို့နောက်တွင် ပုလ္လင်ထဲမှ အရပ်မျက်နှာအနှံ့ကို တောက်ပစေသော ရွှေရောင် အလင်းတန်းတစ်ခုက ထွက်ပေါ်လာ၏။
ဝမ်လင်းက ကျောက်ဆောင်ကဲ့သို့ မလှုပ်မယှက်ဖြင့် သူရှိနေသည့်နေရာတွင်ပင် ရပ်နေသည်။
ပိုင်ချောင်းက ဝမ်လင်း၏ အနောက်တွင် ဝင်ပုန်းနေခဲ့သည်။
ကြီးမားသော ဖိအားများက လှိုင်းလုံးကြီးများကဲ့သို့ ၎င်းတို့အပေါ်သို့ ကျဆင်းလာသော်လည်း ဝမ်လင်းက မနစ်မြုပ်သေးသော သမုဒ္ဒရာအတွင်းရှိ ကျွန်းတစ်ကျွန်းလို မြဲမြံစွာရပ်နေခဲ့သည်။
ထို့နောက် ဝမ်လင်းက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး နတ်တာအိုစွမ်းအား၏ ဖိအားကို ဖယ်ရှားလိုက်သည်။
ဝမ်လင်း၏ အစွမ်းကို မြင်လျှင် ပိုင်ချောင်းက အံ့သြသွားခဲ့သည်။
ထိုခဏတွင် ဖီးနစ်ဌက်၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။
ခေါင်းသုံးလုံး ဖီးနစ်များစွာသည် နတ်စွမ်းအား ထည့်သွင်းခံရသော ခုနစ်ရောင်ခြယ် ကျောက်မျက်များထဲမှ အမှန်တကယ် ပျံထွက်လာခဲ့သည်။
ဤဌက်များသည် မျိုးသုဉ်းသွားခဲ့သော သတ္တဝါများဖြစ်သည်။
ဝမ်လင်း ပြုစုပျိုးထောင်ခဲ့သော ကမ္ဘာဦးသားရဲ ဖြစ်သည့် ခွန်များ ကဲ့သို့ပင် ဖီးနစ်သည်လည်း ယခုအခါ မျိုးသုဉ်းသွားခဲ့သည့် ကမ္ဘာဦးက မျိုးစိတ်တစ်ခု ဖြစ်သည်။
ဤသတ္တဝါများကို ဝမ်လင်းသည် ကျင့်ကြံခြင်း စွယ်စုံကျမ်းတွင်သာ မြင်ဖူး၏။
ပြတိုက်တွင်ပင် နဂိုမူလဗားရှင်း မရှိတော့ဘဲ အရိုးအပိုင်းအစများကို ပုံဖော်ထားသည့် 3D မော်ဒယ် ပုံများသာ ရှိသည်။
မူလအရိုးများကို ခင်းကျင်းပြသထားမည် ဆိုလျှင် ဝိသမ လောဘသားများ၏ မျက်စိကို မလွဲမသွေ ဖမ်းစားနိုင်မှာ သေချာသလောက်ပင်။
ဤကမ္ဘာဦးသတ္တဝါများကို နတ်သားရဲဟုလည်း ခေါ်နိုင်သည်။
နတ်သားရဲများသည် ဦးခေါင်းမှ ခြေဖျားအထိ အရာခပ်သိမ်း အဖိုးထိုက်တန်ပြီး သူတော်စင် သားရဲများထက်ပင် အဆပေါင်းများစွာ တန်ဖိုးရှိသည်။
ဤ“နတ်သားရဲများ”သာ ဤလောက၌ ပြန်ပေါ်လာမည်ဆိုလျှင် မည်သို့သော အရာများ ဖြစ်ပျက်လာမည်ကို မည်သူသိနိုင်ပါအံ့နည်း။
ဝမ်လင်းကမူ အတွေးထဲတွင် ဤဌက်များအား မီနူးတစ်ခုတွင် အထူးဟင်းလျာအဖြစ် ပြောင်းလဲနေသည်ကို ပုံဖော်နေပြီ ဖြစ်သည်။
ထိုခဏတွင် ခေါင်းသုံးလုံး ဖီးနစ်ခုနစ်ကောင်သည် ဝမ်လင်းထံသို့ သက်တန့်နတ်မီးလျှံကို မှုတ်ထုတ်လိုက်သည်။
ဝမ်လင်းက ခေါင်းသုံးလုံး ဖီးနစ်၇ကောင်ကို အကဲခတ်လိုက်သည်။
အရွယ်ရောက်ပြီးသော ခေါင်းသုံးလုံး ဖီးနစ် ခုနစ်ကောင်၏ ဆန့်ထားသော အတောင်များသည် ဆယ်ပေ အရှည်ရှိ၏။
ထိုငှက်များသည် အံ့မခန်း နတ်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
၎င်းတို့ကို ကြယ်စင်အရှင်သခင်က ငယ်စဥ်ကတည်းကပင် ပြုစုပျိုးထောင်ခဲ့မှန်း ထင်ရှားနေ၏။
ထို့အပြင် မြင့်မြတ်သောအနွယ်ဝင်လည်း ဖြစ်ပြီး ခွန်သားရဲများထက် ပို၍ သန်မာသည်။
ကြယ်စင်အရှင်သခင်သည် သူ့ကိုယ်သူ အနန္တတန်ခိုးရှင်ဟု ထင်မှတ်နေပုံရ၏။
၎င်းက ဤတိုက်ပွဲဝင် အိမ်မွေးတိရိစ္ဆာန်များကို မွေးမြူထားသည့် အတွက် ဝမ်လင်း အနည်းငယ်မျှ မအံ့သြမိပေ။
ဝမ်ကျန်းပင် ခြံနောက်ဖေး၌ ခွန်မွေးမြူရေးခြံ ဖွင့်ထားသည် မဟုတ်ပါလား။
သက်တန့်နတ်မီးတောက်က ထင်မှတ်ထားသည်ထက် ပိုမိုအားကောင်းသော်လည်း ဝမ်လင်းကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။
သူက နတ်တာအိုကို နားလည်ပြီးနောက် စကြဝဠာ ဆယ်ခုမှ မဟာတာအို သုံးထောင်စီ နှင့် ပေါင်းစပ်လိုက်ရာ ပျက်စီးခြင်း စွမ်းအား မှန်သမျှကို ခံနိုင်ရည် ရှိလောက်အောင် အစွမ်းထက်သွားခဲ့သည်။
သို့သော် ကြယ်စင်အရှင်သခင် ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ခဲ့သော ခေါင်းသုံးလုံး ဖီးနစ်ခုနစ်ကောင်သည် ဤစကြာဝဠာတွင် သူတို့၏ သခင်ကသာ စွမ်းအားအရှိဆုံးသတ္တဝါ ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ထားသောကြောင့် ဝမ်လင်းကို လုံးဝ မကြောက်ရွံ့ခဲ့ကြပေ။
“ကြယ်စင်အရှင်သခင်ကို အံတုရင် သေခြင်းတရားပဲ ရှိတယ်”
ခေါင်းသုံးလုံး ဖီးနစ်တစ်ကောင်က အော်ဟစ်လိုက်သည်။
၎င်းက အစွယ်တွေအပြည့်နှင့် ပါးစပ်ကို ဖွင့်ပြီး အတောင်ပံများကို ခတ်လိုက်ရာ သက်တန့်နတ်မီးလျှံနှင့် အတူ ဓားကဲ့သို့ ထက်ရှသည့် အတောင်ပံများက လက်နက်ပုန်းသဖွယ် လွင့်စင်လာခဲ့သည်။
“ငြိမ်းလိုက်စမ်း”
ဝမ်လင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ကောင်းကင်တွင် ပြည့်နှက်နေသည့် သက်တန့်နတ်မီးလျှံများသည် အမှန်တကယ် ငြိမ်းသက်သွားခဲ့သည်။
ခေါင်းသုံးလုံးဖီးနစ်များက သူ့ကို မတုံ့ပြန်နိုင်မီမှာပင် သူ၏စွမ်းအားသည် ၎င်းတို့ကို ထိမှန်သွားခဲ့သည်။
ကြယ်စင်အရှင်သခင်က ခေါင်းသုံးလုံး ဖီးနစ်ခုနစ်ကောင်ကို အချန်မီကယ်တင်ရန် ပြင်လိုက်သော်လည်း သွေးစက် ခုနစ်စက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ခေါင်းသုံးလုံး ဖီးနစ်ခုနစ်ကောင်သည် ဝမ်လင်း၏ ပထမအကြိမ် ထိုးနှက်ချက်မှာပင် ခြင်များကဲ့သို့ သေဆုံးသွားခဲ့သည်။
အဆုံးသတ်တွင် ကြယ်စင်အရှင်သခင်၏ မျက်နှာသည် ပြောင်းလဲသွားခဲ့သည်။
သူက ပလ္လင်မှထကာ ဝမ်လင်းကို စိုက်ကြည့်လိုက်သည်။
"အင်း ဘယ်ဆိုးလို့လဲ.. မင်းက ဒီအရှင်ကို ပထမဆုံး မတ်တပ်ရပ်အောင် လုပ်နိုင်တဲ့သူပဲ”
“မတ်တပ်ရပ်မယ် ဟုတ်လား”
အသံတစ်သံက သူ့စကားကို တုံ့ပြန်လိုက်သည်။
ဝမ်လင်းက ပါးစပ်ကို မဖွင့်ခဲ့ဘဲ စိတ်ချင်းဆက်သွယ်၍ ပြောလိုက်ရာ ကြယ်သခင်၏ ခေါင်းထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အသံတစ်သံက ပဲ့တင်ထပ်သွားခဲ့သည်။
"မင်းက ထိုင်ရတာကြိုက်တယ် မဟုတ်လား.. နောက်ထပ် မထစေရဘူး"
ဝမ်လင်းက နှုတ်ခမ်းကို တွန့်ကွေးကာ မဲ့ပြုံး ပြုံးလိုက်ပြီး ခြေတစ်ချက် ဆောင့်လိုက်ရာ ကြယ်စင်အရှင်သခင်၏ ပခုံးပေါ်သို့ ကြီးမားသော ဖိအားများ ကျဆင်းသွားပြီး ကြယ်စင်အရှင်သခင်ကို မထစေဘဲ ဖင်ကို ပုလ္လင်နှင့် နောက်တစ်ကြိမ် မိတ်ဆက်စေခဲ့သည်။
အပိုင်း(၉၂၆) ပြီး၏