ငါ့အတွက်က လက်ချောင်းတစ်ချောင်းလှုပ်ဖို့တောင် လုံးဝမလိုအပ်ဘူး
Vol. 62 Ch. 927
နတ်တာအိုကြယ်၏ ကြယ်စင်အရှင်သခင်သည် ပလ္လင်ပေါ်တွင် ပြန်ထိုင်ရန် တင်းတင်းကျပ်ကျပ် ဖိနှိပ်ခံခဲ့ရသည်။
သူက ကြီးမားသော အရှက်တရားကို ခံစားလိုက်ရ၍ မျက်နှာ တစ်ခုလုံး နီရဲသွားခဲ့သည်။
နတ်တာအိုကြယ်ကို သိမ်းပိုက်ပြီးကတည်းက ဤမျှအထိ သူ့ကို ပြုမူဝံ့သူ မရှိခဲ့ပေ။
ယခုအခါ ကမ္ဘာဂြိုဟ်ပေါ်တွင် မွေးဖွားလာသော အထက်တန်းကျောင်းသားလေးသည် အမှန်တကယ်ပင် သူ့ကို ဖိနှိပ်နေခဲ့၏။
သူက ပလ္လင်ထက်တွင် လုံးဝ မလှုပ်နိုင်ခဲ့ပေ။
သူက ဒေါသထွက်နေသော်လည်း ကူကယ်ရာမဲ့နေသည်။
ထိုအချိန်တွင် ဝမ်လင်းသည် ကြယ်စင်အရှင်သခင်၏ ပလ္လင်တော်ကနေ ထွက်ပေါ်လာသော အသံကို ရုတ်တရက် ကြားလိုက်ရသည်။
ကြယ်စင်အရှင်သခင်က ပလ္လင်ပေါ်တွင် ဖိနှိပ်ခံထားရ၍ မလှုပ်ရှားနိုင်ပေ။
သို့သော်လည်း ပလ္လင်တော်ကမူ ဝမ်လင်းဘက်သို့ ဖြည်းညင်းစွာ လှည့်လာခဲ့သည်။
ဤသို့ဖြင့် ပုလ္လင်၏ နောက်ကျောနှင့် ဝမ်လင်းက မျက်နှာချင်းဆိုင် အနေအထား ဖြစ်သွားခဲ့သည်။
ပုလ္လင်၏နောက်ကျောဘက်တွင် ခက်ထန်သော မျက်နှာတစ်ခု ရှိနေ၏။
“ငါ့ တွက်ကိန်း မှားသွားတယ်.. ကမ္ဘာမြေပေါ်မှာ မင်းလိုလူ ရှိနေမယ်လို့ ငါဘယ်တုန်းကမှ မတွေးမိခဲ့ဘူး.. မဟုတ်ဘူး စကြဝဠာထဲမှာတောင် မင်းလိုလူ မရှိလောက်ဘူး”
ပလ္လင်တော်၏ နှုတ်က ဖွင့်ဟလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ ဝမ်လင်း၏ မြင့်မြတ်သော အော်ရာများသည် အမှန်တကယ်ပင် လုံးလုံးလျားလျား ငြိမ်သက်သွားခဲ့သည်။
ဝမ်လင်းက ပလ္လင်တော်ကို စိုက်ကြည့်နေခဲ့သည်။
ယခင်ကမူ ၎င်းသည် ထူးခြားသော မူလဇစ်မြစ် ဖြစ်သည်ဟု သူခံစားခဲ့ရသည်။
သို့သော်လည်း ကိုယ်ပိုင်အသိစိတ်ရှိမည်ဟု ဘယ်သောအခါမျှ မမျှော်လင့်ထားမိပေ။
ထို့အပြင် ပုလ္ဘင်တော်သည် ရှေးဟောင်းဝိညာဉ်နှင့်လည်း လုံးဝကွဲပြားနေသည်။
"ဒါကြီးက ဘာလဲ.. နတ်ဘုရားလား ဒါမှမဟုတ် တခြားအခေါ်အဝေါ် တစ်ခုခု ရှိလား"
စကြာဝဠာကြီးသည် အလွန်ကြီးမား၍ ဝမ်လင်း မသိသည့်အရာ အများအပြား ရှိသည်။
သို့သော် ဝမ်လင်းသည် ပုလ္လင်ကို ဂရုမစိုက်ခဲ့ပေ။
ထိုအရာက နတ်ဖြစ်စေ၊ မိစ္ဆာဖြစ်စေ၊ သူ့ကို ဒုက္ခဖြစ်စေလျှင် ရှင်းပစ်မည် ဖြစ်၏။
"မင်းက သာမန်လူမဟုတ်ဘူး.. ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားနဲ့ဆို တစ်နေ့ကျရင် ဘုရားသခင် ဖြစ်လာလိမ့်မယ်.. ငါတို့ နတ်တာအိုကြယ်ကို ကြွလာရင်တောင် ငါတို့က မင်းကို ရိုသေလေးစားရလိမ့်မယ်.. ဒါပေမယ့် အဲဒါက ဒီနေ့တော့ မဟုတ်ဘူး.. ရှန်းထျန်းရဲ့ စိတ်အားထက်သန်မှု အတွက်ပဲ အပြစ်တင်ရမယ်.. သူ့ဆင့်ခေါ်လိုက်တဲ့အတွက် မင်းရဲ့အထွတ်အထိပ်ကာလကို မရောက်ခင် မင်းသေရတော့မယ်.. ရှန်းထျန်းမှာက နတ်တာအို တစ်ခုပဲ ရှိတာဆိုတော့ မင်းကို မယှဥ်နိုင်တာ ဘာမှမဆန်းပါဘူး"
ပလ္လင်တော်က ပြောလိုက်သည်။
သူ့မျက်နှာတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင် တစိုးတစိမျှပင် မရှိပေ။
သူဖော်ပြခဲ့သည့် ရှန်းထျန်းသည် ကြယ်စင်အရှင်သခင်၏ အမည်ရင်း ဖြစ်သည်။
"ရှင်က ဘာကောင်လဲ.. ရှေးဟောင်းဝိညာဉ်လား"
ထိုအချိန်တွင် ပိုင်ချောင်းက မေးခွန်းထုတ်လိုက်သည်။
ပလ္လင်ပေါ်ရှိ မျက်နှာက ပြုံး၍ ပြန်ဖြေလိုက်သည်။
သူ့ပတ်ဝန်းကျင်တွင်လည်း ရွှေရောင်အလင်းတန်းများက ရောင်ခြည်တော်ကဲ့သို့ ကွန့်မြူးနေ၏။
“နတ်ဘုရားကငါ.. ငါက နတ်ဘုရားပဲ… မင်းတို့ နိမ့်ကျတဲ့ ကမ္ဘာမြေက ကျင့်ကြံသူတွေက နတ်ဘုရား နယ်မြေကို ဘယ်တုန်းကမှ မထိတွေ့ဖူးခဲ့ဘူး.. ဒါကြောင့် နတ်ဘုရားက ဘာလဲဆိုတာ သိမှာမဟုတ်ဘူး.. ရယ်စရာအကောင်းဆုံးကတော့ မင်းတို့မှာ နတ်ဘုရား နယ်မြေလို့ ခေါ်တဲ့ နေရာတစ်ခုတောင် ရှိနေတာပဲ”
ပလ္လင်က ခနဲ့လိုက်သည်။
“အဲဒီနေရာက ပကတိ နတ်ဘုရား နဲ့ နိယာမတွေ မရှိဘဲ နတ်ဘုရား နာမတော်ကို အသုံးပြုထားတဲ့အတွက် သေချာပေါက် တုံ့ပြန်မှုတွေကို ခံရလိမ့်မယ်”
ပလ္လင်တော်က တည်ငြိမ်စွာ မိန့်ဆိုခဲ့သည်။
၎င်းက ဝမ်လင်း နှင့် ပိုင်ချောင်း တို့ကို လုံးဝ ဂရုစိုက်ပုံမရချေ။
“စစ်မှန်တဲ့ နတ်ဘုရားနယ်မြေက စကြာဝဠာ နယ်နိမိတ်ထဲမှာ ရှိပြီး မင်းတို့ ဘယ်တော့မှ မရောက်နိုင်တဲ့နေရာ ဖြစ်တယ်.. ဒါ့အပြင် နတ်ဘုရား အစစ် မဟုတ်ဘဲ နတ်ဘုရားလို့ ဟန်ဆောင်ရင်လဲ ပြစ်ဒဏ်ခံရမှာဖြစ်တယ်"
ပလ္လင်တော်သည် အစစ်အမှန် နတ်ဘုရားနယ်မြေ၏ အဓိကအကျဆုံးအချက်ကို ထောက်ပြခဲ့သည်။
၎င်း၏ဝေဖန်မှုအားလုံးသည် "ကိုးဆကြယ်(ဝါ)နတ်ဘုရားနယ်မြေ"ကို ရည်ရွယ်ခြင်းသာ ဖြစ်သည်။
ဝမ်လင်းက နတ်ဘုရားကို မည်သို့သော အတိုင်းအတာဖြင့် သတ်မှတ်ရမလဲ မသိပေ။
အဘယ်ကြောင့်ဆိုသော် တကယ့် နတ်ဘုရားအစစ်ကို သူ တစ်ခါမှ မမြင်ဖူးသောကြောင့်ပင်။
သာမန်လူများအတွက်မူ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ကျင့်ကြံသူများသည် နတ်ဘုရားများဟုပင် သတ်မှတ်၍ရနေပြီ ဖြစ်သည်။
စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ၏ စိတ်ရင်းထဲမှ လက်ခံထားသော နတ်ဘုရားအဆင့်ကမူ ပကတိအင်မော်တယ် အဆင့် ကျင့်ကြံသူများ ဖြစ်၏။
ကမ္ဘာဂြိုဟ်၏ အမြင့်ဆုံးနယ်ပယ်အဆင့်ဖြစ်သော ပကတိအင်မော်တယ်များသည် အင်မော်တယ်အရှင်မြတ် အဆင့် နှင့် “နတ်ဘုရားနယ်မြေ”ကို သွားရောက်ရန် တောင့်တကြသည်။
ရှေးခေတ်ကတည်းကပင် ကျင့်ကြံသူများသည် ကျင့်ကြံခြင်း နယ်ပယ်အဆင့်ကို တိုးတက်အောင်လုပ်ရန် ဘယ်သောအခါမှ လက်မလျော့ခဲ့ကြပေ။
ရိုးရှင်းစွာ ပြောရလျှင် အားလုံးထဲတွင် အသန်မာဆုံး ဖြစ်အောင် သူ့ထက်ငါ ကြိုးစားခဲ့ကြသည်။
ယခုအခါတွင် ဝမ်လင်းသည် ကြယ်စင်အရှင်သခင်က ရုပ်သေးရုပ်သာဖြစ်ပြီး တကယ့်ရန်သူမှာ ပလ္လင်တော် ဖြစ်ကြောင်း သိရှိသွားပြီ ဖြစ်သည်။
"မင်းကိုယ်မင်း သတ်သေမှာလား ဒါမှမဟုတ် ငါလာသတ်တာကို စောင့်နေတာလား"
ပလ္လင်တော်က ပါးစပ်ကို ဖွင့်ဟလိုက်သောအခါ အသံက စကြဝဠာ အလယ်ဗဟိုမှ ထွက်လာသကဲ့သို့ ကျယ်လောင်လာ၏။
၎င်းက ဝမ်လင်းကို ၎င်း၏ ရှေ့တွင် ဒူးထောက်စေရန်ရည်ရွယ်၍ နတ်အလင်းရောင် ဖိအားဖြင့် တမင်တကာ တိုက်ခိုက်ခဲ့သော်လည်း နတ်အလင်းရောင် ဖိအားသည် ဝမ်လင်းကို ဒူးထောက်စေရန် မလုံလောက်ခဲ့ပေ။
"ငါမင်းနဲ့တိုက်ရတာ ပင်ပန်းလာပြီ"
ဝမ်လင်းက ပလ္လင်ကို စိုက်ကြည့်ကာ စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
"ဘာကိုဆိုလိုတာလဲ"
ပုလ္လင်က နားမလည်နိုင်သော အမူအရာဖြင့် ပြန်မေးလိုက်သည်။
ထိုခဏမှာပင် လက်ရန်းပေါ်ရှိ ကျောက်မျက်များထဲမှ ခုနှစ်ရောင်ခြယ် ကျောက်မျက်ရတနာများသည် ထူထဲသော အလင်းတန်းတစ်ခု လက်ချက်ဖြင့် ပေါက်ကွဲထွက်သွားပြီး နန်းတော် တစ်ခုလုံးကို မိုးခြိမ်းသံနှင့်အတူ တုန်လှုပ်သွားစေခဲ့သည်။
နောက်ထပ် အခိုက်အတန့်တွင် နတ်အလင်းရောင်သည် နှစ်ခြမ်းကွဲသွားခဲ့သည်။
"အဲဒါက ဘာလဲ"
ပလ္လင်နောက်ကျောရှိ မျက်နှာက မျက်မှောင်ကြုတ်သွားခဲ့စသည်။
သူက ရှေ့ကို စူးစူးစိုက်စိုက် ကြည့်လိုက်ရာ ချာတိတ်လေး တစ်ယောက်က မက်မွန်သစ်သားဓားအား ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသည်။
ဝမ်လင်းသည် ယခင်က "ဓား.. လာ"ဟူသော စာကားကို အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးသည်။
ယခု အနည်းငယ် ပင်ပန်းနေပြီ ဖြစ်၍ ထိုစကားကို သူ မပြောဆိုခဲ့ပေ။
သို့သော်လည်း ကျင့်ခယ်က အလိုက်တသိပင် အမိန့်ပေးစရာ မလိုဘဲ လှုပ်ရှားခဲ့သည်။
နွေရာသီအားလပ်ရက် ဖြစ်သော်လည်း အဆင်မပြေမှုများ ဆက်တိုက် ကြုံတွေ့နေရသည်။
သူ့အနေဖြင့် ဤနတ်နတ်မြေကို ကျိန်းသေ ပြုပြင်ရပေမည်။
ပလ္လင်တော်၏ မူလဇစ်မြစ်ကို သူ ဂရုမစိုက်အားပေ။
အမေကျွမ့်၏ ဟင်းပွဲများနှင့် ချန်းချောင်၏ ပါးစပ်မှလွဲ၍ ဝမ်လင်း၏ နှလုံးသားကို တုန်လှုပ်စေမည့်အရာ ဤကမ္ဘာပေါ်တွင်မရှိသေးပေ။
ဆိုရလျှင် ဤပလ္လင်မှ ထုတ်လွတ်သော မြင့်မြတ်သော အလင်းရောင် ဖိအားများပင်လျှင် သူ့ကို မခြိမ်းခြောက်နိုင်ခဲ့ချေ။
ဝမ်လင်း၏ တည်ငြိမ်သော အမူအရာကြောင့် ပလ္လင်တော်က တစ်စုံတရာ ခံစားခဲ့ရသည်။
ပလ္လင်နောက်ကျောရှိ မျက်နှာက အလွန်ခက်ထန်နေပြီး သူ့ရှေ့မှ ဝမ်လင်းကို မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
ဝမ်လင်းက နန်းတော်အတွင်းရှိ ရွှေရောင် တိုင်လုံးတစ်ခု ဆီသို့ ဖြည်းညင်းစွာ လျှောက်လာပြီးနောက် ထိုင်ချလိုက်သည်။
သူက လက်တစ်ဖက်ကို ဒူးပေါ်တင်ကာ တိုင်ကို နောက်ပြန်မှီကာ သက်ပြင်းချလိုက်၏။
“ဒီထိုင်ပုံက…”
ထိုအချိန်တွင် ပလ္လင်တော်သည် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ထိုကောင်လေး ထိုင်နေသည့် ကိုယ်ဟန် အနေအထားတွင် ရင်းနှီးသောရုပ်သွင်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။
"မဖြစ်နိုင်ဘူး.. အဲဒီလူ မရှိတော့ဘူးလေ"
ပလ္လင်၏ မျက်နှာပေါ်ရှိ အမူအရာများက ပြောင်းလဲနေခဲ့သည်။
သူက လူငယ်လေးကို စူးစမ်းရန် အရာခပ်သိမ်းကို ဖြတ်ကျော်မြင်နိုင်သော နတ်မျက်လုံးကို အသုံးပြုထားသော်လည်း လူငယ်လေး၏ အတိတ် သို့မဟုတ် အနာဂတ်နှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ မမြင်နိုင်ခဲ့ပေ။
ဝမ်လင်း ပြုံးလိုက်သည်။
ပလ္လင်တော်က သူ့ကို ကြည့်နေသည်ကို ဝမ်လင်း သိသည်။
သို့သော်လည်း သူကိုယ်တိုင်ပင် သူ၏ အတိတ် သို့မဟုတ် အနာဂတ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ရာ ဤပုလ္လင်စုတ်က မည်သို့ မြင်နိုင်ပါအံ့နည်း။
“အဆုံးသတ်ဖို့ အချိန်တန်ပြီ”
ဝမ်လင်းက ယခင်ကကဲ့သို့ မောက်မာခြင်း မရှိတော့သည့် ပုလ္လင်ကို လှမ်းကြည့်လိုက်သည်။
အန္တရာယ် အငွေ့အသက် တစ်ခုက ပုလ္လင်၏ နှလုံးသားကို ဖမ်းစားသွားခဲ့သည်။
ဝမ်လင်းက သူ၏ မက်မွန်သစ်သားဓားကို လေထဲသို့ ပေါ့ပေါ့ပါးပါးပင် ပစ်လွှတ်လိုက်ပြီး ပြင်းထန်သော စွမ်းအားကို ထုတ်ဖော်လိုက်သည်။
“နတ်တာအိုရဲ့ စွမ်းအားပါလား”
ပလ္လင်တော်က နားမလည်နိုင်သော အမူအရာဖြင့် မှင်တက်နေသည်။
"မင်းရဲ့ နတ်တာအိုစွမ်းအားကို မင်းရဲ့ ဓားဝိညာဉ်ဆီ လွှဲပြောင်းပေးလိုက်တာလား"
“မဟုတ်ဘူး”
ဝမ်လင်းက ခေါင်းခါ၍ ပြောလိုက်သည်။
လေထဲတွင် သူ၏ ကြည်လင်အေးစက်သော အသံက ပဲ့တင်ထပ်နေ၏။
"လွှဲပြောင်းတာမဟုတ်ဘူး.. ဘာသာရပ်တစ်ခု အဖြစ်သင်ပေးလိုက်တာ"
ပလ္လင်တော် "ဘယ်လို"
ဝမ်လင်း"ငါ သင်ယူတာ မှန်သမျှ ငါ့ရဲ့ ဓားဝိညာဉ်ကလဲ သင်ယူနိုင်တယ်။"
တကယ်တမ်းတွင် ဝမ်လင်းသည် ကျင့်ခယ်ကို လက်တစ်ဆုပ်စာ စက္ကန့်ပိုင်း အချိန်လေးအတွင်း သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။
ဝမ်လင်းက ကျင့်ခယ်ကို လေထဲ လွှင့်ပစ်လိုက်ရသည့် အကြောင်းရင်းမှာ ပိုင်ချောင်းနှင့် ပူးပေါင်းရန် ဖြစ်သည်။
ဓါးအိမ်နဲ့ ဓားက နီးကပ်လာသည်နှင့် အမျှ သူတို့၏ မှတ်ဉာဏ်များသည် တစ်ထပ်တည်း ဖြစ်သွားပေလိမ့်မည်။
တစ်နည်းပြောရလျှင် နတ်တာအို စွမ်းအားက နှစ်ဆ ဖြစ်သွားလိမ့်မည် ဖြစ်၏။
ဝမ်လင်းက ပုလ္လင်တော်ကို ညစ်ကျယ်ကျယ် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
ထိုအချိန်တွင် ဝမ်လင်း၏ ရည်ရွယ်ချက်ကို သိရှိနားလည်သော ပိုင်ချောင်းသည် ပထမဆုံးအကြိမ် အဖြစ် ဓားအိမ် ပုံစံကို ပြောင်းလဲလိုက်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ကျင့်ခယ်ကမူ လေထဲတွင် အနည်းငယ် ချီတုံချတုံ ဖြစ်နေ၏။
သူအရင်က ဓားအိမ်ထဲ တစ်ခါမှ မ၀င်ဖူးပေ။
ခဏမျှ သူ ရှက်ရွံ့သွား၍ သူ၏ ဓားကိုယ်ထည် တစ်ခုလုံးက အနီရောင် ဖြစ်သွားခဲ့သည်။
ပိုင်ချောင်းက အနည်းငယ် စိတ်မရှည် ဖြစ်လာသည်။
"ဂန်ထူးလို လုပ်မနေနဲ့.. မြန်မြန်ဝင်လိုက်တော့”
အပိုင်း(၉၂၇) ပြီး၏