← Chapters

ကျင့်ပိုင်

Vol. 62 Ch. 928

ကျင့်ပိုင်

Vol. 62 Ch. 928

ကျင့်ခယ်သည် ဓားအိမ်နှင့် ပထမဆုံးအကြိမ် ပေါင်းစပ်ခဲ့ခြင်း ဖြစ်သည်။

လေထဲတွင် ပုံသဏ္ဌန်နှစ်ခုက တစ်ထပ်ထဲ ကျသွားပြီးနောက် အသစ်တစ်ခု အဖြစ်သို့ ပေါင်းစည်းလိုက်သောအခါ ကြီးမားလှသော နတ်စွမ်းအားသည် နန်းတော်တစ်ခုလုံးကိုပင် ချက်ချင်းဆိုသလို လွှမ်းခြုံသွားခဲ့သည်။

ရာနှင့်ချီသော တိုင်လုံးများက အက်ကွဲလာပြီး အချိန်မရွေးပြိုကျတော့မည်ပုံ ဖြစ်နေသည်။

ပေါင်းစပ်ပြီးနောက်တွင် ကျင့်ခယ်သည် ပြောင်းလဲသွားခဲ့သည်။

သူ၏ဆံပင်များက ရှည်လာပြီး ယခုအခါတွင် ခါးထိရောက်နေပြီ ဖြစ်သည်။

ပိုင်ချောင်း၏ အမှတ်သင်္ကေတ ဖြစ်သည့် အမောက် သဏ္ဍာန် အဖြူရောင် ဆံပင်သည်လည်း သူ၏ ဦးခေါင်းထိပ်တွင် ပေါက်လာသည်။

ပေါင်းစပ်ပြီးနောက် ဖြစ်ပေါ်လာသော ဤလူငယ်သည် ဝမ်လင်း မမြင်ဖူးသော အသွင်အပြင် တစ်ခု ဖြစ်သည်။

ကျင့်ခယ်က အရပ်ပိုရှည်ပြီး တော်တော်ထွားလာပုံရ၏။

သူ၏ အဖြူရောင်ဝတ်ရုံက ခမ်းနားထည်ဝါသော နှင်းဖြူရောင် သားမွေးကုတ်အင်္ကျီ ဖြစ်လာသည်။

သူ၏ရုပ်သွင်က မဟာဆန်ပြီး အလွန်မာနထောင်လွှားသော စိတ်ဓာတ်ကို ပေါ်လွင်စေသည်။

ချာတိတ်လေးက ဝမ်လင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ရှေ့ရှိ ပြိုင်ဘက်ဖြစ်သည့် အစစ်အမှန် နတ်ဘုရားနယ်မြေမှ ပကတိနတ်ဘုရားဟု ကြွေးကြော်ခဲ့သော ပလ္လင်တော်ကို ကြည့်လိုက်၏။

စာချုပ်၏ စွမ်းအားဖြင့် ဝမ်လင်းသည် ဤ “လူသစ်” ၏ ဝိသေသလက္ခဏာကို လျင်မြန်စွာပင် သိရှိလာခဲ့သည်။

၎င်းကို ကျင့်ပိုင်ဟု ခေါ်၏။

"ကျင့်ပိုင်"

ဝမ်လင်းက စိတ်ထဲကနေ နာမည်ကို ရေရွတ်လိုက်သည်။

"မင်းက ဘယ်သူလဲ"

ချာတိတ်လေး၏ ကြောက်မက်ဖွယ်ကောင်းသော အော်ရာကြောင့် ပလ္လင်တော်က ထိတ်လန့်တုန်လှုပ်ကာ ကြောက်လန့်နေခဲ့သည်။

“မင်းလိုပမွှားက ဒီဘုရင်ရဲ့ နာမည်ကို သိဖို့ မထိုက်တန်ဘူး”

ကျင့်ခယ်က ပလ္လင်ကို စိုက်ကြည့်နေစဉ်မှာပင် သူ့ကိုယ်ပေါ်ရှိ မြင့်မြတ်သောစွမ်းအားသည် ချီဖြင့် ဖန်တီးထားသည့် ဓားများအဖြစ်သို့ ပြောင်းလဲသွားသည်။

ဓားပေါ်မှ အကန့်အသတ်မဲ့ အလင်းက အညိုရောင် ဖုံးလွှမ်းနေပြီး ကြယ်ကြွေကျသည်နှင့် လွင့်ထွက်သွားခဲ့သည်။

ကြယ်စင်အရှင်သခင်၏ နတ်နန်းတော်သည် တခဏချင်း ပျက်စီးသွားခဲ့သည်။

ဝမ်လင်းက ရွှေရောင် တိုင်လုံးတစ်ခု အောက်တွင် ထိုင်နေသေးသော်လည်း ထိုတိုင်လုံးက မျက်စိတစ်မှိတ် အတွင်းမှာပင် ပြိုကျသွားပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ပျက်စီးသွားခဲ့သည်။

ကျင့်ပိုင် တိုက်ခိုက်သည့် စက္ကန့်ပိုင်းလေး အတွင်းမှာပင် ပုလ္လင်တော်သည် ကြယ်စင်အရှင်သခင်ကို ကျောက်မျက်အဖြစ်သို့ ပြောင်းလဲလိုက်ပြီး လက်ရန်းတွင် ထည့်သွင်းလိုက်သည်။

ထိုမြင်ကွင်းကြောင့် ဝမ်လင်း မျက်ခုံးပင့်လိုက်သည်။

ပလ္လင်ပေါ်ရှိ ကျောက်မျက်များသည် သာမန် ကျောက်မျက်များ ဟုတ်ပုံမရပေ။

အစောပိုင်းက ဦးခေါင်းသုံးလုံး ဖီးနစ်များကိုလည်း ခုနှစ်ရောင်ခြယ် ကျောက်မျက် အတွင်း၌ ချိတ်ပိတ်ထားခဲ့သည် မဟုတ်လော။

ထို့ကြောင့် ကျန်ရှိသည့် ကျောက်မျက်များတွင် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခု ရှိနေနိုင်ဖွယ် ရှိ၏။

နောက်ထပ် ဖြစ်ရပ်များသည် ဝမ်လင်း၏ မှန်းဆချက် မှန်ကန်ကြောင်း သက်သေပြခဲ့သည်။

ပလ္လင်တော်က သူတော်စင် အလင်းရောင်ဖြင့် တောက်ပနေသော အနက်ရောင် ကျောက်မျက်ကို ဖယ်ရှားလိုက်သည်။

အဆုံးသတ်တွင် အရွယ်အစား ကြီးမားသော နတ်ဘုရားတစ်ပါးသည် လေထဲတွင် ပေါ်လာခဲ့သည်။

ဤနတ်ဘုရားက ဖြူစင်သန့်ရှင်းသော အဆင်းသဏ္ဍာန်ရှိပြီး ကမ္ဘာတစ်ခုလုံးကို ၎င်း၏ အတောင်ဆယ့်ခြောက်ခုမှ အရိပ်ဖြင့် ဖုံးလွှမ်းထားသည်။

ဤနတ်ဘုရားသည် ပတ်ဝန်းကျင်ကို ကြောက်မက်ဖွယ်ကောင်းသော အော်ရာဖြင့် လွှမ်းခြုံထား၏။

၎င်း၏ မြင့်မြတ်သောစွမ်းအားက သက်ရှိအားလုံးကို အရည်ပျော်သွားစေသည့် အပူချိန်ဖြင့် လေထုကိုပင် ခန်းခြောက်စေသည်။

အောက်ဘက်ရှိ အပျက်အစီးများသည် လုံးလုံးလျားလျား အငွေ့ပျံသွားခဲ့သည်။

တစ်ခဏအတွင်း မြို့လယ်ခေါင်တွင် ဖြစ်ပျက်နေသော ပုန်ကန်မှုများသည် တိတ်ဆိတ်သွားခဲ့သည်။

ဤနတ်ဘုရား၏ ကြီးမားသောအရိပ်ကို လူတိုင်း တွေ့မြင်ခဲ့ကြသည်။

ကောင်းကင်တွင်လည်း ပြင်းထန်သော နတ်စွမ်းအားတော်သည် အရပ်ရပ်သို့ ပျံ့လွင့်လာသည်။

စင်စစ် အတောင်ပံ ၁၆ခု ရှိသော နတ်ဘုရားသည် နတ်ဘုရားနယ်မြေမှ ပကတိနတ်ဘုရား ဖြစ်သည်။

"မင်းတို့တွေ မလွတ်မြောက်နိုင်တော့ဘူး"

ပလ္လင်တော်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

သူက တောင်ပံ၁၆ခု နတ်ဘုရား၏ လွှမ်းမိုးနိုင်စွမ်းကြောင့် ဤတိုက်ပွဲကို မရှုံးနိုင်တော့ဟု ယုံကြည်ခဲ့သည်။

ဤနေရာက သူ၏ မွေးရပ်မြေ မဟုတ်သောကြောင့် နတ်ဘုရား စွမ်းအားကို အလွန်အကျွံ အသုံးမပြုနိုင်၍ တောင်ပံ၁၆ခု နတ်ဘုရားကိုသာ ဆင့်ခေါ်နိုင်ခဲ့သည်။

အစစ်အမှန် နတ်ဘုရားနယ်မြေတွင် အတောင်ပံ ၃၂ခု၊ အတောင်ပံ ၄၆ခု နှင့် အတောင်ပံ ၉၈ ခုရှိသော ပကတိ နတ်ဘုရားများလည်း ရှိသည်။

အသေအချာ တွေးကြည့်ပြီးနောက် အတောင်ပံ၁၆ခု နတ်ဘုရားသည် လက်ရှိအခြေအနေအား ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သည်ဟု ပလ္လင်တော်က ခံစားမိသည်။

ထိုအချိန်တွင် တောင်ပံ၁၆ခု နတ်ဘုရားသည် လက်ခုပ်တီးလိုက်သည်။

သူ၏လက်ဖဝါးကြားကနေ ရွှေရောင်အလင်းဖြင့် တောက်ပနေသော သူတော်စင် ဓားတစ်လက်သည် ကောင်းကင်သို့ တိုးထွက်လာသည်။

၎င်းက မိုင်ထောင်ပေါင်းများစွာ ရှည်လျားပြီး သိပ်သည်းသော အော်ရာများဖြင့် ကြောက်မက်ဖွယ် ကောင်းနေ၏။

“ဒါက ပကတိ နတ်ဘုရားပဲ.. နတ်တာအိုကြယ်ကို ပကတိနတ်ဘုရား ကြွလာတယ်ဟေ့"

နတ်နဂါးများ အားလုံးက တိုက်ခိုက်မှုကို ရပ်လိုက်ပြီး ဒူးထောက်လိုက်ကြသည်။

၎င်းတို့နှင့် တိုက်ခိုက်နေသည့် အခြားဂြိုလ်အသီးသီးမှ မွန်းစတား များသည်လည်း ပြင်းထန်သော အော်ရာ ဖိအားကြောင့် ဒူးထောက်ရုံက လွဲ၍ ဘာမှမတတ်နိုင်ခဲ့ပေ။

ကျယ်လောင်သော ဆူညံသံကို ရုတ်တရက် ကြားလိုက်ရသော အခိုက်အတန့်တွင် အမှတ် 60 အထက်တန်းကျောင်းမှ ချန်းချောင်တို့ လူစုသည် အင်ပါယာစစ်တပ်၏ တပ်မှူးနှင့် တိုက်ခိုက်နေခဲ့သည်။

"ဒီနတ်နန်းတော်က တကယ်ပဲ ပြိုကျသွားတယ်လား"

"ဂိမ်းကို ဒီလောက်အထိ အစစ်အမှန်ဖြစ်အောင် ဖန်တီးဖို့ဆိုရင် ကုန်ကျစရိတ် အများကြီး ရှိမှာပဲ"

ကော်ဟောက်က တအံတသြ ရေရွတ်လိုက်သည်။

“ဟုတ်တယ်.. ဒါက တကယ့်ကို လက်တွေ့ကျလွန်းတယ်လို့ ခံစားရတယ်.. CGI အထူးပြုလုပ်ချက်တွေကလည်း အတော်လေး ကောင်းမွန်လွန်းတယ်.. ငါတို့ တိုင်းပြည်ရဲ့ CGI အထူးပြုလုပ်ချက်တွေက ဒီလောက်တောင် ဖွံ့ဖြိုးနေပြီလား”

ချန်းချောင်က သူ၏တိုက်ခိုက်မှုကို ခေတ္တရပ်ကာ အဝေးမှ အတောင်ပံ ၁၆ခု နတ်ဘုရားကို စိုက်ကြည့်လိုက်သည်။

သူ၏ နှလုံးသားက အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

ယခုအချိန်ထိ သူတို့၏ ရောင်လျှံစက်ဝန်းများသည် ပျောက်ကွယ်သွားခြင်း မရှိသေးပေ။

အဘယ်ကြောင့်ဆိုသော် ဝမ်လင်းက သူတို့ကို အဝေးကနေ ထပ်မံ အဆင့်မြှင့်တင်ပေးခဲ့သောကြောင့်ပင်။

သို့မဟုတ်လျှင် ချန်းချောင်နှင့် အခြေခံ တည်ထောင်ခြင်း အဆင့်ရှိ အခြားသူများသည် ဤနတ်ဘုရား စွမ်းအား၏ ဖိအားအောက်တွင် ချက်ချင်း ကြေမွသွားလိမ့်မည် ဖြစ်သည်။

….............

ကျင့်ပိုင်က အတောင်ပံ၁၆ခု ပါသော နတ်ဘုရားကို ကြည့်လိုက်သည်။

သူ့မျက်လုံးများက နီရဲနေခဲ့သည်။

နောက်ထပ် အခိုက်အတန့်တွင် သူ၏အမူအရာက ခက်ထန်သွားပြီး မျက်လုံးများဖြင့် ကောင်းကင်ကို စိုက်ကြည့်လိုက်သည်။

နိယာမများက သူ့မျက်လုံးထဲတွင် အဆက်မပြတ် လည်ပတ်လာပြီး အတောင်ပံ ၁၆ခု နတ်ဘုရားထက် ပိုကြီးသော မှော်ဓားကြီးသည် ကောင်းကင်ထက်တွင် ပေါ်လာခဲ့သည်။

ဤသည်မှာ မိုင်သောင်းချီ ရှည်လျားသော ကမ္ဘာဖျက်ဓား ဖြစ်သည်။

ထိုဓား၏ တဆုံးကို မျက်စိဖြင့် မြင်နိုင်ဖို့ပင် ခဲယဥ်း၏။

တောင်ပံ၁၆ခု နတ်ဘုရား နှင့် ပလ္လင်တော်က သေမတတ် ထိတ်လန့်သွားကြသည်။

နတ်ဘုရားတစ်ပါး၏ သင်္ကေတဖြစ်သော သူ၏ အတောင်ပံများသည်ပင် တဆတ်ဆတ် တုန်ယင်လာခဲ့သည်။

ပလ္လင်တော်က ဤကဲ့သို့သော စွမ်းအားမျိုး ကမ္ဘာမြေမှ ဓားဝိညာဥ်ထံတွင် ပေါက်ဖွားလာလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားပေ။

ဤတိုက်ပွဲအတွက် တောင်ပံ၁၆ခု နတ်ဘုရားကို ဆင့်ခေါ်ပြီးနောက်တွင် သူသည် အလွန် ယုံကြည်မှုရှိခဲ့သည်။

သို့သော် ကမ္ဘာဖျက်ဓားကို လှုပ်ရှားလိုက်သည်နှင့် ရှုံးနိမ့်တော့မည်မှန်း ပုလ္လင်တော်က ချက်ချင်းသိလိုက်သည်။

“ပြေးတော့”

ပလ္လင်တော်က နတ်တာအိုကြယ်မှ ထွက်ခွာပြီး စကြာဝဠာနယ်နိမိတ်ရှိ နတ်ဘုရားနယ်မြေသို့ ပျံသန်းသွားစေရန် အတောင်ပံ ၁၆ခု နတ်ဘုရားကို အမိန့်ပေးလိုက်သည်။

သို့သော် ကမ္ဘာဖျက်ဓား၏ လေးလံသော အလေးချိန်သည် တောင်ပံ၁၆ခု နတ်ဘုရား ကိုယ်ပေါ်သို့ ကျရောက်နေပြီ ဖြစ်သည်။

သူ၏ အတောင်ပံတစ်ခုစီသည် ဂျင် တစ်သန်း အလေးချိန်ဖြင့်ချည်နှောင်ခံထားရသလို ခံစားခဲ့ရသည်။

“ပြေးလို့လွတ်မယ်များ ထင်နေလား”

ကျင့်ပိုင်၏ မျက်လုံးများသည် အလွန် အေးစက်စက် ဖြစ်နေသည်။

တကယ်တော့ သူက သူ၏ မျက်လုံးစွမ်းအားဖြင့် ကြီးမားလှသော ကမ္ဘာဖျက်ဓားကို ဖန်တီးရန် သူ့အင်အား၏ ဆယ်ပုံတစ်ပုံအောက်ကိုသာ အသုံးပြုခဲ့ရသည်။

ထို့ကြောင့် ကျင့်ပိုင်သည် အစကတည်းကပင် တောင်ပံ၁၆ခု နတ်ဘုရားကို မကြောက်ရွံ့ခဲ့ပေ။

၎င်းက ကျင့်ပိုင်၏ မျက်လုံးထဲတွင် အချိန်မရွေး သတ်နိုင်သော တောင်ပံ ၁၆ခု ရှိသည့် ကြက်ဖြူတစ်ကောင်ထက် ဘာမှမပိုပေ။

“အား..”

ကြီးမားလှသော ကမ္ဘာဖျက်ဓားကြီးက အတောင်ပံ ၁၆ခု နတ်ဘုရား၏ ခန္ဓာကိုယ်နှင့် မထိတွေ့မီမှာပင် ကမ္ဘာဖျက်ဓားကြီး၏ ဓားချီသည် အတောင်ပံများကို သွေးထွက်စေ၍ အတောင်ပံ၁၆ခု နတ်ဘုရားသည် ငယ်သံပါအောင် အော်ဟစ်နေခဲ့သည်။

"ဒီဘုရင်ရှေ့မှာ မောက်မာရဲသေးလား တောင်ပံ၁၆ခု ကြက်ဖြူကြီး"

ကျင့်ပိုင်က ရယ်မောလိုက်သည်။

သူက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ကောင်းကင်ပေါ်တွင် ဟန်ပါပါ ရပ်နေသည်။

လေတိုက်သဖြင့် သူ၏ နှင်းကဲ့သို့ဖြူစင်သော အင်္ကျီက တဖျပ်ဖျပ် ဖြစ်နေခဲ့သည်။

“မင်း.. မင်းက ဘယ်သူလဲ…”

ပုလ္လင်တော်က မလွတ်မြောက်နိုင်တော့မှန်း သိ၍ အထိတ်တလန့် မေးခွန်းထုတ်လိုက်သည်။

ဤဓားက ယခုလို အစွမ်းထက်သည့် ပုံစံ ဖြစ်လာလိမ့်မည်ဟုသူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

“အတောင်ပံ ၁၂၈ ခု ရှိတဲ့ နတ်ဘုရားရဲ့ ဦးခေါင်းကိုတောင် ငါဖြတ်ခဲ့ဖူးတယ်.. အတောင်ပံ၂၅၆ခု ရှိတဲ့ နတ်ဘုရားတောင်မှ ငါ့လက်ထဲမှာ တစ်ကွက်ထဲနဲ့ သေသွားရတယ်”

ကျင့်ပိုင်၏ စကားများက ပုလ္လင်တော်ကို ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့သည်။

“ဒီဘုရင်က ဘယ်သူလဲဆိုတာ သိချင်ရင် မင်းရဲ့ တောင်ပံတစ်ထောင် နတ်ဘုရားကိုသာ မေးကြည့်လိုက်တော့”

ထို့နောက်တွင် ကျင့်ပိုင်က လုံးဝ သနားခြင်း အလျဥ်းမရှိဘဲ ကြီးမားလှသော ကမ္ဘာဖျက်ဓားကြီးကို အောက်သို့ နှိမ့်ချခဲ့သည်။

"မလုပ်ပါနဲ့.."

ပလ္လင်တော်က အော်ဟစ်လိုက်၏။

သို့သော်လည်း ကျင့်ပိုင်၏ လှုပ်ရှားမှုများသည် လျင်မြန်လွန်းလှသည်။

ကြီးမားလှသော ကမ္ဘာဖျက်ဓားသည် ရုတ်တရက် ကြည့်လျှင်လေးလံသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ဆာမူရိုင်းဓားထက် မြန်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ပလ္လင်တော်သည် အပေါ်ကနေ အောက်ထိ ထက်ခြမ်း ဖြတ်ခြင်းကို ခံလိုက်ရသည်။

ပုလ္လင်ခြေထောက်များသည်လည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့၏။

အပိုင်း(၉၂၈) ပြီး၏

All Chapters