ကြယ်ဂြိုဟ်များနှင့် သံတမန်ဆက်ဆံရေးထူထောင်ခြင်း
Vol. 62 Ch. 930
အစစ်အမှန် နတ်ဘုရားနယ်မြေ၌ မရေမတွက်နိုင်သော မြူခိုးများသည် လေထဲတွင် ပျံ့လွင့်နေသည်။
ကျင့်ပိုင်သည် သူ၏လက်ချောင်းများဖြင့် လေထဲတွင် လမ်းကြောင်းသစ် တစ်ခုကို ဖွင့်လိုက်ပြီးနောက် ထွက်ခွာသွားခဲ့သည်။
အတောင်ပံ နတ်ဘုရားများက တုန်လှုပ် ခြောက်ခြားစရာကောင်းသောဘေးမှ လွတ်မြောက်ပြီးနောက် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြသည်။
ထိုခဏတွင် သူတို့၏ ခံစားချက်များသည် ထိတ်လန့်ခြင်း၊တုန်လှုပ်ခြင်း၊ပျော်ရွှင်ခြင်း စသည့် စိတ်ခံစားမှုမျိုးစုံ ရောထွေးကာ ပဲ့တင်ထပ်သွားပြီး တခဏချင်းပင် မြင့်မြတ်သော အဆင့်သို့ တိုးတက်လာသည်။
ပန်းပွင့်များက လေထဲသို့ လွင့်စင်သွားသည်နှင့်အမျှ ကောင်းကင်တွင် ရွှေရောင်အလင်းတန်းတစ်ခု အဖြစ် ဖြည်းညင်းစွာ ပေါင်းစပ်သွား၏။
၎င်းမှ ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးစွမ်းအားများ ပျံ့နှံ့သွားပြီးနောက်တွင် အနီးအနားရှိ ဝိညာဥ်ခန္ဓာကိုယ်များ အားလုံးသည် အနီးသို့ မချဉ်းကပ်ဝံ့ဘဲ အဝေးကနေသာ ကြည့်နေခဲ့ကြသည်။
တောင်ပံ တစ်ရာ နတ်ဘုရားက သူ၏အတောင်ပံများကို ခေါက်သိမ်းကာ ပြောလိုက်သည်။
“တောင်ပံတစ်ထောင် နတ်ဘုရား”
တောင်ပံတစ်ထောင် နတ်ဘုရားကို ကိုယ်စားပြုသော ထင်ရှားပေါ်လွင်လှသည့် နတ်အလင်းလုံးသည် အစစ်အမှန် နတ်ဘုရားနယ်မြေကို အဆက်မပြတ် တုန်လှုပ်ကာ ပဲ့တင်ထပ်စေသော အသံဖြင့် ပြောလိုက်သည်။
“သူသွားလိုက်ပြီလား”
“သွားပါပြီ အရှင်”
"နောက်ဆုံးတော့ သူသွားပြီပေါ့"
နတ်အလင်းလုံး (ဝါ) တောင်ပံတစ်ထောင် နတ်ဘုရားက သက်ပြင်းချလိုက်သည်။
“ဒါက ငါ့အပြစ်မကင်းဘူး.. ကမ္ဘာမြေကို မနှောင့်ယှက်ဖို့ နတ်နဂါးတွေကို ပြောဖို့မေ့သွားတယ်.. ကမ္ဘာမြေက အားနည်းနေပုံရပေမဲ့ မှန်းဆမရနိုင်ဆုံးဂြိုဟ်လည်း ဖြစ်တယ်”
ဤအချက်ကို ပြောရင်း တောင်ပံတစ်ထောင် နတ်ဘုရား၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ရှိနေခဲ့သည်။
“အားလုံးနားထောင်.. ကမ္ဘာမြေကို ဘာအကြောင်းရင်းနဲ့ပဲ တိုက်တိုက် ဘယ်သူမဆို အပြစ်ပေးခံရလိမ့်မယ်”
တောင်ပံတစ်ထောင် နတ်ဘုရားထံမှ အေးစက်စက်အသံ ထွက်ပေါ်လာသည်။
"မင်းက အစစ်အမှန် နတ်ဘုရားနယ်မြေ နဲ့ ကမ္ဘာမြေကို သံတမန်ဆက်ဆံရေး ထူထောင်ဖို့ တာဝန်ယူရလိမ့်မယ်.. လုံးဝ မချွတ်ချော်စေနဲ့"
“ဟုတ်”
“ပြည်သူတွေရဲ့ လွတ်မြောက်မှုနဲ့ ရှင်ပြန်ထမြောက်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပြီးပြည့်စုံအောင် လုပ်ဆောင်ရမယ်”
“ဟုတ်”
"အရေးကြီးဆုံးက သရေစာ ခေါက်ဆွဲခြောက်တွေပဲ"
“ဟုတ်”
တောင်ပံတစ်ရာ နတ်ဘုရား “ဒါနဲ့ အရှင်.. ခေါက်ဆွဲအကြွပ်ကြော်ပုံစံဂြိုဟ်ဆိုရင်ရော ဘယ်လိုလဲ"
“သရေစာ ခေါက်ဆွဲကြွပ်ကြော် ထဲက ပါဝင်ပစ္စည်းတွေနဲ့ ကမ္ဘာတစ်ခု ဖန်တီးလိုက်ပါ.. နေထက် သေးငယ်လို့တော့ မဖြစ်ဘူးနော်”
“ကောင်းပါပြီ”
အခြားနေရာများတွင်လည်း ဝမ်မင်၊ ကျိုက်ယန် နှင့် သုတေသနဌာနမှ သုတေသနဝန်ထမ်းများ အားလုံးသည် ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် ပုံမှန်မဟုတ်သော စွမ်းအင်အတက်အကျများ လုံးဝ ပျောက်ကွယ်သွားသောအခါမှသာ သက်ပြင်းချနိုင်ခဲ့ကြသည်။
“နောက်ဆုံးသော ဒေတာတိုင်းတာမှုတွေအရ အခြေအနေ တည်ငြိမ်သွားပါပြီ”
"တကယ်လား.. အခုပဲ ကမ္ဘာမြေကြီးက ပေါက်ကွဲတော့မယ်လို့ ငါထင်ခဲ့တာ.. ကမ္ဘာမြေပေါ်မှာ ဘာတွေဖြစ်နေတာပါလိမ့်"
"ဒီပုံမှန်မဟုတ်တဲ့ စွမ်းအင်က လွန်ခဲ့တဲ့ ခြောက်နှစ်က ကမ္ဘာခြား ဂိတ်တံခါးကနေ ဆင်းသက်လာခဲ့တဲ့ စွမ်းအင်အတက်အကျတွေနဲ့ ထပ်တူကျတယ်.. ဒါက အာကာပြင် ယိုစိမ့်မှုများ ဖြစ်နိုင်မလား"
"အာကာပြင် ယိုစိမ့်မှုလား.. ဒါက လစဥ်သုံးဂွမ်းထုပ်နဲ့ ပိတ်လိုက်ရုံပဲ မဟုတ်လား"
ဤဘေးအန္တရာယ်မှ လွတ်မြောက်လာပြီးနောက်တွင် သုတေသန ပညာရှင်များစွာသည် မြေပြင်ပေါ်တွင် ချွေးသံတရဲရဲဖြင့် လှဲချလိုက်ကြသည်။
အားနည်းခြင်း နှင့် ပျော်ရွှင်ခြင်း တို့ကို ခံစားရခြင်းတို့ကြောင့် သူတို့၏ စိတ်ခံစားမှုများသည် ရှုပ်ထွေးနေခဲ့သည်။
ကမ္ဘာ့အူတိုင်ရှိ ပုံမှန်မဟုတ်သော စွမ်းအင် အတက်အကျများသည် ပေါက်ကွဲမှတ်သို့ ရောက်ရှိခါနီးတွင် အတက်အကျများက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
တကယ်တမ်းတွင် အခြားနိုင်ငံအားလုံးရှိ သုတေသနဌာနများသည်လည်း ဝမ်မင်တို့ထက် များစွာ သာလွန်သော အခြေအနေတွင် ရှိမနေခဲ့ပေ။
ကမ္ဘာကြီးတစ်ခုလုံး ရှုပ်ထွေးနေခဲ့၏။
သို့သော် ကံကောင်းထောက်မစွာပင် ဤပုံမှန်မဟုတ်သော စွမ်းအင်သည် အချိန်မီပင် ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်တွင် ဝမ်မင်သည် ဥက္ကဌချီထံမှ ဖုန်းလက်ခံရရှိခဲ့သည်။
ကျိုက်ယန်က သူ့ကို ဓာတ်ခွဲခန်းထဲမှ လုံခြုံသည့် အခန်းတစ်ခုဆီသို့ ခေါ်သွားလိုက်၏။
"မင်လေး"
ဖုန်းခေါ်ဆိုမှု၏ အခြားတစ်ဖက်မှ ဥက္ကဌချီ၏ အသံထွက်ပေါ်လာသည်။
"ဖြစ်စဥ်ရဲ့ အကြောင်းရင်းကို အဖြေရှာပြီးပြီလား"
"ဥက္ကဌချီ.. ကျတော်လည်း အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အဖြေထိုင်ထုတ်နေတာ.. အခြေအနေက နည်းနည်းရှုပ်နေပေမဲ့ ဘာတွေဖြစ်နေတယ် ဆိုတာကို သိတဲ့သူတစ်ယောက်တော့ ရှိမယ်လို့ထင်တယ်"
ဝမ်မင်က သက်ပြင်းချ၍ ပြောလိုက်သည်။
"မင်းက ကော်ဖျင်ကို ဆိုလိုတာလား"
ဥက္ကဌချီက ဝမ်မင်၏ဆရာဖြစ်၍ ဝမ်မင်၏ စကားအဓိပ္ပါယ်ကို အမြန် ပုံဖော်နိုင်ခဲ့သည်။
“ကောလဟာလအရတော့ ဦးလေးကော်ဖျင် ကွယ်လွန်သွားပြီလို့ သိရပေမဲ့ သူ အသက်ရှင်နေသေးတာ ဖြစ်နိုင်တယ်.. အဲဒီအချိန်တုန်းက ဦးလေးကော်ဖျင်က ပုံမှန်မဟုတ်တဲ့ စွမ်းအင်ရဲ့ အရင်းအမြစ်ကို ရှာဖွေခဲ့တဲ့လူပဲ”
ဝမ်မင်က ပြောလိုက်သည်။
"တိုက်ရိုက် သက်သေမရှိပေမဲ့လည်း ကျွန်တော့်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံပြီး ခန့်မှန်းရရင် ဒါက စွမ်းအင် ဝါးမျိုတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်နိုင်တယ်"
“ဆက်ပြောပါ”
ဥက္ကဌချီက ပြောလိုက်သည်။
တကယ်တော့ သူကိုယ်တိုင်တွင်လည်း သီအိုရီတစ်ခု ရှိနေ၏။
သို့သော်လည်း ဝမ်မင်၏ ထင်မြင်ချက်ကို ကြားချင်နေပါသေးသည်။
ဆိုရလျှင် ဝမ်မင်သည် သူ၏ ဂုဏ်အယူရဆုံး တပည့် ဖြစ်သည် မဟုတ်ပါလော။
"ဒီစွမ်းအင်က ကမ္ဘာ့အူတိုင်ကနေ ထွက်လာပြီး အပြင်ဘက်ကို ဘဲဥပုံ လမ်းကြောင်းအတိုင်း ချဲ့ထွင်လာတယ်.. ဒါ့အပြင် သူ့ လမ်းကြောင်းပေါ်မှာ ရှိတဲ့ ဝိညာဉ်ချီအားလုံးနဲ့လည်း သဟဇာတ ဖြစ်နေတယ်.. ကျနော့်ယူဆချက်အရတော့ ဒီအရာက ကြိုတင်ပြင်ဆင်ထားတဲ့ စုပ်ယူမှုတစ်ခု ဖြစ်လောက်တယ်.. ဒီပုံမှန်မဟုတ်တဲ့ စွမ်းအင်က ကမ္ဘာမြေတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီးနောက်မှာ တွင်းနက်ကြီး တစ်ခုလို ကမ္ဘာမြေကို စုပ်ယူသွားမှာ စိုးရိမ်မိတယ်"
ဝမ်မင်က ပြန်ဖြေလိုက်သည်။
"ကျနော်က ဒီအတိုင်းလေးပဲ တွေးခဲ့တာပါ"
ဥက္ကဌချီက ခေါင်းညိတ်လိုက်သည်။
“ဒီညမှာ နိုင်ငံတကာ သုတေသန အဖွဲ့အစည်းတွေနဲ့ ဗီဒီယိုအစည်းအဝေး တစ်ခု လုပ်မယ်.. ဒီအစည်းအဝေးမှာ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရင်းကို ရှင်းပြဖို့ မင်းတက်ရောက်ရလိမ့်မယ်”
"ကျတော်လား.. ဥက္ကဌချီရော မတက်ဘူးလား"
“ငါ့မှာ ကိစ္စတစ်ခုရှိတယ်.. ဒါပေမဲ့ အသေးအဖွဲ ကိစ္စလေးပါပဲ"
ဥက္ကဌချီ "မင်းရဲ့ အထောက်အထားက လျှို့ဝှက်ချက်ပဲ.. ဒါကြောင့် ဒီည ဗီဒီယို အစည်းအဝေးမှာ ကောင်းကောင်း ဖုံးကွယ်ထားဖို့ လိုအပ်တယ်.. သုတေသနဌာနမှာ ကျားသစ် သန္ဓေပြောင်းဆေးတွေ ရှိတာ မှတ်မိသေးတယ်.. တစ်လုံးစားပြီးတာနဲ့ မင်းမျက်နှာက ပျောင့်ပျောင်းသွားလိမ့်မယ်.. ပြီးရင် မင်းမျက်နှာကို ပုံသွင်းဖို့ အတွက် အရည်အချင်းရှိတဲ့သူကို ရှာလိုက်ပါ"
ဝမ်မင် ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ”
..........................
မျက်နှာပုံသွင်းသည့်အပိုင်းတွင် ကျိုက်ယန်သည် အထူးကျွမ်းကျင်သည်။
ကျိုက်ယန်သည် ချက်ပြုတ်ရာတွင် ပေါ့ပေါ့တန်တန် လုပ်တတ်သော်လည်း လွန်ခဲ့သည့် လအနည်းငယ် အတွင်း ချက်ပြုတ်နည်းကို စတင် လေ့လာခဲ့သည်။
သူမက အတော်လေးကို ကြိုးစားနေမှန်း ဝမ်မင် သိ၏။
အဘယ်ကြောင့်ဆိုသော် သူမ ချက်ပြုတ်ထားသည့် အစားအစာကို သူ မစားနိုင်သော်လည်း အမြင်လှသည်မှာတော့ ငြင်း၍မရသောကြောင့်ပင်။
…....................
ဗီဒီယို အစည်းအဝေး မတိုင်မီ နာရီဝက်အလိုတွင် ဝမ်မင်သည် ကျားသစ်သန္ဓေပြောင်းဆေးကို သောက်ခဲ့ပြီးပြီ ဖြစ်သည်။
ကျိုက်ယန်က ဝမ်မင်၏ မျက်နှာကို လက်ဖြင့် ကိုင်၍ မေးလိုက်သည်။
"ပြောပါ.. ရှင်က ဘယ်လိုပုံစံမျိုး ပြောင်းချင်တာလဲ"
ဝမ်မင်က စဥ်းစားမနေဘဲ မဆိုင်းမတွပင် ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ငါ့ကို ကျိုးရီ နဲ့ တူအောင် လုပ်ပေးပါ.. ဒါပေမဲ့ မျက်လုံးကိုတော့ ငါ့ညီလေးမျက်လုံးလို ပြင်ပေးပါ"
ကျိုက်ယန် “…...........”
ထိုနေ့ညနေတွင် နိုင်ငံတကာ သုတေသီများ ဗီဒီယိုအစည်းအဝေးတွင် နိုင်ငံအသီးသီးရှိ သုတေသနအဖွဲ့များမှ ပညာရှင်များ တက်ရောက်ခဲ့ကြသည်။
၎င်းတို့အားလုံးသည် ကျင့်ကြံခြင်း အနက်ရောင်နည်းပညာနယ်ပယ်တွင် ကမ္ဘာကျော်များ ဖြစ်ကြသည်။
ကျိုက်ယန်က ဝမ်မင်၏ ဘေးတွင် ထိုင်နေသည်။
ဖန်သားပြင်ပေါ်မှ လူများကို အပြင်တွင် မမြင်ဖူးသော်လည်းသိပ္ပံနည်းကျ မှော်ရတနာများ အကြောင်း တရားဝင် မဂ္ဂဇင်းများတွင် ရင်းနှီးပြီးသား မျက်နှာများ ဖြစ်သည်။
"ဘဲဥပုံမျက်နှာနဲ့ ရုပ်ချောချော ကောင်လေးရဲ့ နာမည်က ဘယ်လိုလဲ"
ကျိုက်ယန်က ဗီဒီယိုကို လက်ညှိုးထိုးပြ၍ မေးလိုက်သည်။
ထိုလူငယ်လေး၏ ရုပ်ရည်က မဆိုးပေ။
ကျိုက်ယန်က လူငယ်လေး၏ ရင်းနှီးသော မျက်နှာကို မဂ္ဂဇင်းတွင် ရင်းနှီးနေသော်လည်း နာမည်ကို မမှတ်မိတော့ချေ။
“သူ့ကို နည်းပညာရှင် ကျိုက်တီလင်းလို့ ခေါ်ကြတယ်.. အရင်က စမတ်ဘောပင်ကို ဖန်တီးခဲ့တယ်.. ဒီဘောပင်က တွက်ချက်မှုတွေအပြင် အဆင့်မီ သိပ္ပံနည်းကျ မှော်ရတနာတွေရဲ့ စွမ်းအားကိုတောင် အပိုထပ်ဆောင်း တွက်ချက်ပေးနိုင်တယ်.. မှင်ကုန်သွားရင်တောင် စက္ကူအသစ်အဖြစ် ပြောင်းလဲလို့ ရသေးတယ်.. ဒါက ပြောင်မြောက်တဲ့ ဖန်တီးမှုပဲ.. ဒီလို အမိုက်စားနည်းပညာကို ကမ္ဘာပေါ်က ဘယ်စာရေးကိရိယာ ကုမ္ပဏီမှ လိုက်မမီသေးဘူး"
“...........…”
“ဒီကိရိယာကို တီထွင်ခဲ့တုန်းကဆိုရင် သိပ္ပံအသိုင်းအဝိုင်းတစ်ဝက်လောက်က သူ့ကို ချီးကျုးခဲ့ကြတယ်.. ဒါပေမဲ့ ကျွမ်းကျင်သူ အချို့ကတော့ ဒီပစ္စည်းက ပညာရပ်ဆိုင်ရာ တရားမျှတမှုအပေါ် ပြင်းထန်စွာ သက်ရောက်မှု ရှိလိမ့်မယ်လို့ဆိုကြတယ်.. ဒါကြောင့် ယခုအချိန်အထိ ဒီပစ္စည်းကို ရောင်းချခြင်း မရှိသေးဘူး"
“ဒါဆို ဟိုနားက မျက်နှာလေးထောင့်ပုံစံနဲ့ အဒေါ်ကြီးက ဘယ်သူလဲ”
“ဒီအဒေါ်ကြီးက နိုင်ငံဖြတ်ကျော် ရေအောက်ဥမင်လိုဏ်ခေါင်းကို တီထွင်ခဲ့တဲ့ ဆရာမ ကျားထင်ယွဲ့ ပဲ.. သူမကလဲ အတော် အံ့သြဖို့ကောင်းတယ်...တကယ်တော့ သူမက ဟွာရှို့သွေးနှောနေတဲ့ နိုင်ငံခြားသား တစ်ယောက်ပဲ.. သူမက ဥမင်လိုဏ်ခေါင်းကို ဆောက်ပြီးနောက်မှာ ပင်လယ်ကိုဖြတ်သန်းပြီး မီရှို့နိုင်ငံကို ပြန်သွားခဲ့တယ်.. နောက်တော့ အဲဒီနေရာမှာပဲ အခြေချနေထိုင်ခဲ့ပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး”
အပိုင်း(၉၃၀) ပြီး၏