သုံးဘုံလောက
Vol. 111 Ch. 1651
လူသားဧကရာဇ်က ပြောလိုက်၏။
“ရှေးဟောင်းခေတ်တုန်းက လူသားမျိုးနွယ်က ကမ္ဘာဦးမျိုးနွယ် ၉စုကို ထောင့်တစ်နေရာဆီ တွန်းပို့နိုင်ခဲ့ရုံပဲ.. အပြီးတိုင် မချေမှုန်းနိုင်ခဲ့ဘူး.. တစ်ဖက်မှာတော့ အဲဒါက လူသားမျိုးနွယ်က ပျက်စီးဆုံးရှုံးမှုများစွာနဲ့ အနိုင်ရခဲ့ပြီး အားအင်ပြန်လည်ဖြည့်တင်းဖို့ လိုအပ်နေတာကြောင့်ပဲ”
“ကမ္ဘာဦးမျိုးနွယ် ၉စုရဲ့ အခြေခံအုတ်မြစ်က ခန့်မှန်းလို့ မရနိုင်လောက်အောင်ပဲ… ငါတို့က ဆက်ပြီး တိုက်ခိုက်မယ်ဆိုရင်တောင် လူသားမျိုးနွယ်အတွက် အကျိုးရှိမှာ မဟုတ်ဘူး”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
ရှေးဟောင်းခတ် စစ်ပွဲမှာတုန်းက နှစ်ဖက်စလုံးသည် ပျက်စီးထိခိုက်ဆုံးရှုံးခဲ့ရ၏။
သူတို့သည် အမှန်တကယ် အသေအကြေ တိုက်ခိုက်ကြမည်ဆိုလျှင် လူသားမျိုးနွယ်သည် ထျန်ဟွမ်ကုန်းမြေတိုက်၏ အရှင်သခင် ဖြစ်မလာဖို့ အခွင့်များပြီး ထိုအချိန်တုန်းက ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဘယ်လို အခြေအနေမျိုး ပေါ်ထွက်လာမလဲ ကြိုတင်ခန့်မှန်းကြည့်ဖို့ ခဲယဉ်းလေသည်။
“တစ်ဖက်မှာတော့ ငါက အထက်ဘုံက ပညာရှင်တွေ ဆင်းသက်လာမှာကို စိုးရိမ်နေခဲ့လို့ပဲ”
လူသားဧကရာဇ်က ဆက်ပြောလိုက်၏။
“ကမ္ဘာဦးမျိုးနွယ်တွေက အမှန်တကယ်ပဲ ချောင်ပိတ်ရိုက်ခံရမယ်ဆိုရင်… သူတို့အနေနဲ့ အထက်ဘုံက ပညာရှင်တွေကို ဆင့်ခေါ်မလာဘူးလို့ မပြောနိုင်ဘူး”
ဆူဇီမိုက အသံနှိမ့်၍ ပြောလိုက်၏။
“အဲ့လိုဆိုပေမဲ့.. အထက်ဘုံက ပညာရှင်တွေက ဆင်းသက်လာဖို့အတွက် အရမ်းကို မြင့်မားတဲ့ တန်ဖိုးတစ်ခုကို ပေးဆပ်ရမှာပဲ.. လူတိုင်းကတော့ ဆင်းလာနိုင်ကြမှာ မဟုတ်ဘူး”
“စီနီယာ… လူတိုင်းက ခင်ဗျားလိုမျိုး ဘာကိုမှ မငဲ့ကွက်ဘဲ အများလူထုကို ကယ်တင်ဖို့အတွက် အောက်ဘုံကို ဆင်းလာနိုင်မှာ မဟုတ်လောက်ဘူး”
လူသားဧကရာဇ်သည် အထက်ဘုံသို့ တက်လှမ်းသွားသည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့လေပြီ။
အတိအကျဆိုရလျှင်.. လူသားဧကရာဇ်သည် ထျန်ဟွမ်ကုန်းမြေတိုက်ရှိ လူသားမျိုးနွယ်နှင့် ဆက်လက်၍ ပတ်သက်ဆက်နွယ်ခြင်း မရှိတော့ပေ။
အထက်ဘုံက ပညာရှင်များကို မပြောနှင့်… လက်ရှိဧကရာဇ်များ၏ မျက်လုံးများထဲမှာပင်.. ဤလောကရှိ သက်ရှိများ အားလုံးက ပုရွက်ဆိတ်များသာသာ ဖြစ်လေသည်။
သို့သော်လည်း လူသားဧကရာဇ်သည် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်ရမည်ဆိုလျှင်တောင် သူက ဆင်းသက်လာဖို့ ရွေးချယ်ခဲ့၏။
“ပုံမှန်အခြေအနေအောက်မှာဆိုရင်.. အထက်ဘုံက ပညာရှင်တွေ ဆင်းသက်လာတဲ့အခါ ငါ့လိုမျိုး အခြေအနေတစ်ရပ်နဲ့ တကယ်ပဲ ကြုံတွေ့ရလိမ့်မယ်.. သူတို့က ကောင်းကင်နဲ့မြေကြီးရဲ့ ဟန့်တားနှောင့်ယှက်မှုကို ခံရပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေက ဖျက်ဆီးခံရလိမ့်မယ်.. သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကလည်း လျော့ကျသွားပြီး သူတို့က ပြင်းထန်တဲ့ ဒဏ်ရာတွေ များစွာကိုလည်း တွေ့ကြုံခံစားရလိမ့်မယ်”
လူသားဧကရာဇ်က ပြောလိုက်၏။
“ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်.. ကောင်းကင်နဲ့မြေကြီးမှာ ချို့ယွင်းချက်တွေ ရှိလာပြီး နိယာမတွေက ကသောင်းကနင်းဖြစ်လာတဲ့အခါ.. အဲဒီအခြေအနေတွေက အခုလိုမျိုး သိပ်သည်းပြင်းထန်မှု ရှိချင်မှ ရှိတော့မယ်.. ဒါမှမဟုတ်..”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
လူသားဧကရာဇ်က ဆက်မပြောသော်လည်း ဆူဇီမိုသည် ကြောက်စရာကောင်းသည့် ရလဒ်တစ်ခုကို ခန့်မှန်းမိလာခဲ့ပြီဖြစ်၏။
အဲဒီမှာ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခု ရှိလေသည်။
ကသောင်းကနင်းဖြစ်လာသော ကောင်းကင်နှင့်မြေကြီး နိယာများက အထက်ဘုံမှ ပညာရှင်များကို မငြင်းပယ်တော့ခြင်းပင်။
ဆိုလိုသည်မှာ.. အထက်ဘုံမှ ပညာရှင်များသည် ထိုအချိန်မှာ ဆင်းသက်လာမည်ဆိုပါက သူတို့သည် ထိခိုက်ဒဏ်ရာများ ကြုံတွေ့ရခြင်း သို့မဟုတ် သူတို့၏ ကျင့်ကြံမှုအဆင့်များ လျော့ကျခြင်းတို့ ရှိချင်မှ ရှိပေတော့မည်။ ထျန်ဟွမ်ကုန်းမြေတိုက်အတွက်တော့ အဲဒါက ကပ်ဆိုးတစ်ခု ဖြစ်လာပေလိမ့်မည်။
အောက်ဘက်မှာ ရှိသော ပညာရှင်များသည် ကောင်းကင်နှင့်မြေကြီး နိယာမများ၏ တည်ရှိမှုကြောင့်သာ ကာကွယ်ပေးခံထားရခြင်းဖြစ်၏။
အဲဒီမှာ ကောင်းကင်နှင့်မြေကြီး ချို့ယွင်းချက်များ ရှိလာပြီး နိယာမများ ကသောင်းကနင်း ဖြစ်လာမည်ဆိုလျှင် အထက်ဘုံမှ ပညာရှင်များသည် အောက်ဘုံသို့ အလွယ်တကူ ဆင်းသက်လာနိုင်ကြမည်ဖြစ်ပြီး ကမ္ဘာဦးမျိုးနွယ်များနှင့် ဧကရာဇ်များ အပါအဝင် သက်ရှိများအားလုံးသည် စဉ်းတီတုံးပေါ် ရောက်ရှိသွားသော ငါးများကဲ့သို့ ဖြစ်ကုန်ပေလိမ့်မည်။
ထိုစကားကို ဖော်ပြပြောဆိုချိန်မှာ လူသားဧကရာဇ်ကလည်း ညင်သာစွာ သက်ပြင်းချလိုက်၏။
သူ့မှာ ရွေးချယ်စရာ မရှိခဲ့ပေ။
သူသည် လောလောဆယ်မှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ဆင်းသက်လာဖို့ကိုသာ ရွေးချယ်နိုင်ခဲ့လေသည်။ ဆူဇီမိုက ပြောလိုက်၏။
“စီနီယာ.. အဲဒါက အဆိုးဆုံး အခြေအနေမှလို့ ခင်ဗျားကိုယ်တိုင် ပြောခဲ့တာပဲ… ဘာပဲပြောပြော ကောင်းကင်နဲ့မြေကြီး ချို့ယွင်းချက်တွေ ရှိလာပြီး နိယာမတွေက ကသောင်းကနင်း ဖြစ်လာမလားဆိုတာ ခင်ဗျားတောင်မှ သေချာမပြောနိုင်ဘူးမလား”
“အင်း”
လူသားဧကရာဇ်က ခေါင်းညိတ်ပြီး ခါးသီးစွာ ပြုံးပြလိုက်၏။
“ငါ့ရဲ့ ခွန်အားက မလုံလောက်သေးဘူး.. ငါက အထက်ဘုံလောကရဲ့ တကယ့် ထိပ်သီးပညာရှင်တစ်ယောက် ဖြစ်မယ်ဆိုရင်.. ငါက ကောင်းကင်နဲ့မြေကြီး နိယာမတွေကို လျစ်လျူရှုပြီး အထက်ဘုံနဲ့ အောက်ဘုံကြားမှာ လွတ်လပ်စွာ သွားလာနိုင်လိမ့်မယ်”
ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး သူ၏ စိတ်ထဲသို့ သွေးနီရောင် ပုံရိပ်တစ်ခုက ဖျတ်ခနဲ ဝင်ရောက်လာ၏။
အဲဒါက သူ၏ ဘဝတစ်လျှောက် ဘယ်တော့မှ မမေ့လျော့နိုင်မည့် အမျိုးသမီးတစ်ဦး ဖြစ်လေသည်။
တျဲယွဲ့..
တျဲယွဲ့အကြောင်း တွေးမိချိန်တွင် ဆူဇီမိုသည် သူ၏ နှလုံးခုန်နှုန်းက ပိုမိုမြန်ဆန်လာပြီး သူ၏ သွေးများက ဆူပွက်လာခဲ့လေသည်။
တျဲယွဲ့သည် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ရောက်ရှိလာခဲ့ဖူးလေသည်။
သို့သော်လည်း တျဲယွဲ့၏ ဆင်းသက်လာခြင်းက ဖြစ်စေ.. ထွက်ခွာသွားခြင်းက ဖြစ်စေ.. သူတို့သည် ကောင်းကင်နှင့်မြေကြီး နိယာမများကို ဖျက်ဆီးဖို့နေနေသာ.. အဲဒါသည် မည်သည့် လှုပ်ခတ်မှု သို့မဟုတ် ထျန်ဟွမ်ကုန်းမြေတိုက်အပေါ် မည်သည့် သက်ရောက်မှုမှ မဖြစ်စေခဲ့ပေ။
ထိုသို့ဆိုလျှင် တျဲယွဲ့သည် လူသားဧကရာဇ်ထက် ပိုပြီးတော့ အစွမ်းထက်သည်ဟု ဆိုလိုသည်လား။
“ဘာများဖြစ်လို့လဲ”
ဆူဇီမို၏ တစ်မူထူးခြားမှုကို ခံစားမိသွားပြီး လူသားဧကရာဇ်က ပြုံး၍ မေးလိုက်၏။
ဆူဇီမိုက ညင်သာစွာ ချောင်းဟန့်ပြီး အကဲစမ်း မေးမြန်းလိုက်၏။
“စီနီယာ… ခင်ဗျားက ထျန်ဟွမ်ကုန်းမြေတိုက်မှာ ပြိုင်ဘက်ကင်းပြီး မျိုးနွယ်စုတစ်သောင်းကို ချိုးနှိမ်ခဲ့တာပဲ.. ခင်ဗျားရဲ့ ပါရမီအလားအလာနဲ့ဆို ခင်ဗျားက အထက်ဘုံကို တက်လှမ်းတဲ့အခါ အဲဒီမှာ ထိပ်သီးပညာရှင်ထဲက တစ်ယောက် ဖြစ်နေဦးမှာမလား”
သူက တျဲယွဲ့အကြောင်းကို တိုက်ရိုက်မေးမြန်းခြင်း မပြုပေ။
သူ၏ စိတ်ခံစားချက်များက အလွန်တရာ တွေဝေရှုပ်ထွေးနေ၏။
သူသည် မျှော်လင့်တမ်းတမှုသာမက.. ကြောက်ရွံ့မှုကိုပါ ခံစားနေရ၏။
သူ၏ အမှတ်တမဲ့ မေးခွန်းက သူ၏ မျှော်လင့်ချက်များကို ပျက်စီးသွားစေမှာကို သူက စိုးရိမ်နေ၏။
ထိုစကားကို ကြားသောအခါ လူသားဧကရာဇ်က ရယ်မောလိုက်၏။
“အထက်ဘုံကို တက်လှမ်းလာနိုင်တဲ့ ဘယ်သူမဆို တစ်ခါတုန်းက လောကတစ်ခုကို အုပ်စိုးခဲ့ဖူးတဲ့ ပြန်ဝင်စား မွန်းစတားတွေပဲ”
လူသားဧကရာဇ်က သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
“နောက်ပြီး.. အထက်ဘုံလောကက ကျယ်ပြောလှတဲ့ လောကတစ်ထောင်နဲ့အတူ အရမ်းကို ကြီးမားကျယ်ပြန့်တယ်.. အဲဒီမှာ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စား မွန်းစတားတွေဆိုတာ ရေလို့တောင် မရဘူး… အထက်ဘုံနဲ့ ယှဉ်ရင် ထျန်ဟွမ်ကုန်းမြေတိုက်ဆိုတာ ဖုန်မှုန့်တစ်မှုန့်လို အရေးမပါ အရာမရောက်တဲ့ အစက်အပြောက်တစ်ခုပဲ.. အဲဒါက ဖော်ပြဖို့တောင် မထိုက်တန်ဘူး”
“ငါနဲ့ အထက်ဘုံလောကက ထိပ်သီးပညာရှင်တွေကြားမှာ အရမ်းကို ကွာဟနေတုန်းပဲ”
“ကျယ်ပြောလှတဲ့ လောကတစ်ထောင်လား”
ဆူဇီမို၏ အမူအရာက ငေးငိုင်သွားပြီး အလိုလိုပြန်မေးလိုက်၏။
လူသားဧကရာဇ်က ညင်သာစွာ ပြုံး၍ ရှင်းပြလိုက်၏။
“အဲဒါက အထက်ဘုံကို တက်လှမ်းပြီးမှ ကြုံတွေ့ရနိုင်တဲ့ တစ်စုံတစ်ရာပဲ.. ဒါပေမဲ့ မင်းကို အခုပြောလိုက်လို့လည်း ဘာမှတော့ မဖြစ်ပါဘူး”
“ဒဏ္ဍာရီအရဆို.. ဒီစကြာဝဠာထဲမှာ မတူညီတဲ့ အဆင့်တွေနဲ့ လောကအစုပေါင်း သုံးစုရှိတယ်.. အောက်ဆုံးမှာ ကမ္ဘာငယ်အစုပေါင်း တစ်ဘီလီယံ ရှိတယ်.. သဲမြစ်တစ်စင်းလိုပဲ.. သူတို့ကို ရေတွက်လို့ မရနိုင်ဘူး.. ထျန်ဟွမ်ကုန်းမြေတိုက်ဆိုတာ သူတို့ထဲက တစ်ခုပဲ”
“အာ…”
ဆူဇီမို၏ မျက်လုံးက ပြူးကျယ်သွားပြီး သူက တုန်လှုပ်သွားလေသည်။
လူသားဧကရာဇ်၏ စကားလုံးများက ဆူဇီမိုအပေါ် ကြီးမားသည့် ရိုက်ချက်တစ်ခု ဖြစ်လေသည်။
အစကတော့ သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ နတ်ဘုရားကုန်းမြေတိုက်အကြောင်း ကြားရစဉ်က… အဲဒီမှာ ထျန်ဟွမ်ကုန်းမြေတိုက်နှင့် နတ်ဘုရားကုန်းမြေတိုက်ကဲ့သို့ အခြားသော လောကများစွာ ရှိလိမ့်မည်ဟု သူက ခန့်မှန်းမိလေသည်။
သို့သော်လည်း ဤကဲ့သို့သော လောကပေါင်း ဘီလီယံနှင့်ချီ ရှိလိမ့်မည်ဟု သူက လုံးဝ ထင်မှတ်မထားပေ။
ထျန်ဟွမ်ကုန်းမြေတိုက်က ကမ္ဘာငယ်အစုတစ်ခုသာလျှင် ဖြစ်လေသည်။
အောက်ဘုံလောကများမှာ နှိုင်းယှဉ်လျှင်တောင် ထျန်ဟွမ်ကုန်းမြေတိုက်က ဘာမှမဟုတ်တော့ပေ။ စကြာဝဠာတစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင် အဲဒါက ပို၍ပင် အရေးမပါ အရာမရောက်နိုင်တော့ပေ။
ထိုခဏ၌ ဆူဇီမိုသည် သူက မနှိုင်းယှဉ်သာအောင် သေးငယ်မှုန်မွှားသွားသည်ဟု ခံစားရလေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်က ရေတွင်းတစ်တွင်းကဲ့သို့ ဖြစ်၏။
သူသည် ရေတွင်းထဲမှာ ရှိနေခဲ့ပြီး လက်တစ်ဖဝါးအရွယ် ကောင်းကင်ကိုသာ တွေ့မြင်နိုင်ခဲ့၏။
သို့သော်လည်း ရေတွင်းအပြင်ဘက်မှာ အကန့်အသတ်မဲ့ ကျယ်ပြောလှသော မိုးကောင်းကင်နှင့် ကြီးမားကျယ်ပြန့်သော လောကများ ရှိနေသည်ကို သူ မသိရှိခဲ့ပေ။
လူသားဧကရာဇ်သည် ဆူဇီမို၏ စိတ် တည်ငြိမ်လာသည်အထိ စောင့်ဆိုင်းပြီးမှ ဆက်ပြောလိုက်၏။
“ဗုဒ္ဓဘာသာကို မင်းရဲ့ နားလည်ဆင်ခြင်မှုက နက်ရှိုင်းနေပြီပဲ.. မင်းက သဲပုံထဲက လောကဆိုတဲ့ စကားကို ကြားဖူးမှာပေါ့”
“တကယ်တော့ အဲဒီစကားက သဲမြစ်တစ်စင်းလိုမျိုး ကမ္ဘာငယ်အစုပေါင်း တစ်ဘီလီယံကို ရည်ညွှန်းပြောဆိုတာပဲ”
ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့၏။
သဲပုံထဲက လောကဟူသော စကား၏ နောက်ကွယ်မှာ ဤကဲ့သို့သော အဓိပ္ပာယ်တစ်ခု ရှိနေလေသည်။
ဗုဒ္ဓသုတ္တန်များသည် အနာဂတ်မျိုးဆက်များ နားလည်ဆင်ခြင်ဖို့အတွက် ထိုလျှို့ဝှက်ချက်များကို ဖော်ပြထားခဲ့သည်မှာ ကြာခဲ့လေပြီ။
သို့သော်လည်း လူသားဧကရာဇ်က အဲဒါကို ဖော်ပြပြောဆိုခြင်း မရှိလျှင် သူက အရမ်းကို ကျယ်ပြောလှသည့် စကြာဝဠာတစ်ခုထဲမှာ ရှိနေသည်ကို ဆူဇီမိုက စဉ်းစားမိလိမ့်မည် မဟုတ်ပေ။
အဲဒီမှာ ထျန်ဟွမ်ကုန်းမြေတိုက်ကဲ့သို့ လောကအစုငယ်ပေါင်း တစ်ဘီလီယံ ရှိလေသည်။ အဲဒါက လူသားဧကရာဇ် ပြောဆိုသည့်အတိုင်းဆိုလျှင် အထက်ဘုံလောကမှာ ပြိုင်စံရှားများနှင့် ပြန်ဝင်စား မွန်းစတားများက တကယ်ပင် ရေတွက်လို့ မရနိုင်အောင် ရှိနေပေလိမ့်မည်။
“အောက်ဘုံလောကမှာ ကမ္ဘာငယ်အစုပေါင်း တစ်ဘီလီယံ ရှိတယ်ဆိုရင်.. အထက်ဘုံမှာရော”
ဆူဇီမိုက ထပ်မေးလိုက်၏။
“အဲဒီ အထက်ဘုံလို့ ခေါ်တဲ့ နေရာကို တကယ်တော့ လောကလတ်တစ်ထောင်နဲ့ စုဖွဲ့ထားတာပဲ… လောကလတ်တစ်ခုချင်းစီက ထျန်ဟွမ်ကုန်းမြေတိုက်ထက် အဆပေါင်းများစွာ ပိုပြီးကြီးမားတယ်”
လူသားဧကရာဇ်က ပြောလိုက်၏။
“ဥပမာ.. နတ်ဘုရားဘုံလောကနဲ့ စုန်းဘုံလောကဆိုတာ အထက်ဘုံလောကရဲ့ အစိတ်အပိုင်းတွေပဲ”
ခဏမျှ ရပ်တန့်ပြီးနောက်.. လူသားဧကရာဇ်က အနည်းငယ် တွေဝေတုံ့ဆိုင်းနေ၏။
“ဒဏ္ဍာရီအရဆို.. အထက်ဘုံလောကရဲ့ အပေါ်မှာ မဟာလောကအစုလို့ ခေါ်တဲ့ အရမ်းကို ကြီးမားကျယ်ပြန့်တဲ့ လောကတစ်ခု ရှိနေသေးတယ်”
“တကယ်တော့ ငါလည်း အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး များများစားစား မသိဘူး.. အဲဒါက ဒဏ္ဍာရီတစ်ခုပဲ”
“ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်.. အဲဒီမှာ ကမ္ဘာငယ်အစုပေါင်း တစ်ဘီလီယံ၊ ကမ္ဘာလတ် အစုတစ်ထောင်နဲ့ မဟာလောကအစုတစ်ခု ရှိတယ်.. သူတို့အားလုံးကို စုပေါင်းပြီး သုံးဘုံလောကလို့ ခေါ်တာပဲ”
ဆူဇီမိုသည် ဗုဒ္ဓသုတ္တန်များမှာ ယခင်က သုံးဘုံလောက အကြောင်းကို ဖတ်ရှုဖူးလေသည်။
အစကတော့ သူသည် သုံးဘုံလောက ဆိုသည်မှာ ထျန်ဟွမ်ကုန်းမြေတိုက်နှင့် နတ်ဘုရားကုန်းမြေတိုက်ကဲ့သို့ လောကများကို ပေါင်းစည်းထားသော လောကသုံးထောင်သာ ဖြစ်မည်ဟု တွေးထင်ထားလေသည်။
သို့သော်လည်း သုံးဘုံလောက၏ အစစ်အမှန် အဓိပ္ပာယ်မှာ လောကငယ်၊ လောကလတ်နှင့် မဟာလောကတို့ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်နေလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။