← Chapters

မဟာအရိုင်းကမ္ဘာ၏ မူလဇာစ်မြစ်

Vol. 111 Ch. 1652

မဟာအရိုင်းကမ္ဘာ၏ မူလဇာစ်မြစ်

Vol. 111 Ch. 1652

ထိုစကားကို ပြောပြီးနောက် လူသားဧကရာဇ်က ကောင်းကင်ထက်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်၏။

“ငါပြန်ရတော့မယ်... တခြားတစ်ဘက်မှာ ငါကာကွယ်ပေးရမယ့် သူတွေ အမျာကြီးရှိသေးတယ်”

ထိုစကားကိုကြားသောအခါ ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး အလောတကြီးမေးလိုက်၏။

“စီနီယာ... ခင်ဗျားက မဟာအရိုင်းကမ္ဘာကို ကြားဖူးလား”

“မဟာအရိုင်းကမ္ဘာလား”

လူသားဧကရာဇ်က အနည်းငယ်မှင်တက်သွားပြီး ခေါင်းညိတ်ပြလိုက်၏။

“မဟာအရိုင်းကမ္ဘာက အကြမ်းကြုတ်ဆုံးနဲ့ သားရဲတောကောင်တွေ ကျင်လည်ကျက်စားပြီး အရမ်းကို သန်မာတဲ့ အထက်ဘုံလောကထဲက တစ်ခုပဲ... အဲ့ဒါက အထက်ဘုံလောကမှာ အသန်မာဆုံး ကမ္ဘာတွေထဲက တစ်ခုလို့ဆိုနိုင်တယ်”

ဆူဇီမို၏ မျက်လုံးက စိတ်အားမာန်တက်ကြွမှုဖြင့် ပြည့်နှက်လာ၏။

သူ့ကျင့်ကြံမှု၏ ဤအဆင့်၌ သူသည် နောက်ဆုံးမှာ တိကျသောသတင်းကို ရရှိလိုက်လေပြီ။

မဟာအရိုင်းကမ္ဘာသည် အလတ်ကမ္ဘာများထဲမှ တစ်ခုဖြစ်လေသည်။

သူသည် အထက်ဘုံသို့ အောင်မြင်စွာတက်လှမ်းနိုင်သည်နှင့်အမျှ သူသည် တျဲယွဲ့နှင့် တွေ့ဆုံခွင့်ရှိလာပေလိမ့်မည်။

ဆူဇီမိုသည် တျဲယွဲ့နှင့် ဝေးကွာသေးသော်လည်း သူတို့နှစ်ယောက်က ယခင်ကထက် ပို၍နီးကပ်လာသည်ဟုခံစားရ၏။

သူက ထွက်ခွာတော့မည့်ဆဲဆဲမှာပင် ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့စိတ်ထဲ အတန်ကြာရှိနေခဲ့သည့် မေးခွန်းတစ်ခုကို မေးလိုက်၏။

“စီနီယာလူသားဧကရာဇ်... ခင်ဗျားက တျဲယွဲ့ကိုသိလား”

“တျဲယွဲ့လား”

လူသားဧကရာဇ်က ခဏမျှ စဥ်းစားတွေးတောပြီးနောက် သူ၏ ခေါင်းကို ခါယမ်းပြလိုက်၏။

ဆူဇီမိုက စိတ်ထဲကနေ သက်ပြင်းချပြီး သူ၏ စိတ်ထဲမှာ စိတ်ပျက်လက်ပျက်ဖြစ်မှုက ထင်ဟပ်လာ၏။

သို့သော်လည်း သူက အလျင်အမြန်နားလည်သဘောပေါက်သွား၏။

အထက်ဘုံလောကက အရမ်းကိုကြီးမားကျယ်ပြန့်လေသည်။

အလယ်အလတ်အဆင့် ကမ္ဘာတစ်ထောင်ဖြင့် အဲ့ဒါကို ဖွဲ့စည်းထားပြီး အလယ်အလတ်အဆင့် ကမ္ဘာတစ်ခုချင်းစီသည် မရေမတွက်နိုင်သော ထျန်ဟွမ်ကုန်းမြေတိုက်များကို ဝင်ဆံ့စေနိုင်လေသည်။

လူသားဧကရာဇ်သည် မဟာအရိုင်းကမ္ဘာမှမဟုတ်သောကြောင့် သူက တျဲယွဲ့ကို မကြားဖူးသည်မှာ သဘာဝကျလေသည်။

မည်သို့ပင်ဆိုစေ... ဤတစ်ခေါက်မှာ သူသည် မဟာအရိုင်းကမ္ဘာ၏ မူလဇာစ်မြစ်အကြောင်းကို ရှာဖွေတွေ့ရှိနိုင်ခဲ့၏။

အဲ့ဒါက သူ့ကို စိတ်ဓာတ်လှုံ့ဆော်မှုတစ်ခုပေးနိုင်လေသည်။

လူသားဧကရာဇ်က သူ၏ လက်ဖဝါးကိုမြှောက်ပြီး လူသားဧကရာဇ်စုတ်တံကို နန်းတော်အစောင့်အရှောက်အား ပြန်ပေးကာ ခေါင်းညိတ်ပြလိုက်၏။

“ယွဲ့ဟွာ... မင်းလုပ်တာတော်တယ်... ဒီနှစ်တွေထဲမှာ မင်းက လူသားဧကရာဇ်နန်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရတာ ခက်ခဲနေခဲ့မှာပဲ”

“လောလောဆယ်တော့... ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ အရေးကိစ္စက အဆုံးသတ်သွားပြီ... မင်းက အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ဖို့ အချိန်ကျနေပြီ... မင်းနောက်ထပ်အချိန်ထပ်ဆွဲပြီး မင်းရဲ့သွေးချီက ယိုယွင်းလာမယ်ဆိုရင်... အထွတ်အထိပ်ကပ်ဘေးကနေ မင်းရှင်သန်ဖို့အခွင့်အရေးက အရမ်းကိုလျော့ကျသွားလိမ့်မယ်”

“ကျေးဇူးတင်ပါတယ်ဆရာ”

နန်းတော်အစောင့်အရှောက်က လူသားဧကရာဇ်စုတ်တံကို လက်ခံလိုက်ပြီး ရိုသေလေးစားစွာ ဦးညွတ်လိုက်၏။

“နောက်ထပ် နန်းတော်အစောင့်အရှောက်နေရာအတွက် လျာထားတဲ့လူတစ်ယောက်ယောက်ရှိလား”

လူသားဧကရာဇ်က မေးလိုက်၏။

ယွဲ့ဟွာသည် အထွတ်အထိပ်ကပ်ဘေးကို မဖြတ်ကျော်ခဲ့သည်မှာ နောက်ထပ်အရေးကြီးသော အကြောင်းပြချက်တစ်ခုရှိနေလိမ့်မည်ကို သူကောင်းကောင်းသိလေသည်။

သူသည် လူသားဧကရာဇ်နန်းတော်အတွက် သင့်တော်သော အရိုက်အရာဆက်ခံသူတစ်ယောက်ကို ရှာမတွေ့သောကြောင့်ဖြစ်နိုင်လေသည်။

“အခုထိတော့ မရှိသေးပါဘူး”

နန်းတော်အစောင့်အရှောက်က သက်ပြင်းချပြီး သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းပြလိုက်၏။

လူသားဧကရာဇ်နန်းတော်၏ အရိုက်အရာဆက်ခံသူသည် တစ်မူထူးခြားသော ပါရမီအရည်အချင်းနှင့် ကြောက်စရာကောင်းသော တိုက်ခိုက်ရည်စွမ်းအားကိုသာ လိုအပ်သည်မဟုတ်ပေ။

ထို့အပြင် သူသည် သန်မာအားကောင်းသော စိတ်ပိုင်းဆိုင်ရာ ခံယူချက်တစ်ခုကို လိုအပ်လေသည်။

သမိုင်းတစ်လျှောက်မှာ စွမ်းအားကြီးမားသော ဧကရာဇ်များစွာရှိခဲ့လေသည်။

သို့သော်လည်း သူတို့ထဲမှအများစုသည် ဒီဘက်မျိုးဆက်၏ ဧကရာဇ်များကဲ့သို့ သူတို့၏ ကိုယ်ပိုင်ကျင့်ကြံမှုများကိုသာ ဂရုစိုက်ပြီး လူသားမျိုးနွယ်၏ လုံခြုံစိတ်ချရမှုကို လျစ်လျူရှုထားမည်ဆိုလျှင် သူတို့သည် လူသားဧကရာဇ်နန်းတော်၏ အရိုက်အရာဆက်ခံသူဖြစ်လာဖို့ အရည်အချင်းပြည့်မီလိမ့်မည် မဟုတ်ပေ။

ဘွဲ့အားဖြင့် အဲ့ဒါသည် လူသားဧကရာဇ်နန်းတော်၏ နန်းတော်အစောင့်အရှောက်၏ အရိုက်အရာဆက်ခံသူသာ ဖြစ်လေသည်။

သို့သော်လည်း တကယ်တမ်းမှာတော့ အဲ့ဒါသည် ထျန်ဟွမ်ကုန်းမြေတိုက်နှင့် လူသားမျိုးနွယ်ကို ကာကွယ်ရမည့် အရိုက်အရာဆက်ခံသူဟု အဓိပ္ပါယ်ရလေသည်။

“အဲ့ဒါဆိုရင်... မင်းအတွက် ငါလူတစ်ယောက်ကို ထောက်ခံပေးနိုင်တယ်”

လူသားဧကရာဇ်၏ အကြည့်က မလှမ်းမကမ်းရှိ ပုံပြောအဖိုးအိုရှိရာသို့ ရွေ့လျားဆင်းသက်သွားလေသည်။

လူသားဧကရာဇ်၏ အသိအမှတ်ပြုမှုကို ရရှိသည်မှာ ဂုဏ်ယူဖွယ်ရာဖြစ်လေသည်။

ပုံပြောအဖိုးအို၏ မျက်နှာက နီးမြန်းသွားပြီး ရုတ်တရက် သူ၏ ခါးကို မတ်လိုက်လေသည်။

သူ၏အမြုတေ ၊ ချီနှင့် စိ​တ်ဝိညာဥ်တို့က သူတို့၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်ဟု ထင်ရလေသည်။

လက်ရှိကျင့်ကြံသူများအားလုံးက ညင်သာစွာ သက်ပြင်းချလိုက်၏။

ပုံပြောအဖိုးအိုသည် မသေဆုံးခင် နောက်ဆုံးအခိုက်အတန့်မှာ သေပန်းပွင့်နေသည်ဟု သူတို့အားလုံးက ပြောနိုင်လေသည်။

သိပ်မကြာခင် ပုံပြောအဖိုးအိုက ဤနေရာမှာ သေရပေလိမ့်မည်။

“ဟင့်အင်း”

နန်းတော်အစောင့်အရှောက်က ပြောလိုက်၏။

“တကယ်ပဲ... သူ့ရဲ့ စိတ်နေစရိုက်နဲ့ဆိုရင် သူက လူသားဧကရာဇ်နန်းတော်ကို အမွေဆက်ခံနိုင်တယ် ဒါပေမဲ့ သူက အန္တိမနတ်ဘုရားစွမ်းအား သုံးခုကိုပဲ နားလည်ဆင်ခြင်ထားတယ်... သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက မလုံလောက်ဘူး”

“ပိုပြီးအရေးကြီးတာက သူ့မှာဘဝသက်တမ်းများများစားစား မကျန်ရှိတော့ဘူး”

နန်းတော်အစောင့်အရှောက်က သနားဂရုဏာသက်သည့်အကြည့်တစ်ခုကို ထုတ်ဖော်ပြသလိုက်၏။

ပုံပြောအဖိုးအိုသည် ဤတစ်ခေါက်မှာ လူသားဧကရာဇ်ကို အတင်းအကျပ် ဆင့်ခေါ်ဖို့အတွက် အလွန်တရာ ဆိုးဝါးသော တန်ဖိုးတစ်ခုကိုပေးဆပ်ခဲ့ရပြီး သူ၏ ဘဝသက်တမ်းအားလုံးနီးပါးက ကုန်ခန်းသွားခဲ့လေသည်။

“အခုလို မြင့်မြင့်မားမားသတ်မှတ်ပေးတာ ကျေးဇူးတင်ပါတယ် စီနီယာလူသားဧကရာဇ် “

သူက ပြုံးပြလိုက်၏။

“ဒါပေမဲ့... ကျုပ်မှာ အချိန်များများစားစားမကျန်တော့ဘူး... ကျုပ်က လူသားဧကရာဇ်နန်းတော်ရဲ့ အမွေအနှစ်ကို ဆက်ခံဖို့ ခွန်အားမကျန်ရှိတော့ဘူးလို့ခံစားနေရတယ်... အခု ကျုပ်က ခင်ဗျားရဲ့ အသိအမှန်ပြုမှုကိုရရှိလိုက်တယ်ဆိုတော့... ကျုပ်သေပျော်ပါပြီ”

“ဆရာ...”

လင်းရွှမ်ကျီက ပုံပြောအဖိုးအိုရှေ့သို့ ရောက်ရှိလာပြီး ဒူးထောက်ချလိုက်၏။

အစကတော့... လူသားမျိုးနွယ်သည် အန္တရာယ်ကနေ လွတ်မြောက်လာခြင်းမှာ ဝမ်းသာစရာကိစ္စတစ်ခုဖြစ်လေသည်။ သို့သော်လည်း လင်းရွှမ်ကျီသည် ထိုအခိုက်အတန့်မှာ မည်သည့်ပျော်ရွှင်မှုကိုမှ မခံစားရတော့ပေ။

သူသည် သူ့ဆရာကို အသိအမှတ်ပြုလိုက်သည့်အချိန်မှစ၍ သူသည် ပုံပြောအဖိုးအိုကို အမြဲတမ်းလိုလို နောက်ပြောက်ကျီစယ်နေခဲ့၏။

သူသည် ပုံပြောအဖိုးအို၏ ရှေ့မှာ ကျင့်ဝတ်ထုံးတမ်းများ သို့မဟုတ် ဝါစဥ်အနိမ့်အမြင့်အရ ပြုမူဆက်ဆံခြင်းများကို ဘယ်တော့မှ ပြုလုပ်ခဲ့ခြင်း မရှိပေ။

အဲ့ဒါသည် အခြားသော စည်းကမ်းတင်းကျပ်၍ ရှေးရိုးစွဲကျင့်ကြံသူတစ်ယောက်သာဆိုလျှင် သူတို့သည် လင်းရွှမ်ကျီကို တပည့်အဖြစ်ကနေ စွန့်လွှတ်လိုက်သည်မှာ ကြာခဲ့လေပြီ။

သို့သော်လည်း ပုံပြောအဖိုးအိုက အဲ့ဒါကို စိတ်ထဲမှာ ထည့်မှတ်မထားပေ။

လင်းရွှမ်ကျီသည် ပုံပြောအဖိုးအို၏ ရှေ့မှာ ဤကဲ့သို့သော စိတ်ခံစားချက်များကို ဘယ်တုန်းကမှ ထုတ်ဖော်ပြသခဲ့ခြင်းမရှိပေ။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူသည် ပုံပြောအဖိုးအို၏ ရှေ့မှာ ဒူးထောက်ချပြီး သူ၏ အင်္ကျီပေါ်သို့ မျက်ရည်များက စီးကျနေ၏။

“အဲ့ဒါက ကိစ္စမရှိပါဘူး”

လူသားဧကရာဇ်က ညင်သာစွာ ပြုံးပြလိုက်၏။

“မင်းက အဲ့ဒီလျှို့ဝှက်အတတ်ကို ထုတ်ဖော်ရင်းနဲ့ မင်းရဲ့ ဘဝသက်တမ်းက ကုန်ခန်းသွားမယ်ဆိုတာ လင်းလုံက သိထားတယ်... ငါဆင်းသက်လာတုန်းက သူကငါ့နဲ့ ဆေးလုံးတစ်လုံးထည့်ပေးခဲ့တယ်”

ထိုသို့ပြောရင်း သူက ကောင်းကင်ထက်ရှိ တလက်လက်တောက်ပနေသော အက်ကွဲကြောင်းဆီသို့ လက်ညိုးထိုးပြလိုက်လေသည်။

ထိုအခါမှသာ လူတိုင်းသည် လေထဲမှာ လွင့်မျောနေသော ကျောက်စိမ်းပုလင်းလေးတစ်လုံးကို သတိထားမိသွားကြ၏။

အဲ့ဒါသည် လူသားဧကရာဇ်၏ ခန္ဓာကိုယ် ကြေမွပျက်စီးသွားစဥ်က လွင့်ကျလာခဲ့သော တစ်စုံတစ်ရာဖြစ်လေသည်။

သို့သော်လည်း နောက်ပိုင်းမြင်ကွင်းများက အရမ်းကိုတုန်လှုပ်စရာကောင်းနေခဲ့ပြီး မည်သူကမှ ထိုပုလင်းလေး၏ တည်ရှိမှုကို သတိမထားမိခဲ့ပေ။

ဆေးပုလင်းငယ်သည် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေခဲ့ပြီဖြစ်၏။ ၎င်းသည် အထက်ဘုံလောကကနေ ဆင်းသက်လာရခြင်းဖြင့် သိပ်သည်းပြင်းထန်သော ထိတွေ့ရိုက်ခတ်မှုတစ်ခုကို တွေ့ကြုံခံစားခဲ့ရပြီးလေပြီ။

“ကံကောင်းလို့ ဒီဆေးပုလင်းထဲက ဆေးလုံးက အကောင်းတိုင်းရှိသေးတယ်”

လူသားဧကရာဇ်က ပုလင်းထဲကနေ ဆေးလုံးကိုထုတ်ယူပြီး သူ၏ လက်ညိုးကို တောက်ထုတ်ကာ အဲ့ဒါကို ပုံပြောအဖိုးအိုရှေ့သို့ ရောက်ရှိသွားစေလေသည်။ သူက မသိမသာခေါင်းညိတ်ပြလိုက်၏။

“အဲ့ဒီဆေးလုံးကို စားလိုက်”

“အဲ့ဒီဆေးလုံးကို အထက်ဘုံလောကက အင်မော်တယ် ဆေးပင်ဆေးမြစ်တွေသုံးပြီး လင်းလုံကိုယ်တိုင် သန့်စင်ထားတာ... အဲ့ဒါက လူတစ်ယောက်ရဲ့ ဘဝသက်တမ်းကို တိုးစေနိုင်တဲ့ အင်မော်တယ်ဆေးလုံးတစ်လုံးပဲ”

လူသားဧကရာဇ်က ရှင်းပြလိုက်၏။

“ဟာ..”

ပုံပြောအဖိုးအိုက ရင်တစ်ချက်ထိတ်သွား၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှာ ကျင့်ကြံသူတစ်ယောက်သည် ဧကရာဇ်အဆင့်သို့ ရောက်ရှိလာသည်နှင့် လူတစ်ယောက်၏ ဘဝသက်တမ်းကိုတိုးမြင့်စေနိုင်သည့် မည်သည့်ဆေးလုံးမဆို သူတို့ပေါ်မှာ အကျိုးသက်ရောက်မှုရှိတော့မည် မဟုတ်ပေ။

ယခု... လူသားဧကရာဇ်သည် နတ်မိမယ်လင်းလုံကိုယ်တိုင် သန့်စင်ထားသော အင်မော်တယ်ဆေးလုံးတစ်လုံးနှင့်အတူ ဆင်းသက်လာခဲ့လေသည်။

လူသားဧကရာဇ်က ပြောလိုက်လေသည်။

“တကယ်တော့... ဒီအင်မော်တယ်ဆေးလုံးက လူတစ်ယောက်ရဲ့ဘဝသက်တမ်းသိပ်အများကြီးကိုတော့ တိုးစေနိုင်မှာ မဟုတ်ဘူး”

“အဲ့ဒါက... ရပါတယ်.. ရပါတယ်”

ပုံပြောအဖိုးအိုက စိတ်လှုပ်ရှားနေပြီး အင်မော်တယ်ဆေးလုံးကို အလောတကြီးလက်ခံယူကာ အဲ့ဒါကို တစ်ခါတည်းမျိုချလိုက်၏။

သေရတော့မည့်သူများအတွက် သူတို့၏ ဘဝသက်တမ်းက ဘယ်လောက်ပင်တိုးလာနိုင်သည်ဖြစ်စေ.. သူတို့က အနည်းဆုံးတော့ ရှင်သန်နိုင်ပေလိမ့်မည်။

ဒါ့အပြင် သူတို့က ရှင်သန်နိုင်သည်နှင့်အမျှ မျှော်လင့်ချက်ရှိလာပေလိမ့်မည်။

အနည်းဆုံးတော့ ပုံပြောအဖိုးအိုသည် အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ဖို့ကြိုးပမ်းပြီး အဲ့ဒါကို စွန့်စားကြည့်ဖို့ ရွေးချယ်နိုင်လေသည်။

ခဏမျှရပ်တန့်ပြီးနောက် လူသားဧကရာဇ်က ဆက်ပြောလိုက်၏။

“တကယ်တော့... အဲ့ဒါက မင်းရဲ့ဘဝသက်တမ်း... နှစ်သောင်းချီလောက်ကိုပဲ တိုးစေနိုင်လိမ့်မယ်”

ပုံပြောအဖိုးအိုက မှင်တက်သွား၏။

“ဟာ...”

လူအုပ်ကြီးထဲမှ ပင့်သက်ရှိုက်သံများကလည်း ထွက်ပေါ်လာ၏။

ဘဝသက်တမ်းနှစ်ပေါင်းသောင်းချီကို တိုးမြှင့်ပေးနိုင်ခြင်း...။

ပုံပြောအဖိုးအိုသည် ဤဆေးလုံးကိုစားသုံးပြီးနောက် သူ၏ အထွတ်အထိပ်အရွယ်သို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်ဟု ဆိုလိုသည် မဟုတ်ပါလား။

“စီနီယာလူသားဧကရာဇ်က ဒီစကားကိုပြောဖို့ တော်တော်ကိုရဲတင်းတာပဲ”

ဖက်တီးလေးက ဘေးကနေ တီးတိုးရေရွတ်လိုက်၏။

ရှစ်ကျန့်ကလည်း အထင်ကြီးလေးစားသည့်ပုံပေါ်လာ၏။

“ထာဝရလူသားဧကရာဇ်ဆိုတဲ့အတိုင်းပဲ... ဘဝသက်တမ်း နှစ်ပေါင်းသောင်းချီတိုးလာစေတာက သူ့မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူးပဲ”

အင်မော်တယ်ဆေးလုံးက ပုံပြောအဖိုအို၏ အစာအိမ်ထဲသို့ဝင်ရောက်သွားသည့်ခဏမှာပင် ကြောက်စရာကောင်းသော အသက်ဓာတ်အားလှိုင်းတစ်ခုက ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ် ၊ မျိုးဆက်သွေး ၊ ကိုယ်တွင်းအင်္ဂါနှင့် အမြုတေစိတ်ဝိညာဥ်များထံသို့ အလျင်အမြန်စီးဆင်းသွားလေသည်။

ပုံပြောအဖိုးအို၏ ဆံပင်ဖြူများက ကျွတ်ကျသွားပြီး သူ၏ အနက်ရောင်​ဆံပင်များက မြင်နိုင်သောနှုန်းထားဖြင့် ထွက်ပေါ်လာခဲ့၏။

သူ့မျက်နှာပေါ်ရှိ အရေးအကြောင်းများက ပျောက်ကွယ်သွားပြီး သူ၏ မုတ်ဆိတ်များက မရှိတော့ပေ။ သူသည် ပကတိကျန်းမားသည့်ပုံပေါ်လာခဲ့၏။

လင်းရွှမ်ကျီက မှင်တက်သွားပြီး သူ၏ မျက်လုံးများက မျက်ရည်များဖြင့် ပြည့်နှက်နေဆဲ ဖြစ်ကာ လုံးဝကြက်သေသေနေလေသည်။

ဘာတွေဖြစ်ကုန်တာပါလဲ...။

ထိုအဖိုးကြီးသည် တစ်ခဏချင်းမှာပင် သူ၏ လူငယ်ဘဝကို ပြန်လည်ရရှိသွားပြီး သူက သူ့ထက်ပင် ပို၍ငယ်ရွယ်သည့်ပုံပေါ်လာလေသည်။

သူအော်ငိုခဲ့တာက အလကားသက်သက်ပဲလား။

“တပည့်ကျော်... မြန်မြန်ထတော့”

ပုံပြောအဖိုးအိုက လင်းရွှမ်ကျီကိုကြည့်ပြီး ပြုံးစစဖြင့် ပြောလိုက်လေသည်။ သူ၏မျက်လုံးများက လှောင်ပြောင်သရော်လိုမှုဖြင့် ပြည့်နေ၏။

“လခွမ်းပဲ”

လင်းရွှမ်ကျီသည် လှစ်ခနဲဆို မြေပြင်ပေါ်ကနေ ကျုံးထပြီး လှည့်ထွက်သွားလေသည်။ သူက သူ့မျက်နှာပေါ်မှ မျက်ရည်များကိုပက် သုတ်ဖယ်ခြင်းမရှိဘဲ အံကြိတ်ကာပြောလိုက်လေသည်။

“အဖိုးကြီး... ခင်ဗျားက ဘာကျင့်ဝတ်သိက္ခာမှ လုံးဝမရှိတဲ့လူပဲ... ခင်ဗျားကျုပ်ကို ဘယ်လိုတောင် သရော်ရဲတာလဲ”

All Chapters