← Chapters

လူသားဧကရာဇ်၏ အမွေအနှစ်

Vol. 111 Ch. 1653

လူသားဧကရာဇ်၏ အမွေအနှစ်

Vol. 111 Ch. 1653

လူသားဧကရာဇ်သည် လူသားဧကရာဇ်စုတ်တံကို နန်းတော်အစောင့်အရှောက်ထံပြန်ပေးပြီး ပုံပြောအဖိုးအိုကို အင်မော်တယ်ဆေးလုံးတစ်လုံးပေးလိုက်လေသည်။

ဆိုလိုသည်မှာ နောက်လာမည့်နန်းတော်အစောင့်အရှောက်က ဒီဘက်မျိုးဆက်၏ ဂမ္ဘီရဧကရာဇ်ဖြစ်လာပေလိမ့်မည်။

ယခုအချိန်မှာ လူသားဧကရာဇ်ထံတွင် သူ၏ ကြေးမုံနှင့် ချိတ်စည်း ဧကရာဇ်လက်နက်နှစ်ခုသာလျှင် ကျန်တော့လေသည်။

လူသားဧကရာဇ်၏က ဘေးတိုက်တစ်ချက်ကြည့်ပြီး သူ၏ အကြည့်က လေဟာနယ်ကို ထိုးဖောက်ကာ ကောင်းကင်ဖြန့်ကြက်တောင်ကြောရိုးပေါ်ရှိ ထောင့်တစ်နေရာသို့ ဆင်းသက်သွားသည်ဟု ထင်ရလေသည်။

အဲ့ဒီမှာ မီးခိုးဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဆံပင်ရှည်နှင့် အမျိုးသားတစ်ယောက်ရှိလေသည်။ သူ၏ နှာရောင်ပေါ်မှာ သွေးရောင်ဒဏ်ချက်တစ်ခုရှိနေပြီး သူ၏ မျက်လုံးများက ကြည်လင်တောက်ပနေ၏။ သူ၏ အကြည့်က နူးညံ့သိမ်မွေ့နေပြီး အဲ့ဒီမှာ အဆုံးမဲ့ဉာဏ်ပညာပါဝင်နေသည့်အလားပင်။ သို့သော်လည်း သူ့ထံမှ အလွန်တရာဆိုးယုတ်သော အော်ရာတစ်ခုကလည်း ဖြာထွက်နေ၏။

လုံးဝဆန့်ကျင်ကွဲလွဲသော အော်ရာနှစ်ခုက ဤအဖြူရောင်ဝတ်လူထံကနေ ဖြာထွက်နေ၏။

ဤအဖြူရောင်လူသည် တစ်ခါတုန်းက လူသားဧကရာဇ်နန်းတော်ထဲသို့ ဝင်ရောက်ခဲ့ဖူးပြီး သူ၏ အမွေအနှစ်ကိုလည်း လက်ခံရရှိခဲ့ဖူးလေသည်။

လူသားဧကရာဇ်သည် စောစောက ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များနှင့်တိုက်ခိုက်ခဲ့စဥ်က သူသည် လူသားဧကရာဇ်ကြေးမုံကို ဤလူ့ထံကနေ ပြန်လည်ရယူခဲ့ခြင်းဖြစ်လေသည်။

ခဏမျှစဥ်းစားဆင်ခြင်ပြီး​နောက် လူသားဧကရာဇ်သည် သူ၏ လက်ကို မြှောက်ကာ လူသားဧကရာဇ်ကြေးမုံကို ပစ်ထုတ်လိုက်၏။ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲပြီး ၎င်းသည် ကောင်းကင်ဖြန့်ကြက်တောင်ကြောရိုးဆီသို့ ဝင်ရောက်ကာ အဖြူရောင်ဝတ်အမျိုးသား၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့၏။

အဖြူရောင်ဝတ်အမျိုးသားက တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုနှင့်အတူ ဆတ်ခနဲတုန်ယင်သွားလေသည်။

လူသားဧကရာဇ်၏ အစွမ်းအစနှင့် အတွေ့အကြုံအရ သူက တစ်နည်းတစ်ဖုံ လွဲမှားနေသည်ကို ထိုသူက သေချာပေါက်ပြောနိုင်လိမ့်မည်ဟု သူယုံကြည်လေသည်။

သို့သော်လည်း လူသားဧကရာဇ်သည် လူသားဧကရာဇ်ကြေးမုံကို သူ့ထံသို့ ပြန်လည်လက်လွှဲပေးခဲ့ဆဲ ဖြစ်၏။

အဲ့ဒါက အသံတိတ်ယုံကြည်မှုတစ်ခုဖြစ်လေသည်။

အဖြူရောင်ဝတ်လူသည် ညင်သာစွာ သက်ပြင်းချပြီး လူသားဧကရာဇ်ကြေးမုံကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထား၏။ သူက လူသားဧကရာဇ်ရှိရာဘက်သို့ အလေးအနက်ဦးညွှတ်ပြီး ဗုဒ္ဓမေတ္တာစာတစ်ခုကို တိုးတိတ်စွာရွတ်ဆိုလိုက်၏။

ပဟေဠိနန်းတော်မှာ ဆူဇီမိုသည် လူသားဧကရာဇ်၏ အပြုအမူကို သတိထားမိပြီး သူက ရင်တစ်ချက်ထိတ်သွား၏။

လူသားဧကရာဇ်ကြေးမုံ ဆင်းသက်သွားရာနေရာကို တခြားသူတွေက သိရှိချင်မှ သိရှိပေလိမ့်မည်။ သို့သော်လည်း အဲ့ဒါက ကိုယ်တော်တာမင်း၏ လက်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်ဆိုတာကို သူကောင်းကောင်းသိလေသည်။

တစ်နည်းအားဖြင့်ဆိုလျှင် ကိုယ်တော်တာမင်းသည် ကောင်းကင်ဖြန့်ကြက်တောင်ကြောရိုးမှာ ရှိနေဆဲပင်ဖြစ်၏။

သူသည် တစ်စုံတစ်ရာကို ပြန်လည်အမှတ်ရလိုက်သည့်အလား ဆူဇီမိုက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်လေသည်။

“ငါ့ရဲ့ မိတ်ဆွေလေး အထီးကျန်သိုင်းသခင်... အခု မင်းခန္ဓာကိုယ်ကို ပြန်ပေးရတော့မယ့်အချိန်ပဲ”

လူသားဧကရာဇ်၏ အသံက တစ်ဖန်ထွက်ပေါ်လာ၏။

လူသားဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်က အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ဦးခေါင်းထဲကနေ လှစ်ခနဲထွက်ခွာသွားပြီး ကျိန်းစပ်နေသော အဖြူရောင်အလင်းနှင့်အတူ တောက်ပနေသည့် မိုးကောင်းကင်ထက်မှ အက်ကွဲကြောင်းရှိရာသို့ ပျံသန်းသွားလေသည်။

“လူသားဧကရာဇ်”

များစွာသော ကျင့်ကြံသူများသည် လူသားဧကရာဇ်ထွက်ခွာသွားသည်ကို တွေ့မြင်သောအခါ နှမြောတမ်းတသော အမူအရာများကို ထုတ်ဖော်ပြီး အော်ဟစ်လိုက်ကြ၏

လူသားဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်က လူသားဧကရာဇ်နန်းတော်ဘေးသို့ ရောက်ရှိလာသောအခါ ရုတ်တရက်ရပ်တန့်သွား၏။

သူ့စိတ်ဝိညာဥ်အသိစိတ်၏ အတွေးတစ်ချက်နှင့်အတူ လူသားဧကရာဇ်နန်းတော်ထဲကနေ ရှည်လျားသော အနက်ရောင်စာလိပ်တစ်လိပ်က ပျံသန်းထွက်ပေါ်လာ၏။

မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် ငေးငိုင်စွာဖြင့် အရာရာတိုင်းကိုကြည့်နေကြ၏။

လူသားဧကရာဇ်၏ စိတ်ဆန္ဒကို မည်သူကမှ မသိရှိကြပေ။

နန်းတော်အစောင့်အရှောက်ကတော့ တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပုံရပြီး သူက လူသားဧကရာဇ်၏ ဘေးသို့ ရောက်ရှိလာကာ တီးတိုးပြောလိုက်၏။

“ဆရာ... အဲ့ဒါကို ကျုပ်ရေးပေးရမလား”

“ဟင့်အင်း”

လူသားဧကရာဇ်က ခေါင်းခါပြလိုက်၏။

“အဲ့ဒါကို ငါကိုယ်တိုင်ရေးချင်တယ်”

နန်းတော်အစောင့်အရှောက်က ခေါင်းညိတ်ပြပြီး လူသားဧကရာဇ်စုတ်တံကို တရိုတသေဖြင့် ကမ်းပေးလိုက်လေသည်။

လူသားဧကရာဇ်က သူ၏ အမြုတေစိတ်ဝိညာဥ်ကို စေညွှန်ပြီး လူသားဧကရာဇ်စုတ်တံကို တိုက်ပွဲနယ်မြေဆီသို့ ဆင်းသက်စေကာ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်ကဲ့သို့ ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များ၏ သွေးကို စုပ်ယူစေလေသည်။

စုတ်တံ၏ ငွေရောင်ထိပ်ဖျားက သိပ်မကြာခင် သွေးရောင်ဖြင့် နီရဲလာခဲ့၏။

လူသားဧကရာဇ်စုတ်တံကို ထိန်းချုပ်ရင်း လူသားဧကရာဇ်သည် ၎င်းကို ရူးသွပ်စွာဝေ့ယမ်းကာ အနက်ရောင်စာလိပ်ပေါ်မှာ စာလုံးများကိုရေးဆွဲနေ၏။ ကြီးမားသော စာလုံးများက စာရွက်ပေါ်တွင် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။

စာလုံးတစ်လုံးချင်းစီကို ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များ၏ သွေးဖြင့် ရေးသားထားပြီး အရိုးထိတိုင် အေးစက်နေသော သိပ်သည်းပြင်းထန်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ ပြည့်နှက်နေ၏။

လူသားဧကရာဇ်မှာ ကိုယ်ကာယခန္ဓာကိုယ်တစ်ခုမရှိသော်လည်း သူက စာလုံးတစ်လုံးရေးလိုက်တိုင်း သူ၏ အမြုတေစိတ်ဝိညာဉ်အသံက ကျယ်လောင်သောပုံစံဖြင့် ကောင်းကင်ထက်မှာ ထွက်ပေါ်လာ၏။

“လူသားမျိုးနွယ်က အားနည်းလာပြီ... ဧကရာဇ်တွေက သုံးစားမရဘူး”

သူ၏ ပထမဆုံးစာကြောင်းမှာ ဧကရာဇ်များက သုံးစားမရကြောင်း စွပ်စွဲအပြစ်တင်ထားလေသည်။ အဲ့ဒါသည် ရှေးဟောင်းတိုက်ပွဲမြေမှာ ပုန်းကွယ်နေပြီး ရှေ့သို့ပေါ်ထွက်မလာရဲသော လူသားမျိုးနွယ်မှ ဧကရာဇ်များကို ရည်ညွှန်းလေသည်။

လူသားဧကရာဇ်သာလျှင် လူသားမျိုးနွယ်၏ ဧကရာဇ်များကို အပြစ်တင်ပြောဆိုဖို့ အခွင့်အာဏာနှင့် အဆင့်မီခြင်းရှိပေလိမ့်မည်။

“ထျန်ဟွမ်ကုန်းမြေတိုက်မှာ အထီးကျန်သိုင်းသခင်ပေါ်ထွက်လာပြီး သက်ရှိအားလုံးအတွက် ကောင်းချီးမင်္ဂလာဆောင်ကြဥ်းပေးဖို့ သိုင်းတာအိုကို တည်ထောင်ခဲ့တယ်လို့ ငါကြားရတယ်... ငါလူသားဧကရာဇ်က ငါ့ရဲ့ဘွဲ့ကို အထီးကျန်သိုင်းသခင်ဆီလက်လွှဲပေးဖို့ ဆုံးဖြတ်လိုက်တယ်... သူက ဧကရာဇ်ဘွဲ့ကို ခံယူနိုင်တာနဲ့ သူက လူသားဧကရာဇ်ဘွဲ့ကိုပါ ခံယူပြီး လောကကို အုပ်စိုးလိမ့်မယ်”

ကျယ်လောင်သောအသံတစ်သံက ပျံ့နှံ့သွားပြီး လောကတစ်ခွင် ပဲ့တင်ထပ်သွားစေ၏။

လောကက တုန်လှုပ်သွားလေသည်။

ပဟေဠိနန်းတော်မှပညာရှင်များသည် မယုံကြည်နိုင်စွာ ဖြူဖပ်ဖြူရော်အမူအရာများနှင့်အတူ ပို၍ပင် တုန်လှုပ်သွားကြ၏။

သမိုင်းတစ်လျှောက်မှာ လူသားမျိုးနွယ်သည် ဧကရာဇ်များစွာနှင့် စွမ်းအား​ကြီးမားသော ပြန်ဝင်စားမွန်းစတားများကို မွေးထုတ်ပေးနိုင်ခဲ့လေသည်။

သို့သော်လည်း သူတို့ထဲမည်သူကမှ သူတို့ကိုယ်သူတို့ လူသားဧကရာဇ်ဟု ရည်ညွှန်းပြောဆိုရဲခြင်း မရှိခဲ့ပေ။

လူသားများအားလုံး၏ စိတ်နှလုံးသားထဲမှာ လူသားဧကရာဇ်က တစ်ပါးသာလျှင် ရှိလေသည်။

သို့သော် ယခုအခါ လူသားဧကရာဇ်သည် ထိုဘွဲ့ကို အထီးကျန်သိုင်းသခင်ထံ လက်လွှဲပေးဖို့အတွက် ဓမ္မအမိန့်ပြန်တမ်းတစ်ခုကို ကိုယ်တိုင်ရေးထိုးခဲ့လေသည်။

အထီးကျန်သိုင်းသခင်က ယခုအချိန်မှာ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သာ ဖြစ်သော်လည်း သူသည် ဧကရာဇ်ဘွဲ့ကို ခံယူနိုင်သည်နှင့် သူသည် လူသားဧကရာဇ်အသစ်ဖြစ်လာပြီး လောက၏ ရိုသေလေးစားမှုကို ခံယူနိုင်ပေလိမ့်မည်။

ချက်ချင်းပင် လျှို့ဝှက်ဆန်းကြယ်၍ မြင့်မြတ်ထည်ဝါသော စွမ်းပကားတစ်ခုက ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာခဲ့၏။ သူသည် မဟာယာနအဆင့်မှာသာရှိသေးသော်လည်း ၎င်းက စွမ်းအားကြီးမားသော ဖိအားတစ်ခုကို ထုတ်ဖော်လိုက်၏။

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ၏ အဆုံးမဲ့သော ပမာဏတစ်ခုက ဆူဇီမို၏ ဘေးမှာ စုစည်းလာခဲ့၏။

ထိုစွမ်းအားကို သာမန်မျက်လုံးများဖြင့် ​မမြင်နိုင်ပေ။

မျိုးနွယ်စုခေါင်းဆောင်များနှင့် ဧကရာဇ်များသာလျှင် သူတို့၏ စွမ်းအားကြီးမားသော စိတ်ဝိညာဥ်အသိစိတ်နှင့်အတူ အဲ့ဒါကို အာရုံခံစားနိုင်လေသည်။

“လူသားဧကရာဇ်က သူ့ရဲ့ဘွဲ့ကို လွှဲအပ်ပေးလိုက်တဲ့အတွက် လောကမှာရှိတဲ့ ကံကြမ္မာအခွင့်အလမ်းတွေက စုစည်းလာခဲ့ပြီ”

ချန်နဂါးဧကရာဇ်က တီးတိုးရေရွတ်လိုက်၏။

“လူသားဧကရာဇ်က တော်တော်ကိုစွမ်းတာပဲ”

“လောကရဲ့ ကံကြမ္မာအခွင့်အလမ်းတွေကို စုစည်းရင်းနဲ့ သူ့ရဲ့ကျင့်ကြံမှုအလျင်အဟုန်က အရမ်းကိုကြောက်စရာကောင်းလာပြီး ကောင်းချီးမင်္ဂလာများစွာကိုလည်း လက်ခံရရှိလိမ့်မယ်”

ခွန်ဧကရီက ပြောလိုက်၏။

“ဒါပေမဲ့... ကံကြမ္မာနဲ့ အခွင့်အလမ်းဆိုတာ သေခြင်းရှင်ခြင်းကပ်ဘေးတွေနဲ့ ဒွန်တွဲနေတာပဲ... လောကရဲ့ ကံကြမ္မာအခွင့်အလမ်းတွေကို စုစည်းလိုက်တယ်ဆိုတာ... အထီးကျန်သိုင်းသခင်က မမျှော်မှန်းနိုင်တဲ့ ကပ်ဘေးတစ်ခုကို ကြုံတွေ့ရတော့မယ်လို့လဲ ဆိုလိုတာပဲ”

“လူသားဧကရာဇ်ဖြစ်လာဖို့ဆိုတာ လွယ်တာမဟုတ်ဘူး”

လူရိုင်းဧကရာဇ်ကလည်း ခေါင်းညိတ်လိုက်၏။

“လူသားဧကရာဇ်က မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ထံ သူ့ရဲ့ဘွဲ့ကို ကိုယ်တိုင်ပေးအပ်ပြီး ဒီလိုမျိုး ကြီးကြီးမားမား ရုတ်ရုတ်သဲသဲ အခြေအနေတစ်ခုကို ဖန်တီးလိုက်တာပဲ... အဲ့ဒါက အခြားမျိုးနွယ်စုခေါင်းဆောင်တွေနဲ့ လူသားမျိုးနွယ်က ဧကရာဇ်တွေကတောင် သေချာပေါက် မနာလိုအားကျလာမယ့်အရာပဲ”

ခဏမျှရပ်တန့်ပြီးနောက် သူက သွားဖြဲပြလိုက်၏။

“လူသားဧကရာဇ်ရဲ့ အပြုအမူက အထီးကျန်သိုင်းသခင်အတွက် ကောင်းချီးမင်္ဂလာတွေ ဆောင်ကြဥ်းပေးလာမလား... ကပ်ဆိုးတွေကို ယူဆောင်ပေးလာမလား ငါတို့မသိရသေးဘူး”

“ဟဲဟဲ”

ချန်နဂါးဧကရာဇ်က ရယ်မောလိုက်၏။

“လူသားဧကရာဇ်က အဲ့ဒါကို မစဥ်းစားမိဘူးလို့ မင်းတို့တွေက ထင်လို့လား”

“အဲ့ဒါဆိုရင် ဘာသဘောလဲ”

လူရိုင်းဧကရာဇ်နှင့် ခွန်ဧကရီက မေးလိုက်၏။

ချန်နဂါးဧကရာဇ်က ပြောလိုက်လေသည်။

“လူသားဧကရာဇ်က သူ့ရဲ့ဘွဲ့ကို လွှဲအပ်ခဲ့တဲ့အကြောင်းအရင်းက တစ်လောကလုံးနဲ့ လူသားမျိုးနွယ်က ဧကရာဇ်တွေကို သူက သိမြင်စေချင်လို့ပဲ... လူသားဧကရာဇ်ရဲ့ဘွဲ့ဆိုတာက ဗလာသက်သက်ဘွဲ့တစ်ခုပဲ... အထီးကျန်သိုင်းသခင်က အနာဂတ်မှာ လူသားဧကရာဇ်ဘွဲ့ကို လက်ခံရယူနိုင်မလားဆိုတာက အရေးမကြီးဘူး”

“လူသားဧကရာဇ်ရဲ့ စိတ်ဆန္ဒက အထီးကျန်သိုင်းသခင်အတွက် လောကရဲ့ ကံကြမ္မာအခွင့်အလမ်းတွေကို စုစည်းပေးဖို့ပဲ... အဲ့ဒါမှ သူက အဲ့ဒီကပ်ဘေးကိုတောင့်ခံနိုင်လိမ့်မယ်”

“တကယ်ဆို... သူက လူသားမျိုးနွယ်က ဧကရာဇ်တွေနဲ့ အထီးကျန်သိုင်းသခင်ကို လေ့ကျင့်ပေးချင်တာပဲ.... အဲ့ဒါကမှ လူသားဧကရာဇ်ရဲ့ အစစ်အမှန်စိတ်ဆန္ဒပဲ”

လူရိုင်းဧကရာဇ်နှင့် ခွန်ဧကရီက ရင်တစ်ချက်ထိတ်သွား၏။

လေထဲမှာ... လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းသည် သွေးရောင်အလင်းနှင့် အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ တောက်ပနေ၏။ စကားလုံးတစ်လုံးချင်းစီက အလွန်တရာသိသာရှင်းလင်းပြီး ကြောက်စရာကောင်းသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

လူသားဧကရာဇ်၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး ကြီးမားသော လူသားဧကရာဇ်ချိတ်စည်းက ဓမ္မအမိန့်ပြန်တမ်းပေါ်သို့ ဆင်းသက်ကာ အမှတ်အသားတစ်ခုကို ချန်ထားခဲ့လေသည်။

“ငါ့မိတ်ဆွေလေး... အထီးကျန်သိုင်းသခင် ငါက ဒီဓမ္မအမိန့်ပြန်တမ်းနဲ့ လူသားဧကရာဇ်ချိတ်စည်းကို မင်းအတွက်ထားပေးခဲ့မယ်”

လူသားဧကရာဇ်သည် ဓမ္မအမိန့်ပြန်တမ်းကို လိပ်ပြီး လူသားဧကရာဇ်ချိတ်စည်းနှင့်အတူ အဲ့ဒါကို ဆူဇီမိုထံပစ်ထုတ်ပေးလိုက်၏။

သူက အော်ဟစ်ရယ်မော၍ လှည့်ထွက်သွားလေသည်။

“ငါ့မိတ်ဆွေလေး အထီးကျန်သိုင်းသခင်... ငါမင်းကို အထက်ဘုံကနေ စောင့်နေမယ်”

လူသားဧကရာဇ်၏ အသံက ထွက်ပေါ်လာ၏။

“ငါတို့က အထက်ဘုံမှာ ပြန်တွေ့ရဖို့မျှော်လင့်တယ်... အဲ့ဒီအချိန်ကျရင် ငါတို့က ရင်ဘောင်တန်းရပ်တည်ပြီး တိုက်ခိုက်ကြတာပေါ့”

လူသားဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်သည် ကျိန်းစပ်နေသော အလင်းတစ်ခုနှင့်အတူ တောက်ပနေသည့် အက်ကွဲကြောင်းထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။

လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းနှင့် လူသားဧကရာဇ်ချိတ်စည်းကလည်း ဆင်းသက်လာခဲ့၏။

ဆူဇီမိုကို သူတို့ကို လက်ခံရယူလိုက်လေသည်။

ထိုအခိုက်အတန့်မှာ လောကက လှုပ်ခတ်သွားလေသည်။

နေရာဒေသရှစ်ခုမှ အဆုံးမဲ့ ​ကံကြမ္မာအခွင့်အလမ်းသည် ဆူဇီမိုထံသို့ ရူးသွပ်စွာ စုစည်းလာပြီး နဂါးချီစီးကြောင်းများအဖြစ်ပင် သိပ်သည်းစုဖွဲ့လာခဲ့၏။ နဂါးဟိန်းသံများက ထပ်တလဲလဲ ထွက်ပေါ်လာပြီး ဧကရာဇ်တာအို၏ စွမ်းပကားက ဖြန့်ကြက်လာခဲ့၏။

အဲ့ဒါသည် လူသားဧကရာဇ်သာလျှင် တွေ့ကြုံနိုင်သည့် ကံကြမ္မာအခွင့်အလမ်းဖြစ်လေသည်။

သို့သော်လည်း ဆူဇီမိုက ယိမ်းယိုင်သွားခြင်းမရှိပေ။ သူ၏ ဘယ်ဘက်လက်ထဲမှာ လူသားဧကရာဇ် အမိန့်ပြန်တမ်း ၊ သူ၏ ညာဘက်လက်ထဲမှာ လူသားဧကရာဇ်ချိတ်စည်းကို ကိုင်ဆွဲပြီး သူ၏ အကြည့်က အေးစက်၍ ပြိုင်ဘက်ကင်းနေ၏။

မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် မျက်လွှာချထား​ပြီး သူနှင့် အကြည့်ချင်းဆုံရဲခြင်း မရှိကြပေ။

All Chapters