ပကတိဖိနှိမ်ခြင်း
Vol. 111 Ch. 1656
ဆူဇီမို၏ အခြားသောအစစ်အမှန်ခန္ဓာနှစ်ခုသည် သူတို့၏ မျက်လုံးများကိုမှိတ်၍ အနားယူနေသည်ဟု ထင်ရသော်လည်း သူတို့၏ စိတ်များက ကောင်းကင်ဖြန့်ကြက်တောင်ကြောရိုးထဲမှာ နစ်မျောနေပြီး ထောင့်တစ်နေရာမှာဖြစ်ပွားနေသည့်တိုက်ပွဲကို အာရုံခံနေ၏။
ကိုယ်တော်တာမင်းပေါ်ထွက်လာစဥ်ကတည်းက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် သူ၏ ထိန်းချုပ်ခြင်းကို ခံနေခဲ့ရ၏။
သူတို့နှစ်ယောက်သည် တစ်ခါတိုက်ခိုက်ဖလှယ်ခဲ့ကြဖူးပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ရ၏။
နောက်ပိုင်းမှာ ကိုယ်တော်တာမင်းသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် ပဟေဠိနန်းတော်ကြား ပဠိပက္ခကိုပင် အသုံးချကာ ပဟေဠိနန်းတော်ထဲသို့ စိမ့်ဝင်ထိုးဖောက်ပြီး ပဟေဠိနန်းတော်၏ မိုးကောင်းကင်မှတ်တမ်းကို ခိုးယူသွားခဲ့၏။
ဆူဇီမိုကို ကိုယ်တော်တာမင်းပေးနေသည့်ခံစားချက်က အမြဲတမ်း အံ့မခန်းဖြစ်နေလေသည်။
တကယ်ဆို... သူသည် ကိုယ်တော်တာမင်း အမှန်တကယ် ဘယ်လောက်သန်မာသလဲပင် မသိရှိပေ။
တစ်ဘက်မှာတော့ သိုင်းတာအိုပင်မခန္ဓာသည် ဤတစ်ခေါက်မှာ ထိုသူ၏ စွမ်းအားကို စမ်းသပ်ဖို့အတွက် ကိုယ်တော်တာမင်းကို သွားရောက်ရှာဖွေခဲ့၏။ တစ်ဘက်မှာတော့ သူသည် သူ၏ ကိုယ်ပိုင်ခွန်အားကို အတည်ပြုချင်သောကြောင့်ဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်သို့ ဝင်ရောက်လာခဲ့ပြီး မဟာယာနအဆင့်သို့ဝင်ရောက်ဖို့ ခြေလှမ်းဝက်သာလိုတော့လေသည်။ သူသည် သူ၏ သိုင်းတာအိုကို မီးဆေးဖို့အတွက် စွမ်းအားကြီးမားသော ပြိုင်ဘက်တစ်ယောက်ကို လိုအပ်နေ၏။
သိုင်းတာအိုပင်မခန္ဓာအတွက် ကိုယ်တော်တာမင်းက ပြီးပြည့်စုံသော ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်လေသည်။
အဲ့ဒါကြောင့် သိုင်းတာအိုပင်မခန္ဓာသည် ကိုယ်တော်တာမင်းအားပြန်ပြည့်ဖို့အတွက် စောင့်နေခဲ့သည်မှာ သူသည် ထိုသူ့အပေါ် အသားမယူချင်သည့်အတွက်ဖြစ်လေသည်။
သူသည် ကိုယ်တော်တာမင်းကို သတ်ဖြတ်ချင်သည်ဟု ပြောခဲ့ခြင်းမှာ သူက ကိုယ်တော်တာမင်းကို မည်သည့်ထိန်ချန်မှုမှမရှိဘဲ သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်အသုံးပြုစေချင်သောကြောင့်ဖြစ်၏။
သူသည် ကိုယ်တော်တာမင်းအကြောင်း ကောင်းကောင်းသိထားလေသည်။
ကိုယ်တော်တာမင်းသည် အလွန်တရာဉာဏ်များသည်။ သူက လွန်မင်းသော ရန်လိုစိတ်ကို ထုတ်ဖော်ပြသခဲ့ခြင်းမရှိလျှင် ကိုယ်တော်တာမင်းသည် သူ၏ ဝှက်ဖဲများနှင့် နည်းလမ်းများအားလုံးကို ထုတ်ဖော်လိမ့်မည် မဟုတ်ပေ။ တကယ်တော့... ဤတိုက်ပွဲသည် ဆူဇီမို၏ ရင်ထဲမှာ မကျေမချမ်းမှုတချို့ရှိနေသောကြောင့်လည်းဖြစ်၏။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် အခြားသောရန်သူများကို ချိုးနှိမ်ခဲ့ပြီး သူနှင့် အဆင့်တူခြင်းကြားမှာ ပြိုင်ဘက်ကင်းခဲ့လေသည်။
သို့သော်လည်း သူသည် ကိုယ်တော်တာမင်းနှင့် ရင်ဆိုင်ရာမှာ ထပ်တလဲလဲအရေးနိမ့်နေခဲ့ရ၏။ သိုင်းတာအိုပင်မခန္ဓာသည် ဤတစ်ခေါက်မှာ ကိုယ်တော်တာမင်းကို လာရောက်ရှာဖွေခဲ့ရသည့်အကြောင်းမှာ သူ၏ မကျေမချမ်းမှုများကို ဖွင့်ထုတ်ဖို့အတွက်လည်းဖြစ်လေသည်။
ဒါ့အပြင် ကိုယ်တော်တာမင်းသည် ဆူဇီမိုအပေါ် သတ်ဖြတ်လိုစိတ်ရှိခဲ့သည်ဟု ဝန်ခံထားဖူးလေသည်။
လိုဏ်ဂူအတွင်းမှာ...
သိုင်းတာအိုပင်မခန္ဓာနှင့် ကိုယ်တော်တာမင်းသည် သူတို့၏ မျိုးဆက်သွေးများကို ဆူနာမီသွေးအဆင့်ထိ လှည့်ပတ်ပြီး ထိုးချက်နှစ်ချက်စီ တိုက်ခိုက်ဖလှယ်ခဲ့ကြ၏။ ကိုယ်တော်တာမင်းသည် ဆက်တိုက်နောက်ဆုတ်ခဲ့ရပြီး သူ၏ စိန်နှလုံးသားလျှို့ဝှက်အတတ်ကပင်လျှင် လဲပြိုကျလုနီးပါးဖြစ်ခဲ့ရ၏။
ကိုယ်တော်တာမင်း၏ မျက်လုံးထဲတွင် တုန်လှုပ်သည့်အရိပ်အယောင်တစ်ခုက ထင်ဟပ်လာ၏။
သူသည် ခန္ဓာမီးဆေး ဓမ္မအစီအရင်များစွာကို ကျင့်ကြံထားခဲ့၏။ လွန်ခဲ့သည့်နှစ်လေးသောင်းက အနီးကပ်တိုက်ခိုက်ရည်မှာ သူ့ကိုဖိနှိမ်နိုင်တဲ့သူ မရှိခဲ့ပေ။
ယခုသူက ဒီဘက်မျိုးဆက်မှာ ပြန်လည်ပေါ်ထွက်လာပြီး မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်၏ အကူညီနှင့်အတူ များစွာသော ကျင့်ကြံရေးနည်းစနစ်များကို ရရှိထားကာ သူက ယခင်ကထက် များစွာ ပိုမိုသန်မာလာခဲ့၏။
သို့သော် ယခု... သူသည် ဤခရမ်းရောင်ဝတ် လူထူးဆန်းနှင့်ရင်ဆိုင်ရာမှာ မည်သည့်အသာစီးမှ မရရှိပေ။
သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးထဲတွင်လည်း အထင်ကြီးသည့် ပုံရိပ်တစ်ခုထင်ဟပ်လာ၏။
ကိုယ်တော်တာမင်းက တကယ့်ကို သန်မာလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ခွန်အားအပြည့်အဝကို အသုံးပြုထားခြင်းမရှိသော်လည်း စောစောက သူထုတ်ဖော်ခဲ့သည့် ထိုးချက်နှစ်ချက်ကို သာမန် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များပင်လျှင် ခုခံနိုင်ချင်မှ ခုခံနိုင်ပေလိမ့်မည်။
ကိုယ်တော်တာမင်းက နောက်ဆုတ်နေစဥ်မှာ သူသည် စွမ်းအားအများစုကို ချေဖျက်ဖို့အတွက် သူ၏ နောက်ဆုတ်ခြင်း အလျင်အဟုန်ကို အသုံးချကာ ပျက်စီးထိခိုက်မှုများစွာကို အောက်ဘက်သို့ သွေဖယ်စေခဲ့၏။
ကိုယ်တော်တာမင်း၏ ခြေဖဝါးအောက်တွင် နက်ရှိုင်းသော ခြေရာတချို့ပေါ်ထွက်လာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာပင်လျှင် ဤကဲ့သို့သောပုံစံဖြင့် စွမ်းအားကိုသွေဖယ်စေနိုင်သည့် လျှို့ဝှက်အတတ်မျိုးကို မတွေ့မြင်ခဲ့ဖူးပေ။
“သူက တကယ်ကို အစွမ်းထက်တာပဲ... သူက ငါ့ကိုလာရှာရဲတာ မထူးဆန်းတော့ဘူး”
ကိုယ်တော်တာမင်း၏ မျက်နှာပေါ်တွင် နွေးထွေးသောအပြုံးတစ်ခုပေါ်ထွက်လာခဲ့၏။
ကိုယ်တော်တာမင်းသည် သိုင်းတာအိုပင်မခန္ဓာကို ကြယ်တာရာကောင်းကင်များနှင့်ဆင်တူသော နက်ရှိုင်းသည့် မျက်လုံးများနှင့် ကြည့်နေ၏။
ထိုအကြည့်မှာ တစ်ဘက်လူ၏ စိတ်အာရုံကို ဖမ်းစားပြီး အထဲမှာ နစ်မျောသွားစေနိုင်သည့် အဆုံးမဲ့လျှို့ဝှက်ချက်များပါဝင်နေပုံရ၏။
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။
“အဲ့လိုမျိုး... ပုံရိပ်ယောင်နည်းစနစ် လျှို့ဝှက်အတတ်တွေနဲ့ ငါ့ကိုလာပြီး ကစားဖို့ ကြိုးစားမနေနဲ့”
ကိုယ်တော်တာမင်းသည် ပုံရိပ်ယောင်နည်းစနစ်များအပေါ် အလွန်တရာနက်ရှိုင်းသော နားလည်သိမြင်မှုရှိလေသည်။
သူသည် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲမှာ ပုံရိပ်ယောင်အစီအရင်ကို ခင်းကျင်းခဲ့သူဖြစ်လေသည်။
ထိုအချိန်တုန်းက ကိုယ်တော်တာမင်းသည် ဓမ္မဝိသေသအဆင့်မှာသာရှိနေခဲ့၏။ သို့သော်လည်း ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များစွာသည် အဲ့ဒီကနေ ရုန်းထွက်နိုင်ခြင်းမရှိဘဲ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် ချမ်းသာရာမရခဲ့ပေ။
သို့သော် ထိုကဲ့သို့သော လျှို့ဝှက်အတတ်များက သိုင်းတာအိုပင်မခန္ဓာအတွက် ခလေးကစားစရာသာဖြစ်နေ၏။
“စိတ်ဝင်စားစရာပဲ”
ကိုယ်တော်တာမင်းက သူ၏ လက်ညိုးကို ဝေ့ယမ်းပြီး ပြုံးလိုက်လေသည်။ သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ မျိုးဆက်သွေးက တစ်ဖန်မြင့်တက်လာ၏။ သူ၏ ခန္ဓာကိုယ်အတွင်းမှာ ဆူနာမီသွေးက တလိပ်လိပ်တက်လာပြီး အလွန်တရာကြောက်စရာကောင်းသော မျိုးဆက်သွေးနယ်မြေတစ်ခုက သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာ၏။
အဲ့ဒါသည် အလွန်တရာဆိုးယုတ်သော အဆုံးမဲ့သွေးပင်လယ်တစ်ခုဖြစ်လေသည်။
သွေးပင်လယ်ထဲမှာ အလွန်တရာကြောက်စရာကောင်းသော အန္တိမမိစ္ဆာတစ်ကောင်က မွေးဖွားပေါ်ထွက်လာသည့်အလားပင်။
သို့သော်လည်း သွေးပင်လယ်ထက်မှာ လွင့်မျောနေသော မြင့်မြတ်ထည်ဝါသည့် ရှေးဟောင်းဗုဒ္ဓတစ်ပါးလည်းရှိလေသည်။
၎င်းက ရွှေရောင်အလင်းနှင့်အတူ ပြည့်လျှမ်းနေပြီး ၎င်း၏ အကြည့်က သက်ရှိအားလုံးကို ဉာဏ်အလင်းပွင့်စေချင်သည့်အလား အကြင်နာမေတ္တာဓာတ်ပြည့်ဝနေ၏။
ဆန့်ကျင်ကွဲလွဲသော အော်ရာများသည် ထိုမျိုးဆက်သွေးနယ်မြေဖြစ်စဥ်ထဲမှာ ပြီးပြည့်စုံစွာ ပေါင်းစည်းနေပြီး အမြင်အာရုံနှင့် စိတ်ပိုင်းဆိုင်ရာအပေါ် စွမ်းအားကြီးမားသော ထိတွေ့ရိုက်ခတ်မှုတစ်ခုကိုဖြစ်ပေါ်စေ၏။
ကိုယ်တော်တာမင်းသည် သူ၏ မျိုးဆက်သွေးနယ်မြေဖြစ်စဥ်ကို ထုတ်ဖော်ပြီး သိုင်းတာအိုပင်မခန္ဓာရှိရာသို့ လျှောက်လှမ်းလာ၏။ သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးများက မီးတောက်နှစ်ခုကဲ့သို့ တောက်လောင်ပြင်းပြလာ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ပျောက်ကွယ်သွားပြီး ၎င်း၏ နေရာမှာ ဧရာမမီးဖိုတစ်လုံး ဝင်ရောက်လာသည်ဟု ထင်ရလေသည်။
ရွှစ်...
မီးဖိုအတွင်းမှာ မီးတောက်များက တလိပ်လိပ်တက်လာပြီး နေရာတိုင်းကို လောင်ကျွမ်းပြာချပစ်ချင်နေ၏။
ကိုယ်တော်တာမင်းက ချဥ်းကပ်မလာနိုင်ခင်မှာပင် သူသည် ချစ်ချစ်တောက်ပူလောင်သော အော်ရာတစ်ခုကို ခံစားလိုက်ရပြီး သူ၏ အရေပြားက နာကျင်မှုဖြင့် လောင်မြိုက်ခံလိုက်ရ၏။ တကယ်ဆို... သူ့နောက်ဘက်ရှိ သွေးပင်လယ်က ဆူပွက်လာနေပြီဖြစ်၏။
လိုဏ်ဂူ၏ ဘေးပတ်လည်ရှိ ကျောက်သားနံရံများက စတင်၍ အရည်ပျော်လာခဲ့ပြီဖြစ်ပြီး မီးခိုးများနှင့်အတူ ချော်ရည်များအဖြစ် ပြောင်းလဲကာ ဖြည်းဖြည်းချင်းစီးကျလာ၏။
ဘုန်း...
သိုင်းတာအိုပင်မခန္ဓာက နောက်တစ်ဖန် တိုက်ခိုက်လိုက်ပြီး ရှေ့သို့ပစ်ထိုးလိုက်လေသည်။
ထိုထိုးချက်သည် အလျှံညီးညီးမီးတောက်များဖြင့် လောင်ကျွမ်းနေ၏။ အဲ့ဒါသည် မီးတောင်တစ်လုံးပေါက်ကွဲထွက်ပြီး အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ချက်ချင်းပင် ရောက်ရှိလာသည့် အလားပင်။
ကိုယ်တော်တာမင်း၏ အမူအရာက နောက်ဆုံးမှာ ပြောင်းလဲသွား၏။
သူ၏ မျိုးဆက်သွေးနယ်မြေဖြစ်စဥ်ကို ထုတ်ဖော်ခဲ့စဥ်က သူ၏ ခွန်အားက ဆပွားများစွာတိုးလာခဲ့သော်လည်း ထိုလူထူးဆန်း၏ မျိုးဆက်သွေးနယ်မြေဖြစ်စဥ်က ပို၍ပင်ကြောက်စရာကောင်းနေလိမ့်မည်ဟု သူကထင်မှတ်မထားပေ။ သူ၏ မျိုးဆက်သွေးနယ်မြေကပင်လျှင် ပျက်ပြယ်တော့မည့် လက္ခဏာများပြသလာ၏။
ဘုန်း...
ကိုယ်တော်တာမင်းသည် သိုင်းတာအိုပင်မခန္ဓာနှင့် နောက်တစ်ဖန်ထိတွေ့ရိုက်ခတ်လိုက်လေသည်။
ဖျောက်.. ဖျောက်.... ဖျောက်...
ကိုယ်တော်တာမင်း၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းက ကြေမွသွားပြီး လုံးဝကို မှေးမှိန်သွားလေသည်။
စိန်နှလုံးသားသည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် ဖျက်ဆီးခြင်းခံလိုက်ရ၏။
ဘန်း... ဘန်း... ဘန်း...
သိုင်းတာအိုပင်မခန္ဓာသည် တစ်လှမ်းပြီးတစ်လှမ်း ချဥ်းကပ်လာပြီး ထိုးချက်များကို တစ်ချက်ပြီးတစ်ချက်ထုတ်ဖော်လိုက်၏။
ကိုယ်တော်တာမင်းသည် သူ၏ လက်နှစ်ဖက်ကို ဝေ့ယမ်းပြီး အသည်းအသန်ခုခံလိုက်ရလေသည်။
သူသည် အဆက်မပြတ်နောက်ဆုတ်နေရပြီး သိုင်းတာအိုပင်မခန္ဓာထံမှ စွမ်းအားကို ချေဖျက်ဖို့အတွက် သူ၏ လျှို့ဝှက်အတတ်ကို ထုတ်ဖော်နေရ၏။
သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်တစ်ချက်ချင်းစီကနေ ထွက်ပေါ်လာသောစွမ်းအားသည် အရမ်းကို ကြမ်းကြုတ်ခက်ထန်လေသည်။
အဲ့ဒါသည် မီးကဲ့သို့ ကြမ်းကြုတ်ပြီး ပင်လယ်တစ်စင်းကဲ့သို့ လှိုင်းထန်ကာ တောင်တစ်လုံးကဲ့သို့ သိပ်သည်းလေးလံနေ၏။
ကိုယ်တော်တာမင်းပင်လျှင် မွန်းကျပ်ဖွယ်ရာ ခံစားလာရ၏။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ ထုတ်နုတ်သုံးစွဲရသည့် စွမ်းအားပမာဏကလည်း သေချာပေါက် သိပ်သည်းပြင်းထန်မည်ဖြစ်ကြောင်း သူကောင်းကောင်းသိလေသည်။
အချိန်ကြာလာပြီး သိုင်းတာအိုပင်မခန္ဓာ၏ သွေးချီက လျော့ကျလာကာ သူ၏ခွန်အားက မလုံလောက်တော့သည်နှင့်အမျှ သူက ပြန်လည်တိုက်ခိုက်ဖို့အတွက် အခွင့်အရေးရရှိလာပေလိမ့်မည်။
သို့သော်လည်း အသက်ဆယ်ရှိုက်စာ ကုန်ဆုံးသွား၏။
သိုင်းတာအိုပင်မခန္ဓာသည် ထိုးချက်များစွာကို ထုတ်ဖော်ထားသော်လည်း သူ၏ ခွန်အားက လျော့ကျလာမည့် မည်သည့်လက္ခဏာမှ မပြသပေ။
ထို့အစား သူ၏ ထိုးချက်များက ပို၍ကြမ်းကြုတ်ပြီး ပို၍ပင် စွမ်းအားကြီးမားလာခဲ့၏။
သူ၏ ခွန်အားက အကန့်အသတ်လုံးဝမရှိသည့်အလားပင်။
ကိုယ်တော်တာမင်းသည် သိုင်းတာအိုပင်မခန္ဓာ၏ စွမ်းအားအများစုကို သွေဖယ်ဖို့အတွက် သူ၏ လျှို့ဝှက်အတတ်ကို အသုံးချနိုင်ခဲ့လေသည်။
နောက်ပိုင်းမှာ သိုင်းတာအိုပင်မခန္ဓာထုတ်ဖော်လိုက်သော စွမ်းအားသည် အရမ်းကို ကြမ်းကြုတ်ခက်ထန်လာပြီး သူ၏ လျှို့ဝှက်အတတ်ကပင်လျှင် အဲ့ဒါကို သွေဖယ်စေနိုင်ခြင်း မရှိတော့ပေ။
ဘုန်း...
နောက်ထပ်ကျယ်လောင်သောမြည်သံက ထွက်ပေါ်လာ၏။
ကိုယ်တော်တာမင်း၏ နောက်ဘက်ရှိ မျိုးဆက်သွေးနယ်မြေသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးချက်ဖြင့် ကြေမွသွားလေသည်။
ရွှစ်...
ကိုယ်တော်တာမင်း၏ ပုံရိပ်က ဖျတ်ခနဲလှုပ်ရှားသွားပြီး သူသည် သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်လက်၍ ထိတိုက်ရင်ဆိုင်ခြင်း မရှိတော့ပေ။ သူက လျှို့ဝှက်ဆန်းကြယ်သော ခြေလှမ်းများနှင့်အတူ လျှောက်လှမ်းကာ သိုင်းတာအိုပင်မခန္ဓာ၏ ဘေးပတ်လည်မှာ လှည့်ပတ်နေ၏။
အဲ့ဒါသည် နတ်မိမယ်လင်းလုံ ဖန်တီးခဲ့ပြီး အလွန်တရာလျှို့ဝှက်ဆန်းကြယ်သော ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်းမှ ခြေနင်းကွက်ဖြစ်လေသည်။
သိုင်းတာအိုပင်မခန္ဓာထံမှ ဆက်တိုက်ထိုးချက်တချို့က လုံးဝကို လွဲချော်သွားခဲ့၏။
သိုင်းတာအိုပင်မခန္ဓာ သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ချပြီး သူ၏ အာရုံငါးပါးကိုပါ ပိတ်ချလိုက်လေသည်။ သူ၏ စွမ်းအားကြီးမားသော အာရုံခံသတိစိတ်နှင့်အတူ သူက ကိုယ်တော်တာမင်း၏ တည်နေရာနှင့် ဆင်းသက်ရာနေရာကို အာရုံခံပြီး နောက်တစ်ဖန်တိုက်ခိုက်လိုက်လေသည်။
ဤတစ်ခေါက်မှာတော့ ကိုယ်တော်တာမင်းသည် ပြေးစရာနေရာမရှိတော့ပေ။
ကိုယ်တော်တာမင်းသည် လျှို့ဝှက်အတတ်တစ်ခုကို စုဖွဲ့ပြီး သူ၏ လက်ဝါးနှစ်ဖက်နှင့်အတူ လက်ဝါးအရိပ်တစ်ထောင်ကျော်ကို ထုတ်ဖော်ကာ သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်နှင့် ထိတွေ့ရိုက်ခတ်လိုက်လေသည်။
ဘုန်း...
ဓမ္မပညာရပ်က ပျက်ပြယ်သွား၏။
သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးက ရပ်တန့်သွားခြင်းမရှိဘဲ ကိုယ်တော်တာမင်း၏ ဦးခေါင်းထံသို့ ပျံသန်းလာလေသည်။
ရုတ်တရက်... ကြီးမားသော ရှေးဟောင်းဘုရားကျောင်းတစ်ခုက ကိုယ်တော်တာမင်း၏ ရှေ့မှာ ဆင်းသက်လာခဲ့၏။
ဘုန်း...
သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးက ရှေးဟောင်းဘုရားကျောင်းပေါ်သို့ ပြင်းထန်စွာကျရောက်သွားလေသည်။
ရှေးဟောင်းဘုရားကျောင်းက တုန်ခါသွားပြီး တကျွိကျွိမြည်သံနှင့်အတူ ဖုန်မှုန့်များက အဆက်မပြတ် ကျဆင်းလာခဲ့၏။