← Chapters

အခန်း (၁၆၅၇)

Vol. 111 Ch. 1657

အခန်း (၁၆၅၇)

Vol. 111 Ch. 1657

နှစ်ဦးနှစ်ဖက်ကြား တိုက်ခိုက်မှုသည် တိုတောင်းသော်လည်း အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုက တစ်ကြိမ်ထိတွေ့တိုက်ခတ်မိတိုင်းမှာ ပေါ်ထွက်လာတတ်၏။

သာမန်မဟာယာနမျိုးနွယ်စုခေါင်းဆောင်များ ဆင်းသက်လာမည်ဆိုလျှင် သူတို့ပင်လျှင် ထိုစွမ်းအားမှာ တုန်လှုပ်သွားရပေလိမ့်မည်။

အစကနေ ယခုအချိန်ထိ သိုင်းတာအိုပင်မခန္ဓာသည် ကိုယ်တော်တာမင်းအပေါ် ပကတိဖိနှိမ်ထားနိုင်ဆဲ ဖြစ်၏။

ကိုယ်တော်တာမင်းသည် ထိပ်သီးဂိုဏ်းကြီးများ၏ ထိပ်တန်းအလျှို့ဝှက်အတတ်များဖြစ်သော ရှုပ်ထွေးပွေလီသည့် ကျင့်ကြံရေးနည်းစနစ်နှင့် ဓမ္မအစီအရင်များစွာကို ကျင့်ကြံထားလေသည်။ သို့သော်လည်း ထိုဓမ္မပညာရပ်များကို ထုတ်ဖော်သည့်အခါ သူတို့သည် သိုင်းတာအိုပင်မခန္ဓာထံမှ လက်သီးချက်ဖြင့် ခြေမွှဖျက်ဆီးခြင်းခံရလေသည်။

သူသည် ပကတိခွန်အားသက်သက်ဖြင့် ဓမ္မပညာရပ်များအားလုံးကို ဖြိုခွဲနိုင်လေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်သည် သိုင်းစိတ်ဝိညာဥ်မီးဖြင့် မီးဆေးထားသော သိုင်းတာအိုမီးဖိုတစ်လုံးဖြစ်လေသည်။ ၎င်းသည် ဓမ္မပညာရပ်များအားလုံးကို အရည်ဖျော်ပြီး သုတ္တန်တစ်ရာကျော်ဖြင့် အားဖြည့်ကာ သူ၏ အရွတ်များ အရိုးများနှင့် မျိုးဆက်သွေးကို မီးဆေးထားလေသည်။ အဲ့ဒါက မနှိုင်းယှဥ်သာအောင် သန်မာလေသည်။

ကိုယ်တော်တာမင်းသည် ဆက်လက်၍ တောင်မခံနိုင်တော့ဘဲ သူ၏ မူပိုင်ဓမ္မလက်နက် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကို ချက်ချင်းပင်ဆင့်ခေါ်လိုက်ရ၏။

သူ၏ မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းသည် စွမ်းအားကြီးမားသော ဇာစ်မြစ်တစ်ခုရှိပြီး ၎င်းသည် အထက်ဘုံကနေ ကျဆင်းလာသော ရတနာတစ်ခု ဖြစ်နိုင်ခြေရှိလေသည်။

မဟာယာနမျိုးနွယ်စုခေါင်းဆောင်များ အသုံးပြုသော ဓမ္မရတနာများပင်လျှင် ၎င်းကို မထိုးဖောက်နိုင်ပေ။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်သည် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းကို ပြင်းထန်စွာ တုန်ခါသွားစေ၏။

“မင်းရဲ့ ဓမ္မလက်နက်ကို ထုတ်လိုက်”

ကိုယ်တော်တာမင်းက လက်တစ်ဖက်ဖြင့် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းကို ထိန်းချုပ်ထားပြီး လက်တစ်ဖက်ဖြင့် လူသားဧကရာဇ်ကြေးမုံကို ထိန်းချုပ်ကာ တင်းမာခက်ထန်စွာ ပြောလိုက်၏။

“ဟားဟား”

သိုင်းတာအိုပင်မခန္ဓာက အော်ဟစ်ရယ်မောလိုက်၏။

“ငါ့မှာ ဘာဓမ္မလက်နက်မှ မရှိဘူး... ငါ့ရဲ့လက်သီးက ငါ့ရဲ့ဓမ္မလက်နက်ပဲ”

သူ၏ ရယ်သံမဆုံးသေးခင်မှာပင် သိုင်းတာအိုပင်မခန္ဓာက ရှေ့သို့တက်လှမ်းပြီး ကိုယ်တော်တာမင်း၏ ဦးခေါင်းထံသို့ နောက်ထပ်ထိုးချက်တစ်ချက်ကို ထုတ်ဖော်လိုက်လေသည်။

ကိုယ်တော်တာမင်းသည် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းကို အသုံးပြုပြီး တိုက်ခိုက်လိုက်၏။

ဘုန်း...

ကျယ်လောင်သောမြည်သံ ထွက်ပေါ်လာ၏။

တစ်ချိန်တည်းမှာပင် ကိုယ်တော်တာမင်းသည် သူ့လက်ထဲရှိ လူသားဧကရာဇ်ကြေးမုံကို စေညွှန်ပြီး သိုင်းတာအိုပင်မခန္ဓာထံသို့ တောက်ပသော အလင်းတန်းတစ်ခုကို ထိုးဆင်းသွားစေလေသည်။

လူသားဧကရာဇ်ကြေးမုံသည် ခုခံရေးမှာ အသန်မာဆုံးဖြစ်သော်လည်း ၎င်းသည် စွမ်းအားကြီးမားသော တိုက်ခိုက်မှုများကိုလည်း ထုတ်ဖော်နိုင်လေသည်။

ဒါ့အပြင် လူသားဧကရာဇ်ကြေးမုံသည် လူသားဧကရာဇ်၏ လက်ထဲကနေ ပြန်လည်ရောက်ရှိလာသည်မှာ မကြာသေးဘဲ... အဲ့ဒီမှာ ဧကရာဇ်တစ်ပါး၏ စွမ်းပကားအငွေ့အသက်ကျန်ရှိနေဆဲ ဖြစ်၏။

တောက်ပသော အလင်းတန်းတစ်ခုက လေဟာနယ်ကိုထိုးဖောက်ပြီး သိုင်းတာအိုပင်မခန္ဓာရှေ့သို့ ချက်ချင်းပင် ဆင်းသက်လာ၏။

ဘုန်း..

သိုင်းတာအိုပင်မခန္ဓာသည် ရှောင်းတိမ်းဖို့အချိန်မရဘဲ တောက်ပသောထိုအလင်းက သူ၏ ရင်ဘတ်ပေါ်သို့ ထိုးကျလာကာ ထံထိုင်းထိုင်းအသံတစ်သံက ထွက်ပေါ်လာ၏။

အဲ့ဒါသည် မီးဖိုတစ်လုံးကို ထိခတ်သွားသော အသံမျိုးဖြစ်​လေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။ လူသားဧကရာဇ်ကြေးမုံဖြင့် ထိခတ်ခြင်းခံရသောအခါ သူ၏ ဝတ်ရုံက စုတ်ပြဲသွားသော်လည်း သူ၏ ရင်ဘတ်ပေါ်မှာ မည်သည့်ဒဏ်ရာမှ ရရှိမလာပေ။

ကိုယ်တော်တာမင်း၏ အကြည့်က အေးခဲတောင့်တင်းသွား၏။

သူသည် သိုင်းတာအိုပင်မခန္ဓာ၏ ရင်ဘတ်မှတစ်ဆင့် ထိုသူ၏ ခန္ဓာကိုယ်မှာ မီးတောက်များလောင်ကျွမ်းနေသည့်အလား ဝင်းလက်တောက်ပသော မှော်စာလုံးများ အတောမသတ်ရှိနေသည်ကို ဝိုးတဝါးတွေ့မြင်လိုက်ရ၏။

လူသားဧကရာဇ်ကြေးမုံပင်လျှင် သူ့ကို မထိခိုက်စေနိုင်အောင် သူ၏ ခန္ဓာကိုယ်ထဲမှာ ဘယ်လို တာအိုနှင့် ဓမ္မပညာရပ်မျိုးကို သိပ်သည်းစုဖွဲ့ထားသလဲ စဥ်းစားကြည်ဖို့ခက်လေသည်။

ကိုယ်တော်တာမင်းကို အတုန်လှုပ်စေဆုံးအရာမှာ တိုက်ပွဲ၏ ဤအဆင့်ထိ သူသည် ထိုသူ၏ နောက်ခံကို လုံးဝမသိမြင်နိုင်ခြင်းပင်။

ဤလူ၏ ကျင့်ကြံခြင်းနည်းစနစ်သည် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ လာခြင်းမဟုတ်ပုံရလေသည်။

သို့သော်လည်း အဲ့ဒါက အလွန်တရာကြောက်စရာကောင်းနေ၏။

ဒါ့အပြင် ဤလူထူးဆန်းသည် သူ၏ ကျင့်ကြံရေးနည်းစနစ်နောက်ခံကို တမင်သက်သက်ဖုံးကွယ်ဖို့ ကြိုးစားနေခြင်းမဟုတ်ကြောင်း သူပြောနိုင်လေသည်။

ဤလူသည် အပြောင်းအလဲများစွာမရှိဘဲ ရှေ့နောက် စုန်ချည်ဆန်ချည် ​ပစ်ထိုးနေခြင်းသာဖြစ်လေသည်။

သို့သော်လည်း ထိုးချက်တစ်ချက်ချင်းစီမှာ မရေမတွက်နိုင်သော တာအိုနည်းစနစ်များပါဝင်ပြီး ကြောက်စရာကောင်းသော ​စွမ်းပကားနှင့် ကြမ်းကြုတ်ခက်ထန်သော အော်ရာကိုပိုင်ဆိုင်ထားလေသည်။ ထိုးချက်တစ်ချက်ချင်းစီမှာပါဝင်သော စွမ်းအားကြီးမားသည့် စိတ်စွမ်းအားက သူ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေအပေါ်ကိုပင် သက်ရောက်စေနိုင်လေသည်။

ကျဆင်းလာသော ထိုးချက်တစ်ချက်ချင်းစီသည် ကိုယ်တော်တာမင်းအတွက် သိပ်သည်းပြင်းထန်သော ဖိအားတစ်ရပ်ကို ဖြစ်ပေါ်စေလေသည်။

ကိုယ်တော်တာမင်းသည် သူ၏ ဝှက်ဖဲများကို အဆက်မပြတ်ထုတ်ဖော်လိုက်ပြီး သူ၏ ခွန်အားက တိုးလာခဲ့၏။

သို့သော်လည်း သူ့ကို စွမ်းအားမဲ့စေသည်ဟု ခံစားရစေသည့်အရာမှာ ထိုလူထူးဆန်း၏ စွမ်းအားသည်လည်း အကန့်အသတ်မရှိသည့်အလား အဆက်မပြတ် မြင့်တက်လာနေခြင်းပင်။

သူက ထွက်ပြေးချင်သည်ဆိုလျှင်တောင် ထွက်မပြေးနိုင်ပေ။

တိုက်ခိုက်နေစဥ်အတွင်း သူသည် နောက်သို့ဆုတ်ခွာ၍ ထွက်ပြေးချင်သည့် အချိန်များစွာရှိခဲ့လေသည်။ သို့သော်လည်း တစ်ကြိမ်စီတိုင်းမှာ သူ့ကို ခရမ်းရောင်ဝတ်လူထူးဆန်းက ပိတ်ဆို့တားဆီးခဲ့၏။

ထိုလူ၏ လှုပ်ရှားမှုနည်းစနစ်ကလည်း တုန်လှုပ်စရာကောင်းလောက်အောင်မြန်ဆန်လေသည်။

သူသည် စတင်ကျင့်ကြံခဲ့ကတည်းက ပထမဆုံးကြိမ်အဖြစ် အကျပ်အတည်းနှင့် ကြုံတွေ့ရခြင်းဖြစ်လေသည်။

လွန်ခဲ့သည့် နှစ်လေးသောင်းက ထိုမဟာရန်သူနှင့် ရင်ဆိုင်ခဲ့ရချိန်မှာတောင် သူက ဤကဲ့သို့ မခံစားခဲ့ရပေ။

သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်များက သိပ်သည်းပြင်းထန်လေသည်။

ကိုယ်တော်တာမင်းသည် အဆက်မပြတ် နောက်ဆုတ်ပေးနေရ၏။ နောက်ဆုံးမှာတော့ သူ့မှာ ရှောင်တိမ်းစရာနေရာပင် မကျန်တော့ရှိပေ။

“ဒီကမ္ဘာမှာ... မင်းက အတိအကျ ဘယ်သူလဲကွာ”

ကိုယ်တော်တာမင်းက သူ၏မျက်လုံးကို မှေးကျဥ်းပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုနှင့်အတူ သွေးရောင်အလင်းတစ်ခုတောက်ပလာ၏။

သိုင်းတာအိုပင်မခန္ဓာက ပြန်ဖြေခြင်းမရှိဘဲ ပို၍ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်လာ၏။

“မင်းရဲ့တာအိုကို ကျင့်ကြံရတာက လွယ်မှာမဟုတ်ဘူး... မင်းက တကယ့်ကိုသန်မာတယ်... မင်းက သေချာပေါက် အနှိုင်းမဲ့ပြန်ဝင်စားမွန်းစတားတစ်ယောက်ဖြစ်ရမယ်”

ကိုယ်တော်တာမင်း၏ အမူအရာက တွေဝေရှုပ်ထွေးနေ၏။

“အစကတော့... ငါမင်းကို မသတ်ချင်ခဲ့ဘူး... ဒါပေမဲ့ ငါကလည်း မသေချင်ဘူး... ငါ သေလို့လည်းမရသေးဘူး ငါ့မှာ ပိုပြီးတော့ အရေးကြီးတဲ့ လုပ်စရာတွေရှိသေးတယ်”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ကိုယ်တော်တာမင်း၏ မျက်လုံးက နီရဲလာခဲ့၏။

အလွန်တရာ ဆိုးယုတ်သော အော်ရာတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲကနေ ဖြာထွက်လာပြီး သူ့ကို ညှီစို့စို့သွေးရနံ့က လွှမ်းခြုံသွားလေသည်။

ကိုယ်တော်တာမင်း၏ လက်သည်းချွန်များက သူ၏ လက်ကောက်ဝတ်ကို ကုတ်ခြစ်လိုက်၏။

ရှီး...

သွေးများက ပန်းထွက်လာ၏။

ထိုသွေးများက မြေပြင်ပေါ်သို့ မဆင်းသက်ခင်မှာပင် ကိုယ်တော်တာမင်းက သူ၏ လက်ထဲမှာ အကုန်လုံးကို သဲ့ယူပြီး သွေးရောင်ဆေဘာတစ်လက်ကို စုဖွဲ့လိုက်၏။

ဆေဘာပေါ်တွင် စီးဆင်းနေသော သွေးက အသက်ဝင်နေသည့်အလား အလွန်တရာ မကောင်းဆိုးဝါးဆန်နေလေသည်။

“ခုတ်ပိုင်းစမ်း”

ကိုယ်တော်တာမင်းသည် သူ၏ သွေးနီရောင်ဆေဘာကို လွှဲယမ်းပြီး သိုင်းတာအိုပင်မခန္ဓာထံသို့ ခုတ်ပိုင်းချလိုက်၏။

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ ရှေ့သို့ဆက်လက်ပစ်ထိုးလိုက်၏။

ရွှစ်...

ထိုးချက်သည် သွေးရောင်ဆေဘာနှင့် ထိတွေ့သောအခါ လှုပ်ခတ်မှုများစွာကို မဖြစ်စေပေ။

၎င်းသည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် သွေးနီရောင်ဆေဘာက ကျိုးပဲ့သွားသည့်အလားပင်။ သွေးများအားလုံးက ပြန့်ကျဲသွားပြီး သိုင်းတာအိုပင်မခန္ဓာပေါ်သို့ ချက်ချင်းပင် ဖြန်းပက်ကျဆင်းလာ၏။

“အော်မီထော်ဖော်”

ကိုယ်တော်တာမင်းသည် သိုင်းတာအိုပင်မခန္ဓာကို တစ်ချက်ကြည့်ပြီး မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို အသက်သွင်းလိုက်လေသည်။

သိုင်းတာအိုပင်မခန္ဓာပေါ်သို့ ကျဆင်းလာသော မျိုးဆက်သွေးများမှာ အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုပါဝင်ပြီး ၎င်းသည် သူ၏ ခန္ဓာကိုယ်ထဲရှိ မျိုးဆက်သွေးများကို ဆွဲထုတ်ချင်နေသည့်အလားပင်။

“အမ်...”

သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာ အံအားတသင့်ရေရွတ်ပြီး ခေါင်းညိတ်လိုက်၏။

“ဒီမိစ္ဆာနည်းစနစ်က တကယ်စွမ်းသားပဲ”

ကိုယ်တော်တာမင်းသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ထုတ်ဖော်လိုက်သောအခါ သိုင်းတာအိုပင်မခန္ဓာ၏ မျိုးဆက်သွေးများက လှုပ်ခတ်သွားလေသည်။

အခြားတစ်ယောက်ယောက်သာဆိုလျှင် သူတို့သည် ခြောက်သွေ့သောအလောင်းတစ်လောင်းအဖြစ် ကိုယ်တော်တာမင်း၏ စုပ်ယူသန့်စင်ခြင်းကို ချက်ချင်းပင်ခံရပေလိမ့်မည်။

ကိုယ်တော်တာမင်း၏ မျက်လုံးကလည်း တုန်လှုပ်မှုဖြင့် ပြည့်လျှမ်းသွားလေသည်။

မိစ္ဆာနည်းစနစ်ပေါ် သူ၏ နားလည်ဆင်ခြင်နိုင်မှုအရ သူသည် မနောကျင့်ကြံရေးနည်းစနစ်တစ်ခုကို လှည့်ပတ်လိုက်သည်နှင့်အမျှ သူသည် အသက်တစ်ရှိုက်မှာ တစ်ပိုင်းမျိုးနွယ်စု​ဘိုးဘေးအချို့၏ မျိုးဆက်သွေးများကို ခန်းခြောက်အောင် စုပ်ယူနိုင်လေသည်။

သို့သော် ယခု... မိစ္ဆာသွေးသန့်စင်ထုတ် ဆေဘာကိုစုဖွဲ့ပြီး ခရမ်းရောင်ဝတ်လူထူးဆန်းပေါ် ခုတ်ပိုင်းချပြီးတာတောင် သူက ထိုသူ၏ မျိုးဆက်သွေးကို စုပ်ယူသန့်စင်နိုင်ခြင်း မရှိပေ။

ဒါ့အပြင် ထိုသူ၏ စိတ်အေးလက်အေးအမူအရာအရ အဲ့ဒါက သူ့အပေါ် သက်ရောက်မှုများစွာ မဖြစ်စေသည့်ပုံပင်။

“သန့်စင်လိုက်”

ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာက ဖြည်းဖြည်းချင်း ပြောလိုက်၏။

သူ့ခန္ဓာကိုယ်ပေါ်မှာ မီးတောက်များက သိပ်သည်းစုဖွဲ့လာပြီး သိုင်းစိတ်ဝိညာဥ်မီးက အဆက်မပြတ်လောင်ကျွမ်းကာ သူ၏ ခန္ဓာကိုယ်ကို နီရဲတောက်ပလာစေ၏။ သူ့ခန္ဓာကိုယ်ပေါ်ကျဆင်းနေသည့် ညစ်ညမ်းသောသွေးများက စတင်အငွေ့ပျံလာ၏။

တကယ်ဆို... ညစ်ညမ်းသောသွေးများထံမှ တစ္ဆေညည်းသံများကိုပင် ကြားရနိုင်လေသည်။

တစ္ဆေသရဲဆန်ဆန် ပုံရိပ်များစွာက သိုင်းတာအိုပင်မခန္ဓာ၏ ဘေးပတ်လည်မှာ ရုန်းကန်လှုပ်ရှားနေသော်လည်း သူတို့က မည်သို့ပင်ဆိုစေ ရုန်းထွက်နိုင်ခြင်းမရှိတော့ပေ။ တစ်ခဏချင်းမှာပင် သူတို့သည် ဘာမှမကျန်အောင် သန့်စင်ခံလိုက်ရ၏။

သိုင်းတာအိုပင်မခန္ဓာပေါ်ရှိ ညစ်ညမ်းသောသွေးများက လုံးဝသန့်စင်ခံလိုက်ရလေသည်။

သူ့ခန္ဓာကိုယ်က ချို့ယွင်းချက်ကင်းမဲ့ပြီး သူ၏ သွေးချီက သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုနှင့်အတူတူ တလိပ်လိပ်ထိုးတက်လာ၏။ သူ၏ အော်ရာက ပို၍ပင်သန်မာလာပြီး အရာရာတိုင်းကို အရည်ဖျော်ချပစ်ချင်သည့်လား အပူလှိုင်းတစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။

“မင်းမှာရှိတာ ဒါအကုန်ပဲဆိုရင်တော့... မင်းက ဒီနေ့သေရလိမ့်မယ်”

သိုင်းတာအိုပင်မခန္ဓာ၏ လေသံက အေးစက်နေပြီး ကိုယ်တော်တာမင်းထံသို့ လျှောက်လှမ်းလာ​လေသည်။ သူက သူ၏လက်သီးကိုမြှောက်ပြီး ဧရာမမီးလုံးတစ်လုံးကဲ့သို့ ထိုသူထံသို့ ပစ်ထိုးလိုက်လေသည်။

All Chapters