ရှုံးနိမ့်ခြင်း
Vol. 111 Ch. 1658
ကိုယ်တော်တာမင်းသည် သူ၏ ခေါင်းကို ငုံ့ပြီး သူ၏ ဆံပင်ရှည်များက ညင်သာစွာ ယိမ်းနွဲ့နေ၏။
ရုတ်တရက်ဆိုသလို....
သူ၏ နှာရောင်ပေါ်ရှိ သွေးရောင်အမာရွတ်က ကွဲထွက်သွားပြီး သွေးနီရောင်ကောင်းကင်ဘုံမျက်လုံးတစ်လုံးက ပေါ်ထွက်လာ၏။
၎င်းသည် ဆိုးယုတ်စိတ်ဝိညာဥ်တစ်ခုပါရှိသည့် မျက်လုံးတစ်လုံးကဲ့သို့ မကောင်းဆိုးဝါးဆန်ပြီး အလွန်တရာကြောက်စရာကောင်းကာ တုန်လှုပ်ချောက်ချားစရာကောင်းသော အော်ရာတစ်ခုဖြင့် ပြည့်နှက်နေ၏။
ချက်ချင်းပင် သိုင်းတာအိုပင်မခန္ဓာ၏ မြင်ကွင်းထဲရှိ အရာရာတိုင်းက ပျောက်ကွယ်သွားသည်ဟု ထင်ရလေသည်။
ကျန်ခဲ့သည့် တစ်ခုတည်းသောအရာမှာ သွေးနီရောင် ကောင်းကင်ဘုံမျက်လုံးတစ်လုံးသာလျှင် ဖြစ်လေသည်။
မရဏမျက်လုံး....။
အဲ့ဒါသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ နံပါတ်တစ်နှင့် အသန်မာဆုံး ဓမ္မအစီအရင်ဖြစ်လေသည်။
သမိုင်းတစ်လျှောက်မှာ ဤစက္ခုနည်းစနစ်ကို ကျင့်ကြံသော ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ဝင်များစွာ ရှိခဲ့လေသည်။ သို့သော်လည်း သူတို့ထဲမှ တချို့တလေကသာလျှင် အဲ့ဒါကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့လေသည်။
မရဏမျက်လုံးကို ကျင့်ကြံဖို့အတွက် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ သခင်လေး ကြမ်းကြုတ်မျက်လုံးသည် သူ၏ ကျင့်ကြံမှုအစမှာပင် သူ၏ မျက်လုံးနှစ်ဖက်ကို သူကိုယ်တိုင် ဖျက်ဆီးခဲ့ပြီး သူ၏ ဘဝတစ်လျှောက် အလင်းရောင်ကို မတွေ့မြင်နိုင်တော့ပေ။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ဝင်များကြားမှာ မရဏမျက်လုံးကို အောင်မြင်စွာကျင့်ကြံနိုင်ခဲ့သည့် နောက်ဆုံးလူမှာ လွန်ခဲ့သည့်နှစ်လေးသောင်းက ဖြစ်လေသည်။
ကံဆိုးစွာနှင့်ပင် ထိုခလေး၏ မျိုးဆက်သွေးက သန့်စင်မှုမရှိဘဲ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ အဆက်အနွယ်ကပြားတစ်ယောက်ဖြစ်နေခဲ့၏။
အဆက်အနွယ်ကပြားဆိုသည်မှာ ကြားကောင်းအောင်ပြောခြင်းသာဖြစ်ပြီး ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ မျက်လုံးများထဲမှာ သူသည် ကောင်စုတ်လေးတစ်ကောင်ထက် မပိုပေ။
ဤကောင်လေးသည် အနိုင်ကျင့်ခံခဲ့ရပြီး ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ထဲမှာ သေလုနီးပါးဖြစ်ခဲ့ရ၏။
နောက်ဆုံးမှာတော့ စိန်ကျောင်းတော်မှ ဖြတ်သွားဖြတ်လာ ဘုန်းကြီးတစ်ပါးက သူ့ကိုကယ်တင်ခဲ့လေသည်။ ထိုဘုန်းကြီးက သူ၏ မျိုးဆက်သွေးကို မည်သည့်အထင်အမြင်သေးမှုမှမရှိဘဲ သူ့ကိုခေါ်ဆောင်သွားခဲ့လေသည်။
နောက်ပိုင်းမှာ ဤကောင်လေးသည် ထျန်ဟွမ်ကုန်းမြေတိုက်တစ်ခုလုံးကို ကိုင်လှုပ်ခဲ့သည့် တာမင်းကျောင်းတော်၏ မည်ကာမတ္တတပည့် ကိုယ်တော်တာမင်းဖြစ်လာခဲ့၏။
မြူခိုးအလွှာ၏ အောက်မှာ သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက နောက်ဆုံးမှာတည်တံ့လာခဲ့၏။
မရဏမျက်လုံးသည် မနှိုင်းယှဥ်သာအောင် သန်မာနေသည့်အကြောင်းရင်းမှာ ထိုစက္ခုနည်းစနစ်တွင် စက္ခုနည်းစနစ်၏ စွမ်းအား ပါဝင်နေရုံသာမကဘဲ ၎င်းသည် အမြုတေစိတ်ဝိညာဥ်အပေါ် သိပ်သည်းပြင်းထန်သည့် ရိုက်ခတ်မှုတစ်ခုကိုလည်း ဖြစ်စေနိုင်သောကြောင့်ဖြစ်၏။
သာမန်စက္ခုနည်းစနစ်များက ဓမ္မပညာရပ်တစ်ခုနှင့်ဆင်တူလေသည်။
ဤစက္ခုနည်းစနစ်ကတော့ ဓမ္မပညာရပ်များနှင့် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များကို ပေါင်းစည်းထားခြင်းဖြစ်လေသည်။
သို့သော်လည်း မရဏမျက်လုံးသည်ပင်လျှင် သိုင်းတာအိုပင်မခန္ဓာကို မခြိမ်းခြောက်နိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာကို တကယ်တမ်းတုန်လှုပ်စေသည့်အရာမှာ ကိုယ်တော်တာမင်း၏ စက္ခုနည်းစနစ်သည် အခြေခံအုတ်မြစ်အဖြစ် မရဏမျက်လုံးကို အသုံးပြုထားသော်လည်း ၎င်းက မရဏမျက်လုံးထက်ပင် ပို၍အဆင့်မြင့်နေလေသည်။
ထိုစက္ခုနည်းစနစ်မှာ နောက်ထပ်စွမ်းအားတစ်ခုပါဝင်နေ၏။
တစ်နည်းအားဖြင့်ဆိုလျှင် ကိုယ်တော်တာမင်းသည် မရဏမျက်လုံးထက် သာလွန်သော စက္ခုနည်းစနစ်တစ်ခုကို ဖန်တီးထားခြင်းဖြစ်လေသည်။
သိုင်းတာအိုပင်မခန္ဓာထံမှ ပေါက်ကွဲထွက်ပေါ်လာသော အလျှံညီးညီး မီးတောင်နှစ်ခုက ကိုယ်တော်တာမင်း၏ စက္ခုနည်းစနစ်ထံသို့ ပစ်လွင့်သွားလေသည်။
ဤစက္ခုနည်းစနစ်သည် မီးပဒေသာနဂါးမျက်လုံးထံကနေ မွေးဖွားပေါ်ထွက်လာခြင်းဖြစ်၏။ သိုင်းတာအိုပင်မခန္ဓာသည် ဤစက္ခုနည်းစနစ်ကို အသွင်းပြောင်း ပြုပြင်မွမ်းမံဖို့အတွက် စက္ခုနည်းစနစ်များစွာကို သန့်စင်ခဲ့ပြီး ၎င်း၏ မီးဓာတ်စွမ်းအားကို ၎င်း၏ အကန့်အသတ်ထိ မြှင့်တင်ခဲ့လေသည်။
ဘုန်း...
စက္ခုနည်းစနစ်နှစ်ခုက ပေါက်ကွဲထွက်ပေါ်လာပြီး ချက်ချင်းပင် ထိတွေ့ရိုက်ခတ်သွား၏။
မရဏမျက်လုံးနှင့်ရင်ဆိုင်ရချိန်မှာ သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးနှစ်ဖက်ကနေ ထုတ်လွှတ်လိုက်သော မီးတောက်နှစ်ခုသည် မှေးမှိန်သွားပြီး သိပ်မကြာခင် ငြိမ်းသေသွားလေသည်။
ကိုယ်တော်တာမင်း၏ မရဏမျက်လုံးက အရမ်းကိုကြောက်စရာကောင်းလေသည်။
သိုင်းတာအိုပင်မခန္ဓာက သူ၏ စက္ခုနည်းစနစ်ကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် သူ၏ စက္ခုနည်းစနစ်က မရဏမျက်လုံးကို ရင်ဆိုင်ဖို့ ခက်ခဲတော့မည်ဖြစ်ကြောင်း သိရှိနားလည်လိုက်၏။
အဲ့ဒါကြောင့် သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်နှစ်ဖက်နှင့်အတူ ချက်ချင်းပင် ပိတ်ဆို့တားဆီးလိုက်လေသည်။
တစ်ချိန်တည်းမှာပင် သိုင်းတာအိုပင်မခန္ဓာ၏ အသိစိတ်ထဲမှာ သိုင်းစိတ်ဝိညာဥ်မီးက ပေါ်ထွက်လာပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို ကာပေးလိုက်လေသည်။
ဘန်း...
မရဏမျက်လုံး၏ အလင်းတန်းက သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးနှစ်ဖက်ပေါ်သို့ ဆင်းသက်လာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးပေါ်ရှိအရေပြားက စတင်၍ တိုက်စားခံလာရ၏။ သို့သော်လည်း သူ၏ သွေးချီက တလိပ်လိပ်တက်လာပြီး မရဏမျက်လုံး၏ စွမ်းအားကို တင်းကျပ်စွာဖိနှိမ်ကာ သူ၏ ဒဏ်ရာများကို ဆက်လက်၍ မပြန့်ကားစေတော့ပေ။
သွေးနီရောင်အလင်းတန်းက သိုင်းတာအိုပင်မခန္ဓာ၏ အသိစိတ်ထဲမှာပေါ်ထွက်လာပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ရှိရာသို့ ပြေးဝင်လာခဲ့၏။
၎င်းက ရောက်ရှိမလာခင်မှာပင် ၎င်းသည် သိုင်းတာအိုစိတ်ဝိညာဥ်မီးဖြင့် လောင်ကျွမ်းပြာကျသွားလေသည်။
ကိုယ်တော်တာမင်းသည် မျက်မှောင်အနည်းငယ် ကြုတ်ပြီး သူ၏ ခန္ဓာကိုယ်က ယိမ်းထိုးသွား၏။ သူ၏ နှာရောင်ပေါ်ရှိ သွေးရောင်အမာရွတ်က နောက်တစ်ဖန်ပိတ်ဆို့သွားလေသည်။
ကောင်းကင်ဘုံမျက်လုံးက နောက်ဆုံးမှာ ပိတ်ဆို့သွားခဲ့လေပြီ။
ထိုအခိုက်အတန့်မှာ လောကသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ဟု ထင်ရလေသည်။
သေလောက်သော တိတ်ဆိတ်ငြိမ်သက်မှုက ပျောက်ကွယ်သွား၏။
အသက်ဓာတ်က ပြန်လည်ရောက်ရှိလာခဲ့လေပြီ။
သာမန်အမြုတေစိတ်ဝိညာဥ်နည်းစနစ်များသည် သိုင်းစိတ်ဝိညာဥ်မီးဖြင့် ထိတွေ့မိရုံဆိုလျှင်တောင် ထိုကျင့်ကြံသူ၏ အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာအပြင်းအထန် ရရှိသွားပေလိမ့်မည်။ သို့သော်လည်း ကိုယ်တော်တာမင်းသည် အမူရာအနည်းငယ်ပြောင်းလဲသွားရုံနှင့် အဲ့ဒါကို ခုခံလိုက်နိုင်၏။
“အဲ့ဒီစက္ခုနည်းစနစ်က မင်းရဲ့ဝှက်ဖဲမလား.... အဲ့ဒါက သန်မာသားပဲ”
သိုင်းတာအိုပင်မခန္ဓာက အနည်းငယ်ခေါင်းညိတ်၍ သူ၏ ရင်ထဲအသဲထဲကနေ ချီးကျူးလိုက်၏။
မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းမှာတုန်းက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ပြီး အစိမ်းရောင်ကြာပန်းဓားနှင့် ကိုယ်တော်တာမင်း၏ နှာရောင်ကို ခုတ်ပိုင်းခဲ့သော်လည်း မည်သည့်ပျက်စီးထိခိုက်မှုမှ မဖြစ်စေခဲ့ပေ။ ကောင်းကင်ဘုံမျက်လုံးက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ သိသာလေသည်။
ကိုယ်တော်တာမင်းက အမူအရာကင်းမဲ့နေ၏။
“မင်းငါ့ကို လှောင်နေတာလား”
“ဘယ်ကသာ...”
သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ဖဝါးကို ဖြန့်ပြလိုက်၏။
သူ၏ လက်ဖဝါးက အနည်းငယ်အတိုက်စားခံထားရသော်လည်း သူ၏ စွမ်းအားကြီးမားသော သွေးချီက တလိပ်လိပ်တက်လာသောကြောင့် သူ့လက်ဖဝါးပေါ်ရှိဒဏ်ရာသည် အချိန်တိုအတွင်းမှာပင် အလျင်အမြန်သက်သာပျောက်ကင်းလာ၏။
“ငါ့ကျင့်ကြံမှုရဲ့ ဒီအဆင့်ထိ ငါတစ်ခါမှ ဒဏ်ရာမရခဲ့ဖူးဘူး”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“မင်းရဲ့ စက္ခုနည်းစနစ်က ငါ့ကို ထိခိုက်အောင်လုပ်လိုက်နိုင်တယ်ဆိုတော့.. မင်းက ဂုဏ်ယူသင့်တယ်”
ကိုယ်တော်တာမင်းက ခါးသီးစွာပြုံးလိုက်၏။
အဲ့ဒါက သူ့ကိုချီကျူးသောစကားဖြစ်သော်လည်း ထိုစကားမှာ ဖော်မပြနိုင်သော ယုံကြည်မှုနှင့် ရဲဝံ့မှုတစ်ခုပါဝင်လေသည်။
ကိုယ်တော်တာမင်းက အနည်းငယ်ခါးသက်စွာ ခံစားလိုက်ရ၏။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် လွန်ခဲ့သည့်နှစ်လေးသောင်းက တစ်ကြိမ်သာလျှင် ရှုံးနိမ့်ခဲ့ဖူးလေသည်။
ထိုရှုံးနိမ့်မှုက သူ၏ ဘဝမှာ အကြီးမားဆုံး အရှက်ခွဲခံရမှုဖြစ်လေသည်။
သို့သော်လည်း လွန်ခဲ့သည့် နှစ်လေးသောင်းမှ တိုက်ပွဲမှာပင်လျှင် တိုက်ပွဲ၏ ရလဒ်ကို နောက်ဆုံးအချိန်မှသာ ဆုံးဖြတ်နိုင်ခဲ့ပြီး တစ်ဘက်သူအတွက်လည်း အဲ့ဒါက ဆိုးဆိုးဝါးဝါးပုံစံဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်လေသည်။
ကိုယ်တော်တာမင်းသည် ဤတစ်ခေါက် ပြန်လည်ပေါ်ထွက်လာသောအခါ သူသည် လွန်ခဲ့သည့်နှစ်လေးသောင်းကထက် များစွာပိုမိုသန်မာလာခဲ့၏။
ယခု သူသည် ဤကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော ပြန်ဝင်စားမွန်းစတားတစ်ယောက်နှင့် တွေ့ကြုံနေရလေသည်။ ဒါ့အပြင် ဤတစ်ခေါက် သူ၏ ရှုံးနိမ့်မှုက ပို၍ပင်ဆိုးရွားနေ၏။
“မင်းက ထျန်ဟွမ်ကုန်းမြေတိုက်က မဟုတ်ဘူးမလား”
ကိုယ်တော်တာမင်းက ရင်တစ်ချက်ထိတ်သွားပြီး ရုတ်တရက်မေးလိုက်၏။ သူက လျှို့ဝှက်ချက်အချို့ကို သိရှိထားလေသည်။
ကျယ်ပြောလှသော ဤလောကမှာ ထျန်ဟွမ်ကုန်းမြေတိုက်ကဲ့သို့ လောကများစွာရှိလေသည်။ ဤပြန်ဝင်စားမွန်းစတား၏ ကျင့်ကြံခြင်းနည်းစနစ်များသည် တစ်မူထူးခြားပြီး အဲ့ဒီမှာ မည်သည့်အမွေအနှစ်ကိုမှ မတွေ့မြင်နိုင်ပေ။ ဤလူသည် အခြားသောလောကတစ်ခုမှ ရောက်လာခြင်း ဖြစ်နိုင်လေသည်။
“ငါက ထျန်ဟွန်ကုန်းမြေတိုက်ကပါပဲ”
သိုင်းတာအိုပင်မခန္ဓာ က ပြောလိုက်၏။
“ဒါပေမဲ့... မင်းလိုအစွမ်းအစနဲ့သူမျိုးကို ငါတစ်ခါမှ မတွေ့မြင်ဖူးဘူး”
ကိုယ်တော်တာမင်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ပြုံး၍ မည်သည့်စကားမှ မဆိုတော့ဘဲ ကိုယ်တော်တာမင်းရှိရာသို့ လျှောက်လှမ်းလာ၏။
“မင်းငါ့ကို သတ်တော့မှာလား”
ကိုယ်တော်တာမင်း၏ အမူအရာက တည်ငြိမ်နေ၏။
သူသည် သေခြင်းတရားကို တွေ့ကြုံခဲ့ဖူးလေသည်။
သူသည် လွန်ခဲ့သည့်နှစ်လေးသောင်းက သေသွားခဲ့သင့်လေသည်။
သူမသေနိုင်သေးသည်မှာ သူလက်မလွှတ်နိုင်သည့် တစ်ခုတည်းသော အရာကြောင့်ဖြစ်လေသည်။
“မင်းက... တကယ့်ကို သန်မာပါပေတယ်”
ကိုယ်တော်တာမင်းက ပြောလိုက်၏။
“ဒါပေမဲ့... မင်းက လုံလောက်အောင်ကြီးပြင်းမလာသေးဘူး... တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်အနေနဲ့ နဲနဲလောက် ပိုပြီးသန်မာတဲ့ မျိုးနွယ်စုခေါင်းဆောင်တွေကတောင် မင်းကို ဖိနှိမ်နိုင်တယ်... နောက်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှာ ပိုပြီးတော့ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခုရှိနေတယ်... မင်းက သတိထားရမယ် မင်းကို သူသတိထားမိသွားလို့ မဖြစ်ဘူး”
“လွန်ခဲ့တဲ့နှစ်လေးသောင်းက တာအိုအရှင်သွေးမိစ္ဆာလား”
သိုင်းတာအိုပင်မခန္ဓာက ပြန်မေးလိုက်လေသည်။
ကိုယ်တော်တာမင်းက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းပြီး တိုက်ရိုက်ပြန်မဖြေပေ။
“မင်းက လျှို့ဝှက်ချက်တော်တော်များများကို သိထားတာပဲ... ဒါပေမဲ့ တကယ်တမ်းအခြေအနေတွေက မင်းစဥ်းစားနိုင်တာထက် ပိုရှုပ်ထွေးပြီး ပိုပြီးကြောက်စရာကောင်းတယ်”
သိုင်းတာအိုပင်မခန္ဓာက ပြုံး၍ ကိုယ်တော်တာမင်း၏ ရှေ့သို့ ရောက်ရှိလာကာ သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်၏။
ကိုယ်တော်တာမင်းက သက်ပြင်းချပြီး သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ချလိုက်၏။
အဲ့ဒီနောက် ကိုယ်တော်တာမင်းသည် သူ၏ လက်ကောက်ဝတ်က ချက်ချင်းပင် ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရ၏။
သူ မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ သူ၏ သိုလှောင်အိတ်ကို ဖြုတ်ယူသွားသော သိုင်းတာအိုပင်မခန္ဓာကို တွေ့မြင်လိုက်ရ၏။
သိုင်းတာအိုပင်မခန္ဓာက သူ၏ သိုင်းစိတ်ဝိညာဥ်ကို စေညွှန်ပြီး သိုလှောင်အိတ်ပေါ်ရှိ စိတ်ဝိညာဥ်အသိစိတ်ကို ဖယ်ရှားလိုက်လေသည်။ သူက သိုလှောင်အိတ်ကိုဖွင့်ပြီး အထဲကိုတစ်ချက်ကြည့်လိုက်လေသည်။
“ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်း”
သိုင်းတာအိုပင်မခန္ဓာသည် ပဟေဠိနန်းတော်၏ လျှို့ဝှက်အတတ်ကို ချက်ချင်းပင်တွေ့မြင်သွားလေသည်။
“အဲ့ဒါက ပဟေဠိနန်းတော်က ကျင့်ကြံရေးနည်းစနစ်တစ်ခုပဲ...မင်းက အဲ့ဒါကိုဖတ်ပြီးသွားပြီဆိုရင် ကျေးဇူးပြုပြီး အဲ့ဒါကို ပဟေဠိနန်းတော်ဆီ ပြန်ပေးပေးပါ”
ကိုယ်တော်တာမင်းသည် သေရတော့မည်ဟု တွေးထားပြီး သက်ပြင်းချလိုက်၏။ သူသည် ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်းကို ပြန်ပေးဖို့ ပြင်ဆင်ထားလေသည်။
“ဒါပေါ့... ပြန်ပေးရမှာပေါ့”
သိုင်းတာအိုပင်မခန္ဓာက ပြုံးပြလိုက်၏။