← Chapters

ထျန်ဟွမ်ကုန်းမြေတိုက်မှာ ငုပ်လျှိုးနေသော အန္တရာယ်များ

Vol. 111 Ch. 1659

ထျန်ဟွမ်ကုန်းမြေတိုက်မှာ ငုပ်လျှိုးနေသော အန္တရာယ်များ

Vol. 111 Ch. 1659

အဲဒီမှာ ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်းအပြင်.. သိုလှောင်အိတ်ထဲမှာ အခြားသော ကျင့်ကြံရေး နည်းစနစ်များနှင့် လျှို့ဝှက်အတတ်များစွာ ရှိလေသည်။ သူတို့ထဲမှ အများစုသည် ဗုဒ္ဓကျောင်းတော် ၆ ကျောင်းမှ ပညာရပ်များ ဖြစ်လေသည်။

ထိုကျင့်ကြံရေးနည်းစနစ်များထဲမှ အချို့သည် ထိပ်တန်းအဆင့် ဓမ္မအစီအရင်များနှင့် လျှို့ဝှက်အတတ်များ ဖြစ်လေသည်။ သို့သော်လည်း သူတို့ထဲမှ အများစုသည် ရိုးရှင်းသော ရှေးဟောင်းသုတ္တန်များ သို့မဟုတ် လူတစ်ယောက်၏ စိတ်ကို တည်ငြိမ်စေသော ဂါထာမန္တန်များ ဖြစ်လေသည်။

ကိုယ်တော်တာမင်း၏ သိုလှောင်အိတ်သည် ထိုဗုဒ္ဓကျင့်ကြံရေး နည်းစနစ်များဖြင့် ပြည့်လုနီးပါး ဖြစ်နေ၏။

“မင်းက ဗုဒ္ဓကျောင်းတော်တွေက ရှေးဟောင်းကျမ်းစာအုပ်တွေကို ဒီလောက်အများကြီး ဘာလို့ စုဆောင်းထားတာလဲ”

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

ကိုယ်တော်တာမင်းသည် သူ၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ချင်သည်ဆိုလျှင် သူလုပ်စရာ ရှိသည်မှာ ထိပ်တန်းအဆင့် ဗုဒ္ဓကျင့်ကြံရေး နည်းစနစ်များကို ကျင့်ကြံဖို့ ဖြစ်လေသည်။ သို့သော်လည်း သူ၏ သိုလှောင်အိတ်သည် တိုက်ခိုက်ရေး မဟုတ်သော ဗုဒ္ဓသုတ္တန်များနှင့် အများဆုံး ပြည့်နှက်နေ၏။

ထိုဗုဒ္ဓသုတ္တန်များကို မော်တယ်လောကရှိ ဘုန်းကြီးအချို့ကို သင်ကြားပြသရာမှာ အသုံးချလေ့ရှိလေသည်။

သိုင်းတာအိုပင်မခန္ဓာသည် ဓမ္မပညာရပ်များ အားလုံးကို အရည်ဖျော်ခဲ့သော်လည်း ထိုသုတ္တန်များသည် သူ့အတွက် အရမ်းကို နိမ့်ကျပြီး သူက အဲဒါတွေကို ဖတ်ဖို့အတွက် မည်သည့် အားထုတ်မှုကိုမှ ပြုလိမ့်မည် မဟုတ်ပေ။

ကိုယ်တော်တာမင်း၏ ကြောက်စရာကောင်းသော ဉာဏ်ရည်ဉာဏ်သွေးအရ.. သူက ဤကဲ့သို့ အဓိပ္ပာယ်မဲ့သော တစ်စုံတစ်ရာကို ပြုလုပ်စရာ အကြောင်းမရှိပေ။

ကိုယ်တော်တာမင်းသည် သိုင်းတာအိုပင်မခန္ဓာ၏ မေးခွန်းကို ကြားသောအခါ တိတ်ဆိတ်ငြိမ်သက်နေ၏။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ သို​လှောင်အိတ်ကို စစ်ဆေးပြီး ဗုဒ္ဓကျောင်းတော်များ၏ ထိပ်တန်းအဆင့် ကျင့်ကြံရေး နည်းစနစ်အချို့ကို သိမ်းဆည်းပြီးနောက် သိုလှောင်အိတ်ကို ကိုယ်တော်တာမင်းထံ ပစ်ထုတ်ပေးလိုက်၏။

ကိုယ်တော်တာမင်းက မျက်မှောင် အနည်းငယ်ကြုတ်၍ တွေဝေတုံ့ဆိုင်းနေ၏။

“အဲဒီ ကျင့်ကြံရေး နည်းစနစ်တွေကို ငါဖတ်ပြီးသွားရင်.. ငါ သူတို့ရဲ့ ပိုင်ရှင်တွေဆီ ပြန်ပေးလိုက်မယ်”

သိုင်းတာအိုပင်မခန္ဓာက ကိုယ်တော်တာမင်း၏ စိတ်ကို ဖတ်မိပုံရပြီး ပြောလိုက်၏။

“မင်းက မဟာယာနအဆင့်ကို တက်လှမ်းတော့မှာပဲ”

သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာ ပြုံးလိုက်၏။

“ငါ မင်းကို ရှေ့ကနေ စောင့်နေမယ်… မင်းက ဒီနေ့ ရှုံးနိမ့်မှုနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတယ်ဆိုရင် ငါတို့ နောက်တစ်ခါထပ်ပြီး တိုက်ခိုက်ကြတာပေါ့”

ထိုသို့ ပြောပြီးသည်နှင့် သူက လှည့်ထွက်သွားလေသည်။

“ဟမ်”

ကိုယ်တော်တာမင်းက မျက်မှောင်ကြုတ်ပြီး လှမ်းအော်မေးလိုက်လေသည်။

“မင်းက ဒီတိုင်းပဲ ထွက်သွားတော့မလို့လား.. မင်းက စောစောက ငါ့ကို သတ်ချင်နေခဲ့တာ မဟုတ်ဘူးလား”

“အဲဒါက ဒီတိုင်းပြောလိုက်ရုံပဲ.. ငါက မင်းကို ထိုးကြိတ်ချင်ခဲ့ရုံပဲ”

သိုင်းတာအိုပင်မခန္ဓာ၏ အသံက ထွက်ပေါ်လာပြီး သူ၏ ပုံရိပ်က နောက်ဆုံးစကားသံကို ပြောလိုက်သည့်အချိန်မှာ လုံးဝ ပျောက်ကွယ်သွားလေသည်။

ကိုယ်တော်တာမင်းက နေရာမှာပင် ငေးငိုင်နေလေသည်။

ခရမ်းရောင်ဝတ် လူထူးဆန်းက ဘယ်သူပါလဲ။

တကယ်ဆို.. သူတို့သည် အပြင်းအထန် တိုက်ခိုက်ခဲ့တာတောင် သူသည် လျှို့ဝှက်ဆန်းကြယ်သော လူ၏ ကျင့်ကြံခြင်း နည်းစနစ်များ၏ နောက်ခံကို အတည်ပြုနိုင်ခြင်းပင် မရှိပေ။ အဲဒါက အရမ်းကို ထူးဆန်းလေသည်။

နောက်ပြီး ခရမ်းရောင်ဝတ် လူထူးဆန်းက သူ့ကို ဘာကြောင့် ထိုးကြိတ်ချင်ခဲ့တာလဲ။

ကိုယ်တော်တာမင်း၏ ဉာဏ်ရည်ဉာဏ်သွေးက ကြောက်စရာကောင်းသော်လည်း သူက ဘယ်လိုပင် ဦးနှောက်ခြောက်မတတ် စဉ်းစားသည်ဖြစ်စေ.. ထိုလူထူးဆန်းသည် ဆူဇီမို၏ တတိယမြောက် အစစ်အမှန်ခန္ဓာ၊ အထီးကျန်သိုင်းသခင်၏ ပင်မခန္ဓာဖြစ်သည်ဆိုတာကို သူက ခန့်မှန်းမိနိုင်လိမ့်မည် မဟုတ်ပေ။

ကိုယ်တော်တာမင်းသည် ခဏမျှ စဉ်းစားတွေးတောပြီးနောက်.. သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်လေလည်။ သူ၏ မျက်လုံးထဲမှာ မြူခိုးတစ်လွှာ ပေါ်ထွက်လာပြီး သူ၏ လက်ချောင်းများနှင့်အတူ မနောဗေဒင် တွက်ချက်လိုက်လေသည်။

ဤနှစ်များအတွင်း သူသည် ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်းတွင် ပါဝင်သော အကြောင်းအရာများကို အလွတ်ကျက်ထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး သူသည် မနောဗေဒင် တွက်ချက်ခြင်း လျှို့ဝှက်အတတ်များကို အလွန်တရာ နက်ရှိုင်းသော အဆင့်တစ်ခုထိ ကျင့်ကြံထားခဲ့ပြီဖြစ်၏။

ခဏကြာပြီးနောက်.. သူက ဆတ်ခနဲ တုန်ယင်သွားပြီး သူ့မျက်လုံးထဲရှိ မြူခိုးများက ပျက်ပြယ်သွားလေသည်။ တကယ်ဆို အဲဒီမှာ သွေးစတချို့ပင် ပါလာခဲ့လေသည်။

သူက အဲဒါကို လုံးဝ တွက်ချက်နိုင်ခြင်း မရှိပေ။

ထိုမျှသာမက.. သူသည် တန်ပြန်ရိုက်ခတ်မှုတစ်ခုကိုပါ တွေ့ကြုံခံစားခဲ့ရလေသည်။

သူက ဗေဒင် တွက်ချက်မှုကို အချိန်မီ ရုတ်သိမ်းခဲ့သည်မှာ ကံကောင်းလေသည်။ မဟုတ်ပါက.. သူ၏ မျက်လုံးများက အမြင်အာရုံ ကွယ်ပျောက်သွားနိုင်လေသည်။

ကိုယ်တော်တာမင်းကို မပြောနှင့်.. သူ့ထက်ပို၍ ကျွမ်းကျင်သော ပုံပြောအဘိုးအိုပင်လျှင် သိုင်းတာအိုပင်မခန္ဓာ၏ ဇစ်မြစ်နှင့် ကံကြမ္မာကို ဗေဒင် တွက်ချက်နိုင်ခဲ့ခြင်း မရှိပေ။

ကိုယ်တော်တာမင်းသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး သူ့ကိုယ်သူ ဣန္ဒြေဆည်ကာ တီးတိုးရေရွတ်လိုက်၏။

“ငါ မဟာယာနအဆင့်ကို တက်လှမ်းပြီးတာနဲ့.. ငါ့မှာ အခွင့်အရေး ရှိမယ်ဆိုရင် မင်းနဲ့ ထပ်ပြီး တိုက်ခိုက်မယ်”

ပဟေဠိနန်းတော်တွင်..

ဆူဇီမိုသည် သူ၏ စိတ်အာရုံကို ရုတ်သိမ်းလိုက်ပြီး သိုင်းတာအိုပင်မခန္ဓာထံသို့ ဆက်လက်၍ အာရုံစိုက်ခြင်း မရှိတော့ပေ။

ကိုယ်တော်တာမင်းမှာ တကယ်ပင် ဝှက်ဖဲများစွာရှိပြီး သူတွေးထင်ထားသည်ထက် ပို၍ ကြောက်စရာကောင်းနေ၏။

သို့သော်လည်း သူသည် သိုင်းတာအိုပင်မခန္ဓာနှင့် တွေ့ကြုံသောအခါ အညှာအတာမဲ့စွာ ဖိနှိမ်ခံခဲ့ရ၏။

သူ၏ အကြံအစည်များနှင့် အကွက်မြင်မှုများ အားလုံးသည် ပကတိခွန်အားဖြင့် ထိုးချက်တစ်ချက်ကို ခံနိုင်ရည်မရှိပေ။

ပဟေဠိနန်းတော်မှ မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို ဆက်လက်ကျင်းပနေ၏။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့၏။

ထိုဖြစ်စဉ်သည် ၇ရက်လုံးလုံး ကြာမြင့်ခဲ့ပြီးနောက်.. အဆုံးသတ်လာခဲ့၏။

မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ၏ ရလဒ်ကိုလည်း ဆုံးဖြတ်နိုင်ခဲ့လေသည်။

ကမ္ဘာဦးမျိုးနွယ် ၈စုသည် သူတို့၏ ပိုင်နက်နယ်မြေများကို ဆယ်ဆ ချဲ့ထွင်နိုင်မည်ဖြစ်၏။

သို့သော်လည်း သူတို့သည် ချဲ့ထွင်ထားသော ဤနယ်မြေများမှာ လူသားများနှင့် သက်ရှိများ အားလုံးကို စိတ်ရှိတိုင်း သတ်ဖြတ်နိုင်မည် မဟုတ်ပေ။ ကမ္ဘာဦးမျိုးနွယ် ၈စုသည် ထိုသက်ရှိများကို အဝေးမှာ နေထိုင်ဖို့ သို့မဟုတ် ရွှေ့ပြောင်းဖို့ အခွင့်အရေးတစ်ခု ပေးရမည်ဖြစ်၏။

ကမ္ဘာဦးမျိုးနွယ်များမှ ပညာရှင်များသည် သူတို့၏ တားမြစ်နယ်မြေများကနေ ထွက်ခွာလာနိုင်ပြီး အပယ်ခံဘဝနှင့် ဆက်လက်၍ နေစရာ မလိုတော့ပေ။

သို့သော်လည်း သူတို့သည် အခြားမျိုးနွယ်များ၏ ပိုင်နက်နယ်မြေများသို့ ဝင်ရောက်လာသောအခါ မည်သူ့ကိုမဆို အကြောင်းရင်း မရှိဘဲ ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။

ယခုအချိန်မှစ၍ မျိုးနွယ်စုတစ်သောင်းက ထျန်ဟွမ်ကုန်းမြေတိုက်မှာ အတူယှဉ်တွဲ နေထိုင်ကြလိမ့်မည်ဖြစ်၏။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း.. သတင်းအချို့ကလည်း ပဟေဠိနန်းတော်သို့ ရောက်ရှိလာခဲ့၏။

ထိပ်သီးဂိုဏ်ကြီး ၃ဂိုဏ်းဖြစ်သော ကောင်းကင်စင်ရော်ဂိုဏ်း၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနှင့် ဖန်းလိုင်ကျွန်းတို့ထံ လျှို့ဝှက်ဆန်းကြယ်သော လူတစ်ယောက်က စိမ့်ဝင်ထိုးဖောက်လာခဲ့​ပြီး သူတို့၏ စာကြည့်တိုက်များထဲရှိ ကျင့်ကြံရေး နည်းစနစ်များနှင့် လျှို့ဝှက်အတတ်များ အားလုံးကို အပြောင်ရှင်းသွားခဲ့လေသည်။

လျှို့ဝှက်ဆန်းကြယ်သော ထိုလူနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသော ထိပ်သီးဂိုဏ်းကြီးများမှ တပည့်ဂိုဏ်းသားများ အားလုံးက ရှုံးနိမ့်ခဲ့ရသည်ဟု ဆိုကြလေသည်။

သူတို့ကြားမှာ သေဆုံးခဲ့ကြရသော မျိုးနွယ်စုခေါင်းဆောင်များပင်လျှင် ပါဝင်လေသည်။

လျှို့ဝှက်ဆန်းကြယ်သော လူ၏ ရုပ်ရည်သွင်ပြင်ကို မည်သူကမှ မဖော်ထုတ်နိုင်ခဲ့ကြပေ။

လျှို့ဝှက်ဆန်းကြယ်သော လူ၏ ကျင့်ကြံရေး နည်းစနစ်များ၏ နောက်ခံကိုလည်း မည်သူကမှ မဖော်ထုတ်နိုင်ခဲ့ကြပေ။

အရာရာတိုင်းက လျှို့ဝှက်ဆန်းကြယ်နေ၏။

ကောင်းကင်စင်ရော်ဂိုဏ်း၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနှင့် ဖန်းလိုင်ကျွန်း၏ မျိုးနွယ်စုခေါင်းဆောင်များက အမူအရာ လွန်စွာပျက်ယွင်းနေကြ၏။

ကျင့်ကြံသူများ အားလုံး သိထားသည်မှာ အဲဒါက သေချာပေါက် တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။

မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ စတင်ချိန်မှာ ကမ္ဘာဦးမျိုးနွယ်များထံ အရင်ဆုံး အညံ့ခံသွားသူများသည် ထိုထိပ်သီးဂိုဏ်ကြီး ၃ဂိုဏ်းဖြစ်လေသည်။

လျှို့ဝှက်ဆန်းကြယ်သော လူက အဲဒါကို တမင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်မှာ သိသာလေသည်။

စာကြည့်တိုက်ထဲရှိ ကျင့်ကြံရေး နည်းစနစ်များနှင့် လျှို့ဝှက်အတတ် အချို့ကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့ကြခြင်း ဖြစ်၏။ ထိပ်သီးဂိုဏ်ကြီး ၃ဂိုဏ်းသည် ဤတစ်ခေါက်မှာ ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ကို တွေ့ကြုံခဲ့ရလေသည်။

အဲဒီမှာ ဂိုဏ်းကနေ ပညာရှင်များ ကျင့်ကြံထားသော ကျင့်ကြံရေး နည်းစနစ်များနှင့် လျှို့ဝှက်အတတ် အချို့ ရှိလျှင်တောင် သူတို့ကို ပြီးပြည့်စုံစွာ အသစ်ပြန်ရေးဖို့က အင်မတန် ခက်ခဲလေသည်။

ထိပ်သီးဂိုဏ်ကြီး ၃ဂိုဏ်း၏ အခြေခံအုတ်မြစ်က ကျန်ရှိနေဆဲဖြစ်သော်လည်း သူတို့၏ စာကြည့်တိုက်ထဲရှိ သူတို့၏ ကျင့်ကြံရေး နည်းစနစ်များကို ဆုံးရှုံးရခြင်းသည် သူတို့၏ အခြေခံအုတ်မြစ်များကို ယိမ်းယိုင်သွားစေလေသည်။

“မင်းဘယ်သူလဲ ငါမသိစေနဲ့ပေါ့ကွာ”

ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်က မုန်းတီးစွာဖြင့် ပြောလိုက်၏။

“မဟုတ်ရင်တော့.. ငါ မင်းကို သေချာပေါက် အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်”

“ဟီးဟီး”

ဆူဇီမိုက အေးစက်စွာ လှောင်ရယ်၍ ထေ့ငေါ့လိုက်၏။

“မင်းက လူသားကျင့်ကြံသူတွေကိုတော့ အပိုင်းပိုင်း ဆုတ်ဖြဲချင်တယ်… ဒါပေမဲ့ ကမ္ဘာဦးမျိုးနွယ်တွေဆီမှာတော့ ရိုကျိုးခယနေတာပဲ… တကယ့်လူပဲ”

ဆိုးယုတ်မြေကမ္ဘာဂိုဏ်း မျိုးနွယ်စုခေါင်းဆောင်က သူ၏မျက်လုံးကို မှေးကျဉ်းပြီး စိမ်းသက်သော အမူအရာနှင့်အတူ ဆူဇီမိုကို ကြည့်လိုက်၏။

“ဘာလဲ.. မင်းက ငါ့ကို တိုက်ခိုက်ချင်လို့လား”

ဆူဇီမိုက ကြမ်းကြုတ်ခက်ထန်သော စိတ်ဆန္ဒတစ်ခုနှင့်အတူ ပြန်ကြည့်လိုက်လေသည်။

ဆိုးယုတ်မြေကမ္ဘာဂိုဏ်း မျိုးနွယ်စုခေါင်းဆောင်က သူ၏ ခေါင်းကို အနည်းငယ်လှည့်ပြီး ဆူဇီမို၏ ထက်ရှသော အကြည့်ကို ရင်ဆိုင်ရဲခြင်း မရှိဘဲ ရှောင်လွှဲလိုက်လေသည်။

ယခုအချိန်မှာ အထီးကျန်သိုင်းသခင်သည် မျိုးနွယ်စုတစ်သောင်းစုဝေးပွဲ မစခင်က သူတို့ အလိုရှိတိုင်း ဖိနှိမ်နိုင်ခဲ့သည့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက် မဟုတ်တော့ပေ။

ယခု သူသည် မဟာယာနအဆင့်သို့ ဝင်ရောက်သွားပြီး အထီးကျန်သိုင်းသခင်သည် မျိုးနွယ်စုခေါင်းဆောင် ပညာရှင်တစ်ယောက် ဖြစ်လာခဲ့လေပြီ။

ပို၍ အရေးကြီးသည်မှာ.. လူသားဧကရာဇ်သည် လူသားဧကရာဇ်ဘွဲ့ကို လွှဲအပ်ဖို့အတွက် ဓမ္မအမိန့်ပြန်တမ်းတစ်ခုကို ကိုယ်တိုင်ရေးထိုးခဲ့ပြီး လူသားဧကရာဇ်ချိတ်စည်းကိုပါ ဆူဇီမိုထံ လွှဲအပ်ခဲ့သည်ကို လူတိုင်းက သိရှိထားကြလေသည်။

လက်ရှိ အထီးကျန်သိုင်းသခင်သည် သက်ရှိများ အားလုံး၏ နှလုံးသားထဲမှာ လူသားဧကရာဇ် အသစ် ဖြစ်လာသည်ဟု ဆိုနိုင်လေသည်။

ဒါ့အပြင် ဤနေရာက ပဟေဠိနန်းတော် ဖြစ်၏။

ဤနေရာမှာ နဂါးမျိုးနွယ်က ရှိနေ၏။

ဤနေရာမှာ နန်းတော်အစောင့်အရှောက်နှင့် ပဟေဠိနန်းတော်၏ ဂမ္ဘီရ ဧကရာဇ်ကလည်း ရှိနေ၏။

သူ့မှာ သတ္တိ အဆတစ်ရာ ရှိသည်ဆိုလျှင်တောင် သူက ဤနေရာမှာ အထီးကျန်သိုင်းသခင်ကို တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ပေ။

မဟာယာနမျိုးနွယ်စုခေါင်းဆောင် အချို့က မည်သည့်စကားမှ မဆိုဘဲ အကြည့်ချင်း ဖလှယ်ပြီး အလိုလို နားလည်မှုတစ်ခု ရရှိသွားကြ၏။

အထီးကျန်သိုင်းသခင်သည် မဟာယာနအဆင့်သို့ ဝင်ရောက်လာသည်နှင့် သူက​ ရှေးဟောင်းတိုက်ပွဲမြေသို့ သေချာပေါက် ဝင်ရောက်ပေလိမ့်မည်။

ရှေးဟောင်းတိုက်ပွဲမြေမှာ အထီးကျန်သိုင်းသခင်ကို စိတ်ဝင်စားသော ပညာရှင်များစွာ ရှိနေပေလိမ့်မည်။

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် စိုးရိမ်ပူပန်သော အမူအရာတစ်ခုနှင့်အတူ မိုးကောင်းကင်ထက်ရှိ အက်ကွဲကြောင်းကို ကြည့်နေ၏။

ထိုအက်ကွဲကြောင်းသည် ထျန်ဟွမ်ကုန်းမြေတိုက်ထံသို့ လူသားဧကရာဇ် ဆင်းသက်လာခြင်းကနေ ကျန်ရစ်ခဲ့ခြင်း ဖြစ်လေသည်။

လူသားဧကရာဇ်က ထွက်ခွာသွားပြီဖြစ်သော်လည်း ထျန်ဟွမ်ကုန်းမြေတိုက်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာခဲ့ပြီ ဖြစ်၏။

အဲဒီမှာ ကောင်းကင်နှင့်မြေကြီး၏ ချို့ယွင်းချက်များ ရှိလာပြီး နိယာမများက ကသောင်းကနင်း ဖြစ်လာခဲ့မည်ဆိုလျှင် ဘယ်လိုရိုက်ခတ်မှုမျိုး ဖြစ်လာမလဲ မည်သူကမှ မသိရှိကြပေ။

ကမ္ဘာဦးမျိုးနွယ်များ၏ အန္တရာယ်ကို ယာယီအားဖြင့် စိတ်အေးသွားရလေပြီ။

သို့သော်လည်း ထျန်ဟွမ်ကုန်းမြေတိုက်သည် ကသောင်းကနင်း အခြေအနေမှာ ဆက်ရှိနေဆဲဖြစ်ပြီး ငုပ်လျှိုးနေသော အန္တရာယ်အချို့ ကျန်ရှိနေသေးလေသည်။

ထိုငုပ်လျှိုးနေသော အန္တရာယ်များ ထွက်ပေါ်လာသည်နှင့် သူတို့က ကမ္ဘာဦးမျိုးနွယ် ၆စုထက်ပင် ပို၍ ကြောက်စရာကောင်းနေနိုင်၏။

All Chapters