ထွက်သွားကြ
Vol. 111 Ch. 1660
“ညီအစ်ကိုဆူ.. ခင်ဗျား ဘာကို စိုးရိမ်နေတာလဲ”
လင်းရွှမ်ကျီက မေးလိုက်၏။
ယခုအချိန်မှာ ပုံပြောအဘိုးအိုက အဆင်ပြေသွားပြီဖြစ်ပြီး လင်းရွှမ်ကျီက စိတ်ခံစားချက် ကောင်းမွန်နေ၏။
“ဘာရယ်မဟုတ်ပါဘူး”
ဆူဇီမိုက သာမန်ကာလျှံကာ ပြန်ဖြေလိုက်၏။
လင်းရွှမ်ကျီက ပြုံးပြလိုက်လေသည်။
“မပူပါနဲ့.. ဒီနေ့က စပြီး ထျန်ဟွမ်ကုန်းမြေတိုက်က တည်ငြိမ်အေးချမ်းတဲ့ ကာလရှည်တစ်ခု ရရှိလာလိမ့်မယ်… အဲဒီအချိန်မှာ မျိုးနွယ်စုတစ်သောင်းက ခိုက်ရန်ဖြစ်ပွားခြင်း မရှိဘဲ အတူယှဉ်တွဲ နေထိုင်ကြလိမ့်မယ်”
“ငရဲစုန်းဧကရာဇ်နဲ့ ရွှေကျီးကန်းဧကရာဇ်က စီနီယာ လူသားဧကရာဇ်ကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားပြီ.. သူတို့က ပြန်လည်ကောင်းမွန်ဖို့အတွက် အနည်းဆုံး နှစ်တစ်ထောင်လောက် အချိန်ယူရလိမ့်မယ်”
“ဧကရာဇ်နှစ်ပါးက နှစ်တစ်ထောင်ကြာပြီး ပြန်ကောင်းလာရင်တောင် စီနီယာ ချန်နဂါးဧကရာဇ် ရှိနေသေးတယ်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
ချန်နဂါးဧကရာဇ်သည် အနည်းဆုံး ဘဝသက်တမ်း နှစ်တစ်သောင်း ကျန်ရှိသေးလေသည်။
တစ်နည်းအားဖြင့်ဆိုလျှင်.. ထိုနှစ်တစ်သောင်းမှာ ကမ္ဘာဦးမျိုးနွယ်များသည် စိုးရိမ်ပူပန်နေရပြီး ကြီးကျယ်သော စစ်ပွဲတစ်ခုကို မဆင်မခြင် စတင်လာရဲလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဆူဇီမိုက အခြား တစ်စုံတစ်ရာနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေ၏။
“အခု ငါ အဲဒါကို ပြန်စဉ်းစားကြည့်တော့ အဲဒီ ကပ်ဘေး ဖြစ်ပွားခဲ့တာ နှစ်တစ်သောင်း ရှိသွားပြီပဲ”
သူက တီးတိုးရေရွတ်လိုက်၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှာ သူ မထိတွေ့ရဲသော စွမ်းအားကြီးမားသည့် တည်ရှိမှုတချို့ ရှိနေသေးလေသည်။
ဒါ့အပြင် ထိုပညာရှင်များထဲ မည်သူကမှ မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ ပေါ်ထွက်မလာခဲ့ကြပေ။
သားရဲတစ်ထောင် တောင်ကြားမှာ နှစ်တစ်ထောင် သွေးပင်လယ်အောက်၌ လုံရန်ကို ဒဏ်ရာ အပြင်းအထန် ရရှိစေခဲ့သော စွမ်းအားကြီးမားသည့် တည်ရှိမှု။
တကယ်ဆို လုံယန်သည် သွေးပင်လယ်၏ အနက်ပိုင်းထဲမှာ ဘာရှိနေလဲ ဆိုတာကို မတွေ့မြင်နိုင်ခင်မှာပင် သတ်ဖြတ်ခံရလုနီးပါး ဖြစ်ခဲ့၏။
အဲဒီမှာ အခြားတစ်စုံတစ်ယောက် ရှိနေသေး၏။
အဲဒါက ဆေဘာဧကရာဇ် ဟာမစ်…။
ဆူဇီမိုသည် ဟာမစ်၏ ကယ်တင်ခြင်းကို ခံခဲ့ရသော်လည်း ထိုသူနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထူးဆန်းနေသည်ကို သူက ခံစားမိနေဆဲဖြစ်၏။
ပို၍ပင် ထူးဆန်းသည်မှာ နှစ်တစ်ထောင် သွေးပင်လယ်ထဲရှိ စွမ်းအားကြီးမားသော တည်ရှိမှုကလည်း သူ့ကို တစ်ခါကယ်တင်ခဲ့ဖူးလေသည်။
ဘာလို့လဲ.. ။
ထိုငုပ်လျှိုးနေသော အန္တရာယ်များအပြင်.. မိုးကောင်းကင်ထက်မှာ အက်ကွဲကြောင်းကလည်း ပေါ်ထွက်လာပြီဖြစ်၏။
အဲဒါသည် လူသားဧကရာဇ်က ဆူဇီမိုကို နှစ်ကိုယ်ကြား ပြောဆိုခဲ့သော တစ်စုံတစ်ရာ ဖြစ်လေသည်။ ဆူဇီမိုသည် ထိုအကြောင်းကို အများသူငါ သိရှိအောင် ထုတ်ဖော်ပြောလိုစိတ် မရှိပေ။
ကောင်းကင်နှင့်မြေကြီးအတွင်း ချို့ယွင်းချက်များ ရှိလာခြင်းနှင့် နိယာမများ ကသောင်းကနင်း ဖြစ်လာခြင်း..။ အဲဒါသည် ဘယ်လို ထိတွေ့ရိုက်ခတ်မှုမျိုးကို ဖြစ်လာစေမလဲ မည်သူကမှ မသိရှိကြပေ။ သူက ယခုအချိန်မှာ အဲဒါကို ပြောမည်ဆိုလျှင် အဲဒါက မလိုအပ်သော အကြောက်တရားကိုသာ ဆောင်ကြဉ်းပေးလာစေပေလိမ့်မည်။
မည်သို့ပင်ဆိုစေ.. သူသည် လူသားမျိုးနွယ်၏ ခွန်အားကို တတ်နိုင်သမျှ မြန်မြန် မြှင့်တင်ဖို့ ကြိုးစားရပေမည်။
ထိုသို့အတွေးဖြင့် ဆူဇီမိုက မတ်တတ်ထရပ်လိုက်၏။ စုဝေးပွဲက အဆုံးသတ်သွားပြီဖြစ်ပြီး ယခုအခါ ထွက်ခွာကြတော့မည်ဆဲဆဲ ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများ ရှေ့မှာ သူက ထွက်ရပ်လိုက်လေသည်။
“လူတိုင်းပဲ.. ကျေးဇူးပြုပြီး နေကြပါဦး”
ဆူဇီမိုက ကြေညာပြောဆိုလိုက်၏။
ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများ၏ ကျင့်ကြံသူများ အားလုံးက ဆူဇီမိုကို လှည့်ကြည့်လာကြ၏။
ဆူဇီမို၏ လက်ဖဝါးထဲမှာ အနက်ရောင် အလင်းဖြင့် တောက်ပနေသော သစ်သီးတစ်လုံး ရှိပြီး ကြွယ်ဝသော ဆိုးယုတ်အော်ရာတစ်ခု ဖြာထွက်နေ၏။
ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီး..
များစွာသော ကျင့်ကြံသူများက အံ့အားတသင့် ရေရွတ်ပြီး ထိုသစ်သီးကို ချက်ချင်းပင် မှတ်မိသွားကြ၏။
စောစောက ဆူဇီမိုသည် မဟာယာနအဆင့်သို့ ချိုးဖျက်တက်လှမ်းပြီး နတ်ဘုရားစွမ်းအား ကပ်ဘေးကို ဖြတ်ကျော်နေခဲ့စဉ်က သူသည် ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးတစ်လုံးကို စားသုံးခဲ့လေသည်။
ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများမှ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ၏ အကြည့်များက ထိုသစ်သီးကို တွေ့မြင်သောအခါ တောက်လောင်ပြင်းပြလာကြ၏။
“စီနီယာ အထီးကျန်သိုင်းသခင်… ရှင်က အဲဒီ ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးကို လေလံတင်မလို့လား”
နှင်းပုံတောင်ကြား၏ တောင်ကြားသခင်က တလေးတစား မေးမြန်းလိုက်၏။
“အဲဒါကို လေလံတင်မယ်ဆိုရင်.. ကျွန်မက အဲဒါနဲ့ ဖလှယ်ရယူဖို့အတွက် ရတနာတွေ.. ကျင့်ကြံရေး နည်းစနစ်တွေ.. ဒါမှမဟုတ် လျှို့ဝှက်အတတ်တွေကို ကမ်းလှမ်းပေးချင်ပါတယ် စီနီယာ အထီးကျန်သိုင်းသခင်”
ဆူဇီမိုက ငယ်ရွယ်သော်လည်း သူသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများအတွက် စီနီယာတစ်ယောက် ဖြစ်နေခဲ့လေပြီ။
“ကျုပ်က အဲဒါနဲ့ ဖလှယ်ရယူဖို့အတွက် ဓမ္မရတနာတစ်ခုကို အသုံးပြုချင်တယ်”
ကောင်းကင်စင်ရော်ဂိုဏ်း၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က အလောတကြီး ပြောလိုက်၏။
“ကျုပ်က တစ်ခါတုန်းက ရှေးဟောင်းနယ်မြေတစ်ခုမှာ ဓမ္မရတနာတစ်ခုကို ရရှိထားပြီး အဲဒါကို ကျုပ်ကိုယ်တိုင်သုံးဖို့ ရည်ရွယ်ထားတာ.. ဒါပေမဲ့ အဲဒီ ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးနဲ့ ဖလှယ်ရယူဖို့အတွက်ဆိုရင် ကျုပ်က ဒီနေ့ အဲဒါကို အဆုံးရှုံးခံပြီး အသုံးချချင်တယ်”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သို့မဟုတ် မျိုးနွယ်စုခေါင်းဆောင်အဆင့်၌ သူတို့ ထုတ်ယူလိုက်သော မည်သည့်ပစ္စည်းမဆို အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်လေသည်။ ထိုရတနာ အများစုကို အခြားသော ရတနာများဖြင့်သာ ဖလှယ်ရယူနိုင်လေသည်။
ထိုသို့ပြောရင်း ကောင်းကင်စင်ရော်ဂိုဏ်း၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက သူ၏ သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းရောင် ဓားတစ်လက်ကို ထုတ်ယူလိုက်၏။
ဓားသည် အလွန်တရာ ရှေးကျသော်လည်း ၎င်းကို ထုတ်ယူလိုက်သည့် ခဏမှာပင်.. အေးစက်နေသော အလင်းတစ်ခုက ၎င်း၏ ကိုယ်ထည်ကနေ ရေလှိုင်းဂယက်တစ်ခုကဲ့သို့ တောက်ပလာပြီး အဲဒါက အလွန်တရာ ထက်ရှလေသည်။
အဲဒါက တကယ့်ကို ထူးခြားသော ဓမ္မရတနာတစ်ခု ဖြစ်လေသည်။
“ကျုပ်က ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးကို သာမန်နတ်ဘုရားစွမ်းအားတစ်ခုနဲ့ ဖလှယ်ရယူချင်တယ်”
ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ကလည်း ရှေ့သို့ ထွက်လာခဲ့၏။
“ကျုပ်က တောကောင်သားရေပိုင်းတစ်ပိုင်းကို တစ်ခါက ရထားခဲ့တယ်.. အဲဒီပေါ်မှာ အခိုင်အမာ စုဖွဲ့ထားတဲ့ အကြွင်းအကျန် နတ်ဘုရားစွမ်းအားတစ်ခု ရှိတယ်”
“ခင်ဗျားက အဲဒီ တောကောင်သားရေကို ရမယ်ဆိုရင်.. ခင်ဗျားက အဲဒီမှာ ပါရှိတဲ့ သာမန်နတ်ဘုရားစွမ်းအားကို သေချာပေါက် နားလည်ဆင်ခြင်နိုင်လိမ့်မယ်”
လူအုပ်ကြီးက လှုပ်လှုပ်ရှားရှား ဖြစ်လာကြ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများက တစ်ယောက်ပြီးတစ်ယောက် ထရပ်လာပြီး အထီးကျန်သိုင်းသခင်၏ ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးကို ဖလှယ်ရယူချင်သည့်အတွက် ရတနာများစွာကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လာကြ၏။
ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီး၏ ဆွဲဆောင်မှုက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများအတွက် အရမ်းကို ကြီးမားလေသည်။
ဤဓမ္မရတနာများနှင့် ဓမ္မစွမ်းအားများကို မဟာယာနအဆင့်သို့ ဝင်ရောက်ပြီးမှသာ နားလည်ဆင်ခြင်နိုင်.. အသုံးပြုနိုင်ပေလိမ့်မည်။
သူတို့သည် ကပ်ဘေးဖြတ်ကျော်ခြင်းမှာ ကျဆုံးသွားမည်ဆိုလျှင် အရာရာတိုင်းက အဆုံးသတ်သွားပေလိမ့်မည်။
ဆူဇီမို၏ အမူအရာက မှင်သေသေဖြင့် ရှိနေပြီး သူ၏ လက်ဖဝါးကို အောက်သို့ ဖိပြလိုက်၏။
လူအုပ်ကြီးထဲမှ အသံများက တဖြည်းဖြည်း ငြိမ်သက်သွား၏။
ဆူဇီမိုသည် နှင်းပုံတောင်ကြား၏ တောင်ကြားသခင်ကို ကြည့်ပြီး ညင်သာစွာ ပြုံးပြကာ သူ့လက်ထဲရှိ ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးကို ပစ်ထုတ်ပေးလိုက်၏။
ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးက နှင်းပုံတောင်ကြား၏ တောင်ကြားသခင် ရှေ့သို့ ပျံသန်းရောက်ရှိလာခဲ့၏။
“စီနီယာ…”
နှင်းပုံတောင်ကြား၏ တောင်ကြားသခင်က ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးကို လက်ခံရယူလိုက်၏။ သူမက ဖြစ်ပျက်နေသည့် အရာကို နားမလည်နိုင်ဘဲ ဗလုံးဗထွေးဖြင့် ပြောဆိုလိုက်၏။
“ကျွန်မက.. ကျွန်မ.. ရှင်က.. ဘယ်လို ရတနာကို ပြန်ပြီး ရယူချင်လဲဆိုတာ ကျွန်မကို မပြောရသေးဘူး.. စီနီယာ.. တကယ်လို့ ကျွန်မမှာ အဲဒီရတနာ…”
“မလိုပါဘူး”
ဆူဇီမိုက လက်ကာပြပြီး နှင်းပုံတောင်ကြားသခင်ပေါ်ရှိ ယခုချိန်ထိ သက်သာပျောက်ကင်းခြင်း မရှိသေးသော ဒဏ်ရာများကို လက်ညိုးထိုးပြလိုက်၏။
“ခင်ဗျားရဲ့ ခန္ဓာကိုယ်ပေါ်က အဲဒီဒဏ်ရာတွေက ဒီဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးနဲ့ ထိုက်တန်တယ်”
“အာ…”
နှင်းပုံတောင်ကြား၏ တောင်ကြားသခင်အနေဖြင့် သူမသည် သူမ၏ နှလုံးသားထဲမှာ နွေးထွေးသည့် ခံစားချက်တစ်ခုကို ရရှိလာပြီး သူမ၏ မျက်လုံးများက နီရဲလာ၏။
စောစောက ကမ္ဘာဦးမျိုးနွယ်များနှင့် တိုက်ခိုက်ခဲ့စဉ်အတွင်း နှင်းပုံတောင်ကြား၏ တောင်ကြားသခင်သည် သူမ၏ တပည့်ဂိုဏ်းသားများကို ဦးဆောင်ကာ သူတို့နှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့၏။ သူတို့သည် လူသားမျိုးနွယ်၏ ဂုဏ်သိက္ခာအတွက် သူတို့၏ အသက်များကို ပုံအပ်ကာ တိုက်ခိုက်ခဲ့ကြလေသည်။
ရက်အနည်းငယ် ကြာပြီးတာတောင် နှင်းပုံတောင်ကြားမှ တောင်ကြားသခင်၏ ဒဏ်ရာများက အပြည့်အဝ သက်သာပျောက်ကင်းလာခြင်း မရှိသေးပေ။
ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးကိုသာ မရရှိလျှင် နတ်ဘုရားစွမ်းအား ကပ်ဘေးကို ဖြတ်ကျော်ခြင်းမှာ သူမ၏ အသက်ရှင်ဖို့ အခွင့်အရေးက အလွန်တရာ နည်းပါးလေသည်။
ဤဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးက သူမ၏ မျှော်လင့်ချက်များကို ပြန်လည်တောက်ပလာစေ၏။
လွန်ခဲ့သည့် ရက်အနည်းငယ်က လူသားမျိုးနွယ် ရင်ဆိုင်ခဲ့ရသော အခြေအနေသည် အလွန်တရာ ထိလွယ် ရှလွယ် ဖြစ်ခဲ့လေသည်။ ဓားဂိုဏ်း၊ မိုးကြိုးလေပြေနန်းတော်၊ ကစဉ့်ကလျား အမြုတေဂိုဏ်းနှင့် အခြားသော ဂိုဏ်းများကဲ့သို့ ဂိုဏ်းအများစုသည် ဘေးမှာ ထွက်ရပ်နေခဲ့ကြပြီး ကမ္ဘာဦးမျိုးနွယ်များနှင့် တိုက်ခိုက်ရဲခြင်း မရှိခဲ့ပေ။
ကောင်းကင်စင်ရော်ဂိုဏ်း၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနှင့် ဖန်းလိုင်ကျွန်းတို့ကတော့ သူတို့သည် ကမ္ဘာဦးမျိုးနွယ် ၆စုထံမှာပင် အညံ့ခံသွားခဲ့လေသည်။
နှင်းပုံတောင်ကြား၊ ပဟေဠိနန်းတော်နှင့် အခြားသော ဂိုဏ်းနည်းနည်းပါးပါးကသာလျှင် ရှေ့သို့ ထွက်လာခဲ့ပြီး မျောက်၊ ညဝိညာဉ်နှင့် အခြားသူများနှင့် ပူးပေါင်းကာ ကမ္ဘာဦးမျိုးနွယ် ၆စုကို တိုက်ခိုက်ခဲ့ကြ၏။
ထိုဂိုဏ်းများသည် ပျက်စီးဆုံးရှုံးမှု များစွာကိုလည်း တွေ့ကြုံခဲ့ရလေသည်။
တကယ်ဆို ပဟေဠိနန်းတော်၏ နန်းတော်အရှင်ကပင် သေဆုံးသွားခဲ့ပြီဖြစ်၏။
ဆူဇီမိုသည် ထိုအချိန်က မည်သည့်စကားကိုမှ မဆိုခဲ့သော်လည်း သူက အရာရာတိုင်းကို အာရုံစိုက်ထားခဲ့၏။
ဆူဇီမိုသည် သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးများစွာကို ထုတ်ယူလိုက်လေသည်။
ဟာ…
ကျင့်ကြံသူများက ပင့်သက်ကို ရှိုက်လိုက်ကြ၏။
“အဲ့လောက်တောင် များတာလား”
ချက်ချင်းပင် တောက်လောင်ပြင်းပြသော အကြည့်ပေါင်းများစွာက ဆူဇီမိုအပေါ်သို့ ဆင်းသက်လာခဲ့၏။
ကျင့်ကြံသူများစွာက တံတွေးကို မျိုချလိုက်ကြ၏။
ဆူဇီမိုသည် ပဟေဠိနန်းတော်မှ လူတိုင်းကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်၏။
“စောစောက ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ ဘယ်တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးမဆို.. မင်းတို့ အသက်ရှင်နေသမျှ မင်းတို့က ငါ့ဆီကနေ ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးတစ်လုံးကို လာရောက်တောင်းဆိုနိုင်တယ်.. အဲဒီအတွက် ဘာရတနာမှ ပေးစရာ မလိုဘူး”
ထိုသို့ သူပြောလိုက်သည့် ခဏမှာပင်.. လူအုပ်ကြီးက အရူးအမူး ဖြစ်လာကြ၏။
“လူသားဧကရာဇ်..”
လူသားဧကရာဇ်”
နှင်းပုံတောင်ကြားနှင့် ပဟေဠိနန်းတော်မှ ကျင့်ကြံသူများနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများစွာသည် လူသားဧကရာဇ် အမည်ကို တပ်ပြီး အော်ခေါ်လိုက်ကြ၏။
“စီနီယာ အထီးကျန်သိုင်းသခင်.. ကျုပ်တို့ကရော..”
ကောင်းကင်စင်ရော်ဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်က ရှက်ကိုးရှက်ကန်းဟန်ဖြင့် မေးလိုက်လေသည်။
“ကျုပ်တို့က အဲဒါအတွက် ဓမ္မရတနာတွေ.. နတ်ဘုရားစွမ်းအားတွေနဲ့ ဖလှယ်ရယူလိုတယ်.. စီနီယာ ကျေးဇူးပြုပြီး ကျုပ်တို့ကိုလည်း ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးတချို့ ပေးလို့ ရမလား”
“မင်းတို့တွေကတော့…”
ဆူဇီမိုသည် ကောင်းကင်စင်ရော်ဂိုဏ်းနှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများစွာကို အေးစက်စွာ ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ထွက်သွားကြ…”