← Chapters

လူသားတာအို အဆင့်မြင့်နတ်ဘုရားစွမ်းအား

Vol. 111 Ch. 1661

လူသားတာအို အဆင့်မြင့်နတ်ဘုရားစွမ်းအား

Vol. 111 Ch. 1661

ကောင်းကင်စင်ရော်ဂိုဏ်းနှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများက အမူအရာအလွန်တရာပျက်ယွင်းသွားကြ၏။

လူတိုင်း၏ ရှေ့မှောက်မှာ ဆူဇီမို၏ ဆူပူငေါက်ငမ်းခံရခြင်းကို မည်သူကမှ မကျေနပ်ကြပေ။ သို့သော်လည်း မည်သူကမှ ခွန်းတုံ့မပြန်ရဲကြပေ။

ဆူဇီမိုသည် နှင်းပုံတောင်ကြားသခင်နှင့် အခြားသူများထံ ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးများကို ခြွင်းချက်မရှိ ဖြန့်ဝေပေးခဲ့ပြီး ထိုဂိုဏ်းများမှ ကျင့်ကြံသူများက ဆူဇီမိုအပေါ် ကြည်ညိုလေးစားလာကြ၏။

သူတို့၏ နှလုံးသားထဲမှာ ဆူဇီမိုက လူသားဧကရာဇ်အသစ်ဖြစ်လာခဲ့လေပြီ။

“မျိုးနွယ်စုခေါင်းဆောင် အထီးကျန်သိုင်းသခင်... ဓားဂိုဏ်းက ကမ္ဘာဦးမျိုးနွယ် ၆စုထံမှာ ဘယ်တုန်းကမှ အညံ့မခံခဲ့ဘူး... ကျုပ်က ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးတစ်လုံးကို ရတနာတစ်ခုနဲ့ လဲလှယ်ရယူချင်တယ်”

ဓားဂိုဏ်း၏ ဂိုဏ်းချုပ်က မနေနိုင်ဘဲ ပြောလိုက်လေသည်။

“မျိုးနွယ်စုခေါင်းဆောင် အထီးကျန်သိုင်းသခင်... ခင်ဗျားနဲ့ မိုးကြိုးလေပြေနန်းတော်ကြားက ရန်ငြိုးရန်စက တကယ်တော့... လူငယ်မျိုးဆက်ကြားက ရန်ငြိုးရန်စတစ်ခုပါပဲ.... အဲ့ဒါက ဘာမှပြောပလောက်စရာ မဟုတ်ပါဘူး”

မိုးကြိုးလေပြေနန်းတော်၏ နန်းတော်အရှင်ကလည်း ပြုံးပြလိုက်၏။

“ကျုပ်တို့ရဲ့ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတွေက ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးကို ရရှိဖို့ အခွင့်အရေးရှိမလား သိချင်မိတယ်”

“ဒါပေါ့... အခွင့်အရေးရှိတာပေါ့”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ၊ မိုးကြိုးလေပြေနန်းတော်၏ နန်းတော်အရှင် နှင့် အခြားသော ပညာရှင်များစွာက ကျေနပ်နှစ်ခြိုက်သွားပြီး အလောတကြီးပြောလိုက်ကြ၏။

“မျိုးနွယ်စုခေါင်းဆောင် အထီးကျန်သိုင်းသခင်... ခင်ဗျားရဲ့ သဘောထားကြီးမြတ်မှုအတွက် ကျေးဇူးတင်ပါတယ်”

ဆူဇီမိုက မှင်သေသေဖြင့် ပြန်ပြောလိုက်၏။

“ငါက... မင်းတို့တွေကို ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးပေးနိုင်တယ် ဒါပေမဲ့... မင်းတို့တွေက အခုကစပြီး ငါ့ရဲ့အမိန့်ကိုနာခံရမယ်... နာခံမှုမရှိဘူးဆိုရင် မင်းတို့က နေရာမှာတင် သေရလိမ့်မယ်”

“ခင်..ခင်ဗျား”

ဓားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသူများ၏ မျက်နှာပေါ်ရှိ အပြုံးများက အေးခဲတောင့်တင်းသွားကြ၏။

စောစောက တိုက်ပွဲမှာ ဓားဂိုဏ်းနှင့် မိုးကြိုးလေပြေနန်းတော်ကဲ့သို့ ထိပ်သီးဂိုဏ်းကြီးများမှ မည်သူကမှ ရှေ့သို့ထွက်မလာခဲ့ကြပေ။

ထိုလူများကို ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးပေးလိုက်မည်ဆိုလျှင် အဲ့ဒါသည် ခွေးများကို အစာကျွေးခြင်းနှင့် တူနေပေလိမ့်မည်။

ဓားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အ​ခြားသူများ၏ အမူအရာများက ညိုမည်းသွားလေသည်။ နောက်ဆုံးမှာတော့ သူတို့သည် သူတို့၏ ဆုံးဖြတ်ချက်ကို မချနိုင်ခဲ့ဘဲ အသံတိတ်နေခဲ့ကြ၏။

ပုံပြောအဖိုးအိုက ဘေးကနေစောင့်ကြည့်နေရင်း သူ့ဘာသာသူ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးများကို ဖြန့်ဝေပေးခြင်းဖြင့် နှင်းပုံတောင်ကြားနှင့် အခြားသောဂိုဏ်းများမှ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ၏ မဟာယာနအဆင့်သို့ ဝင်ရောက်နိုင်ဖို့အခွင့်အရေးက ကြီးမားစွာ တိုးလာပေလိမ့်မည်။

ထိုသို့ဖြင့် လူသားမျိုးနွယ်စုခေါင်းဆောင်များ၏ အရေအတွက်က အချိန်တိုအတွင်းမှာ သိသိသာသာ တိုးလာပေလိမ့်မည်။

လူသားမျိုးနွယ်၏ အလုံးစုံခွန်အားကလည်း မြောက်မြားစွာ တိုးလာပေလိမ့်မည်။

ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးကို ရရှိသွားသော လူသားမျိုးနွယ်၏ ဤတစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများသည် ကမ္ဘာဦးမျိုးနွယ်များနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး ရှင်သန်ကျန်ရစ်ခဲ့သူများဖြစ်လေသည်။

ဤကဲ့သို့သော အတွေ့အကြုံနှင့်အတူ ဤတစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများက မဟာယာနအဆင့်သို့ တက်လှမ်းလာနိုင်မည်ဆိုလျှင် သူတို့ကို တောက်ပသော အနာဂတ်က စောင့်ကြိုနေပေလိမ့်မည်။

ပို၍အရေးကြီးသည်မှာ ဤတစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ၏ ခံယူချက်နှင့် ရဲစွမ်းသတ္တိဖြစ်လေသည်။ လူသားမျိုးနွယ်သည် မည်သည့်အန္တရာယ်နှင့်မဆို နောက်တစ်ဖန်ကြုံတွေ့ရလျှင် ဤတစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့ထွက်လာပေလိမ့်မည်။

“ကောင်းကင်စင်ရော်ဂိုဏ်း... ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနဲ့ ဖန်းလိုင်ကျွန်းတို့က ကမ္ဘာဦးမျိုးနွယ် ၆စုထံမှာ အရင်ဆုံး အညံ့ခံခဲ့ကြတယ်... နောက်ဆုံးမှာတော့ သူတို့ရဲ့ရလဒ်က ပိုလို့တောင်ဆိုးဝါးနေသေးတယ်”

“အမှန်ပဲ... သူတို့ရဲ့ ဂိုဏ်းတွေက ကျူးကျော်ခံခဲ့ရတဲ့အချက်ကို မပြောနဲ့ဦး.. မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာတင် သူတို့ရဲ့ ဆုံးရှုံးမှုက အရမ်းကို ကြီးမားတယ်... သူတို့ဂိုဏ်းတွေက ပညာရှင်များစွာကလည်း သေဆုံးခဲ့ရတယ်”

“အထီးကျန်သိုင်းသခင် အုပ်စိုးမဲ့ခေတ်က ရောက်လာတော့မယ်”

“ဟုတ်တာပေါ့...အထီးကျန်သိုင်းသခင်က မဟာယာနအဆင့်ကို တက်လှမ်းသွားပြီ... အခု လူသားဧကရာဇ်က သူ့ရဲ့ဘွဲ့ကို လွှဲအပ်ပြီး လောကရဲ့ ကံကြမ္မာအခွင့်အလမ်းတွေကို စုစည်းစေခဲ့တယ်... အခြေအနေက လုံးဝကို ခိုင်မာသွားခဲ့ပြီ... သူ့ရဲ့မြင့်မားတိုးတက်မှုကို ရပ်တန့်ဖို့က မဖြစ်နိုင်တော့သလောက်ပဲ”

မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် စုဝေးပွဲအပြီး၌ ထွက်ခွာလာကြသော်လည်း သူတို့က ထိုအကြောင်းကို ဆွေးနွေးနေကြဆဲ ဖြစ်၏။

တကယ်ဆို... အချိန်အတော်ကြာသည့်အထိ မျိုးနွယ်စုတစ်သောင်း စုဝေးပွဲသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ သက်ရှိများအတွက် အာရုံစိုက် ဆွေးနွေးစရာအကြောင်းတစ်ခုဖြစ်လာပေလိမ့်မည်။

ကမ္ဘာဦးမျိုးနွယ် ၉စု ထဲမှ နတ်ဘုရားမျိုးနွယ်သည် သူတို့၏ ပိုင်နက်နယ်မြေကို မချဲ့ထွင်နိုင်ပေ။

ဒါ့အပြင် နတ်ဘုရားမျိုးနွယ်မှ မည်သူကမှ သူတို့၏ တားမြစ်နယ်မြေများကနေ ထွက်ခွာခွင့် မရှိပေ။

သူတို့ထဲမှ မည်သူမဆို ထျန်ဟွမ်ကုန်းမြေတိုက်သို့ ခြေချလာပါက မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးက သူတို့ကို စိတ်ရှိသလို သတ်ဖြတ်နိုင်လေသည်။

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က သေဆုံးသွားပြီဖြစ်သော်လည်း နတ်ဘုရားမျိုးနွယ်၏ နက်ရှိုင်းသော အခြေခံအုတ်မြစ်က ကျန်ရှိနေဆဲ ဖြစ်ပြီး သွားရောက်နောက်ပြောင်လို့ မရသေးပေ။

အနည်းဆုံးတော့ လူသားမျိုးနွယ်က သူတို့ကို ထိပ်တိုက်ရင်ဆိုင်နိုင်ခြင်း မရှိပေ။

ကမ္ဘာဦးမျိုးနွယ်များကလည်း လွန်ကြူးစွာပြုမူလိုက်လျှင် နတ်ဘုရားမျိုးနွယ်က ကြောက်ကန်ကန်ပြီး ကြံမိကြံရာပြုလုပ်လာကြမှာကို စိုးရိမ်နေကြ၏။ ထိုသို့ဖြင့် သူတို့သည် နတ်ဘုရားမျိုးနွယ်ကို အပြီးတိုင်ချေမှုန်းဖျက်ဆီးဖို့ မကြိုးစားကြပေ။

မျိုးနွယ်စုတစ်သောင်းမှ လူအုပ်ကြီးက တဖြည်းဖြည်း လူစုကွဲသွားကြလေသည်။

ကမ္ဘာဦးမျိုးနွယ်စုများကလည်း နှုတ်ဆက်ထွက်ခွာသွားကြလေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် တံခါးပိတ်ကျင့်ကြံဖို့အတွက် ချန်နဂါးဧကရာဇ်နောက်သို့ လိုက်ပါပြီး နဂါးအရိုးတောင်ကြားသို့ ပြန်မည်ဖြစ်​လေသည်။

သူသည် ဤတိုက်ပွဲမှာ ထိပ်သီးဧကရာဇ်များစွာကို တွေ့မြင်ခဲ့ရ​ပြီးနောက် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သိပ်သည်းကျစ်လျစ်သော နားလည်ဆင်ခြင်မှုတစ်ခုကို ရရှိနေပြီဖြစ်၏။

ပဟေဠိနန်းတော်မှာ သွေးများနှင့် အလောင်းများက နေရာတိုင်းမှာပြန့်ကျဲနေ၏။ ဧကရာဇ်များ၏ တိုက်ပွဲကနေ ကျန်ရစ်ခဲ့သော အပျက်အစီးပုံများက ဖွတ်ဖွတ်ညက်ညက်ကြေနေပြီး ပဟေဠိနန်းတော်မှ ကျင့်ကြံသူများစွာက အဲ့ဒါကို ရှင်းလင်းနေကြ၏။

ထိုကျင့်ကြံသူများ၏ သိုလှောင်အိတ်များသည် ပဟေဠိနန်းတော်၏ ဆုံးရှုံးမှုများကို အပြည့်အဝ မဖာထေးနိုင်သော်လည်း အဲ့ဒါက ပမာဏအတော်လေးများလေသည်။

“ဆရာ... စီနီယာအစ်မကို ကယ်ဖို့ နည်းလမ်းတစ်ခုစဥ်းစားပါဦး”

ရှောင်းယောင်က ကြောင်ဖြူလေးကို သယ်ပြီး ပြေးထွက်လာခဲ့၏။

ထိုအခါမှသာ ဆူဇီမိုသည် ကြောင်ဖြူလေးကို သတိရသွားပြီး ရှောင်းယောင်ထံမှာ ကြောင်ဖြူလေးကို အလောတကြီးလက်ခံယူလိုက်၏။ သူက ပုံပြောအဖိုးအိုရှေ့သို့ ရောက်ရှိလာပြီး ပြောလိုက်လေသည်။

“ဒီကြောင်ဖြူလေးက ကျုပ်ရဲ့ တပည့်ရင်းပဲ... သူမက တောကောင်တာအိုနတ်ဘုရားစွမ်းအားရဲ့ သက်ရောက်ခြင်းကို ခံထားရပြီး ကြောင်ဖြူတစ်ကောင်အဖြစ် လျှော့ကျသွားခဲ့တယ်... ခင်ဗျားက သူ့ကိုပြန်ပြီးတော့ အသွင်ပြောင်းပေးနိုင်မလား စီနီယာ”

ပုံပြောအဖိုးအိုက သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။

“​တောကောင်တာအိုက သာမန်နတ်ဘုရားစွမ်းအားတစ်ခုပဲ... ငါက ကြောင်ဖြူလေးရဲ့ ခန္ဓာကိုယ်ထဲက တောကောင်တာအိုကို ဖယ်ထုတ်ပေးနိုင်တယ်”

“ဒါပေမဲ့... သူမက တောကောင်တာအိုနတ်ဘုရားစွမ်းအားနဲ့ သက်ရောက်ခြင်းကိုခံထားရတာ အရမ်းကိုကြာသွားခဲ့ပြီ... အဲ့ဒါက သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ စိမ့်ဝင်နေခဲ့​ပြီ.... ငါက သူမရဲ့ ခန္ဓာကိုယ်ထဲက အဲ့ဒီနတ်ဘုရားစွမ်းအားကို အတင်းအကျပ်ဖယ်ထုတ်မယ်ဆိုရင် ပြဿနာတစ်စုံတစ်ရာပေါ်ထွက်မလာဘူးလို့ အာမမခံနိုင်ဘူး”

ဆူဇီမိုက စိုးရိမ်ပူပန်သည့်ပုံပေါ်လာ၏။

ပုံပြောအဖိုးအိုက စကားလမ်းကြောင်းပြောင်းလိုက်၏။

“မင်းအဲ့ဒါကို စိုးရိမ်စရာမလိုပါဘူး... မင်းက လူသားတာအိုအဆင့်မြင့်နတ်ဘုရားစွမ်းအားကို ထုတ်ဖော်နိုင်တာနဲ့ မင်းက တောကောင်တာအိုကို အပြီးတိုင်ချေဖျက်ပြီး မင်းရဲ့တပည့်ကို သူမရဲ့ နဂိုအခြေအနေကို ပြန်လည်ရောက်ရှိစေလိမ့်မယ်”

“ခုန်းယွမ်... ငါတို့က မင်းကိုပဲ အားကိုးရတော့မှာပဲ”

ပုံပြောအဖိုးအိုက ဘေးဘက်တွင်ရှိသော စိန်ကျောင်းတော်၏ ဧကရာဇ်ကို ကြည့်ပြီး အပြုံးနှင့်အတူ ပြောလိုက်လေသည်။

ခုန်းယွမ်ဟုအမည်ရသော ဧကရာဇ်က သူ၏ လက်ဖဝါးနှစ်ဖက်ကို ပူးကပ်ပြီး ဗုဒ္ဓမေတ္တာစာတစ်ခုကို ညင်သာစွာ ရွတ်ဆိုလိုက်၏။

“ဒကာအထီးကျန်သိုင်းသခင်... မပူပါနဲ့... ကျုပ် ဒီဒကာမကို အသွင်ပြန်ပြောင်းပေးတာကို စောင့်ကြည့်နေပါ”

ထိုသို့ပြောရင်း ခုန်းယွမ်သည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို စေညွှန်ကာ သူ၏ လက်ညိုးကို ဆန့်ထုတ်လိုက်၏။ စွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအားတစ်ခုက သူ၏ လက်ထိပ်မှာ စုစည်းလာပြီး ဆူဇီမို၏ ရင်ခွင်ထဲရှိ ကြောင်ဖြူလေးပေါ်သို့ ဆင်းသက်သွားလေသည်။

ဝှစ်...

လျှို့ဝှက်ဆန်းကြယ်သော အရောင်အဝါတစ်ခုက ကြောင်ဖြူလေးထံကနေ ဖြာထွက်လာ၏။

လူတိုင်း၏ ရှေ့မှောက်မှာပင် ကြောင်ဖြူ​လေးသည် အလင်းရောင်ကြားမှာ ပျောက်ကွယ်သွားပြီး ၎င်း၏ နေရာမှာ ညို့ငင်ဓာတ်အပြည့်နှင့် ချို့ယွင်းချက်ကင်းမဲ့သော အမျိုးသမီးတစ်ယောက်ပေါ်ထွက်လာ၏။

သူမသည် ကြော့ရှင်းရည်မွန်သော လှပမှုနှင့်အတူ ဆူဇီမို၏ ရင်ခွင်ထဲမှာ လှဲလျောင်းနေလေသည်။

ဆူဇီမိုသည် ပေမင်ရွှယ်ကို အကဲခတ်ကြည့်ပြီး သူမခန္ဓာကိုယ်၏ အခြေအနေကို အာရုံခံပြီးနောက် စိတ်သက်သာစွာသက်ပြင်းချလိုက်၏။

သူမ၏ ခန္ဓာကိုယ်က အဆင်ပြေ​လေသည်။

တောကောင်တာအိုက အပြီးတိုင်ကွယ်ပျောက်သွားခဲ့လေပြီ။

“ဆရာ...”

ပေမင်ရွှယ်၏ မျက်နှာက နီမြန်းသွားပြီး ညင်သာစွာ အော်ခေါ်လိုက်၏။

ဆူဇီမိုသည် နောက်ဆုံးမှာ သူ၏ ငေးငိုင်နေရာကနေ နိုးထလာပြီး ရယ်မောလိုက်လေသည်။ သူက ပေမင်ရွှယ်ကို အလောတကြီးချပေးပြီး ကိုယ်တော်ခုန်းယွမ်ဘက်ကို အလေးအနက်ဦးညွှတ်လိုက်၏။

“ကျေးဇူးတင်ပါတယ်...စီနီယာ”

ပေမင်ရွယ်ကလည်း ကိုယ်တော်ခုန်းယွမ်ကို ဦးညွှတ်ပြီး သူမ၏ ကျေးဇူးတင်မှုကို စိတ်ရင်းမှန်ကန်စွာ ဖော်ပြလိုက်၏။

“စီနီယာအစ်မ... ခင်ဗျားကျုပ်ကို မှတ်မိသေးလား”

ရှောင်းယောင်က သွားဖြဲ၍ ချဥ်းကပ်လာခဲ့၏။

“ငါနင့်ကိုတွေ့တုန်းက နင်က တောကောင်ဥလေးတစ်လုံးပဲ... ဒီလောက်အများကြီးပြောင်းလဲသွားတဲ့သူကို ငါက ဘယ်လိုလုပ် မှတ်မိနိုင်ပါ့မလဲ”

ပေမင်ရွှယ်က ပြုံး၍ သူမ၏ ခေါင်းကို ညင်သာစွာ ခါယမ်းပြလိုက်၏။

ဆူဇီမိုက ပြုံးလိုက်၏။

“မင်းတို့တွေ... တစ်နေရာရာသွားပြီး စကားသွားပြောလိုက်ကြဦး”

“ဟုတ်ကဲ့”

ပေမင်ရွယ်နှင့်​ ရှောင်းယောင်က ဦးညွှတ်ပြီး နောက်ဆုတ်ကာ ထွက်ခွာသွား​​ဘေသည်။

လမ်းတစ်လျှောက်မှာ ရှောင်းယောင်သည် ပေမင်ရွှယ်၏ ဘေးမှာ ရပ်နားခြင်းမရှိဘဲ စကားများကို တတွတ်တွတ်ပြောဆိုနေလေသည်။

“ဇီမို... ငါက လူသားဧကရာဇ်နန်းတော်ထဲကို ဝင်ရောက်ပြီး လောလောဆယ် ထွက်ခွာသွားတော့မယ်”

ပုံပြောအဖိုးအိုကပြောလိုက်၏။

“ဒါပြီးရင်... မင်းရဲ့အစီအစဥ်က ဘာလဲ”

ခဏလောက်နားပြီး ကျုပ်က ရှေးဟောင်းတိုက်ပွဲမြေကိုဝင်ရောက်ဖို့ ပြင်ဆင်ထားတယ်”

ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။

ရှေးဟောင်းတိုက်ပွဲမြေသည် ဧကရာဇ်များသည် သူတို့၏ နတ်ဘုရားစွမ်းအားများစွာဖြင့် တိုက်ခိုက်ခဲ့ကြသော ရှေးဟောင်းခေတ်စစ်ပွဲကနေ ကျန်ရစ်ခဲ့သည့် အကြွင်းအကျန်တည်ဆောက်မှုပုံသဏ္ဌာန် တစ်ခုဖြစ်လေသည်။

အဲ့ဒီမှာ အပျက်အစီးပုံများ ၊ အလောင်းများ ၊ တောင်တန်းများ ၊ မြစ်များ သို့မဟုတ် ပန်းများနှင့် သစ်ပင်များကိုပင် တွေ့မြင်နိုင်လေသည်။

ရှေးဟောင်းတိုက်ပွဲမြေအတွင်းမှာ လူတစ်ယောက်သည် ဘယ်လိုအခွင့်အလမ်းမျိုးနှင့် တွေ့ကြုံရမလဲ မည်သူကမှ မသိရှိနိုင်ပေ။

“မင်းက ရှေးဟောင်းတိုက်ပွဲမြေထဲကို ဝင်ရောက်ချင်တယ်ဆိုမှတော့.... ငါမင်းကို သတိပေးစရာတချို့ရှိတယ်”

ပုံပြောအဖိုးအိုက ပြောလိုက်၏။

“ရှေးဟောင်းတိုက်ပွဲမြေမှာ လူသားဧကရာဇ်ချန်ထားခဲ့တဲ့ ချိတ်စည်းတစ်ခုရှိတယ်... အဲ့ဒါကြောင့် ကမ္ဘာဦးမျိုးနွယ်က ဧကရာဇ်တွေက အထဲကို မဝင်ရောက်နိုင်ဘူး... မင်းက အဲ့ဒါကို စိုးရိမ်စရာ မလိုဘူး”

“ဒါပေမဲ့...ရှေးဟောင်းတိုက်ပွဲမြေမှာ ဘာအန္တရာယ်မှ မရှိဘူးလို့ မဆိုလိုဘူး”

ဘေးကနေ ကိုယ်တော်ခုန်းယွမ်ကလည်း ခေါင်းညိတ်ပြလိုက်၏။

“မျိုးနွယ်စုတစ်သောင်းစုဝေးပွဲက အဆုံးသတ်သွားပြီး ကမ္ဘာဦးမျိုးနွယ်ရဲ့ပြဿနာကို ဖြေရှင်းပြီးသွားပြီ ဒါပေမဲ့... မင်းက ကောင်းကင်စင်ရော်ဂိုဏ်း... ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနဲ့ ဖန်းလိုင်ကျွန်းလို ထိပ်သီးဂိုဏ်းကြီးတွေနဲ့ လုံးဝခွာပြဲထားတယ်... ရှေးဟောင်းတိုက်ပွဲမြေမှာ မင်းကိုပစ်မှတ်ထားလာတဲ့ မျိုးနွယ်စုခေါင်းဆောင်တွေ သေချာပေါက်ရှိလာလိမ့်မယ်”

All Chapters