ဇာတ်လမ်းနောက်ကွယ်မှ အမှန်တရား(ခ)
Vol. 87 Ch. 1341
“ သူတော်စင်ဘိုးဘေးရဲ့ ချိပ်တံဆိပ်အဆောင်… အဲ့ဒီအဆောင်ကို လဲလှယ်မယ်ဆိုရင် တိုက်ပွဲအကျိုးဆောင်အမှတ်အများကြီးကို လိုအပ်တယ်… တာအိုရောင်းရင်းယွဲ့တုန်က ငါ့အပေါ် ဒီလောက်ရက်ရောမယ်လို့ မမျှော်လင့်ထားဘူး ”
“ ငါတို့ကြားက ပဋိပက္ခက အကျိုးအမြတ်ကြောင့် ယာယီဖြစ်ပေါ်လာတဲ့ အရာပါ… ဒါ့အပြင် မင်းတို့က ငါ့ဆီကနေ အရာအားလုံးကို ယူဆောင်သွားပြီးပြီ… ဒါတောင် မင်းက ချိပ်ပိတ်မှုကို ကြိုခင်းကျင်းထားခဲ့တယ်… ကြည့်ရတာ မင်းက ငါ့ကို အသေသတ်ဖို့ စိတ်ဆုံးဖြတ်ထားပုံပဲ ”
“ ငါတို့ကြားမှာ နက်ရှိုင်းတဲ့ အမုန်းတရားရှိလို့လား ”
ဖုန်း၏ မျက်လုံးသည် နီရဲနေသည်။ စိတ်ပျက်အားငယ်မှုက သူ့ကို ရူးသွပ်သွားစေဟန် ရသည်။ ထို့ကြောင့် သူက ဒေါသတကြီး အော်ပြောလိုက်သည်။
“ နက်ရှိုင်းတဲ့ အမုန်းတရားဟုတ်လား… နင်ပြောစမ်း ”
သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ယွဲ့တုန်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ၏ မျက်နှာပေါ်မှ သိမ်မွေ့ညင်သာမှုက လုံးဝပျောက်ကွယ်သွားပြီး ပြင်းထန်သော အမုန်းတရားက အစားထိုးထွက်ပေါ်လာသည်။ ဤသည်မှာ သူက ဖုန်းကို အရှင်လတ်လတ် ဝါးစားချင်နေဟန် ရသည်။
“ တာအိုရောင်းရင်းဖုန်း… မိစ္ဆာငှက်မွှေးသွေးမျိုးဆက်ကို နင်ဘယ်လိုရခဲ့လဲဆိုတာ မေ့သွားပြီလား… အဲ့ဒီကိစ္စကို ငါတို့နှစ်ယောက်က နှစ်တွေအကြာကြီး စုံစမ်းစစ်ဆေးခဲ့တယ် ”
“ နင်က ဘယ်သူမှ မသိဘူးလို့ ထင်နေမှာပေါ့… ဒါပေမဲ့ သူ့မှာ ညီမတစ်ယောက် ရှိတယ်… သူက နင့်ကို မပြောပြခဲ့ရုံပဲ… ဒီခရီးစဉ်မှာ ရတနာတွေက ဒုတိယပဲ… ငါတို့ရဲ့ တကယ့်ရည်ရွယ်ချက်က နင့်လို အယုတ်တမာကောင်ကို သတ်ဖြတ်ဖို့ပဲ ”
လန်ယောင်က အံတင်းတင်းကြိတ်လိုက်ပြီး ပြောသည်။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ဖုန်းဆီသို့ တန်းမတ်စွာ ပြေးသွားသည်။ ယွဲ့တုန်သည်လည်း နက်ရှိုင်းသော အမုန်းတရားနှင့်အတူ ဖုန်းဆီသို့ ပျံသန်းသွားသည်။
သူတို့သုံးယောက် စတင်တိုက်ခိုက်လိုက်သည်နှင့် ကျယ်လောင်သော ပေါက်ကွဲသံများက ဆက်တိုက် ပဲ့တင်ထပ်သွားသည်။
ဖုန်း၏ ဒဏ်ရာများသည် အလွန်ဆိုးဝါးသည်။ သူက ခုခံကာကွယ်ရုံသာ တတ်စွမ်းသည်။ သွေးသည် သူ၏ ဒဏ်ရာများမှ မရပ်မနား စီးကျလာသည်။
တစ်ချိန်တည်းမှာ လေထဲ၌ ငွေရောင်ကွန်ချာ၏ အောက်မှာ ရွှီချင်းနှင့် ခေါင်းဆောင်၏ အမူအရာသည် မည်းမှောင်သွားသည်။ သူတို့က ဤတိုက်ပွဲမှာ ဝင်ပါရန် ဆန္ဒမရှိပေ။ သို့သော်လည်း ရွှေကြွက်၏ ရုန်းကန်မှုသည် ပိုပြီးအားကောင်းလာသည်။
၎င်းလွတ်မြောက်သွားသည်နှင့်…
ရွှီချင်းနှင့် ခေါင်းဆောင်သည် အကြည့်ချင်း ဖလှယ်လိုက်သည်။ သူတို့နှစ်ယောက်စလုံးသည် ရွှေကြွက်နှင့်ပတ်သက်ပြီး ယုံကြည်ချက်သိပ်မရှိပေ။ မည်သို့ဖြစ်ပါစေ သူတို့က ရွှေဥတစ်လုံးစီကို ယူဆောင်ခဲ့ကြသည် မဟုတ်ပါလော။ အကယ်၍ ရွှေကြွက်သာ လွတ်မြောက်သွားမည်ဆိုလျှင် ၎င်းက သူတို့နှစ်ယောက်ဆီသို့ အရင်ဦးစွာ ရောက်လာလိမ့်မည်။
အကယ်၍ သူတို့က ဤနေရာမှ ထွက်သွားချင်လျှင် ယွဲ့တုန်နှင့် လန်ယောင်ကို ကူညီပေးရလိမ့်မည်။
ထို့ပြင် အမျိုးသမီးနှစ်ယောက်နှင့် ဖုန်း၏ အပြန်အလှန် စကားပြောဆိုမှုထဲမှာ ကမ္မတချို့ ထွက်ပေါ်လာသည်။ အကြောင်းအရာအသေးစိတ်က မရှင်းလင်းသော်လည်း ထိုအမျိုးသမီးနှစ်ယောက်က သူတို့၏ အမအတွက် လက်စားပြန်ချေချင်ကြောင်း ထင်ရှားပေသည်။ ယင်းက သူတို့၏ အကျင့်စရိုက်ကို ဖော်ပြနေသည်။
သို့ဖြစ်၍ ရွှီချင်းနှင့် ခေါင်းဆောင်က တစ်ယောက်မျက်နှာတစ်ယောက် ထပ်မံ ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲမှာ စိတ်ဆုံးဖြတ်ထားသော အရိပ်အယောင် ထွက်ပေါ်လာသည်။
“ သားရဲထက်တောင် ယုတ်ညံ့တဲ့ ဒီလိုကောင်မျိုးက သေသင့်တယ် ”
ခေါင်းဆောင်က အော်ပြောလိုက်သည်။
“ မမနတ်သမီးတွေ… ငါတို့တွေ ဒီကနေ ရပ်စောင့်နေမယ် ”
ဤအခြေအနေကို မြင်သောအခါ ဖုန်း၏ မျက်နှာသည် ပိုပြီးဖြူဖျော့သွားသည်။ ကျင့်ကြံခြင်းကို သူစတင်ခဲ့သည့်အချိန်မှစ၍ သေခြင်းရှင်ခြင်းအခြေအနေ အများအပြားကို တွေ့ကြုံခဲ့သည်။ သို့သော်လည်း ဤသို့မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေမျိုးကို တစ်ခါမှ သူမတွေ့ဖူးပေ။
အထူးသဖြင့် သူ၏ သံသယများသော အကျင့်စရိုက်ကြောင့် သူသာလျှင် အမြဲတမ်း မုဆိုးဖြစ်ခဲ့သည်။ သူက မည်သည့်အခါကမှ သားကောင်မဖြစ်ခဲ့ဖူးပေ။
သို့သော်လည်း ကောင်းကင်ဘုံသူတော်စင်နွယ်ပင် ဝါးမျိုခံလိုက်ရသည့်အချိန်မှစ၍ အရာအားလုံးက ပြောင်းလဲသွားသည်။
ကောင်းကင်ဘုံသူတော်စင်နွယ်ပင်အကြောင်းကို ပြန်စဉ်းစားမိသွားသောအခါ သူ၏ နဖူးပေါ်မှ သွေးကြောများက ဖောင်းကားလာသည်။ သူ၏ ဦးခေါင်းပေါ်မှ ဖိအားသည်လည်း တိုးမြှင့်သွားသည်။ သို့သော်လည်း သူက ယင်းကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။ အကယ်၍ ထိုအကြောင်းကို ဆက်စဉ်းစားနေမည်ဆိုလျှင် သူက အမှန်တကယ် ရူးသွပ်သွားလိမ့်မည်။
ဖုန်းသည် အစွမ်းကုန်အသုံးပြု၍ တိုက်ခိုက်နေရင်း အနောက်ဆုတ်သွားသည်။ သူက ထိုအတောအတွင်း အကြိမ်ပေါင်းများစွာ သွေးအန်ခဲ့ရသည်။ သူက စိတ်ပျက်အားငယ်နေပုံပေါ်သော်လည်း လက်ရှိအခြေအနေကို သူ၏ စိတ်ထဲမှာ မြန်ဆန်စွာ သုံးသပ်ပြီးသွားပြီ ဖြစ်သည်။ အကယ်၍ သူက ရွှေကြွက်ကို လွှတ်ပေးချင်လျှင် နောက်ထပ် မဟာလောကတစ်ခုကို ဖောက်ခွဲပစ်ရလိမ့်မည်။
သို့သော်လည်း ယခု သူက မဟာလောကနှစ်ခုကို ဆုံးရှုံးထားပြီးပြီ ဖြစ်သည်။ အကယ်၍ သူသာ တတိယမဟာလောကကို ထပ်မံ ဆုံးရှုံးသွားမည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းအခြေခံက မဟာလောကနှစ်ခု ဝိညာဉ်စုစည်းခြင်းအဆင့်သို့ အမှန်တကယ် ကျဆင်းသွားလိမ့်မည်။
သေခြင်းရှင်ခြင်းအခြေအနေဖြင့် ရင်ဆိုင်ရသည့်အခါ ယင်းက လက်ခံနိုင်ပေသည်။ သို့သော်လည်း အကယ်၍ သူက မဟာလောကကို ဖောက်ခွဲပစ်ပြီး ရွှေကြွက်ကို လွှတ်ပေးလိုက်မည်ဆိုလျှင် ယခုထက် ပိုပြီးအားနည်းသွားလိမ့်မည်။
ထိုနည်းဖြင့်ဆိုလျှင် ဤနေရာမှ လွတ်မြောက်နိုင်ရန် သူ့အတွက် အခွင့်အရေးက အလွန်နည်းပါးသွားလိမ့်မည်။
သူက ကိုယ့်သေတွင်း ကိုယ်တူးသကဲ့သို့ ဖြစ်သွားပြီး ရွှေကြွက်၏ အသတ်ခံရလိမ့်မည်။
မဟာလောကကို ဖောက်ခွဲပစ်ရန် ထိုက်တန်မှုရှိရမည်။
မှန်ပေ၏။ အကယ်၍ သူ့မှာ တခြားရွေးချယ်စရာမရှိတော့လျှင် ထိုသို့လုပ်ဆောင်ရန် သူဝန်လေးနေလိမ့်မည် မဟုတ်ချေ။ အနည်းဆုံးတော့ သူနှင့်အတူ တစ်ယောက်နှစ်ယောက်ကို ငရဲပြည်သို့ အပါခေါ်သွားနိုင်လိမ့်မည်။
သူက လူတိုင်းကို သူနှင့်အတူ ငရဲပြည်သို့ ခေါ်ဆောင်သွားရန် ချိပ်ပိတ်မခံထားရသည့် မဟာလောကများကို ဖောက်ခွဲပစ်ရန် လုံးဝတုံ့ဆိုင်းနေလိမ့်မည် မဟုတ်ချေ။ ယင်းက အောင်မြင်နိုင်ခြေ ပိုများသည်။
‘ ဒါပေမဲ့ အဲ့ဒီလူသားနှစ်ယောက်က စိတ်ဝင်စားစရာပဲ… သူတို့တွေ တစ်ခုခုကို မြင်သွားတာများလား… ပြီးတော့ စောစောက သူတို့ပြောသွားတဲ့စကားက… ’
‘ ငါ့မှာ ဒီချိပ်တံဆိပ်ကို ချိုးဖြတ်ဖို့ နည်းလမ်းတစ်ခုရှိတာကို သူတို့သိတယ်လို့ ပြောချင်တာလား ’
ဖုန်းသည် မျက်လုံးဝင်းလက်သွားသည်။ သူက ပုလဲတစ်လုံးကို ပါးစပ်ထဲမှ ထွေးထုတ်လိုက်သည်။ ယင်းက သူ၏ ပင်ကိုယ်ဓမ္မရတနာဖြစ်သည်။ ပုလဲသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း မြန်ဆန်စွာ လှည့်ပတ်သွားပြီး လန်ယောင်နှင့် ယွဲ့တုန်ဆီသို့ ပျံသန်းသွားသည်။
တစ်ချိန်တည်းမှာ သူက အနောက်သို့ လှည့်လိုက်ပြီး ရွှီချင်းနှင့် ခေါင်းဆောင်ဆီသို့ ဦးတည်သွားသည်။
ဝုန်းခနဲ မြည်သံများကြားမှာ ယွဲ့တုန်နှင့် လန်ယောင်သည် ပြင်းထန်သော တိုက်ခိုက်မှုများကို အသီးသီးထုတ်ဖော်လိုက်ကြသည်။ ထိုအခါ ဖုန်း၏ ပင်ကိုယ်ဓမ္မရတနာက ချက်ချင်း ထိခိုက်ပျက်စီးသွားသည်။ သို့သော်လည်း ပုလဲက သူတို့ကို အချိန်တစ်ခဏကြာ တားဆီးနိုင်ခဲ့သည်။
ဖုန်းက သွေးအန်လိုက်ရသည်။ သို့သော်လည်း သူက ရပ်တန့်ခြင်းမရှိဘဲ အားနည်းသော ခန္ဓာကိုယ်နှင့်အတူ ရွှီချင်းနှင့် ခေါင်းဆောင်ဆီသို့ ဦးတည်သွားသည်။
ယင်းကို မြင်သောအခါ ယွဲတုန်၏ မျက်နှာသည် ခံပြင်းဒေါသထွက်မှု၊ မုန်းတီးမှုဖြင့် ပြည့်နှက်သွားသည်။ သူက အမြန်အော်ပြောလိုက်သည်။
“ တာအိုရောင်းရင်းတို့… ကျေးဇူးပြုပြီး သူ့ကို တားဆီးပေးပါ… မင်းတို့ သူ့ကို သတ်စရာမလိုပါဘူး… အချိန်တစ်ခဏပဲ ဆွဲပေးပါ ”
သူက စကားပြောနေရင်း လန်ယောင်နှင့်အတူ ဖုန်းနောက်သို့ လိုက်ဖမ်းသည်။
ထိုအခိုက်အတန့်မှာ ရွှီချင်းနှင့် ခေါင်းဆောင်သည်လည်း ထိုမြင်ကွင်းကို သတိပြုမိသွားသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူတို့က ဖုန်းဆီသို့ လိုက်ဖမ်းနေသော အမျိုးသမီးနှစ်ယောက်ကို ကူညီပေးတော့မည့်ဟန် ရ၏။
ဖုန်းသည် သူ့အသက်ကို အလောင်းအစားပြုလုပ်ရန် ရွေးချယ်လိုက်လေရာ ရူးသွပ်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူထုတ်မပြောနိုင်သော ကိစ္စတချို့ ရှိသည်။ အကယ်၍ သူက ထုတ်ပြောလိုက်လျှင် သူ၏ ဝှက်ဖဲကတ်က ပေါက်ကြားသွားလိမ့်မည်။
သို့ဖြစ်၍ သူက လက်ရှိအခြေအနေကို ကောင်းမွန်စွာ ထွင်းဖောက်မြင်နိုင်ဟန်ရသော ထိုလူသားနှစ်ယောက်ပေါ်မှာ အလောင်းအစား ပြုလုပ်လိုက်သည်။ မည်သို့ဖြစ်ပါစေ အကယ်၍ သူတို့က အမျိုးသမီးနှစ်ယောက်နှင့် အတူပူးပေါင်းပြီး သူ့ကို တိုက်ခိုက်လာမည်ဆိုလျှင် သူ့အတွက် လုံးဝအခြေအနေမကောင်းပေ။
သို့သော်လည်း အကယ်၍ သူသေဆုံးသွားမည်ဆိုလျှင် ထိုအမျိုးသမီးနှစ်ယောက်၏ နောက်ထပ်ပစ်မှတ်က သူတို့ဖြစ်လာနိုင်သည်။
ဤနေရာမှာ ရွှေကြွက်က ချုပ်နှောင်ခံထားရပြီး သူတို့ကို အပြင်သို့ ထွက်မသွားနိုင်အောင် တားဆီးထားသော ချိပ်ပိတ်မှုတစ်ခုက ရှိနေလေရာ ယင်းက သူတို့အတွက် ဘေးကျပ်နံကျပ်အခြေအနေ ဖြစ်သည်။
အကယ်၍ သူသာ မသေဆုံးခဲ့လျှင် ထိုအမျိုးသမီးနှစ်ယောက်၏ စိတ်အာရုံက သူ့ဆီကိုသာ သေချာပေါက် ကျရောက်သွားလိမ့်မည်။ ယင်းက ထိုလူသားနှစ်ယောက်ကို ထွက်ပြေးနိုင်ရန် အခွင့်အရေးတစ်ခု ဖန်တီးပေးနိုင်လိမ့်မည်။
ထို့ပြင် ယင်းက လက်ရှိအခြေအနေကို ချိုးဖြတ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
ဤအခိုက်အတန့်မှာ ရွှီချင်းနှင့် ခေါင်းဆောင်သည် ဖုန်းကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်သော်လည်း စက္ကန့်ပိုင်းအတွင်းမှာ သူတို့က ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ပြီး ဖုန်းအတွက် လမ်းဖယ်ပေးလိုက်ကြသည်။
အမျိုးသမီးနှစ်ယောက်၏ အမူအရာသည် ပျက်ယွင်းသွားသည်။
ဖုန်းသည် လုံးဝတုံ့ဆိုင်းမနေပေ။ သူက အရှေ့သို့ ဆက်ပြေးသွားသည်။ သူက ချိပ်တံဆိပ်နားသို့ ရောက်ရှိသွားသည်နှင့်ချက်ချင်း ချိပ်ပိတ်ခံထားရသော တတိယမဟာလောကကို တိုက်ရိုက် ဖောက်ခွဲပစ်လိုက်ပြီး အဖျက်အဆီးစွမ်းအားကို ချိပ်တံဆိပ်ပေါ်သို့ အလုံးစုံ ကျရောက်သွားစေသည်။
တစ်ချိန်တည်းမှာ သူက ငွေရောင်ကွန်ချာပေါ်မှ ချိပ်တံဆိပ်အဆောင်နှင့် တစ်ပုံစံတည်း တူညီသော မဟာဧကရာဇ်အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။
မဟာလောက၏ ဖောက်ခွဲမှုစွမ်းအားနှင့်အတူ အဆောင်သည် ငွေရောင်အလင်းတန်းတစ်ခုသို့ ပြောင်းလဲသွားကာ ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ အလင်းတန်းသည် ချိတ်တံဆိပ်ကို တိုက်ရိုက် ဖောက်ထွင်းသွားပြီး မြေကြီးအလွှာပေါင်းများစွာကို ဖြတ်သန်းသွားကာ အပြင်လောကနှင့် ဆက်သွယ်သွားသည်။
သူက ချက်ချင်း အပြင်သို့ ထွက်သွားသည်။
ရွှီချင်းနှင့် ခေါင်းဆောင်သည်လည်း တုံ့ဆိုင်းမနေပေ။ သူတို့နှစ်ယောက်က အလင်းတန်းအသွင်သို့ ပြောင်းလဲသွားပြီး ချိပ်တံဆိပ်၏ အပေါက်မှတဆင့် အပြင်လောကဆီသို့ ပျံသန်းသွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ သူတို့သုံးယောက်က လှိုဏ်ဂူထဲမှ ထွက်ခွာသွားပြီး မိုးကုပ်စက်ဝိုင်းထဲသို့ ပျံသန်းသွားကြသည်။
သူတို့ထွက်သွားသည်နှင့်ချက်ချင်း ယွဲ့တုန်နှင့် လန်ယောင်သည် ချိပ်တံဆိပ်၏ အပြင်ဘက်မှာ ထွက်ပေါ်လာကြသည်။ သူတို့က အရုပ်ဆိုးသော အမူအရာဖြင့် သူတို့သုံးယောက် ထွက်ပြေးသွားသော ဦးတည်ရာများကို စိုက်ကြည့်နေကြသည်။
“ စောစောက ငါ့စကားထဲမှာ အမှားတစ်ခုခု ပါသွားလို့လား ဒါမှမဟုတ် ငါ့မှာ အစကတည်းက အမတစ်ယောက်မရှိတာကြောင့် ငါ့ရဲ့ ဟန်ဆောင်မှုက မပီပြင်သွားလို့လား ”
“ ဒါမှမဟုတ် ငါ့ရဲ့ မွေးရာပါစွမ်းရည်ကိုများ သူတို့အာရုံခံမိသွားတာလား ”
ယွဲ့တုန်၏ အသံထဲမှာ မကျေနပ်မှုဖြင့် ပြည့်နှက်နေသည်။
“ တကယ်လို့ သူတို့နှစ်ယောက်က ငါ့စကားကို ယုံကြည်မယ်ဆိုရင် ငါ့ရဲ့ မွေးရာပါစွမ်းရည်အရ ငါဟာ လက်စားချေဖို့ကိုပဲ တကယ်အာရုံစိုက်နေပြီး သူတို့အပေါ် မကောင်းတဲ့ အကြံအစည်မရှိဘူးလို့ သူတို့ယုံကြည်လာအောင် သူတို့ရဲ့ နှလုံးသားထဲမှာ စိတ်ခံစားချက်မျိုးစေ့တွေ စိုက်ပျိုးနိုင်လိမ့်မယ်… ပြီးတော့ စောစောတုန်းက ငါ့ရဲ့ မွေးရာပါစွမ်းရည်က သူတို့ရဲ့ စိတ်ခံစားချက်တွေကို တကယ်ပဲ ဖမ်းဆုပ်နိုင်ခဲ့တာကို ငါအာရုံခံမိခဲ့တယ် ”
“ ဖုန်းလင်းတောင်ရဲ့ ဝိညာဉ်ထဲက လျောင်ရွှမ်းသူတော်စင်ဘိုးဘေးရဲ့ အမွေအနှစ်နဲ့ ဆက်စပ်နေတဲ့ လျှို့ဝှက်ရတနာကြောင့် သူ့အပေါ် ငါ့ရဲ့ မွေးရည်ပါစွမ်းရည်ကို တစ်ဝက်ပဲ ထုတ်လွှတ်နိုင်ခဲ့တယ်… အဲ့ဒါက အတိတ်မှာ အမျိုးသမီးတစ်ယောက်ဆီကနေ သွေးမျိုးဆက်ကို သူလုယက်ဖူးတယ်လို့ သူ့ကိုယ်သူ တကယ်ယုံကြည်သွားစေတယ်… တကယ်လို့ ငါက မွေးရာပါစွမ်းရည်ကို အလွန်အကျွံ အသုံးပြုလိုက်မယ်ဆိုရင် သူက အဲ့ဒါကို စတင်သံသယဝင်လာလိမ့်မယ် ”
“ ဖုန်းလင်းတောင်အပြင် ဒီဟာက ငါနဲ့ အဆင့်တူတဲ့ ကျင့်ကြံသူ ဒါမှမဟုတ် ငါ့ထက် အဆင့်နိမ့်တဲ့ ကျင့်ကြံသူဆီမှာ ငါ့ရဲ့ မွေးရာပါစွမ်းရည်က ပထမဆုံးအကြိမ် ကျရှုံးသွားခဲ့တယ်… ”
“ စိတ်မကောင်းစရာပဲ… သူတို့က သက်ရှိရုပ်သေးရုပ်တွေ ဖြစ်လာဖို့ အရမ်းသင့်တော်တဲ့ဟာ… ရေကန်ထဲက လျောင်ရွှမ်းသူတော်စင်အရည်က အရမ်းနည်းနေတာ သူတို့လက်ချက်ပဲ ဖြစ်ရမယ်… စိတ်မကောင်းစရာပဲ တကယ်စိတ်မကောင်းစရာပဲ… ”
ယွဲ့တုန်သည် တီးတိုးရေရွတ်လိုက်ပြီး အနောက်သို့ လှည့်ကာ လန်ယောင်ကို ကြည့်လိုက်သည်။ သူ၏ အကြည့်က အေးစက်သွားသည်။ ဤသည်မှာ သူက လူသားတစ်ယောက်ကို ကြည့်နေခြင်းမဟုတ်ဘဲ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်သော သက်ရှိရုပ်သေးရုပ်တစ်ရုပ်ကို ကြည့်နေသည့်အလားပင်။
လန်ယောင်သည် ယွဲ့တုန်၏ စကားများကို မကြားဟန် ရ၏။ ဤအခိုက်အတန့်မှာ သူက အံတင်းတင်းကြိတ်ထားပြီး ဖုန်းလင်းတောင်ထွက်ခွာသွားသော ဦးတည်ရာကိုသာ စိုက်ကြည့်နေသည်။ သူက အလွန်ဒေါသထွက်နေပုံပေါ်သည်။
“ အဲ့ဒီလူသားနှစ်ယောက်က သေသင့်တယ်… ဖုန်းလင်းတောင်က ပိုပြီးတော့ သေသင့်တယ်… ကံကောင်းစွာပဲ ငါတို့က ဒီကိုမလာခင်မှာ ဖုန်းလင်းတောင်နဲ့ပတ်သက်တဲ့ သက်သေတွေကို စုံစမ်းရှာဖွေခဲ့တယ်… ဒီတစ်ကြိမ် ငါတို့တွေ သူ့ကို သတ်ပြီးတော့ ငါ့အမအတွက် လက်စားပြန်ချေမယ် ”
လန်ယောင်၏ မျက်လုံးက သွေးရောင်လွှမ်းနေပြီး သူ၏ အမူအရာက ရက်စက်ကြမ်းကြုတ်မှုဖြင့် ပြည့်နှက်နေသည်။