← Chapters

တာအောင့်

Vol. 88 Ch. 1342

တာအောင့်

Vol. 88 Ch. 1342

ယွဲ့တုန်သည် ရွှီချင်းနှင့် တခြားလူများ ထွက်ခွာသွားသော ဦးတည်ရာဆီသို့ ဆက်ပြီး ကြည့်နေသည်။ အချိန်တစ်ခဏကြာပြီးနောက် သူက အနည်းငယ် ဆန္ဒမရှိသော်လည်း နောက်ဆုံးမှာတော့ ရွှီချင်းနှင့် အားညိုပေါ်မှာ လက်လျော့လိုက်သည်။

သူ့အတွက် ယခုအချိန်မှာ အရေးကြီးဆုံးသည် သက်ရှိရုပ်သေးရုပ်များကို သန့်စင်ရန် မဟုတ်သလို လျောင်ရွှမ်းသူတော်စင်အရည်လည်း မဟုတ်ပေ။ ယင်းအစား ဖုန်းလင်းတောင်၏ ဝိညာဉ်ထဲမှ လျောင်ရွှမ်းသူတော်စင်ဘိုးဘေး၏ အမွေအနှစ် ဖြစ်သည်။

မည်သို့ဖြစ်ပါစေ ယင်းက မဟာဧကရာဇ်တစ်ပါး၏ အမွေအနှစ်ဖြစ်သည်။

“ ဖုန်းလင်းတောင်ကို ပြန်ကုသဖို့ ငါအချိန်မပေးနိုင်ဘူး… သူ့ရဲ့ နှလုံးသားထဲမှာ ငါ့ရဲ့ စိတ်ခံစားချက်မျိုးစေ့တွေ ရှိတယ်… ဒါကြောင့် သူ့ကို ခြေရာခံဖို့ဆိုတာ ငါ့အတွက်တော့ ညအမှောင်အောက်မှာ မီးရှူးတိုင်ကို ရှာဖွေရသလိုပဲ ”

အနက်ရောင်အလင်းသည် ယွဲ့တုန်၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက စိတ်ဆုံးဖြတ်ပြီးသည်နှင့် တုံ့ဆိုင်းမနေတော့ဘဲ မိုးကုပ်စက်ဝိုင်းဆီသို့ ပျံသန်းသွားသည်။

သူ၏ အနောက်တွင် လန်ယောင်သည် အံကြိတ်ထားဆဲပင်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ယွဲ့တုန်နောက်သို့ လိုက်သွားသည်။

မဟာဧကရာဇ်အဆောင်သည်တော့ အမျိုးသမီးနှစ်ယောက်၏ ထွက်ခွာသွားမှုနှင့်အတူ တိတ်တဆိတ် ပျောက်ကွယ်သွားပြီး သိမ်းဆည်းခံလိုက်ရသည်။

လှိုဏ်ဂူတစ်ခုလုံး တိတ်ဆိတ်သွားသည်။

တစ်ခဏကြာပြီးနောက် ကြေးမုံအက်ကွဲသံနှင့်အတူ ဒေါသတကြီး ဟိန်းသံသည် လှိုဏ်ဂူထဲမှ ပဲ့တင်ထပ်လာသည်။ နောက်အခိုက်အတန့်မှာ ရွှေရောင်အလင်းတန်းတစ်ခုက ပျံသန်းထွက်လာသည်။

၎င်းက ရွှေကြွက်ဖြစ်သည်။

၎င်းက လှိုဏ်ဂူ၏ အပြင်ဘက်သို့ ရောက်ရှိတော့မည်နှင့်ချက်ချင်း ဝမ်းနည်းဖွယ်ကောင်းသော အော်ဟစ်ညည်းညူသံက ၎င်း၏ ပါးစပ်ထဲမှ မြည်ထွက်လာသည်။

မမြင်နိုင်သော ဖိအားတစ်ခုက ဆင်းသက်လာသည့်အလား ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားသည်။ ဖိအားသည် ၎င်းကို ဤနေရာမှ ထွက်မသွားနိုင်အောင် တားဆီးထားသည်။

မကြာမီ ထိုဖိအားက မရေမတွက်နိုင်သော မှော်သင်္ကေတများအဖြစ် ပြောင်းလဲသွားကာ ၎င်း၏ မရီဒျန်များထဲမှ ပေါ်ထွက်လာကြသည်။ မှော်သင်္ကေတများသည် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်ဖုံးလွှမ်းသွားသည်။

အထူးသဖြင့် ၎င်း၏ ဦးခေါင်းပေါ်မှာ ဖြစ်သည်။ ထိုနေရာတွင် မှော်သင်္ကေတများက ပိုပြီးများပြားသည်။

ထိုမှော်သင်္ကေတများက ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေပြီး ယင်းတို့ထဲမှာ နတ်ဘုရားများ၏ စွမ်းအင်အတတ်အကျလည်း ရှိသည်။ ထို့ပြင် ယင်းတို့က ရွှေကြွက်၏ ခန္ဓာကိုယ်ထဲမှာ နှစ်ပေါင်းမြောက်များစွာကြာအောင် တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရွှေကြွက်က လှိုဏ်ဂူထဲမှ မထွက်သွားနိုင်ခြင်း ဖြစ်သည်။

၎င်းက ဤနေရာမှာ ဖိနှိပ်ခံထားရသည်။

ပြင်းထန်သော လှုံ့ဆော်မှုနှင့် ဝိညာဉ်ဆုတ်ဖြဲခံနေရသော နာကျင်မှုက ရွှေကြွက်၏ နှလုံးကွဲကြေသော ဟိန်းသံကို ပိုပြီးကျယ်လောင်သွားစေသည်။

၎င်းက ရုန်းကန်နေစဉ် ထိုမှော်သင်္ကေတများက အသက်ဝင်လာပြီး ၎င်း၏ ခန္ဓာကိုယ်အနှံ့သို့ မြန်ဆန်စွာ ရွေ့လျားသွားကြသည်။ နောက်ဆုံးမှာတော့ မှော်သင်္ကေတအားလုံးက ၎င်း၏ နဖူးပေါ်မှာ စုဝေးသွားပြီး အထဲသို့ ရက်စက်ကြမ်းကြုတ်စွာ ထိုးဖောက်သွားသည်။

မှော်သင်္ကေတများသည် ၎င်း၏ အသိစိတ်ထဲမှာ စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်သွားပြီး ၎င်း၏ အသိဉာဏ်ကို တိုက်ခိုက်လိုက်သည်။ ၎င်း၏ အသိဉာဏ်သည် ရွှေဥများ ပျောက်ဆုံးသွားကတည်းက ထိန်းချုပ်မှုကင်းလွတ်သွားခဲ့သည်။ ယခုတစ်ခါ ၎င်း၏ အသိဉာဏ်က ထပ်မံ တိုက်ခိုက်ခံလိုက်ရသည့်အခါ ရွှေကြွက်သည် ပိုပြီးအရိုင်းဆန်လာသည်။

အထူးဆန်းဆုံးအရာမှာ ၎င်း၏ နဖူးက စက္ကူအဖြစ် ပြောင်းလဲသွားနေခြင်း ဖြစ်သည်။

ဤသည်မှာ ၎င်းက ဆက်ပြီး ရုန်းကန်နေမည်ဆိုလျှင် မကြာမီ ၎င်း၏ တစ်ကိုယ်လုံးက စက္ကူအဖြစ် ပြောင်းလဲသွားပြီး စက္ကူကြွက်ဖြစ်လာမည့်ဟန် ရသည်။

သို့ဖြစ်၍ နောက်ဆုံးမှာတော့ ရွှေကြွက်သည် မိုးကောင်းကင်ကို စိုက်ကြည့်၍ ဆန္ဒမရှိသော ဟိန်းသံကို ထုတ်လွှတ်လိုက်သည်။

ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး လေသည် တဟူးဟူး တိုက်ခတ်လာသည်။ ဧရာမဝဲကတော့တစ်ခုသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ ဝဲကတော့က ဝုန်းခနဲ မြည်ဟိန်းသွားသည့်အခါ အေးစက်စက် မျက်လုံးတစ်လုံးသည် ဝဲကတော့ထဲမှာ ထွက်ပေါ်လာပြီး မြေပြင်ကို ကြည့်လိုက်သည်။ ၎င်း၏ အကြည့်က ရွှေကြွက်ပေါ်သို့ ကျရောက်သွားသည်။

ထိုမျက်လုံးသည် ထူးဆန်းသည်။ ဤသည်မှာ ၎င်းက ပုံဆွဲထားသော မျက်လုံးတစ်လုံးဖြစ်ဟန် ရသည်။ ပိုပြီးထူးခြားသည်မှာ ကောင်းကင်ပေါ်မှ ဝဲကတော့ဖြစ်သည်။ ပထမတစ်ကြိမ် ကြည့်လျှင် ဝဲကတော့က အလွန်ကြီးမားကြောင်းသာ မြင်ရလိမ့်မည်။ အနီးကပ် သေချာကြည့်မည်ဆိုလျှင် ထိုဝဲကတော့က စက္ကူတစ်ရွက်ဖြစ်ကြောင်း မြင်နိုင်လိမ့်မည်။

နက်ရှိုင်းသော အသံသည် ဝဲကတော့ထဲမှ ထွက်ပေါ်လာသည်။

“ ဝမ်မို… မင်းက နှစ်ပေါင်းသုံးသောင်းကျော် သန့်စင်ခံခဲ့ရပြီး မင်းရဲ့ နတ်ဘုရားမီးတောက်က အကြိမ်ပေါင်းများစွာ ငြိမ်းသတ်ခံခဲ့ရတယ်… ဒါတောင် မင်းက ငါ့လက်အောက်မှာ အမှောင်နတ်ဘုရားအဖြစ် အမှုထမ်းဖို့ ငြင်းဆန်နေတုန်းပဲလား ”

ရွှေကြွက်၏ မျက်လုံးထဲမှ သွေးရောင်သည် ပိုပြီးပြင်းထန်လာသည်။ ၎င်း၏ ခန္ဓာကိုယ်က ရုန်းကန်နေစဉ် အချိန်မရွေး ပျောက်ကွယ်သွားနိုင်သော ၎င်း၏ အသိဉာဏ်က ၎င်း၏ မျက်လုံးထဲမှာ ဖြည်းညင်းစွာ စုဝေးသွားသည်။ ၎င်းက စကားအများကြီး မပြောပေ။ သို့သော်လည်း အက်ရှပြီး မရှင်းလင်းသော အသံသည် ဖော်မပြနိုင်သော အမုန်းတရားနှင့်အတူ ၎င်း၏ ပါးစပ်ထဲမှ မြည်ဟိန်းထွက်လာသည်။

“ တာ… အောင့် ”

ရွှေကြွက်သည် ဟိန်းသံကို ထုတ်ဖော်ပြီးနောက် လှိုဏ်ဂူထဲသို့ ဝင်သွားပြီး ဥမင်လှိုဏ်ခေါင်းကို ဖြတ်၍ လျောင်ရွှမ်းရေကန်ဆီသို့ ပြန်သွားသည်။

ကောင်းကင်ပေါ်တွင်တော့ ဝဲကတော့ထဲမှ မျက်လုံးသည် ပိုပြီးအေးစက်လာသည်။

“ ကိစ္စမရှိဘူး… ငါ့မှာ အချိန်တွေ အများကြီး ရှိတယ် ”

သူ၏ စကားသံက ပဲ့တင်ထပ်သွားသည့်အခါ ဝဲကတော့သည် ဝေဝါးလာပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

လောကထဲမှ အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။

ထိုအဖြစ်အပျက်သည် ဤဧရိယာအတွင်းမှာသာ ကန့်သတ်ခံထားရသည်။ သို့ဖြစ်၍ ရွှီချင်း၊ အားညို၊ ဖုန်း၊ ယွဲ့တုန်နှင့် လန်ယောင်သည် ထိုနေရာမှ အဖြစ်အပျက်ကို အာရုံမခံမိကြချေ။

သို့သော်လည်း သူတို့သည် သာမန်ကျင့်ကြံသူများ မဟုတ်ကြချေ။ သူတို့အားလုံးဆီမှာ နတ်ဘုရားစိတ်အာရုံနှင့်ပတ်သက်ပြီး ကိုယ်စီအားသာချက်များ ရှိကြသည်။

သို့ဖြစ်၍ သူတို့က ဤအခိုက်အတန့်မှာ ထိုအဖြစ်အပျက်ကို အနည်းနှင့်အများ သတိထားမိကြသည်။

လေထဲတွင် ပျံသန်းနေသော အလင်းတန်းနှစ်ခုတွင် ရွှီချင်းသည် ရုတ်တရက် အနောက်လှည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အမူအရာက ထွက်ပေါ်လာသည်။

သူ့ဘေးမှ ခေါင်းဆောင်သည်လည်း သူ့အနောက်မှ ကောင်းကင်ကို အံ့အားသင့်သော အမူအရာဖြင့် ကြည့်လိုက်သည်။

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က မြန်ဆန်စွာ အကြည့်ပြန်ရုပ်လိုက်ပြီး မည်သည့်စကားမှ မပြောဘဲ အရှိန်မြှင့်တင်လိုက်ကြသည်။

ထိုသို့ဖြင့် သုံးရက်ဟူသော အချိန်သည် မျက်စိတစ်မှိတ်အတွင်းမှာ ကုန်ဆုံးသွားသည်။

ရွှီချင်းနှင့် ခေါင်းဆောင်သည် နည်းလမ်းမျိုးစုံကို အသုံးပြု၍ သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားကြသည်။ နောက်ဆုံးမှာတော့ သူတို့က လျောင်ရွှမ်းဒေသငယ်ထဲမှ ဘေးကင်းလုံခြုံစွာ ထွက်ခွာသွားနိုင်ပြီး လူသားမျိုးနွယ်၏ မဟာနန်းမြို့တော်ဒေသကြီး၏ ပိုင်နက်ထဲသို့ ဝင်ရောက်သွားကြသည်။

သူတို့က မဟာနန်းမြို့တော်ဒေသကြီး၏ အပြင်ဘက်စက်ဝန်းများထဲမှ လူသားမြို့တော်များကိုပင် မြင်သွားကြသည်။

ရင်းနှီးသော အရှိန်အဝါနှင့် ရင်းနှီးသော အဆောက်အဦးများက ရွှီချင်းနှင့် ခေါင်းဆောင်ကို အနည်းငယ် စိတ်အေးသွားစေသည်။ သို့သော်လည်း သူတို့က သတိထားနေကြဆဲပင်။

လွန်ခဲ့သော ရက်အနည်းငယ်က သူတို့အာရုံခံမိခဲ့သော အဖြစ်အပျက်က သူတို့၏ နှလုံးသားကို ပရမ်းပတာ လှိုင်းထသွားစေသည်။

သို့ဖြစ်၍ လူသားမျိုးနွယ်၏ မဟာနန်းမြို့တော်ဒေသကြီးထဲမှာပင် သူတို့က အလျင်ကုန်အသုံးပြု၍ ပျံသန်းနေဆဲပင်။

သို့သော်လည်း ထိုသို့ပျံသန်းသွားမည်ဆိုလျှင် သူတို့က သေမျိုးမြို့တော်များနှင့် ဂိုဏ်းတချို့တည်ရှိသော တောင်တန်းများကို ဖြတ်ကျော်သွားရလိမ့်မည်။

ပထမတစ်ခုသည် အဆင်ပြေသည်။ သေမျိုးမြို့တော်များသည် ရွှီချင်းနှင့် ခေါင်းဆောင်အတွက် အတားအဆီးမဟုတ်ပေ။

ဒုတိယတစ်ခုသည်တော့ အစွမ်ထက် ကျင့်ကြံသူများက ရွှီချင်းနှင့် အားညို၏ အလျင်ကို အာရုံခံမိသွားပြီးနောက် နှလုံးတုန်သွားကြသည်။ သူတို့က ရွှီချင်းနှင့် အားညိုကို မတားဆီးဝံ့ကြချေ။ သူတို့က မမြင်ချင်ယောင် ဟန်ဆောင်လိုက်ကြသည်။

သို့တိုင် ကိုယ့်ကိုယ်ကိုယ် အလွန်သန်မာသည်ဟု ယုံကြည်ထားကြသော တချို့ကျင့်ကြံသူများက ရွှီချင်းနှင့် အားညိုကို လျစ်လျူမရှုနိုင်ကြပေ။

ဥပမာ ဤအခိုက်အတန့်မှာ ဖြစ်သည်။ ရွှီချင်းနှင့် ခေါင်းဆောင်က မြန်ဆန်စွာ ပျံသန်းနေစဉ် အေးစက်သော နှာခေါင်းရှုံ့သံသည် သူတို့အောက်မှ အနီရောင်တောင်တစ်လုံးထံမှ ပဲ့တင်ထပ်လာသည်။

“ ဘယ်သူတွေလဲ… မင်းတို့က ငါ့ရဲ့ တိမ်နီဂိုဏ်းကို ဘာမှမဟုတ်သလို သဘောထားရဲတယ်… မင်းတို့က ငါတို့ဦးခေါင်းပေါ်မှာ ပျံသန်းရဲတယ်… ရပ်လိုက်ကြစမ်း ”

ထိုအသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း သွေးမြူခိုးသည် အနီရောင်တောင်မှ ပျံ့နှံ့ထွက်လာပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ ယင်းက ရွှီချင်းနှင့် ခေါင်းဆောင်ကို တားဆီးချင်သည်။

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက စကားပြောတော့မည့်အချိန် သူ့ဘေးမှ ခေါင်းဆောင်သည် သွေးမြူခိုးကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။

“ ရဲတင်းလှချည်လား… သန့်စင်ရေလှိုင်းဒေသကြီးရဲ့ အရှင်သခင်… မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က မဟာရွှမ်ထျန်းစစ်သူကြီးရွှီချင်းနဲ့ သူ့ရဲ့ စီနီယာအကိုကြီး ရောက်လာတာကို တားဆီးပိတ်ပင်ရဲတယ်… အနောက်ဆုတ်စမ်း ”

သူ၏ စကားသည် မိုးခြိမ်းသံသဖွယ် အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပဲ့တင်ထပ်သွားသည်။ ထို့ပြင် သူ၏ အသံထဲမှာ ဖော်မပြနိုင်သော မောက်မက်ထောင်လွှားမှု ပါရှိသည်။ ခေါင်းဆောင်က ထိုစကားကို အထစ်အငေါ့မရှိဘဲ ပြောနိုင်လေရာ သူက လမ်းမှာ ကြိုတင်လေ့ကျင့်ထားကြောင်း ထင်ရှားသည်။

တစ်နည်းပြောရလျှင် သူက ထိုသို့ပြောနိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ချက်ချင်းဆိုသလို ကောင်းကင်ပေါ်သို့ ပျံတတ်နေသော သွေးမြူခိုးက ရပ်တန့်သွားသည်။

ခေါင်းဆောင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အရှေ့သို့ ပျံသန်းသွားသည်။ ရွှီချင်းသည် မည်သည့်စကားမှ မပြောဘဲ ဆက်ပြီး ပျံသန်းသွားသည်။ ချက်ချင်းဆိုသလို သူတို့နှစ်ယောက်က အနီရောင်တောင်၏ နယ်နိမိတ်ကို ဖြတ်ကျော်သွားပြီး အဝေးမှာ ပျောက်ကွယ်သွားကြသည်။

သူတို့ထွက်သွားပြီးနောက် သွေးမြူခိုးသည် ကျုံ့သွားပြီး အနီရောင်ဆံပင်နှင့် အဖိုးအိုတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူက အဝေးမှ မိုးကုပ်စက်ဝိုင်းကို တုံ့ဆိုင်းစွာ ကြည့်နေသည်။

အဆုံးမှာတော့ သူက ထိုနှစ်ယောက်ကို မနှောင့်ယှက်ဝံ့ချေ။

အဘယ့်ကြောင့်ဆိုသော် အားညို၏ စကားထဲမှ သရုပ်က အလွန်ကြီးမားသောကြောင့် ဖြစ်သည်။

တိမ်နီဂိုဏ်း၏ ဘိုးဘေးသည် တစ်နှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံနေသူ မဟုတ်ပေ။ သို့ဖြစ်၍ သူက အပြင်လောကမှ ကိစ္စများကို သိထားသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သန့်စင်ရေလှိုင်းဒေသကြီးထဲတွင် ဒေသအရှင်သခင်တစ်ယောက်ကို ခန့်အပ်ခဲ့သည်ဟု သူကြားမိသည်။ ထိုဒေသအရှင်သခင်သည် လူသားဧကရာဇ်ထံမှ ကောင်းကင်ဘုံအမတ်ဘွဲ့ကို ချီးမြှောက်ခံခဲ့ရသည်။

တစ်ချိန်တည်းမှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်သည် မဟာအမဲလိုက်ပွဲတော်၏ နောက်ဆုံးရလဒ်ကို တခြားဒေသကြီးများဆီသို့ ကြေညာခဲ့သည်။ သို့ဖြစ်၍ လူသားမျိုးနွယ်မှ တစ်စုံတစ်ယောက်က မဟာရွှမ်ထျန်းစစ်သူကြီးဖြစ်လာကြောင်း သူသိထားသည်။

ထိုသို့ဂုဏ်အရှိန်အဝါအားလုံးကို ရရှိခဲ့သူသည် ရွှီချင်းမှလွဲ၍ တခြားမဟုတ်ပေ။

“ ရွှီချင်း… ”

တိမ်နီဂိုဏ်း၏ ဘိုးဘေးသည် နှုတ်ဆိတ်သွားသည်။ တစ်ဖက်လူက လိမ်ညာနေခြင်းလော သို့မဟုတ် အမှန်ကို ပြောနေခြင်းလော သူမသိပေ။ သို့သော်လည်း မည်သို့ဖြစ်ပါစေ သူက မစွန့်စားဝံ့ချေ။

တကယ်၍ တစ်ဖက်လူက အတုအယောင်ဖြစ်မည်ဆိုလျှင် ပြဿနာမရှိပေ။ သို့သော်လည်း အကယ်၍ အစစ်ဖြစ်မည်ဆိုလျှင် သူက မဆုံးနိုင်သော ပြဿနာများကို ရင်ဆိုင်ရလိမ့်မည်။ သေးငယ်သော ဂုဏ်သိက္ခာအတွက် ထိုသို့စွန့်စားရန် မထိုက်တန်ကြောင်း သူခံစားမိသည်။

ထို့ပြင် တစ်ဖက်လူက သူ့အား ခွင့်မတောင်းဘဲ ဤနေရာမှ ဖြတ်သွားခဲ့ရုံသာ ဖြစ်သည်။

“ ဖြတ်သွားရုံပဲမလား… အဲ့ဒါက ကိစ္စကြီးမဟုတ်ပါဘူး ”

တိမ်နီဂိုဏ်း၏ ဘိုးဘေးသည် ချောင်းဟန့်လိုက်ပြီး သွေးမြူအဖြစ်သို့ ပြောင်းလဲသွားကာ အနီရောင်တောင်ဆီသို့ ပြန်သွားသည်။

ထိုသို့ဖြင့် ရွှီချင်းနှင့် ခေါင်းဆောင်သည် မဟာနန်းမြို့တော်ဒေသကြီး၏ အပြင်ဘက်စက်ဝန်းများ၏ အစွန်အဖျားဒေသမှ ပျံသန်းထွက်သွားသည်။ ရက်အနည်းငယ်ကြာအောင် မရပ်မနား ပျံသန်းပြီးနောက် သူတို့က စိတ်အေးသွားသည်။

သူတို့က ဤနေရာမှာ ဘေးကင်းလုံခြုံမှုကို ခံစားမိသွားသည်။ ထို့ပြင် အကယ်၍ တစ်ဖက်လူသာ သူတို့ကို အမှန်တကယ် ဒုက္ခပေးချင်လျှင် ဤရက်အတွင်းမှာ ထွက်ပေါ်လာသင့်သည်။ သို့သော်လည်း ဤအတောအတွင်းမှာ သူတို့က မည်သည့်အန္တရာယ်ကိုမှ မတွေ့ကြုံခဲ့ပေ။

သို့ဖြစ်၍ အခြေခံအားဖြင့်ဆိုရသော် အန္တရာယ်က ပြီးဆုံးသွားပြီဟု ဆိုနိုင်ပေသည်။

တစ်ချိန်တည်းမှာ ဤရက်များတွင် မရပ်မနား ခရီးဆက်ပြီးနောက် သူတို့၏ ပန်းတိုင်ကို မြင်သွားသည်။

ယင်းက အလွန်ကြီးမားသော ရှေးဟောင်းတည်နေရာပြောင်းရွှေ့အစီအရင်တစ်ခု ဖြစ်သည်။

ထိုစည်းချအစီအရင်သည် မဟာနန်းမြို့တော်ဒေသကြီး၏ အတွင်းဘက်စက်ဝန်းဆီသို့ တည်နေရာပြောင်းရွှေ့ပေးနိုင်သည်။

ထိုသို့အရေးကြီးသော နေရာမျိုးသည် ထုံးစံအားဖြင့် တစ်နှစ်ပတ်လုံး အစောင့်အကြပ်များ ထူထပ်သည်။ ယခုအချိန်မှာ စစ်သည်တော်တစ်သန်းကျော်သည် တည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်နေကြသည်။ ထို့ပြင် ဗလာနတ္ထိအဆင့် ကျင့်ကြံခြင်းအခြေခံရှိသော ကောင်းကင်ဘုံအမတ်တစ်ဦးသည်လည်း ဤနေရာကို စောင့်ကြပ်ပေးနေသည်။

သို့ဖြစ်၍ ရွှီချင်းနှင့် ခေါင်းဆောင် ပျံသန်းလာသည်နှင့်ချက်ချင်း အန္တရာယ်အရှိန်အဝါလှိုင်းများက အရပ်မျက်နှာအဘက်ဘက်မှ ပျံ့လွင့်လာသည်။ ဤနေရာကို စောင့်ကြပ်ပေးနေသော ကောင်းကင်ဘုံအမတ်သည်လည်း တည်ကြည်လေးနက်သော အမူအရာနှင့်အတူ လေထဲသို့ ပျံသန်းသွားသည်။

သူ၏ မျက်လုံးက အရောင်လင်းလက်နေသော်လည်း အဝေးမှ ပုဂ္ဂိုလ်ကို ရှင်းလင်းစွာ မြင်သွားသောအခါ သူ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ အဆုံးမရှိသော စိတ်ခံစားချက်လှိုင်းများက သူ၏ နှလုံးသားထဲမှာ တစ်ဟုန်ထိုး ပေါ်ထွက်လာသည်။

“ ရွှီချင်း ”

ထိုကောင်းကင်ဘုံအမတ်သည် လူသားဧကရာဇ်၏ နန်းတော်ထဲ၌ ရွှီချင်းနှင့် ခန်းမတစ်ခုတည်းမှာ ထိုင်ဖူးသည်။ ထို့ပြင် ရွှီချင်းက မဟာရွှမ်ထျန်းစစ်သူကြီးဖြစ်လာသည်ဟူသော သတင်းကိုလည်း သူကြားမိသည်။ ယင်းက အချိန်ကာလတစ်ခု ကြာမြင့်သွားပြီဖြစ်သော်လည်း သူ၏ နှလုံးသားထဲမှ ထိတ်လန့်မှုက ယခုထိတိုင် ပြင်းထန်နေဆဲပင်။

မဟာရွှမ်ထျန်းစစ်သူကြီး၏ အမည်နာမသည် အလွန်ကြီးမားသော ဂုဏ်အဆင့်အတန်းကို ကိုယ်စားပြုသည်။ ယင်းက သာမန်လူများ စိတ်ကူးယဉ်နိုင်သောအရာ မဟုတ်ပေ။

ယင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အမြင့်ဆုံး ဘွဲ့ဂုဏ်ထူးဖြစ်သည်။ မဟာရွှမ်ထျန်းစစ်သူကြီးကို မြင်သည့်အခါ မရေမတွက်နိုင်သော မျိုးနွယ်စုများက ဒူးထောက်ရလိမ့်မည်။

အရေးကြီးဆုံးမှာ လူသားမျိုးနွယ်နှင့် မီးလျှံလ၏ လက်အောက်ခံမျိုးနွယ်စုများကြားမှ စစ်ပွဲသည် တစ်ဖက်လူ၏ စကားတစ်ခွန်းကြောင့် အဆုံးသတ်သွားခဲ့သည်။

ထိုသို့အရှိန်အဝါ၊ အဆင့်အတန်းနှင့် သရုပ်သည် လူသားမျိုးနွယ်တစ်ခုလုံးတွင် ဒူဝံကြယ်ပမာ ထွန်းလင်းတောက်ပသည်။

ထို့ပြင် လူသားမျိုးနွယ်ထဲမှာ တစ်ဖက်လူ၏ သရုပ်သည် ဒေသအရှင်သခင်ဖြစ်သည်။

ရွှီချင်း၏ ကျင့်ကြံခြင်းက ဗလာနတ္ထိအဆင့်မှာသာ ရှိသေးသော်လည်း ရွှမ်မီးလျှံနှင့် ရွှီချင်းကြားမှ တိုက်ပွဲကို သူကြားမိသည်။ ရွှမ်မီးလျှံမှာ မည်သူနည်း။ ရွှမ်မီးလျှံသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ နံပါတ်တစ်ကောင်းကင်အရွေးချယ်ခံဖြစ်ပြီး သူ၏ တိုက်ပွဲစွမ်းအားသည် ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သည်။

ထိုတိုက်ပွဲမှာ ရွှီချင်းက ရွှမ်မီးလျှံကို အလုံးစုံဖိနှိပ်ထားနိုင်ခဲ့သည်။

ထိုအချက်အားလုံးက ကောင်းကင်ဘုံအမတ်၏ နှလုံးသားကို ပရမ်းပတာ တုန်လှုပ်သွားစေသည်။ သူ၏ အမူအရာက ချက်ချင်း တည်ကြည်လေးနက်သွားသည်။ သူက ခါးမတ်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။

“ ကောင်းကင်ဘုံအမတ်ရွှီကို နှုတ်ဆက်ပါတယ် ”

ကောင်းကင်ပေါ်တွင် ရွှီချင်းနှင့် ခေါင်းဆောင်သည် တည်နေရာပြောင်းရွှေ့အစီအရင်နှင့် နီးကပ်သွားသည့်အခါ လေထဲမှာ ရပ်တန့်လိုက်ကြသည်။ သူတို့၏ ထွက်ပေါ်လာမှုနှင့် ကောင်းကင်ဘုံအမတ်၏ စကားက ဘေးပတ်ဝန်းကျင်မှ စစ်သည်တော်တစ်သန်းကျော်၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

လူတိုင်းက ရွှီချင်းကို မသိသော်လည်း ‘ ကောင်းကင်ဘုံအမတ်ရွှီ ’ဟူသော စကားက သူတို့ကို တစ်စုံတစ်ယောက်အား ချက်ချင်း တွေးတောမိစေသည်။ သို့ဖြစ်၍ သူတို့၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ စိတ်လှုပ်ရှားခြင်းနှင့် ချီးကျူးလေးစားသော အရိပ်အယောင်က သူတို့၏ မျက်နှာပေါ်မှာ အထင်အရှား ထွက်ပေါ်လာသည်။

သူတို့သည် လွန်ခဲ့သော ရက်များတုန်းက ရွှီချင်းအကြောင်းကို အများကြီး ကြားခဲ့ရသည်။ ဤအတောအတွင်း ဝမ်ကူးကုန်းမြေထဲမှာ လူပြောအများဆုံး အကြောင်းအရာသည် ရွှီချင်း၏ စွမ်းဆောင်မှုများသာ ဖြစ်သည်။

“ အော်… ကောင်းကင်ဘုံအမတ်ဝမ်ပဲ ”

ရွှီချင်း၏ အကြည့်က ကောင်းကင်ဘုံအမတ်ပေါ်သို့ ကျရောက်သွားသည်။ သူက ပြုံးလိုက်ပြီး ပြောသည်။

“ နန်းမြို့တော်ဆီသွားဖို့ ဒီက တည်နေရာပြောင်းရွှေ့အစီအရင်ကို ကျုပ်အသုံးပြုချင်တယ် ”

ကောင်းကင်ဘုံအမတ်ဝမ်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။

“ ကောင်းကင်ဘုံအမတ်ရွှီ ပြန်ရောက်လာတာက လူသားမျိုးနွယ်အတွက် အရေးကြီးကိစ္စပဲ… တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်အားလုံးက ကောင်းကင်ဘုံအမတ်ရွှီအတွက် တံခါးမရှိဓားမရှိပါပဲ ”

ကောင်းကင်ဘုံအမတ်ဝမ်သည် စကားပြောပြီးသည်နှင့် စီစဉ်စရာရှိသည်များကို ချက်ချင်း ဆောင်ရွက်သည်။ သူက ရွှီချင်းကို ကိုယ်တိုင်ကိုယ်ကျ ဧည့်ခံသည်။ သူက ကောင်းကင်ဘုရင်တစ်ပါးနှင့် တွေ့ဆုံနေရသည့်အလား ပြုမူဆောင်ရွက်သည်။ သူက ရွှီချင်း၏ ဘေးမှ အားညိုကိုပင် ရိုသေလေးစားစွာ ဆက်ဆံသည်။

ယင်းက အားညိုကို အလွန်စိတ်ကျေနပ်စေသည်။

မကြာမီ ကောင်းကင်ဘုံအမတ်ဝမ်၏ ကိုယ်တိုင်ညွှန်ကြားမှုအောက်မှာ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်သည် အသက်ဝင်လာသည်။ ဘေးပတ်ဝန်းကျင်မှ စစ်သည်တော်အမြောက်အများသည် စိတ်လှုပ်ရှားလာပြီး ရွှီချင်းကို လှမ်းကြည့်လိုက်ကြသည်။

ရွှီချင်းသည် ကောင်းကင်ဘုံအမတ်ဝမ်ကို နှုတ်ဆက်လိုက်ပြီး ခေါင်းဆောင်နှင့်အတူ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ထဲသို့ ခြေချလိုက်သည်။

တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်က အသက်ဝင်လာပြီး အလင်းရောင်ထွက်ပေါ်လာသောအခါ သူတို့နှစ်ယောက်က ချက်ချင်း ပျောက်ကွယ်သွားကြသည်။

သူတို့ထွက်သွားပြီးနောက် ရွှီချင်းနှင့်ပတ်သက်သော ဆွေးနွေးမှုများက တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်၏ အပြင်ဘက်မှာ အုတ်အုတ်သောင်းသောင်း ထွက်ပေါ်လာသည်။

“ အဲ့ဒါ လူသားမျိုးနွယ်ရဲ့ နံပါတ်တစ်ကောင်းကင်အရွေးချယ်ခံပဲ ”

“ သူက အသက်ငယ်ရွယ်ရုံတင်မကဘူး ပြိုင်စံရှားပါရမီကိုလည်း ပိုင်ဆိုင်ထားတယ်… ဟား ဟား… အနာဂတ်မှာ ငါက ကောင်းကင်ဘုံအမတ်ရွှီအတွက် တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို ပြင်ဆင်ပေးဖူးတယ်လို့ ကြွားလို့ရပြီ ”

ကောင်းကင်ဘုံအမတ်ဝမ်သည် ဟာလာဟင်းလင်းဖြစ်နေသော တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ဘေးပတ်ဝန်းကျင်မှ စစ်သည်တော်များ၏ စိတ်လှုပ်ရှားသော စကားသံများကို နားထောင်ရင်း စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်လေသည်။

‘ နောက်တစ်ကြိမ် ငါတို့ပြန်တွေ့ဆုံတဲ့အခါ သူက အနည်းဆုံး ကောင်းကင်ဘုရင်တစ်ပါး ဖြစ်လာလောက်တယ် ’

All Chapters