ဘုရင်ကျန်းကန်
Vol. 88 Ch. 1344
အိမ်ဟူသော စကားလုံးတွင် ကြီးမားသော အဓိပ္ပာယ်ပါဝင်သည်။
ရွှီချင်းသည် အိမ်ဟူသော စကားလုံးကို လွန်ခဲ့သော နှစ်အနည်းငယ်တုန်းက သတ္တမသခင်ကြီးထံမှ ကြားခဲ့ရသည်။ ထိုစကားလုံးအပေါ် လူတိုင်း၏ နားလည်ထားမှုက တူညီသော်လည်း ကွဲပြားခြားနားမှုတချို့ ရှိသည်။
သတ္တမသခင်ကြီးပြောသော အိမ်သည် ချီယွဲ့ထုံဂိုဏ်းဖြစ်သည်။
ဘုရင်ကျန်းယန်ပြောသော အိမ်သည် လူသားမျိုးနွယ်ဖြစ်သည်။
ဖုန်းဟိုင်ဒေသငယ်မြို့တော်မှ ယခင်ဓားကိုင်ရုံးတော်သခင်အတွက် အိမ်သည် ဖုန်းဟိုင်ဒေသငယ်ဖြစ်သည်။
ရွှီချင်းအတွက်တော့ အိမ်သည် နန်းဟွမ်ကုန်းမြေမှ ယင်ဟွမ်ပြည်နယ်၊ ထိုမှတဆင့် ဖုန်းဟိုင်ဒေသငယ်၊ သန့်စင်ရေလှိုင်းဒေသကြီးနှင့် နောက်ဆုံးမှာတော့ လူသားမျိုးနွယ်၏ နန်းမြို့တော်ဆီသို့ ရွှေ့ပြောင်းသွားသည်။
ဤသည်မှာ အချိန်ကြာလာသည်နှင့်အမျှ သူ၏ အိမ်က အစဉ်အမြဲ ပြောင်းလဲနေဟန် ရသည်။
ဆင်းရဲသားရပ်ကွက်မှစ၍ ရတနာမုဆိုးစခန်းထဲမှ ခေါင်းဆောင်လဲ့၏ အိမ်ဆီသို့ သူရွှေ့ပြောင်းသွားခဲ့သည်။ ထိုမှတဆင့် ချီယွဲ့ထုံဂိုဏ်း၊ ဖုန်းဟိုင်းဒေသငယ်မှ ဓားကိုင်နန်းတော်နှင့် ယခု နန်းမြို့တော်ဆီသို့ သူရွှေ့ပြောင်းသွားခဲ့သည်။
မည်သူမှ သေချာမသိလိုက်ခင်မှာ ရွှီချင်းသည် အတိတ်တုန်းက လူငယ်လေး မဟုတ်တော့ပေ။
အချိန်သည် သူ၏ အသွင်သဏ္ဍာန်ကို မယူဆောင်သွားခဲ့ပေ။ ယင်းက သူ၏ ဘဝတစ်လျှောက်လုံးမှာ ဆက်ပြီး လိုက်ပါနေဆဲပင်။
ကံကောင်းစွာဖြင့် အချိန်သည် အလဟဿမဖြစ်ခဲ့ပေ။
အချိန်ကို ပြန်မပြင်နိုင်သော်လည်း ဘဝ၏ အတွေ့အကြုံက ကျန်ရှိနေဆဲပင်။ ဘဝ၏ အတွေ့အကြုံများက ပေါင်းစုသွားသည့်အခါ ကံကြမ္မာလက်ဆောင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုကံကြမ္မာလက်ဆောင်မှာ နာမည်ရှိသည်။
ယင်းကို ရင့်ကျက်မှုဟု ခေါ်သည်။
အနှစ်သုံးဆယ်…
ရွှီချင်းက ထိုအပျက်အစီးမြို့တော်ထဲမှ အလောင်းအားလုံးကို မြေမြှုပ်ပေးခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
သို့ဖြစ်၍ ဘုရင်ကျန်းယန်၏ စကားကို သူကြားသောအခါ ရွှီချင်း၏ အမူအရာသည် တဒင်္ဂ မိန်းမောတွေဝေသွားသည်။ နောက်ဆုံးမှာတော့ သူက နန်းမြို့တော်ထဲမှ နင်ယန်၏ အိမ်ယာကို လှမ်းကြည့်လိုက်သည်။ အကြောင်းအရင်းတချို့ကြောင့် မိန်းမလှတစ်ဦး၏ ပုံရိပ်က သူ၏ နှလုံးသားထဲမှာ အချိန်အတော်ကြာ နစ်မြှုပ်ခံထားရ၏။ ဤအခိုက်အတန့်မှာ ထိုပုံရိပ်က ပိုပြီးရှင်းလင်းလာသည်။
သူတို့နှစ်ယောက် ပထမဆုံး တွေ့ဆုံခဲ့သော ညကို သူမှတ်မိသည်။ ထိုအချိန်တုန်းက သူက ကောင်းကင်ပေါ်မှ ကြွေကျလာသော ခရမ်းရောင်ပန်းတစ်ပွင့်နှယ် အောက်မေ့ရသည်။
အင်မော်တယ်ကြွယ်ဝမြစ်ပေါ်မှ သူတို့၏ ခရီးစဉ်ကို မည်သည့်အခါမှ သူမမေ့နိုင်ပေ။
လွမ်းတေးဟုခေါ်သော တေးသီချင်းကိုလည်း ယခုအချိန်ထိ သူကြားယောင်မိနေဆဲပင်။
ထိုတေးသီချင်းသည် သေမျိုးလောက၏ အဓိပ္ပာယ်ကို သယ်ဆောင်ထားရုံသာမက ယင်းထဲမှာ ဘဝ၏ ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုများ ပါရှိသည်။ အဆုံးမှာတော့ အရာအားလုံးက ယစ်မူးဖွယ်ကောင်းသော သေရည်အိုးတစ်အိုးအဖြစ် ပြောင်းလဲသွားသည်။
အထီးကျန်တိုင်း သေရည်သောက်မယ်…
သေရည်က နှလုံးသားထဲမှာ စီးဆင်းပြီး လှိုင်းထစေမယ်…
ထိုလှိုင်းဂယက်များထဲတွင် ပုံရိပ်ပြန်နေသည်မှာ ချောက်ကမ်းပါးနား၌ ဒူးနှစ်ဖက်ကို ပွေ့ဖက်ထားလျက် တီးတိုးရေရွတ်နေသော အမျိုးသမီးတစ်ယောက်၏ ပုံရိပ်ဖြစ်သည်။
“ ဒီလောကထဲမှာ မီးအိမ်တစ်ခု ရှိတယ်… ”
ထိုမီးအိမ်ကို မွန်မြတ်သန့်စင်သော ခရမ်းရွှမ်ဟု ခေါ်သည်။ ၎င်းက မည်းမှောင်နေသော အနက်ရောင်ဖီးနစ်ခန်းမဆောင်ထဲမှာ တည်ရှိပြီး လွမ်းတေး၏ သံသရာစက်ဝန်းတစ်ခုနှင့် ဆင်တူသည်။
အတိတ်က သူ၏ စိတ်ထဲမှာ ထင်ရှားစွာ ကျန်ရှိနေဆဲပင်။
“ အိမ်လား ”
သိမ်မွေ့ညင်သာသော အပြုံးက ရွှီချင်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ဤနှစ်များတွင် သူက အရွယ်ရောက်လာပြီး ရင့်ကျက်လာသည်။ သို့သော်လည်း သူက အတိတ်အကြောင်းများကို လျစ်လျူမရှုထားနိုင်ပေ။
သို့ဖြစ်၍ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ခေါင်းဆောင်၏ သံသယအကြည့်နှင့် ဘုရင်ကျန်းယန်၏ အပြုံးအောက်မှာ သူက နန်းမြို့တော်ဆီသို့ လျှောက်သွားသည်။
လမ်းတစ်လျှောက်တွင် ကောင်းချီးမင်္ဂလာနိမိတ်များက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာပြီး ပန်းပွင့်များက မြေကြီးပေါ်မှာ ပြန့်ကျဲသွားသည်။
သူ၏ အနောက်တွင် ဘုရင်ကျန်းယန်ရှိပြီး ဘုရင်ကျန်းယန်၏ အနောက်တွင် နန်းမြို့တော်မှ အရာရှိအုပ်စုရှိသည်။
နန်းမြို့တော်ထဲတွင် မရေမတွက်နိုင်သော ပြည်သူပြည်သားများက စောင့်ဆိုင်းနေကြသည်။
ရွှီချင်း၏ ပုံရိပ်ကို သူတို့မြင်တွေ့သွားသောအခါ အော်ဟစ်ချီးမြှောက်သံများက ကောင်းကင်ပေါ်သို့ ပျံ့လွင့်သွားသည်။
ဝမ်းမြောက်ဝမ်းသာသော အော်ဟစ်ချီးမြှောက်သံများက သူတို့၏ နှလုံးသားထဲမှ ထွက်ပေါ်လာသည်။
ပြည်သူပြည်သားများသည် အလွန်ရိုးရှင်းပြီး ရိုးသားကြသည်။ ရွှီချင်းကို လူကောင်းဟု သူတို့တွေးထင်ကြလျှင် သူတို့က ချစ်ခင်နှစ်သက်ပေးပြီး ချီးကျူးပေးရန် မတွန့်တိုကြပေ။
တစ်စုံတစ်ယောက်က တခြားမျိုးနွယ်စုထဲမှာ အစွမ်းထုတ်ပြနိုင်ခဲ့လေရာ ထိုလူက သူတို့၏ နှလုံးသားထဲမှာတော့ သူရဲကောင်းသဖွယ် တည်ရှိမှုမျိုး ဖြစ်သည်။
သို့ဖြစ်၍ အော်ဟစ်ချီးမြှောက်ခြင်းက သူတို့၏ ရင်ထဲမှာ အလိုအလျောက် ဖြစ်ပေါ်လာသည်။
ထိုမျိုးနွယ်ခြားသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဖြစ်သည်။ ရွှီချင်းသည်တော့ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဆီမှာ အစွမ်းထုတ်ပြခဲ့ပြီး မဟာရွှမ်ထျန်းစစ်သူကြီး ဖြစ်လာခဲ့သည်။
တစ်ချိန်တည်းမှာ စစ်ပွဲ၏ အဆုံးသတ်မှုက ထိုဂုဏ်အရှိန်အဝါကို အဆုံးစွန်ထိရောက်အောင် တွန်းပို့ပေးလိုက်သည်။ သူက မျိုးနွယ်စု၏ ကမ္မဖြစ်လာသည်။
ထို့ကြောင့် ရွှီချင်းပြန်ရောက်လာသည့်အခါ လူသားမျိုးနွယ်သည် သူရဲကောင်းတစ်ယောက်အား ကြိုဆိုလက်ခံသကဲ့သို့ ပွဲအခမ်းအနားတစ်ခုကို ပြုလုပ်ပေးသည်။
အလွန်သိပ်သည်းသော ကမ္မက အော်ဟစ်ချီးမြှောက်သံများနှင့်အတူ ပဲ့တင်ထပ်သွားသည်။ ယင်းက အရပ်မျက်နှာအဘက်ဘက်မှ ထွက်ပေါ်လာပြီး ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။ ထိုကမ္မစွမ်းအားသည် သူ၏ ဗလာနတ္ထိကုန်းမြေနှင့် ဧကရာဇ်ဓားကို အာဟာရဖြည့်ပေးလိုက်သည်။
လူအုပ်ကြားထဲမှာ ရင်းနှီးကျွမ်းဝင်သော ပုံရိပ်တချို့လည်း ရှိသည်။
ဥပမာ ဝူကျန်းဝူ၊ ခုန်းရှန်းလုံနှင့် ဖုန်းဟိုင်ဒေသငယ်မှ ဓားကိုင်များ ဖြစ်ကြသည်။
ရွှီချင်းက သူတို့ကို ခေါင်းညိတ်ပြလိုက်သည်။ သို့သော်လည်း နတ်မိမယ်ကျစ်ရွှမ်းကို သူမမြင်ပေ။ ယင်းက သူ၏ နှလုံးသားကို အနည်းငယ် လှိုင်းထသွားစေသည်။
သူက အရှေ့သို့ ရွေ့လျားသွားနေရင်း ဝူကျန်းဝူ၊ ခုန်းရှန်းလုံနှင့် တခြားလူများကို လက်ဝှေ့ယမ်းပြလိုက်သည်။
ခုန်းရှန်းလုံသည် ပြုံးလိုက်ပြီး အရှေ့သို့ လျှောက်သွားသည်။ ယင်းကို ဝူကျန်းဝူမြင်သောအခါ သူသည်လည်း အနောက်မှ လိုက်သွားသည်။
“ ဒေသအရှင်သခင်ရွှီကို ဂုဏ်ပြုပါတယ် ”
ခုန်းရှန်းလုံသည် ရွှီချင်းနားသို့ ရောက်ရှိသွားသောအခါ သူ၏ အပြုံးက တည်ကြည်လေးနက်မှုအဖြစ်သို့ ပြောင်းလဲသွားပြီး ချက်ချင်း အရိုအသေပေးလိုက်သည်။
“ အကိုခုန်း… ငါတို့ကြားမှာ အဲ့လိုလုပ်ဖို့ မလိုပါဘူး ”
ရွှီချင်းက ပြုံးလိုက်ပြီး ခုန်းရှန်းလုံကို တွဲထူပေးလိုက်သည်။ သူ့ဘေးမှ ဝူကျန်းဝူသည်တော့ တစ်စုံတစ်ခုပြောချင်နေသည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ အားညိုက ဝူကျန်းဝူကို လည်ပင်းသိုင်းဖက်လိုက်ပြီး သူ့နားသို့ ဆွဲခေါ်လိုက်သည်။
“ ကျန်းကျန်းလေး… မင်းငါ့ကို လွမ်းနေလား ”
ရွှီချင်းသည် ဝူကျန်းဝူကို လျစ်လျူရှုထားသည်။ သူက ခုန်းရှန်းလုံကို ကြည့်လိုက်ပြီး စကားမပြောခင် တစ်ခဏကြာ တုံ့ဆိုင်းနေသည်။
“ နင်ယန်… ပြီးတော့ နတ်မိမယ်ကျစ်ရွှမ်း… သူတို့တွေ ဒီအတောအတွင်း အဆင်ပြေရဲ့လား ”
ထူးဆန်းသော အကြည့်က ခုန်းရှန်းလုံ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ နင်ယန်က စစ်ပွဲကနေ ပြန်ရောက်လာပြီးနောက် အရမ်းစိတ်အားထက်သန်လာတယ်… သူက ကျင့်ကြံခြင်းကို ပိုပြီးအာရုံစိုက်လာတယ်… အခု သူက ဝိညာဉ်နတ်သူငယ်အဆင့်ကို ချိုးဖြတ်ပြီး ဝိညာဉ်သိုက်အဆင့်ကို တတ်လှမ်းဖို့ တံခါးပိတ်ကျင့်ကြံနေတယ်… သူက အခုတစ်လော အရမ်းကြိုးစားလာတယ် ”
“ နတ်မိမယ်ကျစ်ရွှမ်းကတော့ အဟန့်… ဒီကို ငါလာတဲ့အခါမှာ နတ်မိမယ်ကျစ်ရွှမ်းက မင်းအတွက် သတင်းစကားပါးခိုင်းလိုက်တယ် ”
“ သူပြောတာက ငါမင်းကို တွေ့တဲ့အခါ မင်းက သူ့အကြောင်းကို မမေးမြန်းဘူးဆိုရင် သူက နန်းမြို့တော်ကနေ ထွက်သွားပြီး အချိန်တစ်ခဏကြာတဲ့အထိ ပြန်ရောက်လာမှာ မဟုတ်ဘူးလို့ မင်းကို ပြောရမယ်တဲ့… ”
“ တကယ်လို့ မင်းက သူ့အကြောင်းကို မေးမြန်းတယ်ဆိုရင်တော့… မင်းရဲ့ ကိစ္စတွေပြီးသွားတဲ့အခါ သူလာရှာမယ်လို့ ပြောခိုင်းလိုက်တယ် ”
ခုန်းရှန်းလုံသည် ရွှီချင်းကို မြန်ဆန်စွာ ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းငုံ့လိုက်ပြီး မည်သည့်စကားမှ ဆက်မပြောတော့ပေ။
သူ့အရှေ့မှ မိတ်ဆွေကောင်းနှင့် နတ်မိမယ်ကျစ်ရွှမ်းကြားမှ ဆက်ဆံရေးနှင့်ပတ်သက်ပြီး ဖုန်းဟိုင်ဒေသငယ်မှ လူအများစုက ကောလဟာလများကို ကြားမိကြသည်။
ရွှီချင်းက ပြုံးလိုက်ပြီး နောက်ထပ် မမေးတော့ပေ။ ယင်းအစား သူက အတွေးအားလုံးကို ရှင်းထုတ်ပစ်လိုက်ပြီး ခေါင်းမော့လိုက်ကာ နန်းတော်၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။
သူက နန်းမြို့တော်ဆီသို့ ဝင်ရောက်ခဲ့စဉ် လူသားဧကရာဇ်က သူ့အား ဆင့်ခေါ်နေသည်ဟု ဘုရင်ကျန်းယန်က အကြောင်းကြားခဲ့သည်။ ထို့ပြင် ကောင်းကင်ဘုရင်အားလုံး၊ တရားဝန်ကြီးချုပ်နှင့် တခြားလူများသည် နန်းတော်ထဲမှာ စောင့်ဆိုင်းနေကြသည်။
ရွှီချင်းသည် ကြီးမားသော ဂုဏ်အရှိန်အဝါကို ရရှိထားပြီး အတိတ်တုန်းကထက် ပိုပြီးမြင့်မားသော ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားသည့်တိုင် လူသားဧကရာဇ်ကို ထွင်းဖောက်မမြင်နိုင်သေးပေ။
ဤအခိုက်အတန့်မှာ ရွှီချင်းက သက်တံ့လမ်းကြောင်း၏ အဆုံးကို လှမ်းကြည့်လိုက်သည်။ နန်းတော်၏ အရှေ့တွင် ဧရာမအမွှေးတိုင်(၁၂)တိုင်က ထောင်မတ်နေကြသည်။
အစိမ်းရောင်အငွေ့များက ထိုအမွှေးတိုင်(၁၂)တိုင်ဆီမှ မြှောက်တတ်လာနေသည်။
ယင်းတို့က အိမ်ရှေ့စံမင်းသားကို ရွေးချယ်မည့် အမွှေးတိုင်များ ဖြစ်သည်။
အတိတ်တွင် ရွှီချင်းက နန်းမြို့တော်ထဲမှ ထွက်ခွာသွားစဉ် အမွှေးတိုင်(၁၂)တိုင်စလုံး၏ လောင်ကျွမ်းမှုက တူညီလုနီးပါးရှိသည်။ သို့သော်လည်း ယခု အမြန်ဆုံး လောင်ကျွမ်းနေသော အမွှေးတိုင်က နင်ယန်၏ အမွှေးတိုင် မဟုတ်သော်လည်း ၎င်းက အောက်ဆုံးနားမှာ ရှိနေဆဲပင်။
နင်ယန်က ဤအတောအတွင်း ကျင့်ကြံခြင်းကို အာရုံစိုက်နေခြင်းက မထူးဆန်းတော့ပေ။
အနှေးကွေးဆုံး လောင်ကျွမ်းနေပြီး ရှည်လျားစွာ တည်ရှိနေသော အမွှေးတိုင်များသည်တော့ စုစုပေါင်းသုံးတိုင်ရှိသည်။
အမွှေးတိုင်တစ်တိုင်သည် ပရောဟိတ်ဆရာ၏ လက်အောက်မှ စတုတ္ထမင်းသားကို ကိုယ်စားပြုပြီး တခြားတစ်ယောက်သည် ဘုရင်ကျန်းယန်၏ လက်အောက်မှ ပဉ္စမမင်းသားဖြစ်သည်။
နောက်ဆုံးတစ်ယောက်သည်တော့ မင်းသားကြီး ဖြစ်သည်။
သူတို့သုံးယောက်၏ အမွှေးတိုင်များက တန်းတူညီမျှ ဖြစ်နေသည်ဟု ဆိုနိုင်ပေသည်။
ယင်းကို ကြည့်ပြီးနောက် ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။ ပရောဟိတ်ဆရာ၏ တပည့်အနေဖြင့် စတုတ္ထမင်းသားသည် စစ်ပွဲအတွင်းမှာ အကျိုးဆောင်မှုအများကြီးကို ပြုလုပ်နိုင်ခဲ့သည်။ နယ်စပ်ဒေသမှာ တစ်နှစ်ပတ်လုံး စောင့်ကြပ်ပေးနေသော ပဉ္စမမင်းသားသည် ထုံးစံအားဖြင့် အကျိုးဆောင်မှုအများကြီး ရှိသင့်ပေသည်။
မင်းသားကြီးသည်တော့ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ထောက်ပံ့မှုကြောင့် ဖြစ်ရမည်။
တစ်ခဏတွေးတောပြီးနောက် ရွှီချင်းနှင့် သူ့အုပ်စုသည် ဘုရင်ကျန်းယန်၏ လမ်းပြမှုအောက်မှာ နန်းတော်ဆီသို့ ဦးတည်သွားကြသည်။ မကြာမီ လူတိုင်းက နန်းတော်၏ ဂိတ်တံခါးရှေ့သို့ ရောက်ရှိသွားကြသည်။
နန်းတော်၏ ဂိတ်တံခါးကို စောင့်ကြပ်နေကြသော ဧရာမလူ့ဘီလူးနှစ်ကောင်သည် ရွှီချင်းအပေါ် ၎င်းတို့၏ ရိုသေလေးစားမှုကို ဖော်ပြရန် ခေါင်းငုံ့လိုက်ကြသည်။
ရွှီချင်း၏ အကြည့်သည် နန်းတော်ဂိတ်တံခါးကို ဖြတ်၍ ကျယ်ပြောသော မြေကွက်လပ်၊ လှေကားထစ်များနှင့် လှေကားပေါ်မှ နန်းတော်ခန်းမပေါ်သို့ ကျရောက်သွားသည်။
ရွှီချင်းက ကြည့်လိုက်သည်နှင့်ချက်ချင်း ကြီးမြတ်သော ဂုဏ်သိက္ခာပါဝင်သည့် အကြည့်က ရွှီချင်း၏ အကြည့်နှင့် တွေ့ဆုံသွားသည်။
ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး အဓိကခန်းမဆီသို့ ဦးညွတ်လိုက်သည်။
အသံတစ်သံသည် နန်းတော်ထဲမှ မြည်ဟိန်းထွက်လာသည်။
“ သတင်းပို့ပါတယ်… ကောင်းကင်ဘုံအမတ်ရွှီနဲ့ ချန်းအားညိုက နန်းတော်ဆီ အခစားဝင်ဖို့ ရောက်လာပါပြီ ”
ထိုအသံသည် ကောင်းကင်ဘုံစွမ်းအားကို သယ်ဆောင်လျက် အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပဲ့တင်ထပ်သွားသည်။
ရွှီချင်းသည် သူ၏ စီနီယာအကိုကြီးကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်သည် တုံ့ဆိုင်းမနေဘဲ နန်းတော်ထဲသို့ တစ်ပြိုင်နက်တည်း ဝင်ရောက်သွားကြသည်။
ဘုရင်ကျန်းယန်သည် ပြုံးလိုက်ပြီး နန်းတော်ထဲသို့ လျှောက်သွားသည်။
တခြားအရာရှိများတွင် အရည်အချင်းပြည့်မီသူများသည် အထဲသို့ သူတို့နှင့်အတူ လိုက်ဝင်သွားကြသည်။ ကျန်လူများသည်တော့ မြေကွက်လပ်ထဲမှာ တည်ကြည်လေးနက်စွာ မတ်တတ်ရပ်နေကြသည်။
ထိုသို့ဖြင့် အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် ရွှီချင်းနှင့် တခြားလူများသည် လှေကားပေါ်သို့ ဖြည်းညင်းစွာ တတ်သွားပြီး အဓိကခန်းမထဲသို့ ရောက်ရှိသွားကြသည်။ ယခုအချိန်တွင် ခန်းမထဲမှာ လူအများအပြား စုဝေးရောက်ရှိနေကြသည်။
အရာရှိများသည် ခန်းမ၏ ဘေးတစ်ဖက်စီမှာ တည်ကြည်လေးနက်စွာ မတ်တတ်ရပ်နေကြသည်။
အပေါ်မှ လှေကားပေါ်တွင် ကောင်းကင်ဘုံအမတ်များက မတ်တတ်ရပ်နေကြသည်။ သူတို့၏ အပေါ်တွင် လူသားမျိုးနွယ်၏ ကောင်းကင်ဘုရင်(၃၂)ပါးအတွက် ပလ္လင်များရှိကြသည်။
ယခုအချိန်တွင် ကောင်းကင်ဘုရင်အများစုက စုဝေးရောက်ရှိနေကြသည်။
ကောင်းကင်ဘုရင်များ၏ အပေါ်တွင် လှေကား၏ ထိပ်ဆုံးပေါ်မှာ နဂါးရာဇပလ္လင်ရှိသည်။ လူသားဧကရာဇ်သည် ရာဇပလ္လင်ပေါ်မှာ ထိုင်နေပြီး ရွှီချင်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
ရွှီချင်းသည် လူသားဧကရာဇ်ကို တည်ကြည်လေးနက်စွာ အရိုအသေပေးလိုက်သည်။
သူ့ဘေးမှ အားညိုသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူက အစောနက ဘုရင်ကျန်းယန်ပြောခဲ့သော စကားကို ပြန်အမှတ်ရသွားသည့်အခါ ရွှီချင်းကဲ့သို့ အရိုအသေပေးလိုက်သည်။
“ ရွှီချင်း ”
လူသားဧကရာဇ်၏ တည်ကြည်လေးနက်သော အသံက ခန်းမထဲမှာ ပဲ့တင်ထပ်သွားသည်။
“ မင်းရဲ့ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဆီ ခရီးစဉ်က နှစ်အတော်လေး ကြာမြင့်ခဲ့တယ်… အဲ့ဒီအတောအတွင်း မင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ကို လေ့လာခဲ့ပြီး ဂမ္ဘီရမှော်ဝင်မျိုးနွယ်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ရှာတွေ့ခဲ့တယ်… အဲ့ဒီထဲမှာ မင်းက ဂမ္ဘီရမှော်သခင်ကို မြင်ခဲ့ရလိမ့်မယ်… အဲ့ဒီဂမ္ဘီရမှော်သခင်အပေါ် မင်းဘယ်လိုမြင်လဲ ”
လူသားဧကရာဇ်က စကားပြောလိုက်သည်နှင့် ဘေးပတ်ဝန်းကျင်က နှုတ်ဆိတ်သွားသည်။ အကြည့်အားလုံးက ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။
မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ကိစ္စသည် ဝမ်ကူးကုန်းမြေထဲမှာ ပျံ့နှံ့သွားသည်။ ထိုထဲမှာ အသေးစိတ်အချက်အလက်များကို ဖုံးကွယ်ထားသော်လည်း လက်ရှိလူသားမျိုးနွယ်က ယင်းကို စုံစမ်းသိရှိနိုင်စွမ်း ရှိနေဆဲပင်။
ယင်းကို ရွှီချင်းကြားသောအခါ သူက နှုတ်ဆိတ်သွားသည်။ ကျူးလီ၏ သစ္စာဖောက်ခံရသော မြင်ကွင်း၊ နတ်ဘုရားဖြစ်လာချင်သော ဂမ္ဘီရမှော်သခင်၊ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ကို ယဇ်ပူဇော်ချင်သော နတ်ဘုရားသုံးပါးနှင့် နောက်ဆုံးမှာ သူ့ကိုယ်သူ အသက်စတေးသွားသော ဂမ္ဘီရမှော်သခင်၏ ပုံရိပ်က သူ၏ စိတ်ထဲမှာ အသီးသီးထွက်ပေါ်လာကြသည်။
သို့သော်လည်း အတွေးများက အရာအားလုံးကို ဖော်ပြနိုင်မည်လော။
အချိန်အတန်ကြာပြီးနောက် ရွှီချင်းက လေးနက်စွာ ပြောသည်။
“ တကယ်လို့ တစ်ယောက်ယောက်က ကိုယ့်အသက်ကိုတောင် မကာကွယ်နိုင်ရင် ဘယ်လိုလုပ် မျိုးနွယ်ရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်မှာလဲ… အဲ့ဒါက ပုံရိပ်ယောင်ပါ… အချိန်ကာလထဲက တဒင်္ဂလေးပါ ”
လူသားဧကရာဇ်က နှုတ်ဆိတ်သွားသည်။
အချိန်အတော်ကြာပြီးနောက် သူက လက်မြှောက်လိုက်ပြီး တရားဝန်ကြီးချုပ်ဆီသို့ ညွှန်ပြလိုက်သည်။
တရားဝန်ကြီးချုပ်သည် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ရွှီချင်းကို တောက်ပသော မျက်လုံးဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ကျယ်လောင်စွာ ပြောသည်။
“ ကောင်းကင်ဘုံအာဏာစက်နဲ့အတူ လူသားဧကရာဇ်ရွှမ်ကျန်းက အမိန့်တော်ထုတ်ပြန်လိုက်တယ်… လူသားမျိုးနွယ်ရဲ့ မြင့်တတ်လာမှုနဲ့အတူ သန့်စင်ရေလှိုင်းဒေသကြီးရဲ့ ဒေသအရှင်သခင်ရွှီရဲ့ အကျိုးဆောင်မှုတွေကြောင့် ကောင်းကင်နက်မျိုးနွယ်နဲ့ စစ်ပွဲက အဆုံးသတ်သွားပြီး မျိုးနွယ်ခြားတွေရဲ့ ကျူးကျော်ဝင်ရောက်မှုတွေကို ဖိနှိပ်နိုင်ခဲ့တယ်… ဒါ့အပြင် ဒေသအရှင်သခင်ရွှီက လူသားမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို မြင့်တတ်စေခဲ့တယ် ”
“ ဒေသအရှင်သခင်ရွှီရဲ့ အကျိုးဆောင်မှုတွေနဲ့ ထူးချွန်ပြောင်မြောက်တဲ့ အရည်အချင်းတွေကြောင့် နန်းမြို့တော်ရဲ့ အဆင့်မြင့်ဝိညာဉ်စံအိမ်တော်ကို ဆုလာဘ်အဖြစ် ချီးမြှင့်လိုက်တယ်… ဒါ့အပြင် ဒေသအရှင်သခင်ရွှီက ကောင်းကင်ဘုရင်ကျန်းကန်အဖြစ် ရာထူးတိုးမြှင့်ခံရပြီး တော်ဝင်မင်းသားတွေရဲ့ ပညာရှိအမတ်အဖြစ် ရာထူးခန့်အပ်ခံရမယ် ”
အင်ပါယာအမိန့်တော်ကို ထုတ်ပြန်လိုက်သည်နှင့်ချက်ချင်း ခန်းမထဲရှိ လူအနည်းစုမှလွဲ၍ ကျန်လူများက နှလုံးတုန်သွားကြသည်။ သူတို့က စိတ်ခံစားချက်ကို မည်သို့ထိန်းချုပ်ထားပါစေ ဤအခိုက်အတန့်မှာ သူတို့၏ အမူအရာက သိသာစွာ ပြောင်းလဲသွားကြသည်။
ရွှီချင်း၏ အကျိုးဆောင်မှုများအရ သူက ကောင်းကင်ဘုရင်ဘွဲ့ကို ချီးမြှောက်ခံရလိမ့်မည်ဟု လူတိုင်းက မျှော်လင့်ထားကြပြီးသား ဖြစ်သည်။ သို့သော်လည်း ရွှီချင်း၏ ကောင်းကင်ဘုရင်ဘွဲ့တွင် ‘ ကျန်း ’ဟူသော စကားလုံးက ပါဝင်နေသည်။ ထိုစကားလုံး၏ နောက်ကွယ်မှ အဓိပ္ပာယ်သည် အလွန်ကြီးမားသည်။
‘ ကျန်း ’ဟူသော စကားလုံးသည် အထွတ်အထိပ်ကောင်းကင်ဘုရင် အဆင့်အတန်းကို ကိုယ်စားပြုသည်။ ဤမတိုင်ခင် ကျန်းနာမည်ပါသော ကောင်းကင်ဘုရင်သည် တစ်ယောက်တည်းသာ ရှိသည်။
ဤကိစ္စတစ်ခုတည်းက အတော်လေး အံ့ဖွယ်ကောင်းလေရာ ပညာရှိအမတ်ဟူသော သရုပ်ကိုတော့ ထည့်ပြောနေရန် မလိုတော့ပေ။
တစ်ခုသိထားရမည်မှာ ပညာရှိအမတ်ဟူသော သရုပ်သည် အဆင့်အတန်း အလွန်မြင့်မားရုံသာမက တော်ဝင်မိသားစု၏ နောင်သားမျိုးဆက်အားလုံးကို ထိန်းချုပ်နိုင်သည်။ လူသားဧကရာဇ်၏ တော်ဝင်သားတော်သမီးတော်များသည် ပညာရှိအမတ်ကို အရိုအသေပေးရလိမ့်မည်။
အိမ်ရှေ့စံမင်းသား မထွက်ပေါ်လာခင်အထိ ထိုရာထူးက ထိုမျှသာ ဖြစ်သည်။ အိမ်ရှေ့စံမင်းသားထွက်ပေါ်လာပြီးနောက် အတိတ်တုန်းက ယဉ်ကျေးမှုဓလေ့များအရ ပညာရှိအမတ်သည် အိမ်ရှေ့စံမင်းသား၏ အတိုင်ပင်ခံအမတ်အဖြစ် ရာထူးတိုးမြှင့်ခံရလိမ့်မည်။
ထိုအချိန်ကျလျှင် သူက ပရောဟိတ်ဆရာနှင့် နှိုင်းယှဉ်နိုင်သော တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မည်။
သို့ဖြစ်၍ ရွှီချင်းသည်လည်း အံ့ဩသွားသည်။ တရားဝန်ကြီးချုပ်သည်တော့ အင်ပါယာအမိန့်တော်ကို ဆက်လက် ဖတ်ကြားသည်။
“ ပြီးတော့ ဖြောင့်မတ်တည်ကြည်တဲ့ သူရဲကောင်းချန်းအားညိုလည်း ရှိသေးတယ်… ချန်းအားညိုဟာ အကြောက်အရွံ့မဲ့ပြီး အရည်အချင်းရှိတဲ့အပြင် ရဲစွမ်းသတ္တိနဲ့လည်း ပြည့်စုံတယ်… ဒါကြောင့် ဖန်တီးခြင်းနန်းတော်က မဟူရာသံမဏိ၊ ကောင်းကင်ရေခဲသလင်းကျောက်ကိုးခု၊ လေးလံသတ္ထုတုံးဆယ့်ခုနစ်တုံးနဲ့ တခြားသတ္ထုပစ္စည်းတွေကို အသုံးပြုပြီး ချန်းအားညိုအတွက် မဟာကောင်းကင်ဘုံဓူဝံကြယ်စစ်ချပ်ဝတ်ကို ဖန်တီးပြုလုပ်ပေးစေ ”
“ လူသားမျိုးနွယ်ထဲမှာ ကောင်းကင်ဘုရင်အောက်က လူတိုင်းက ချန်းအားညိုကို ရိုသေလေးစားရမယ် ”
ထိုဆုလာဘ်သည် ခမ်းနားထည်ဝါဟန် ထင်ရသော်လည်း အမှန်မှာတော့ ချန်းအားညိုအတွက် တရားဝင်ရာထူးမရှိပေ။ သို့သော်လည်း ခေါင်းဆောင်၏ မျက်လုံးသည် ဖော်မပြနိုင်အောင် ထွန်းလင်းတောက်ပနေသည်။ သူက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
“ အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ ”