ရက်တစ်ရာမြောက်နေ့၏ နံနက်ခင်း
Vol. 88 Ch. 1345
အားညိုအတွက် နိုင်ငံရေးရာထူးသည် အရေးမကြီးပေ။ ဆုလာဘ်များက သူ့ကို စိတ်ကျေနပ်စေလျှင် လုံလောက်ပေသည်။
သူက ဓားကိုင်တစ်ယောက်ဖြစ်သော်လည်း လူသားဧကရာဇ်နှင့် ဘုရားကျန်းယန်က ထိုအကြောင်းကို မပြောသောကြောင့် အများကြီး သူဂရုစိုက်မနေပေ။ သူ၏ နှလုံးသားထဲမှာ ဂုဏ်သိက္ခာသည်သာ အရေးအကြီးဆုံး ဖြစ်သည်။
မည်သို့ဖြစ်ပါစေ သူက လူသားမျိုးနွယ်နှင့် ဆက်စပ်နေသော်လည်း သူ့ကို လူသားဟု အပြည့်အဝ မသတ်မှတ်နိုင်ကြောင်း သူ့ကိုယ်သူသိသည်။
အမှန်မှာ အားညိုကိုယ်တိုင်ပင် သူက မည်သည့်မျိုးနွယ်မှဖြစ်ကြောင်း မသိပေ။
‘ ဟူး… အတိတ်ဘဝတွေ အများကြီး ရှိနေတာကလည်း ဒုက္ခတစ်မျိုးပဲ ”
အားညိုသည် ဂုဏ်ယူဝင့်ကြွားမှုကို ခံစားမိသွားပြီး ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်း၏ အကြည့်သည်လည်း စီနီယာအကိုကြီးပေါ်သို့ ကျရောက်သွားသည်။ သူက နူးညံ့စွာ ပြုံးလိုက်သည်။ သူ၏ မျက်လုံးထဲမှာ ဂုဏ်ပြုခြင်းဖြင့် ပြည့်နှက်နေသည်။
ယင်းကို သတိထားမိသောအခါ အားညိုက အလွန်ဝမ်းသာသွားသည်။ မဟာကောင်းကင်ဘုံဓူဝံကြယ်စစ်ချပ်ဝတ်ကို စဉ်းစားမိသွားသောအခါ သူက ပိုပြီးစိတ်လှုပ်ရှားလာသည်။
တရားဝန်ကြီးချုပ်သည် အားညိုအတွက် ဆုလာဘ်ကို ကြေညာပြီးနောက် တစ်ခဏရပ်လိုက်ကာ လူတိုင်းကို ဤကိစ္စအား လက်ခံနိုင်ရန် အချိန်ပေးလိုက်သည်။ ထို့နောက် သူက ဆက်ပြောသည်။
“ လူသားမျိုးနွယ်က ပြန်လည်မြင့်တတ်လာပြီ… ပထမဆုံး အာရုဏ်ဦးနေမင်းရဲ့ ထွက်ပေါ်လာမှုနဲ့အတူ မျိုးနွယ်ခြားတွေကို ခြိမ်းခြောက်နိုင်ခဲ့တယ်… အဲ့ဒီနောက် ဖုန်းဟိုင်ဒေသငယ်က သန့်စင်ရေလှိုင်းဒေသကြီးနဲ့ ကောင်းကင်နက်ဒေသကြီးကို တိုက်ခိုက်ခဲ့ပြီး လူသားမျိုးနွယ်ရဲ့ ပိုင်နက်တွေကို ချဲ့ထွင်ပေးခဲ့တယ် ”
ထိုစကားများ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ခန်းမထဲမှ အရာရှိများ၏ အကြည့်သည် လှုပ်ခတ်သွားသည်။
စောစောတုန်းက အင်ပါယာအမိန့်တော်သည် ရွှီချင်းကို ကောင်းကင်ဘုရင်ဘွဲ့ ချီးမြှောက်ရန်သာ ဖြစ်သည်။ သို့သော်လည်း ခန်းမထဲမှ လူအများစုသည် အမိန့်တော်ကြေညာမှု၏ ဒုတိယအပိုင်းက မရိုးရှင်းနိုင်ကြောင်း နားလည်ထားကြသည်။
သို့ဖြစ်၍ တရားဝန်ကြီးချုပ်၏ နိဒါန်းစကားကို ကြားလိုက်သည်နှင့်ချက်ချင်း ဆွေးနွေးမှုများက သေချာပေါက် ဖြစ်ပေါ်လာသည်။
လူတိုင်း၏ စိတ်ထဲမှာ ခန့်မှန်းမှုများက ထွက်ပေါ်လာသည်။
“ နောက်ပိုင်းစစ်ပွဲတွေမှာ ကောင်းကင်နက်ဒေသကြီးက အညံ့ခံသွားပြီး မီးလျှံလက အနောက်ဆုတ်သွားခဲ့တယ်… မကြာခင် သံတမန်အမတ်တွေက နှစ်တစ်ထောင် သဘောတူညီမှုကို အသေးစိတ် ဆွေးနွေးကြလိမ့်မယ်… လပူဇော်ဒေသကြီးနဲ့ မဟာမိတ်ဖွဲ့ဖို့အတွက်လည်း သဘောတူညီမှုတစ်ခု ပြုလုပ်ကြလိမ့်မယ် ”
“ ငါတို့လူသားမျိုးနွယ်က အခက်အခဲ အကျပ်အတည်းတွေကို နှစ်ပေါင်းများစွာ တွေ့ကြုံခဲ့ရတယ်… အရင်မျိုးဆက်က ဘိုးဘေးတွေဆီမှာ ရည်မှန်းချက်တွေ ရှိခဲ့ကြတယ်… အခု အဲ့ဒီရည်မှန်းချက်တွေ ဖြစ်မြောက်လာဖို့ မျှော်လင့်ချက်အရိပ်အယောင် ရှိလာပြီ ”
“ ဒီနေ့မှာတော့ လူသားမျိုးနွယ်ရဲ့ ပိုက်နက်က ဒေသကြီးတစ်ခုနဲ့ ဒေသငယ်ခုနစ်ခုပဲ မဟုတ်တော့ဘူး… ဒေသကြီးလေးခုနဲ့ ဒေသငယ်ခုနစ်ခုဖြစ်သွားပြီ ”
“ အဲ့ဒါတွေက မဟာနန်းမြို့တော်ဒေသကြီး… သန့်စင်ရေလှိုင်းဒေသကြီး… ကောင်းကင်နက်ဒေသကြီးနဲ့ ဝိညာဉ်နက်ဒေသကြီးတွေ ဖြစ်ကြတယ် ”
“ ဒါကြောင့် အခုချိန်က ဘိုးဘေးတွေကို ဂုဏ်ပြုပြီး သူရဲကောင်းတွေကို အရိုအသေပေးရမယ့် အချိန်အခါဖြစ်တယ်… လူသားမျိုးနွယ်က ဝမ်ကူးကုန်းမြေမှာ ပြန်လည်မြင့်တတ်လာပြီဆိုတာ သူတို့ကို အသိပေးရမယ် ”
“ ကောင်းကင်ဘုံအာဏာစက်နဲ့အတူ ဧကရာဇ်ရွှမ်ကျန်းက အမိန့်ထုတ်ပြန်လိုက်တယ်… ”
“ ရွှမ်ကျန်းပြက္ခဒိန်ရဲ့ (၂၉၃၉)ခုနစ် ရက်တစ်ရာမြောက်နေ့ရဲ့ နံနက်စောစောအချိန်မှာ လွန်ခဲ့တဲ့နှစ်ပေါင်းရှစ်ရာက ဘိုးဘေးကန်တော့ပွဲအတိုင်း ရှေးဘုရင်ဂြိုလ်ကို ဖွင့်လှစ်ပြီး ငါတို့ရဲ့ ကမ္မကို ကောင်းကင်ဘုံယဇ်ပလ္လင်ဆီ ထည့်သွင်းပေးမယ်… လူသားဧကရာဇ်က မျိုးနွယ်တစ်ခုလုံးရဲ့ ကမ္မကို သယ်ဆောင်ပြီး ဘိုးဘေးတွေကို အရိုအသေပေးလိမ့်မယ် ”
တရားဝန်ကြီးချုပ်၏ စကားဆုံးသည်နှင့်ချက်ချင်း ခန်းမထဲမှ ဝန်ကြီးများသည် ချက်ချင်း နှလုံးတုန်သွားကြသည်။
လူသားမျိုးနွယ်အတွက် ဘိုးဘေးကန်တော့ပွဲသည် အလွန်အရေးကြီးသော ပွဲအခမ်းအနားဖြစ်သည်။ ယင်းက အရာအားလုံးထက် ပိုပြီးအရေးကြီးသည်ဟု ဆိုနိုင်ပေသည်။
ယခင်လူသားဧကရာဇ်က နတ်ရွာစံသွားပြီး လူသားဧကရာဇ်အသစ်တစ်ပါးက ထီးနန်းအရိုက်အရာဆက်ခံသည့်အခါ သို့မဟုတ် ကမ္ဘာတုန်လှုပ်စေနိုင်သော အောင်မြင်မှုများကို ရရှိသည့်အခါမှသာ ဘိုးဘေးကန်တော့ပွဲကို ပြုလုပ်ကြလေ့ ရှိသည်။
မည်သို့ဖြစ်ပါစေ ရှေးဘုရင်ဂြိုလ်ကို ဖွင့်လှစ်သည့်အခါတိုင်း အရင်းအမြစ်များစွာ ကုန်ကျလိမ့်မည်။ အမှန်မှာ လူသားမျိုးနွယ်က အင်အားကြီးမားနေဆဲအချိန်မှာ ဘိုးဘေးကန်တော့ပွဲကို ကျင်းပသည့်အခါတိုင်း ယင်းက ဝမ်ကူးကုန်းမြေတစ်ခုလုံး၏ စိတ်အာရုံကို ဆွဲဆောင်သွားလိမ့်မည်။
ယခု လူသားမျိုးနွယ်က ယခင်ကဲ့သို့ အင်အားမကြီးမားသော်လည်း ပြန်လည်မြင့်တတ်လာနေသည့် လက္ခဏာများ ပြလာသည်။ သို့ဖြစ်၍ ဤတစ်ကြိမ် ဘိုးဘေးကန်တော့ပွဲသည် မျိုးနွယ်ခြားများစွာ၏ စိတ်အာရုံကို သေချာပေါက် ဆွဲဆောင်လိမ့်မည်။
ထို့ကြောင့် ဤကိစ္စက ခန်းမထဲမှ လူတိုင်းကို အံ့ဩထိတ်လန့်သွားစေသည်။
သို့သော်လည်း စောစောက ပြောသွားသော အချက်အလက်များအရ လူသားမျိုးနွယ်သည် ကြီးမားသော အောင်မြင်မှုများကို အမှန်တကယ် ရရှိခဲ့သည်။ သို့ဖြစ်၍ ဘိုးဘေးကန်တော့ပွဲကို ကျင်းပခြင်းသည် ယုတ္တိရှိသော ကိစ္စဖြစ်သည်။
ရွှီချင်း၏ နှလုံးသည် တုန်လှုပ်သွားသည်။ ပြင်းထန်သော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
မဟာနန်းမြို့တော်ဒေသကြီးဆီသို့ သူရောက်လာသည်မှာ လူသားဧကရာဇ်၏ ဆင့်ခေါ်မှုကြောင့်အပြင် သူ့ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ဖြစ်သည်။
ယင်းက နတ်မိမယ်ကျစ်ရွှမ်းအတွက် သန့်စင်မွန်မြတ်သော ခရမ်းရွှမ်မီးအိမ်ကို ရှာဖွေပေးရန် ဖြစ်သည်။
သူက ထိုကိစ္စကြောင့် နင်ယန်ကိုပင် အိမ်ရှေ့စံမင်းသားဖြစ်လာနိုင်ရန် ကူညီပေးခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ခရမ်းရွှမ်မီးအိမ်က ရှေးဘုရင်ဂြိုလ်ပေါ်မှာ တည်ရှိသည်။
လူသားမျိုးနွယ်၏ အရေးကြီးဆုံး အခြေခံအုတ်မြစ်ဖြစ်သော ရှေးဘုရင်ဂြိုလ်ပေါ်တွင် ထုံးစံအားဖြင့် အလွန်ကြောက်စရာကောင်းသော စည်းချအစီအရင်များ ရှိသည်။ သို့ဖြစ်၍ ဘိုးဘေးကန်တော့သည့်အချိန်မှလွဲ၍ ကျန်အချိန်များတွင် ရှေးဘုရင်ဂြိုလ်ပေါ်သို့ မည်သူမှ မဝင်ရောက်နိုင်ပေ။
ထိုသို့တွေးမိသောအခါ ရွှီချင်း၏ နှလုံးက တုန်လှုပ်သွားသည်။
တစ်ချိန်တည်းမှာ တရားဝန်ကြီးချုပ်၏ အသံက ထပ်မံ ပဲ့တင်ထပ်လာသည်။
“ မင်းသားကြီးက မီးလျှံလမှာ ကြီးမားတဲ့ အကျိုးဆောင်မှုတွေ ပြုလုပ်ခဲ့တယ်… စတုတ္ထမင်းသားက စစ်ပွဲတွေမှာ အောင်မြင်မှုရရှိခဲ့တယ်… ပဉ္စမမင်းသားက နယ်စပ်ဒေသတွေကို ကာကွယ်စောင့်ကြပ်ပေးခဲ့တယ်… မင်းသားသုံးပါးဟာ လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်စုံပြီး ပြည်သူပြည်သားတွေရဲ့ အသိအမှတ်ပြုခံရတယ်… ဒါကြောင့် မင်းသားသုံးပါးက ဘိုးဘေးကန်တော့ပွဲမှာ ပါဝင်ဖို့ အရည်အချင်းပြည့်မီတယ် ”
တရားဝန်ကြီးချုပ်သည် ထိုသို့ကြေညာပြီးနောက် အနောက်လှည့်လိုက်ပြီး လူသားဧကရာဇ်ကို အရိုအသေပေးလိုက်သည်။
လူသားဧကရာဇ်သည် ခေါင်းညိတ်လိုက်ပြီး မည်သည့်စကားမှ မပြောပေ။
တရားဝန်ကြီးချုပ်သည် ခေါင်းမမော့ခင် အသက်ကိုးခါရှူချိန်ထိ စောင့်ဆိုင်းသည်။ သူက ခေါင်းလှည့်လိုက်ပြီး ခန်းမထဲမှ ဝန်ကြီးများကို လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ ဝန်ကြီးတွေ… မင်းတို့မှာ တခြားတင်ပြစရာကိစ္စ ရှိသေးလား… မရှိတော့ရင် ညီလာခံကို အဆုံးသတ်မယ် ”
ဝန်ကြီးများက ခေါင်းငုံ့လိုက်ကြသည်။
ရွှီချင်းတစ်ယောက်တည်းသာ အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး လူသားဧကရာဇ်ကို အရိုအသေပေးလိုက်သည်။
“ ရွှီချင်းမှာ တင်ပြစရာကိစ္စ ရှိပါတယ် ”
ရွှီချင်းက စကားပြောလိုက်သည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ လူများ၏ အကြည့်များက စုဝေးသွားသည်။ လူသားဧကရာဇ်၏ အကြည့်သည်ပင် ရွှီချင်းပေါ်သို့ ကျရောက်လာသည်။ ကောင်းကင်ဘုံအမတ်များနှင့် ကောင်းကင်ဘုရင်များသည်လည်း ထို့အတူပင်။
ဘုရင်ကျန်းယန်သည်လည်း အာရုံစိုက်လာသည်။
ရွှီချင်း၏ လက်ရှိအဆင့်အတန်းအရ သူပြောမည့်ကိစ္စသည် ပေါ့သေးသေး မဟုတ်နိုင်ပေ။
တရားဝန်ကြီးချုပ်က စကားပြောသည့်အခါ သူ၏ အမူအရာက တည်ကြည်လေးနက်သွားသည်။
“ ဘုရင်ကျန်းကန်… မင်းဘာကို တင်ပြချင်တာလဲ ”
ရွှီချင်းသည် စကားမပြောပေ။ ယင်းအစား သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်သည်။ ထိုကျောက်စိမ်းပြားထဲမှာ လျောင်ရွှမ်းဒေသငယ်တွင် သူမြင်တွေ့ခဲ့သော သူတော်စင်ကုန်းမြေမှ ကျင့်ကြံသူသုံးယောက်၏ အသွင်အပြင်များနှင့် သူတို့၏ လုပ်ဆောင်မှုများကို မှတ်တမ်းတင်ထားသည်။
လျောင်ရွှမ်းသူတော်စင်အရည်မှလွဲ၍ ကျန်အားလုံးက ထိုထဲမှာ ပါဝင်သည်။
ရွှီချင်းက လက်မြှောက်လိုက်လေရာ ကျောက်စိမ်းပြားသည် တရားဝန်ကြီးချုပ်ဆီသို့ ပျံသန်းသွားသည်။
တရားဝန်ကြီးချုပ်သည် ကျောက်စိမ်းပြားကို ယူဆောင်လိုက်ပြီး သူ၏ နတ်ဘုရားစိတ်အာရုံကို ကျောက်စိမ်းပြားထဲသို့ ပို့လွှတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ သူ၏ အမူအရာက သိသာစွာ ပြောင်းလဲသွားသည်။ သူ၏ မျက်လုံးက ပြူးကျယ်သွားပြီး သူက ရွှီချင်းကို ကြည့်လိုက်သည်။
“ ကောင်းကင်ဘုရင်ရွှီ… ဒီဟာက… ”
“ အဲ့ဒါက အမှန်ပါပဲ ”
ရွှီချင်းက လေးနက်စွာ ပြောသည်။
တရားဝန်ကြီးချုပ်၏ အမူအရာနှင့် ရွှီချင်း၏ အဖြေက ဘေးပတ်ဝန်းကျင်မှ လူများကို ထူးဆန်းသွားစေသည်။ အားညိုတစ်ယောက်တည်းသာ ကျောက်စိမ်းပြားထဲမှ အကြောင်းအရာကို မှန်းဆနိုင်သည်။ သူက ပြုံးလိုက်ပြီး ဆုလာဘ်အဖြစ် ရရှိမည့် မဟာကောင်းကင်ဘုံဓူဝံကြယ်စစ်ချပ်ဝတ်ကို တွေးတောလိုက်သည်။
တရားဝန်ကြီးချုပ်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ပုံမှန်အားဖြင့် သူက ထိုသို့ထိတ်လန့်သွားလေ့ မရှိပေ။ သို့သော်လည်း ရွှီချင်းတင်ပြလာသော ကိစ္စက အလွန်ကြီးမားသည်။
သူတို့က သူတော်စင်ကုန်းမြေမှ လူများ ဖြစ်ကြသည်။
တရားဝန်ကြီးချုပ်သည် သူ၏ လက်ထဲမှ ကျောက်စိမ်းပြားကို လူသားဧကရာဇ်ဆီသို့ ချက်ချင်း ပို့ဆောင်ပေးလိုက်သည်။
လူသားဧကရာဇ်သည် အမူအရာကင်းမဲ့စွာဖြင့် သူ၏ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်လိုက်သည်။ သို့သော်လည်း သူ၏ အကြည့်ထဲမှာ လေးနက်သော အဓိပ္ပာယ်ရှိသည်။ ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်ပြီး ဘုရင်ကျန်းယန်ဆီသို့ ကျောက်စိမ်းပြားကို ပို့လွှတ်လိုက်သည်။
ဘုရင်ကျန်းယန်သည် ကျောက်စိမ်းပြားကို စစ်ဆေးကြည့်ပြီးနောက် မျက်နှာမည်းမှောင်သွားသည်။ သူက ကျောက်စိမ်းပြားကို တခြားကောင်းကင်ဘုရင်များဆီသို့ ကမ်းပေးလိုက်သည်။
အချိန်အတော်ကြာပြီးနောက် အမျိုးမျိုးသော ခန့်မှန်းမှုများက ခန်းမထဲရှိ ဝန်ကြီးများ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ကောင်းကင်ဘုရင်များသည် ကျောက်စိမ်းပြားကို စစ်ဆေးကြည့်ပြီးနောက် အမူအရာတည်ကြည်သွားကြသည်။ သူတို့က ကျောက်စိမ်းပြားကို ကောင်းကင်ဘုံအမတ်များဆီသို့ မလွှဲပြောင်းပေးချေ။
လူသားဧကရာဇ်၏ အသံက ထွက်ပေါ်လာသည်။
“ ဒီကိစ္စကို သတင်းဖြန့်ဖို့ မလိုဘူး… ကောင်းကင်ဘုရင်တွေ သိထားရင် လုံလောက်ပြီ ”
ခန်းမထဲမှ ဝန်ကြီးများသည် ဤကိစ္စနှင့်ပတ်သက်ပြီး သံသယရှိကြသော်လည်း လူသားဧကရာဇ်၏ စကားကို ကြားသောအခါ ခေါင်းငုံ့ထားလိုက်ကြသည်။ သို့သော်လည်း စိတ်မသက်မသာဖြစ်သော ခံစားမှုက သူတို့၏ နှလုံးသားထဲမှာ ဖြစ်ပေါ်လာသည်။
ထိုအခိုက်အတန့်မှာ အပြင်ဘက်မှ ကောင်းကင်သည် မည်းမှောင်သွားသည်။ ကောင်းကင်ဘုံမိုးခြိမ်းသံနှင့်အတူ မိုးရေစက်များက တိမ်တိုက်များပေါ်မှ ကျဆင်းလာသည်။
မိုးရေစက်ကျသံကို နားထောင်နေရင်း ရွှီချင်းသည် သူတော်စင်ကုန်းမြေ၏ ကိစ္စကို လျစ်လျူရှုထားလိုက်သည်။ သူ၏ အမြင်မှာတော့ ဤကိစ္စကို ပိုပြီးရာထူးမြင့်သော တစ်စုံတစ်ယောက်က ကိုင်တွယ်သင့်သည်။
သူက ဗလာနတ္ထိအဆင့် ကျင့်ကြံသူတစ်ယောက်မျှသာ ဖြစ်သည်။ သူတော်စင်ကုန်းမြေသည် သူ့အတွက် အလွန်မြင့်မားသည်။ သို့ဖြစ်၍ ယင်းက သူစိတ်ပူရမည့်ကိစ္စ မဟုတ်ပေ။
ယခုအချိန်မှာ သူ့အတွက် သူတော်စင်ကုန်းမြေထက် ပိုပြီးအရေးကြီးသော ကိစ္စတစ်ခု ရှိသည်။
ထို့ကြောင့် သူက ထပ်မံ ပြောသည်။
“ အရှင်မင်းကြီး… မီးလျှံလဆီ ကျွန်တော်သွားခဲ့တာက နင်ယန်ကြောင့်ပါ… နင်ယန်ရဲ့ အကျိုးဆောင်မှုတွေက မထင်ရှားဘူးဆိုပေမဲ့ သူက လက်ရုံးရည်ရော နှလုံးရည်ပါ ပြီးပြည့်စုံတဲ့ လူတစ်ယောက်ပါ… ”
“ အရှင်မင်းကြီးက ကျွန်တော့်ကို ပညာရှိအမတ်အဖြစ် ရာထူးခန့်အပ်မှတော့ နင်ယန်ကို ဘိုးဘေးကန်တော့ပွဲမှာ ပါဝင်ခွင့်ပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ် ”
“ ကျွန်တော့် တောင်းဆိုချက်ကို အရှင်မင်းကြီး သဘောတူပေးဖို့ မျှော်လင့်ပါတယ် ”
ရွှီချင်းက အရိုအသေပေးလိုက်သည်။
သူ၏ စကားက အလိမ်အညာ မဟုတ်ပေ။ လူတိုင်းသည် ရွှီချင်းနှင့် နင်ယန်ကြားမှ ဆက်ဆံရေးကို သိထားကြသည်။ သို့ဖြစ်၍ အချိန်တစ်ခဏကြာပြီးနောက် လူသားဧကရာဇ်၏ အသံက ပဲ့တင်ထပ်လာသည်။
“ ခွင့်ပြုတယ် ”
ထိုစကားသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူသားဧကရာဇ်၏ ပုံရိပ်က ဝေဝါးလာပြီး ပျောက်ကွယ်သွားသည်။
ယနေ့ ညီလာခံသည် ထိုသို့ဖြင့် အဆုံးသတ်သွားသည်။
လူတိုင်းသည် ခန်းမထဲမှ ထွက်ခွာသွားကြသည်။ အရာရှိအများစုသည် ပြုံးထားကြသည်။ သူတို့က လက်သီးဆုပ်လိုက်ကြပြီး ရွှီချင်းနှင့် အားညိုကို ချီးကျူးဂုဏ်ပြုလိုက်ကြသည်။ တစ်ခဏကြာပြီးနောက် ဂုဏ်ပြုစကားသံများက အဆုံးမရှိသည့်အလား ထွက်ပေါ်လာသည်။
ဤသည်မှာ သရုပ်အဆင့်အတန်းနှင့် လူသားသဘာဝ၏ ပြယုဂ်ဖြစ်သည်။
လူတစ်ယောက်က အမြင့်တစ်နေရာသို့ ရောက်ရှိသွားသည့်အခါ သူ့ဘေးမှ လူများက သူ့ကို ကြင်နာစွာ ဆက်ဆံလာလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် ပဋိပက္ခဖြစ်လျှင် ပေးဆပ်ရမည့်တန်ဖိုးက အလွန်ကြီးမားသည်။
ထို့ကြောင့် ပိုပြီးကြီးမားသော အကျိုးအမြတ်များမရှိလျှင် စကြာဝဠာထဲမှာ သူတို့၏ ကြင်နာမှုများဖြင့် ပြည့်နှက်နေလိမ့်မည်။
“ အဲ့ဒါ လူသားသဘာဝပဲ… အခု ငါတို့က လူသားမျိုးနွယ်တစ်ခုလုံးရဲ့ အာရုံစိုက်မှုအလယ်မှာရှိနေလို့ လူတိုင်းက ကြင်နာမှုတွေနဲ့ ပြည့်နှက်နေတယ်… ”
ရွှီချင်းနှင့် အားညိုသည် နန်းမြို့တော်၏ အင်ပါယာအစောင့်အကြပ်ထံမှ အဆင့်မြင့်ဝိညာဉ်စံအိမ်တော်၏ တံဆိပ်တော်ကို လက်ခံရယူပြီးနောက် ဆီစက္ကူထီးများကို ကိုင်ဆောင်လျက် စံအိမ်ဆီသို့ လျှောက်သွားကြသည်။
မိုးရေစက်များသည် ထီးရွက်ပေါ်တွင် ရေစီးကြောင်းများအဖြစ် စုဝေးသွားပြီး ရေတံခွန်ငယ်ပမာ အောက်သို့ လျှောဆင်းသွားကြသည်။ မိုးရွာသွန်းမှုအောက်မှာ လောကသည် ဝေဝါးနေသည်။
လမ်းပေါ်တွင် လမ်းသွားလမ်းလာများ သိပ်မရှိပေ။ သူရဲကောင်းကြိုဆိုပွဲသည် မိုးရွာမှုအောက်မှာ ပျောက်ကွယ်သွားသည်။ အားညို၏ စကားကြီးစကားကျယ်များသာ လေထဲမှာ ပျံ့လွင့်နေသည်။
“ ဒီတော့ ချင်းလေး… ငါတို့တွေ အောက်ပြန်မပြုတ်ကျအောင် ပိုပြီးအလုပ်ကြိုးစားရမယ်… အောက်မှာရှိနေတဲ့အချိန် လူသားသဘာဝကို မင်းမြင်ချင်မှာမဟုတ်ဘူးလို့ ငါထင်တယ် ”
အားညိုက ရွှီချင်း၏ ပခုံးကို ပုတ်ပေးလိုက်သည်။ ရွှီချင်းက တည်ငြိမ်သော အမူအရာဖြင့် ပြန်ပြောသည်။
“ အဲ့ဒါကို ငါမြင်ဖူးတယ် ”
“ ဟုတ်သားပဲ… မင်း ငယ်ငယ်တုန်းက ဒီလောကရဲ့ ဆိုးဝါးတဲ့ဘက်ခြမ်းကို မြင်ဖူးတယ်ဆိုတာ ငါမေ့သွားတယ် ”
ခေါင်းဆောင်က ပြုံးလိုက်သည်။
ထိုသို့ဖြင့် သူတို့က အရှေ့သို့ ဆက်လျှောက်သွားကြသည်။ သူတို့က မိုးရေစက်ကျသံကို နားထောင်နေရင်း ဘေးပတ်ဝန်းကျင်မှ သက်ရှိများကို ကြည့်လိုက်ကြသည်။ သူတို့က မီးလျှံလဆီမှ ပြန်ရောက်လာပြီးနောက် ရှားပါးသော ငြိမ်းချမ်းမှုကို နှစ်ချိုက်သဘောကျစွာ ခံစားလိုက်ကြသည်။
နှစ်နာရီကြာပြီးနောက် လူသားဧကရာဇ်က ဆုလာဘ်အဖြစ် ချီးမြှင့်လိုက်သော အဆင့်မြင့်ဝိညာဉ်စံအိမ်တော်က သူတို့၏ မျက်စိရှေ့မှာ ထွက်ပေါ်လာသည်။
နန်းမြို့တော်တစ်ခုလုံးတွင် အဆင့်မြင့်ဝိညာဉ်စံအိမ်တော်သည် စုစုပေါင်း(၁၀၈)လုံးသာ ရှိသည်။
လက်ရှိအချိန်မှာ စံအိမ်အများစုသည် လူသူကင်းမဲ့နေပြီး ချိပ်ပိတ်ခံထားရသည်။
အဘယ့်ကြောင့်ဆိုသော် အဆင့်မြင့်ဝိညာဉ်စံအိမ်တော်များကို ကောင်းကင်ဘုရင်များသာ ပိုင်ဆိုင်နိုင်ကြသည်။
သို့ဖြစ်၍ အဆင့်မြင့်ဝိညာဉ်စံအိမ်တော်တစ်ခုက မည်မျှတန်ဖိုးကြီးမားကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။ အထူးသဖြင့် ယင်းတို့ကို လူသားမျိုးနွယ်၏ ကာကွယ်ရေးစည်းချအစီအရင်၏ အဓိကအချက်အချာနေရာများမှာ တည်ဆောက်ထားကြသည်။ ထို့ကြောင့် ထိုနေရာများတွင် ဝိညာဉ်စွမ်းအင်သည် တခြားနေရာများထက် အများကြီး ပိုပြီးသိပ်သည်းသည်။
စံအိမ်ကို ဆောက်လုပ်ထားသော ပစ္စည်းများသော်လည်းကောင်း သို့မဟုတ် ဗိသုကာလက်ရာများသော်လည်းကောင်း ယင်းတို့အားလုံးက လူသားမျိုးနွယ်၏ ထိပ်တန်းအဆင့်မှာ ရှိသည်။ စံအိမ်ထဲမှာ ပါရှိသော စည်းချအစီအရင်သည်လည်း အလွန်အံ့ဖွယ်ကောင်းသည်။
ထို့ပြင် အဆင့်မြင့်ဝိညာဉ်စံအိမ်တော်များဆီမှာ မတူကွဲပြားသော ဝိသေသလက္ခဏာများ ရှိသည်။ ဥပမာ ရွှီချင်း၏ စံအိမ်ထဲတွင် ဝိညာဉ်ရေကန် ရှိသည်။
ထိုဝိညာဉ်ရေကန်သည် တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်းအတွက် အထူးအသုံးဝင်သည်။ အမှန်မှာ တစ်စုံတစ်ယောက်က ဝိညာဉ်ရေကန်ထဲမှာ အချိန်အတော်ကြာ ရေစိမ်မည်ဆိုလျှင် ထိုသူ၏ ဝိညာဉ်က အားဖြည့်ပေးခြင်းခံရလိမ့်မည်။ ထိုအချက်ကြောင့် ရွှီချင်း၏ အဆင့်မြင့်ဝိညာဉ်စံအိမ်တော်သည် စံအိမ်(၁၀၈)လုံးအနက် ထိပ်ဆုံးဆယ်နေရာမှာ စာရင်းဝင်သည်။
လူသားဧကရာဇ်က ထိုသို့စံအိမ်ကို ဆုလာဘ်အဖြစ် ရွှီချင်းအား ချီးမြှင့်ပေးခဲ့လေရာ သူက ရွှီချင်းအပေါ် မည်မျှတန်ဖိုးထားကြောင်း မြင်နိုင်ပေသည်။
စံအိမ်၏ အရှေ့သို့ ရောက်သည့်အခါ အားညိုက ကောင်းမွန်စွာ နှုတ်ဆက်လိုက်သည်။
“ ငါအထဲမဝင်တော့ဘူး… အဖိုးကြီးကို ငါသွားရှာဦးမယ်… သူက မဟာနန်းမြို့တော်ဒေသကြီးထဲမှာ ရှိနေဦးမလား မပြောတတ်ဘူး… ဘာပဲဖြစ်ဖြစ် အဲ့ဒါက နတ်ဘုရားမျက်နှာပျက်ကြီးရဲ့ အသွေးအသားတွေ… ဆရာအနေနဲ့ အဲ့ဒါတွေကို သူတစ်ယောက်တည်း မောင်ပိုင်မစီးသင့်ဘူး ”
လမ်းတစ်လျှောက်တွင် ခေါင်းဆောင်က ထိုအကြောင်းကို မပြောခဲ့ပေ။ သို့သော်လည်း ယခု သူက ထိုအကြောင်းကို ပြောလာလေရာ ထိုကိစ္စကို သူမမေ့သေးကြောင်း ထင်ရှားသည်။
ရွှီချင်း၏ အကြည့်အောက်မှာ အားညိုက ခေါင်းမော့၍ ထွက်သွားသည်။
စီနီယာအကိုကြီး၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေရင်း ရွှီချင်းက ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။ သူက တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပြောသည်။
“ စီနီယာအကိုကြီး… ခဏနေပါဦး ”
အားညို၏ ခြေလှမ်းက ရပ်တန့်သွားသည်။ သူက အံ့အားသင့်သော အမူအရာဖြင့် ခေါင်းလှည့်လိုက်သည်။
ရွှီချင်းက သူ၏ လေသံကို တည်ငြိမ်စေရန် အကောင်းဆုံး ကြိုးစားလိုက်ပြီး အမူအရာကင်းမဲ့စွာ ပြောသည်။
“ မင်းမှာ ဆံထိုးတွေ နောက်ထပ်ရှိသေးလား ”