လေလာရာကို မျက်နှာမူလျက် လကို စောင့်ဆိုင်းခြင်း
Vol. 88 Ch. 1346
“ ဘာ ”
အားညိုက အံ့ဩသွားသည်။ ရှင်းလင်းစွာပင် ရွှီချင်းက သူ့အား ခေါ်ပြီး ထိုသို့ပြောလာလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
သို့သော်လည်း အတွေ့အကြုံရှိသူ တစ်ယောက်အနေဖြင့် နောက်အခိုက်အတန့်မှာ သူက ချက်ချင်း နားလည်သွားသည်။ သူ၏ မျက်လုံးက ရုတ်တရက် ဝင်းလက်တောက်ပသွားပြီး သူက ရွှီချင်း၏ အရှေ့သို့ လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာသည်။
“ ချင်းလေး… နောက်ဆုံးတော့ မင်းဉာဏ်အလင်းပွင့်သွားပြီပဲ ”
“ မင်း ကိစ္စကြီးတစ်ခုကို လုပ်တော့မလို့လား ”
“ အာယား… ငါက ဘာဖြစ်လို့ မင်းထက်ပိုပြီး စိတ်လှုပ်ရှားနေတာလဲ ”
အားညိုသည် စိတ်ဓာတ်တတ်ကြွသွားပြီး သူ့ဆရာကို သွားရှာဖွေမည့်ကိစ္စကိုပင် မေ့လျော့သွားသည်။
ခေါင်းဆောင်က ထိုသို့စိုက်ကြည့်လာသည့်အခါ ရွှီချင်းက အလွန်စိတ်မသက်မသာ ခံစားမိသွားသည်။ သို့သော်လည်း သူက တည်ငြိမ်သည့်အမူအရာကို ဆက်လက် ထုတ်ဖော်ထားပြီး ပြောသည်။
“ မင်းဘာပြောနေတာလဲ ငါမသိဘူး ”
အားညိုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သေတ္တာဆယ်လုံးကို ထုတ်လိုက်သည်။ သူက ယင်းတို့အားလုံးကို ရွှီချင်းကို ပေးလိုက်သည်။
“ အဲ့ဒါတွေက ထိပ်တန်းအဆင့် ဆံထိုးတွေချည်းပဲ… အဲ့ဒါတွေကို တစ်ခါမှ ငါအသုံးမပြုရသေးဘူး… အတိတ်မှာ ဝိညာဉ်သခင်မယုံကျင်းက အဲ့ဒီဆံထိုးတွေကို ဘာဖြစ်လို့ အဲ့လောက်စွဲလမ်းနေတာလဲ ငါစဉ်းစားမရဘူး ”
“ ဆံထိုးတွေကို ဖန်တီးဖို့ အသုံးပြုထားတဲ့ ပစ္စည်းတွေက အရမ်းရှားပါးတဲ့ ရတနာတွေချည်းပဲ… အစကတော့ အဲ့ဒါတွေကို သိမ်းဆည်းထားပြီး အနာဂတ်မှာ တခြားလူတွေကို ပေးပစ်မယ်လို့ ငါစိတ်ကူးထားတာ ”
“ ဒါပေမဲ့ အခု အဲ့ဒါတွေအားလုံးကို မင်းယူလိုက်ပါ ”
အားညို၏ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားသော အမူအရာ ထွက်ပေါ်လာသည်။ သူက ရွှီချင်း၏ အနောက်မှ စံအိမ်ကိုပင် အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်သေးသည်။
ရွှီချင်းသည် ခေါင်းကိုက်သွားသည်။ သူက ဆံထိုးများကို ယူဆောင်ပြီးနောက် စီနီယာအကိုကြီးကို ကြည့်လိုက်ကာ ရုတ်တရက် ပြောသည်။
“ စီနီယာအကိုကြီး… ဆရာက ငါတို့ပြန်ရောက်နေတာကို သိသွားရင် နတ်ဘုရားမျက်နှာပျက်ကြီးရဲ့ အသွေးအသားတွေနဲ့အတူ ထွက်ခွာသွားလောက်တယ်လို့ မင်းမထင်ဘူးလား ”
ယင်းကို အားညိုကြားသောအခါ သူက မူမမှန်သော အပြုံးကို ထုတ်ဖော်လိုက်သည်။
“ ချင်းလေး… မင်းရဲ့ ဒီလှည့်ကွက်က အသုံးမဝင်တော့ဘူး… ငါက ဘယ်လိုလုပ် ဒီလိုအကြောင်းပြချက်သေးသေးလေးနဲ့ သွေးဆောင်ခံရမှာလဲ… ဘာပဲဖြစ်ဖြစ် ငါတို့ဆရာက သဘောထားကြီးတဲ့လူ မဟုတ်လား ”
အားညိုက ထိုသို့ပြောလိုက်သော်လည်း သူ၏ စိတ်ထဲမှာတော့ တီးတိုးရေရွတ်လိုက်သည်။
ရွှီချင်းက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ထပ်မံ ပြောသည်။
“ ဖန်တီးခြင်းနန်းတော်က အရည်အသွေးကောင်းမွန်တဲ့ သတ္ထုတွေနဲ့ တန်ဖိုးကြီးရတနာတွေကို အသုံးပြုပြီး မင်းအတွက် မဟာကောင်းကင်ဘုံဓူဝံကြယ်စစ်ချပ်ဝတ်ကို ဖန်တီးပြုလုပ်ပေးလိမ့်မယ်... ဒါပေမဲ့ တကယ်လို့ သူတို့က မင်းမသိအောင် သတ္ထုပစ္စည်းနည်းနည်းကိုပဲ အသုံးပြုထားမယ်ဆိုရင် နောက်ဆုံးထုတ်ကုန်မှာ မသိသာတော့ဘူးမလား ”
“ တကယ်လို့ မင်းက အဲ့ဒါကို ပြောနိုင်တယ်ဆိုရင်တောင် မဟာကောင်းကင်ဘုံဓူဝံကြယ်စစ်ချပ်ဝတ်ကို နောက်တစ်ကြိမ် ဖန်တီးပြုလုပ်ခိုင်းဖို့ အရမ်းခက်ခဲသွားလိမ့်မယ်… ဘာပဲဖြစ်ဖြစ် လူသားဧကရာဇ်က အဲ့ဒီအတွက် နောက်တစ်ကြိမ် အမိန့်တော်ထုတ်ပြန်ပေးမှာ မဟုတ်ဘူး ”
“ စီနီယာအကိုကြီး… ငါသာ မင်းနေရာမှာဆိုရင် အဲ့ဒီကိစ္စကို သေချာစောင့်ကြည့်နေမှာ… ဒီစစ်ချပ်ဝတ်က မင်းဝတ်ဆင်မှာ မဟုတ်လား… ပြီးတော့ စစ်ချပ်ဝတ်ကို ဖန်တီးပြုလုပ်မယ့် ပထမဆုံးရက်က အခြေခံအုတ်မြစ်ချတာနဲ့ အတူတူပဲ… အဲ့ဒီအချိန်မှာ သတ္ထုပစ္စည်းတွေက အရမ်းအရေးကြီးတယ် ”
ရွှီချင်းက တစ်ခါတည်း စကားအများကြီး ပြောခြင်းသည် အလွန်ရှားပါးသည်။
ယင်းကို အားညိုကြားသောအခါ သူက အံ့ဩသွားသည်။ ထိုအကြောင်းကို သူမစဉ်းစားမိပေ။ တစ်ခဏကြာတွေးတောပြီးနောက် ရွှီချင်း၏ စကားက အဓိပ္ပာယ်ရှိသည်ဟု သူခံစားမိသွားသည်။ သို့ဖြစ်၍ သူက စိတ်ရှုပ်ထွေးသွားသည်။
အလင်းရောင်က ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ တောက်ပသွားပြီး မဟာရွှမ်ထျန်းစစ်ချပ်ဝတ်က အပြင်သို့ ပျံသန်းထွက်လာသည်။ ထို့နောက် စစ်ချပ်ဝတ်သည် အားညို၏ အရှေ့သို့ ကျရောက်သွားသည်။
“ စီနီယာအကိုကြီး… ဒီစစ်ချပ်ဝတ်ကို မင်းယူသွားပြီး ဖန်တီးခြင်းနန်းတော်က ဟာနဲ့ နှိုင်းယှဉ်ကြည့်ပါ… ဖန်းတီးခြင်းနန်းတော်က ကလိမ်ကကျစ်လုပ်တာကို မင်းမခံနဲ့ ”
အားညိုသည် သူ့အရှေ့မှ မဟာရွှမ်ထျန်းစစ်ချပ်ဝတ်ကို ကြည့်လိုက်ပြီး စစ်ချပ်ဝတ်၏ ခမ်းနားထည်ဝါမှုကို ခံစားမိသွားသည်။ သူက သူ့အိမ်မက်အကြောင်းကို ပြန်စဉ်းစားလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
“ ကောင်လေး… ဟူး ထားလိုက်ပါတော့ ”
ရွှီချင်းက သူ့အနောက်ကို မလိုက်စေချင်ကြောင်း အားညိုပြောနိုင်သည်။ သို့သော်လည်း ရွှီချင်းပြောသည့်စကားက အဓိပ္ပာယ်ရှိသည်။ သို့ဖြစ်၍ သူက လက်မြှောက်လိုက်ပြီး မဟာရွှမ်ထျန်းစစ်ချပ်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။ သူက သူ့နှလုံးသားထဲမှ နောင်တကို ဖိနှိပ်လိုက်ပြီး ထွက်ခွာသွားသည်။
ခေါင်းဆောင်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေရင်း ရွှီချင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
သူက အကြည့်ပြန်ရုပ်လိုက်ပြီး သူ့အရှေ့မှ စံအိမ်ကို ကြည့်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူက ဂိတ်တံခါးကို တွန်းဖွင့်လိုက်သည်။
စံအိမ်၏ ဇာမနီဂိတ်တံခါးသည် ဖြည်းညင်းစွာ ပွင့်သွားသည်။
ဝိညာဉ်စွမ်းအင်က တစ်ဟုန်ထိုး ပေါ်လျှိုးလာလေရာ ရွှီချင်း၏ ဆံပင်ကို အနောက်သို့ လွင့်မျောသွားစေသည်။ သူက စံအိမ်ထဲသို့ တည်ငြိမ်စွာ လျှောက်သွားစဉ် အလွန်သိပ်သည်းသော ဝိညာဉ်စွမ်းအင်ကို အာရုံခံမိသွားသည်။
သူက အထဲဝင်သွားသည့်အခိုက် စံအိမ်၏ စည်းချအစီအရင်က ချက်ချင်း အသက်ဝင်လာပြီး အပြင်လူများ ဝင်ရောက်ခြင်းကို တားဆီးပေးလိုက်သည်။
အကာအကွယ်စည်းချအစီအရင်က ပျံ့နှံ့ထွက်လာသည့်အခါ လေထဲတွင် ပုန်းအောင်းနေသော အပြာရောင်ပိုးကောင်တစ်ကောင်က ကန်ထုတ်ခံလိုက်ရသည်။
“ ချင်းလေးက အရမ်းသတိကြီးတာပဲ ”
ပိုးကောင်သည် အကူအညီမဲ့မှုကို ခံစားမိသွားသည်။ ၎င်းက စိတ်ချင်းဆက်သွယ်ခြင်းကို အသုံးပြု၍ ရွှီချင်း၏ သိုလှောင်အိတ်ထဲမှ သူ့ကိုယ်ပွားကို လှမ်းဆက်သွယ်လိုက်သည်။ သို့သော်လည်း ၎င်းတို့ကြားမှ ဆက်သွယ်မှုသည် သီးခြားပိတ်ပင်ခံထားရသည်။ နောက်ဆုံးမှာတော့ ပိုးကောင်သည် သက်ပြင်းချလိုက်ပြီး ထွက်ခွာသွားသည်။
တစ်ချိန်တည်းမှာ နင်ယန်၏ စံအိမ်အပြင်ဘက်တွင် ခရမ်းရောင်ပုံရိပ်တစ်ခုက အဖြူရောင်ဆီစက္ကူထီးကို ကိုင်ဆောင်လျက် ဂိတ်တံခါးအပြင်ဘက်သို့ ကြော့ရှင်းတင့်တယ်စွာ လျှောက်လှမ်းသွားသည်။ သူ၏ ဦးတည်ရာသည် ရွှီချင်း၏ အဆင့်မြင့်ဝိညာဉ်စံအိမ်တော် ဖြစ်သည်။
ဆီစက္ကူထီး၏ အောက်တွင် ပြိုင်ဘက်ကင်းအောင် ချောမောလှပသော အမျိုးသမီးတစ်ယောက် ရှိသည်။ အမျိုးသမီး၏ ခန္ဓာကိုယ်သည် ပြစ်ချက်မဲ့စွာ ကြော့ရှင်းတင့်တယ်သည်။
ထို့ပြင် သူ၏ ချောမောလှပသော မျက်နှာပေါ်မှာ မျက်နှာချေမှုန့် အနည်းငယ်ကို လိမ်းကျံထားသေးသည်။
သို့သော်လည်း သူ၏ ပါးက အနည်းငယ် နီမြန်းနေသည်။ သူ၏ မျက်လုံးထဲမှာ တမူထူးခြားသော အလင်းရောင် ရှိသည်။ ထိုအလင်းရောင်ထဲမှာ စိုးရိမ်ခြင်းနှင့် မျှော်လင့်ခြင်းအရိပ်အယောင်က ကိန်းအောင်းနေသည်။
မိုးသည် ပိုပြီးသည်းထန်လာသည်။
ဆယ့်ငါးမိနစ်ကြာပြီးနောက်…
အဆင့်မြင့်ဝိညာဉ်စံအိမ်တော်ထဲတွင် ရွှီချင်းသည် သူ၏ အကျင့်အတိုင်း စံအိမ်ထဲမှ နေရာအားလုံးကို လိုက်လံစစ်ဆေးကြည့်လိုက်သည်။ မည်သည့်အမှားအယွင်းမှ မရှိကြောင်း အတည်ပြုပြီးနောက် သူက စံအိမ်ကြီးကို ကြည့်လိုက်ပြီး ဤစံအိမ်ထဲမှ ဝိညာဉ်ရေကန်ဆီသို့ လျှောက်သွားသည်။ ရေကန်ကို ကြည့်နေရင်း မီးလျှံလခရီးစဉ်မှ မြင်ကွင်းများကို သူပြန်တွေးတောလိုက်သည်။
တောင်ရွှေ့ပြောင်းခြင်းမှစတင်၍ တောင်တန်းပင်လယ်ဒေသကြီး၊ ထိုမှတဖန် နတ်ဘုရားနယ်မြေ၊ နောက်ဆုံးမှာတော့ အပြန်လမ်းမှာ သူက သူတော်စင်ကုန်းမြေမှ ကျင့်ကြံသူသုံးယောက်နှင့် တွေ့ဆုံခဲ့သည်။ ထိုအတောအတွင်းမှာ သူက ဉာဏ်ရည်ယှဉ်ပြိုင်ပွဲများနှင့် တိုက်ပွဲစွမ်းအားယှဉ်ပြိုင်ပွဲများကို သတိကြီးစွာထား၍ ပါဝင်ဆင်နွှဲခဲ့ရသည်။ ယင်းက သူ၏ စိတ်ကို အားအင်ကုန်ခမ်းစေသည်။
ယခု သူက ဘေးကင်းလုံခြုံသော နေရာသို့ ပြန်ရောက်သွားပြီး တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်မှာ ရှိနေလေရာ သူ၏ စိတ်ပင်ပန်းမှုများက အနည်းနှင့်အများ သက်သာပျောက်ကင်းသွားသည်။ ထို့နောက် သူက ရေကန်ဘေးမှာ ထိုင်ပြီး အလွန်သိပ်သည်းသော ဝိညာဉ်စွမ်းအင်နှင့် ရေကန်ထဲမှ အနွေးဓာတ်ကို ခံစားကြည့်ရန် စိတ်ဆုံးဖြတ်လိုက်သည်။
“ ငါ ကောင်းကောင်း အနားယူရမယ်… ပြီးတော့ မူကွဲအင်မော်တယ်ကျောင်းတော်ဆီ သွားပြီး အမွေအနှစ်ကျောက်စိမ်းပြားတွေကို နောက်တစ်ခါ လေ့လာကြည့်ရမယ် ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။
မီးလျှံလတွင် သူ၏ ကိုယ်ပိုင်လမ်းစဉ်ကို အတည်ပြုပြီးနောက် အနာဂတ်မှာ မူကွဲအင်မော်တယ်လမ်းစဉ်က သူ၏ အဓိကကျင့်ကြံခြင်းပညာရပ် ဖြစ်လာလိမ့်မည်။ သို့ဖြစ်၍ ရွှီချင်းက မူကွဲအင်မော်တယ်အကြောင်းနှင့်ပတ်သက်ပြီး အသေးစိတ် နားလည်ချင်သည်။
ထိုသို့လုပ်ဆောင်ရန် သူက မူကွဲအင်မော်တယ်ကျောင်းတော်၏ အမွေအနှစ်ကို အပြည့်အဝ စုပ်ယူရမည်။ သို့မှသာ သူက အရှေ့ဆက်နိုင်မည့် လမ်းကြောင်းကို ဖောက်ထွင်းနိုင်လိမ့်မည်။
“ ကျောင်းတော်ထဲမှာ မူကွဲအင်မော်လမ်းစဉ်အတိုင်း ဘယ်သူမှ အရှေ့ဆက်ပြီး မလျှောက်လှမ်းနိုင်ခဲ့ကြဘူး… အဲ့ဒီအတွက် ကျင့်ကြံခြင်းအတတ်ပညာတွေလည်း မရှိဘူး… ကျောင်းတော်ထဲမှာ အယူအဆတွေနဲ့ ဦးတည်ရာတွေပဲ ရှိတယ်… ဒါကြောင့် အရှေ့ဆက်ပြီး လျှောက်လှမ်းချင်တယ်ဆိုရင် ကိုယ်တိုင်ဖန်တီးမှပဲ ရလိမ့်မယ် ”
စူးရှသော အလင်းတန်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အမှန်မှာ ယင်းက ကျင့်ကြံခြင်းလမ်းစဉ် ဖြစ်သည်။ တစ်စုံတစ်ယောက်က သင့်တင့်သော အဆင့်တစ်ခုသို့ ရောက်ရှိသွားသည့်အခါ ကျင့်ကြံခြင်းအတတ်ပညာများက လူတိုင်းနှင့် မသင့်တော်တော့ပေ။
အကယ်၍ သူက ရှေ့ဆက်လျှောက်လှမ်းချင်သည်ဆိုလျှင် သင့်တော်သော ကျင့်ကြံခြင်းအတတ်ပညာကို ကိုယ်တိုင်ဖန်တီးရလိမ့်မည်။
အကယ်၍ ရွှီချင်း၏ ကျင့်ကြံခြင်းအခြေခံက အားနည်းမည်ဆိုလျှင် သူက ထိုသို့လုပ်ဆောင်ရန် တခြားလူများ၏ အကူအညီကို လိုအပ်လိမ့်မည်။ ဥပမာ အတိတ်တွင် သတ္တမသခင်ကြီးသည် ရွှီချင်းအတွက် ကျင့်ကြံခြင်းအတတ်ပညာကို ဖန်တီးပေးခဲ့သည်။
သို့သော်လည်း ယခု ရွှီချင်းက ဗလာနတ္ထိအဆင့်သို့ ရောက်ရှိသွားပြီဖြစ်လေရာ သူကိုယ်တိုင် ကျင့်ကြံခြင်းအတတ်ပညာတစ်ခုကို ဖန်တီးရန် အရည်အချင်းပြည့်မီသွားပြီ ဖြစ်သည်။ သို့သော်လည်း အခက်အခဲက ကြီးမားနေဆဲပင်။ မည်သို့ဖြစ်ပါစေ ကျင့်ကြံခြင်းအတတ်ပညာတစ်ခုကို ဖန်တီးရန် အခွင့်အရေးများစွာနှင့် ဉာဏ်အလင်းများစွာ လိုအပ်ပေသည်။
“ ကံကောင်းစွာပဲ ငါ့မှာ လျောင်ရွှမ်းသူတော်စင်အရည် ရှိတယ် ”
ရွှီချင်းက လေကို ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလို အဖြူရောင်ပုလင်းငယ်တစ်လုံးက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။
ထိုပုလင်းထဲမှ လျောင်ရွှမ်းသူတော်စင်အရည်သည် အလွန်တန်ဖိုးကြီးမားသော ကောင်းကင်ဘုံရတနာဖြစ်သည်။ သို့မဟုတ်လျှင် ယင်းက သူတော်စင်ကုန်းမြေမှ ကျင့်ကြံသူသုံးယောက်ကို အလိုလောဘစိတ် ဖြစ်ပေါ်စေလိမ့်မည် မဟုတ်ချေ။
ယင်းမှာ အံ့ဖွယ်ကောင်းသော အကျိုးအာနိသင်များရှိပြီး အထူးသဖြင့် ဥပဒေသများကို ဆင်ခြင်နားလည်ရာတွင် အလွန်အသုံးဝင်သည်။
ရွှီချင်းသည် လှိုဏ်ဂူထဲမှ အဖြစ်အပျက်ကို ပြန်တွေးလိုက်သည်။ လျောင်ရွှမ်းအရည်၏ အငွေ့ကို ရှူလိုက်ရုံဖြင့် သူ၏ ဗလာနတ္ထိကုန်းမြေထဲမှ နတ်ဘုရားအမှတ်အသားတစ်ရာကျော်သည် လှုံ့ဆော်ခံလိုက်ရသည်။
“ ကြိုးစားကြည့်ရအောင် ”
ဆုံးဖြတ်ချက်ချပြီးနောက် ရွှီချင်းက ပုလင်းကို ဖွင့်လိုက်သည်။ ချက်ချင်းဆိုသလို အမွှေးနံ့က အရပ်ရှစ်မျက်နှာဆီသို့ ပျံ့နှံ့သွားသည်။ တစ်ချိန်တည်းမှာ ရွှီချင်း၏ အရှေ့မှ ရေကန်က ပွက်ပွက်ဆူလာဟန် ရ၏။
ရွှီချင်းသည် နှလုံးတုန်သွားသည်။ တစ်ခဏစဉ်းစားပြီးနောက် သူက ရေကန်ထဲသို့ အရည်တစ်စက်ချလိုက်သည်။
ထိုအရည်စက် ကျသွားသည်နှင့်တစ်ပြိုင်နက် ဝိညာဉ်ရေကန်၏ မျက်နှာပြင်သည် ချက်ချင်း လှိုင်းထသွားသည်။
ထူထဲသော မြူခိုးငွေ့က ပေါ်လျှိုးလာပြီး ရေကန်ထဲမှ ဝိညာဉ်စွမ်းအင်သည် ယခင်ကထက် အနည်းငယ် ပိုပြီးသိပ်သည်းသွားသည်။
အမွှေးနံ့က အနည်းငယ် လွင့်ပြယ်သွားသော်လည်း ယင်းက ရေကန်တစ်ခုလုံးထဲသို့ စိမ့်ဝင်ပျံ့နှံ့သွားသည်။
ရွှီချင်းက မတ်တတ်ရပ်လိုက်ပြီး အဝတ်အစားများကို ချွတ်လိုက်လေရာ ကြွက်သားအပြိုင်းပြိုင်းနှင့် တောင့်တင်းသော ခန္ဓာကိုယ်က ထွက်ပေါ်လာသည်။ ထို့နောက် သူက ရေကန်ထဲသို့ လျှောက်သွားပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။
အဆုံးမဲ့သော ဝိညာဉ်စွမ်းအင်သည် ရေကန်ထဲမှ ပေါ်လျှိုးထွက်လာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော တိုးဝင်သွားသည်။ ရေကန်ထဲမှ ရေဖြင့် ရောနှောသွားသော လျောင်ရွှမ်းအရည်တစ်စက်၏ အာနိသင်သည် ဝိညာဉ်စွမ်းအင်နှင့်အတူ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။
သက်တောင့်သက်သာရှိသော ခံစားမှုက ရွှီချင်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ သူက ထိုစိတ်ခံစားမှုထဲမှာ ဈန်ဝင်သွားပြီး သူ၏ စိတ်က တဖြည်းဖြည်း ဗလာဖြစ်သွားသည်။
အချိန်သည် ကုန်ဆုံးသွားသည်။ နှစ်နာရီကြာပြီးနောက် ရွှီချင်းက ဖြည်းညင်းစွာ မျက်လုံးပြန်ဖွင့်လိုက်သည်။
အစတွင် သူ၏ မျက်လုံးက ရီဝေနေပြီး ထို့နောက် တဖြည်းဖြည်း ကြည်လင်လာသည်။ သူက သူ၏ ခန္ဓာကိုယ်ထဲမှ ဗလာနတ္ထိကုန်းမြေကို ကြည့်လိုက်သည်။ ယခု ဗလာနတ္ထိကုန်းမြေထဲမှ နတ်ဘုရားအမှတ်အသားများသည် ယခင်ကထက် အနည်းငယ် ပိုပြီးကြည်လင်လာသည်။
“ တကယ့်လက်တွေ့မှာ ငါက ဘာမှမရခဲ့ဘူးဆိုပေမဲ့ စောစောက ခံစားချက်က… ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်ပြီး သိမ်မွေ့ညင်သာသော ထိုခံစားမှုကို ပြန်တွေးတောလိုက်သည်။ သူက ဆက်ပြီး ဆင်ခြင်နားလည်ချင်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်လိုက်ပြီး စံအိမ်၏ စည်းချအစီအရင်ဖြင့် ပေါင်းစပ်လိုက်သည်။ ထိုအခါ စံအိမ်၏ အပြင်ဘက်တွင် လမ်းလျှောက်လာနေသော မိန်းမလှတစ်ယောက်၏ ပုံရိပ်ကို သူမြင်သွားသည်။
အမျိုးသမီးက ဆီစက္ကူထီးကို ကိုင်ဆောင်ထားသော်လည်း ယင်းက သူ၏ ကြော့ရှင်းလှပမှုကို မဖုံးကွယ်နိုင်ပေ။ အထူးသဖြင့် သူက မြေပြင်ပေါ်မှ မိုးရေထဲမှာ လမ်းလျှောက်နေလေရာ ကြာပန်းပွင့်များပေါ်မှာ လျှောက်လှမ်းနေသည့်အလား အောက်မေ့ရသည်။
သူက စံအိမ်၏ ဂိတ်တံခါးအရှေ့မှာ ရပ်လိုက်လေရာ သူ၏ ကိုယ်ဟန်အနေအထားက ပိုပြီးကြော့ရှင်းတင့်တယ်လာပြီး စွဲမက်ဖွယ်ကောင်းလာသည်။ ယင်းက သူ့အား ကြည့်မိသူတိုင်းကို နှလုံးခုန်မြန်သွားစေလိမ့်မည်။
ရွှီချင်းက သူ၏ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်လိုက်သည့်အခိုက် ဆီစက္ကူထီးကို ကိုင်ဆောင်ထားသော မိန်းမလှလေးက ညင်သာစွာ ခေါင်းမော့လိုက်သည်။ ထိုအခါ သူ၏ တုနှိုင်းမဲ့အောင် ချောမောလှပသော မျက်နှာက ထီးရွက်အောက်မှာ ထွက်ပေါ်လာသည်။
“ ဂိတ်တံခါး မဖွင့်သေးဘူးလား ”
ရွှီချင်းက နှလုံးခုန်မြန်လာသည်။ သူက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး အဝတ်အစားများကို ပြန်ဝတ်လိုက်သည်။ အကြောင်းအရင်းတချို့ကြောင့် မရေမတွက်နိုင်သော အတွေးများက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ သူက ညာလက်ကို မြှောက်လိုက်သည်။
ချက်ချင်းဆိုသလို စံအိမ်ကို လွှမ်းခြုံထားသော အကာအကွယ်စည်းချအစီအရင်ထဲမှာ လူတစ်ယောက်စာ ဝင်နိုင်သော အပေါက်တစ်ပေါက် ထွက်ပေါ်လာသည်။
ချောမောလှပသော ပုံရိပ်သည် ဖြူဖွေးသော လက်ကို ဝှေ့ယမ်းလိုက်ပြီး ဂိတ်တံခါးကို ဖွင့်လိုက်သည်။ သူက စံအိမ်ထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း ဂိတ်တံခါးက ပြန်ပိတ်သွားပြီး စည်းချအစီအရင်က ပြန်ပိတ်သွားသည်။
လေထဲတွင် အပြာရောင်ပိုးကောင်သည် အတင်းအကျပ် ထုတ်ဖော်ခံလိုက်ရသည်။ အားညိုသည် အစကတည်းက မထွက်သွားခဲ့ပေ။
“ ဒါတော့ အရမ်းလွန်သွားပြီ ”
ရွှီချင်းသည် အားညို၏ မကျေနပ်သော စကားသံကို မကြားချေ။ ဤအခိုက်အတန့်မှာ သူ့အရှေ့မှ လေဟာနယ်က လှိုင်းထသွားပြီး ခရမ်းရောင်ပုံရိပ်က ထွက်ပေါ်လာသည်။
ရွှီချင်းသည် စိုးရိမ်ကြောင့်ကြလာပြီး သူ၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။
“ နတ်မိမယ်ကျစ်ရွှမ်းကို နှုတ်ဆက်ပါတယ် ”
ရွှီချင်း၏ အသံက အနည်းငယ် အက်ရှနေသည်။
ထိုမိန်းမလှသည် နတ်မိမယ်ကျစ်ရွှမ်းမှလွဲ၍ တခြားလူမဟုတ်ပေ။
ဝိညာဉ်ရေကန်၏ ဘေးမှာ ရပ်နေစဉ် သူက ပန်းချီကားထဲမှ နတ်မိမယ်တစ်ပါးနှင့် ဆင်တူသည်။ သူ၏ မျက်ခုံးများက နက်မှောင်ပြီး ဖီးနစ်မျက်လုံးများက ထွန်းလင်းတောက်ပသည်။
တစ်စုံတစ်ယောက်သည် ထိုမျက်လုံးများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် တစ်သက်မေ့နိုင်လိမ့်မည် မဟုတ်ချေ။
ဆွဲမက်ဖွယ်ကောင်းသော အပြုံးနှင့် လှပသော မျက်ဝန်းက သူ၏ ဆွဲဆောင်မှုကို ပိုပြီး ပြီးပြည့်စုံစေသည်။
ဤအခိုက်အတန့်မှာ သူ၏ အကြည့်က ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် သူက ဘေးမှ ဝိညာဉ်ရေကန်ကို ကြည့်လိုက်သည်။ သူ၏ ဖီးနစ်မျက်လုံးများထဲမှာ ပုံမှန်မဟုတ်သော အလင်းရောင် ရှိ၏။ သို့သော်လည်း သူက ကိုယ့်ကိုယ်ကိုယ် မြန်ဆန်စွာ ချုပ်ထိန်းလိုက်ပြီး နူးညံ့စွာ ပြုံးလိုက်သည်။
“ ငါ့ကိုမြင်တာနဲ့ မင်းရဲ့ ပုံစံက ဘာလို့ အဲ့ဒီလိုဖြစ်သွားတာလဲ ”
“ မဟုတ်မှ ငါတို့မတွေ့တာ နှစ်တွေအတော်ကြာသွားလို့များလား… ဒါမှမဟုတ် ကောင်းကင်ဘုရင်ရွှီက မီးလျှံလခရီးစဉ်မှာ တခြားအလှအပတွေကို မြင်ခဲ့လို့များလား ”
နတ်မိမယ်ကျစ်ရွှမ်းက နူးညံ့စွာ ပြောသည်။ သူက စကားပြောပြီးနောက် ရေကန်ဘေးသို့ လျှောက်သွားသည်။ သူက ဖိနပ်ချွတ်လိုက်ပြီး ရေကန်ဘေးမှာ ထိုင်ချလိုက်ကာ ဖြူဖွေးသော သူ့ခြေထောက်ကို ရေကန်ထဲမှာ စိမ်လိုက်သည်။
ရွှီချင်းသည် မည်သို့ပြောရမည်မှန်း မသိပေ။ ပုံမှန်အားဖြင့် သူက စကားနည်းသည်။ ယခုအချိန်မှာ ပိုပြီးစကားနည်းသွားသည်။
နောက်ဆုံးမှာတော့ သူက ညာလက်ကို မြှောက်လိုက်ပြီး သေတ္တာဆယ်လုံးကို ထုတ်ယူလိုက်ကာ သူ့အရှေ့တွင် ချထားလိုက်သည်။
နတ်မိမယ်ကျစ်ရွှမ်း၏ မျက်နှာပေါ်မှာ မူမမှန်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူက ကျောက်စိမ်းသဖွယ် ဖြူဖွေးသော လက်ကို မြှောက်လိုက်လေရာ သေတ္တာအားလုံးက တစ်ခုပြီးတစ်ခု ပွင့်သွားကြသည်။ သေတ္တာအားလုံးထဲမှာ ဆံထိုးများ ရှိသည်။
ရွှီချင်းသည် သူ့အား ခေါင်းဆောင်ပေးခဲ့သော သေတ္တာအားလုံးကို ထုတ်လိုက်ခြင်း ဖြစ်သည်။
နတ်မိမယ်ကျစ်ရွှမ်းသည်ပင် ထိုမြင်ကွင်းကြောင့် အံ့ဩသွားသည်။
“ ဆံထိုးတွေက အများကြီးပဲ… အဲ့ဒါတွေအားလုံးက ငါ့အတွက်လား ”
ရွှီချင်းက ခေါင်းညိတ်လိုက်သည်။
ယင်းကို မြင်သောအခါ နတ်မိမယ်ကျစ်ရွှမ်းက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူ၏ ချယ်ရီနှုတ်ခမ်းက အနည်းငယ် ပွင့်ဟသွားပြီး ဆွဲဆောင်မှုတစ်မျိုးကို ထုတ်လွှတ်လိုက်သည်။
“ မိန်းကလေးတစ်ယောက်ကို တစ်ခါတည်းနဲ့ ဆံထိုးအများကြီး လက်ဆောင်ပေးရတယ်လို့ ဘယ်သူ့ဆီက မင်းကြားဖူးလဲ ”
ရွှီချင်းသည် မည်သို့ပြန်ဖြေရမည်မှန်း မသိချေ။ ထို့ကြောင့် သူက နှုတ်ဆိတ်နေလိုက်သည်။
နတ်မိမယ်ကျစ်ရွှမ်းသည် နူးညံ့စွာ ပြုံးလိုက်ပြီး သူနှင့်အနီးဆုံးမှာရှိသော ဆံထိုးမှလွဲ၍ ကျန်ဆံထိုးများကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူ၏ လှပသော မျက်ဝန်းက ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။
“ ငတုံးရွှီ… ငါဘာလို့ ဒီရောက်လာတာလဲ မမေးတော့ဘူးလား ”
“ နတ်… နတ်မိမယ်ကျစ်ရွှမ်း ဘာလို့ ဒီရောက်လာတာလဲ ”
ရွှီချင်းသည် တကယ် အခက်တွေ့နေသည်။ သူက မည်သည့်အရာကိုမှ မစဉ်းစားနိုင်တော့ဘဲ ပါးစပ်မှ လွှတ်ခနဲ ပြောလိုက်သည်။
“ ငါ ဒီမှာ ရေချိုးမလို့ ရောက်လာတာ ”
နတ်မိမယ်ကျစ်ရွှမ်းက ရှက်ရွံ့စွာ ပြောသည်။
မြူခိုးသည် ပျံ့နှံ့ထွက်လာပြီး နတ်မိမယ်ကျစ်ရွှမ်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ အရာအားလုံးက ဝေဝါးနေစဉ် နတ်မိမယ်ကျစ်ရွှမ်း၏ ပါးနှစ်ဖက်က ပိုပြီးနီမြန်းလာဟန် ရ၏။