← Chapters

အပြာရောင်ဝတ်စုံနဲ့ လူငယ်စစ်သူကြီးက ပထမဆုံးအကြိမ် မြင်းစီးလေ့ကျင့်တယ်

Vol. 88 Ch. 1347

အပြာရောင်ဝတ်စုံနဲ့ လူငယ်စစ်သူကြီးက ပထမဆုံးအကြိမ် မြင်းစီးလေ့ကျင့်တယ်

Vol. 88 Ch. 1347

နတ်မိမယ်ကျစ်ရွှမ်း၏ ဆွဲမက်ဖွယ်ကောင်းသော အသံက ဘေးပတ်ဝန်းကျင်မှ မြူခိုးနှင့် လိုက်လျောညီထွေစွာ ပေါင်းစပ်သွားလေရာ ရုတ်တရက် မြူခိုးထဲတွင် အားကောင်းသော ညှိုဓာတ်တစ်မျိုး ဖြစ်ပေါ်လာသည်။

ရွှီချင်း၏ နှလုံးခုန်သံသည် ထိန်းချုပ်မရအောင် မြန်ဆန်လာသည်။ တစ်ချိန်တည်းမှာ ဖော်မပြနိုင်သော စိုးရိမ်ကြောင့်ကြမှုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူ၏ နှုတ်ခမ်းသည်ပင် ခြောက်ကပ်လာသည်။ သူက သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ နတ်မိမယ်ကျစ်ရွှမ်းကို စွဲစွဲလန်းလန်း ကြည့်လိုက်သည်။

မြူခိုးထဲတွင် နတ်မိမယ်ကျစ်ရွှမ်း၏ မျက်နှာသည် ချယ်ရီသီးသဖွယ် နီရဲနေသည်။ သူ၏ နက်ရှိုင်းသော မျက်လုံးများက တလက်လက် တောက်ပနေပြီး ဖော်မပြနိုင်သော ဆွဲငင်အားကို ထုတ်လွှတ်နေသည်။

ထိုမျက်လုံးများထဲတွင် အသင်္ချေကမ္ဘာငယ်များက နက်ရှိုင်းစွာ ဖုံးကွယ်နေဟန် ရသည်။ မျက်လုံး၏ အပြင်ဘက်တွင် ရှက်ရွံ့ပြီး အပြစ်ကင်းစင်သော မိန်းမငယ်လေးတစ်ဦးရှိပြီး မျက်လုံး၏ အတွင်းဘက်တွင် ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ဉာဏ်ပညာက ရှိသည်။

ဤအခိုက်အတန့်မှာ သူက သိမ်မွေ့ညင်သာစွာ မျက်တောင်ခတ်လိုက်သည်။ ထိုအခါ သူ၏ မျက်လုံးများသည် ညကောင်းကင်ယံပေါ်မှ မှိတ်တုတ်မှိတ်တုတ် ကြယ်ကလေးများသဖွယ် အောက်မေ့ရသည်။ ယင်းတို့က တစ်စုံတစ်ယောက်ကို တစ်ခါမြင်မိရုံဖြင့် တစ်သက်လုံး စွဲလန်းသွားစေလိမ့်မည်။

မြူခိုးက ဖုံးကွယ်ထားသော်လည်း ပန်းနုရောင် ခပ်ဖျော့ဖျော့သန်းနေသည့် သူ၏ အသားအရေကို ရှင်းလင်းစွာ မြင်နိုင်ဆဲပင်။ ယင်းက အဆုံးမဲ့သော ဆွဲဆောင်မှုနှင့် ညှို့ဓာတ်ကို ထုတ်လွှတ်နေသည်။ ထို့ပြင် မြူခိုး၏ ဖုံးလွှမ်းမှုအောက်မှာ သူ၏ အသားအရေက ပိုပြီးဝင်းလက်တောက်ပသည်။

မြူခိုးက ပိုပြီးသိပ်သည်းလာသည့်အခါ ရွှီချင်း၏ အသိစိတ်ကို ပေါက်ကွဲသွားစေမည့် မြင်ကွင်းတစ်ခုက ထွက်ပေါ်လာသည်။

နတ်မိမယ်ကျစ်ရွှမ်းသည် ရေကန်ထဲသို့ လျှောက်သွားသည်။

သူ၏ ခရမ်းရောင်အဝတ်အစားသည်တော့ ရေကန်ဘေးမှာ ကျန်နေခဲ့သည်။

ထိုခန္ဓာကိုယ်သည် နှင်းကဲ့သို့ ဖြူဖွေးပြီး ပြစ်ချက်မဲ့သည်။ ထို့ပြင် သူ၏ အသားအရေပေါ်မှာ သဘာဝအလျောက် ဖြစ်ပေါ်နေသော ပန်းနုရောင် ခပ်ဖျောဖျော့လည်း ရှိသည်။ ယင်းက လုံးဝပြီးပြည့်စုံပြီး ဝိညာဉ်လှုပ်ခတ်သွားစေရန် လှပသည်။

သူ၏ တစ်ကိုယ်လုံးကို မြူခိုးက လွှမ်းခြုံသွားတော့မည့်အချိန် နတ်မိမယ်ကျစ်ရွှမ်းက အနောက်လှည့်လိုက်ပြီး ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။

သူ၏ အပြုံးက မည်သည့်ယောင်္ကျားသားကိုမဆို ညှို့ငင်နိုင်စွမ်း ရှိသည်။

တစ်ချိန်တည်းမှာ ချိုမြိန်သော အသံက ပျံ့လွင့်လာသည်။

“ ရွှီချင်း… ငါနဲ့အတူ ရေချိုးချင်လား… ”

ယင်းက နတ်မိမယ်ကျစ်ရွှမ်းပြောခဲ့သော နောက်ဆုံးစကား ဖြစ်သည်။

နောက်အခိုက်အတန့်မှာ မြူခိုးက နတ်မိမယ်ကျစ်ရွှမ်းကို အပြည့်အဝ လွှမ်းခြုံသွားသည်။ အမှန်မှာ မြူခိုးက ဆက်လက် ပျံ့ပွားသွားပြီး ရွှီချင်း၏ ပုံရိပ်ကိုလည်း လွှမ်းခြုံသွားသည်။

ညအချိန်သည် ကုန်ဆုံးသွားသည်။

ထိုညတွင် ရေကန်သည် ပရမ်းပတာ လှုပ်ခတ်သွားပြီး မြူခိုးသည် မတည်မငြိမ် ရွေ့လျားသွားသည်။ မြူခိုးအတွင်းမှာ မည်သို့ဖြစ်ပျက်နေသည်ကိုတော့ အပြင်လူများက မသိနိုင်ပေ။

စံအိမ်၏ အပြင်ဘက်မှ လေထဲမှာ အပြာရောင်ပိုးကောင်တစ်ကောင် ရှိသည်။ ၎င်းသည် စံအိမ်ထဲသို့ တိတ်တဆိတ် ဝင်ရောက်နိုင်ရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ ကြိုးစားနေသည်။ သို့သော်လည်း အဆုံးမှာ ၎င်းက မအောင်မြင်ခဲ့ပေ။

ထို့ကြောင့် ၎င်းက ဆန္ဒမရှိစွာ စောင့်ဆိုင်းသည်။

ထိုစောင့်ဆိုင်းမှုက ခုနစ်ရက်တိုင်အောင် ကြာမြင့်သွားသည်။

နတ်မိမယ်ကျစ်ရွှမ်းက ရွှီချင်း၏ အဆင့်မြင့်ဝိညာဉ်စံအိမ်တော်ထဲသို့ ဝင်ရောက်သွားပြီး ပြန်ထွက်မလာသည်မှာ ခုနစ်ရက်ရှိသွားပြီ ဖြစ်သည်။

ရှစ်ရက်မြောက်နေ့နံနက်တွင် စံအိမ်၏ ဂိတ်တံခါးက ဖြည်းညင်းစွာ ပွင့်သွားသည်။ နတ်မိမယ်ကျစ်ရွှမ်းသည် ဝတ်စုံရှည်ကို ဝတ်ဆင်ထားလျက် အပြင်သို့ ထွက်လျှောက်လာသည်။

သူ၏ ပုံရိပ်သည် ဖူးပွင့်နေသော ပန်းပွင့်တစ်ပွင့်နှင့် ဆင်တူသည်။

နေရောင်ခြည်အောက်မှာ သူ၏ ဖြူဖွေးသော အသားအရေက သိမ်မွေ့နူးညံ့သော ကြွေထည်ပစ္စည်းသဖွယ် အောက်မေ့ရသည်။ ယင်းက ပြစ်ချက်မဲ့အောင် ချောမွေ့သည်။ ဤသည်မှာ သူ၏ အရေပြားအောက်မှာ နွေဦးစမ်းရေက စီးဆင်းနေသည့်အလား ပြိုင်စံရှားသော သိမ်မွေ့ညင်သာမှုနှင့် နွေထွေးမှုကို ပေးသည်။

သူ၏ ဘဲဥပုံသဏ္ဍာန်မျက်နှာက ကျောက်စိမ်းသဖွယ် ချောမွေ့ပြီး ကြည်လင်တောက်ပသည်။ သူက ပန်းချီကားထဲမှ ခုန်ထွက်လာသော ကျောက်စိမ်းနတ်မိမယ်သဖွယ် မွန်မြတ်သန့်စင်ပြီး ကြော့ရှင်းတင့်တယ်သည်။

လွန်ခဲ့သော ခုနစ်ရက်တုန်းက သူ၏ နက်မှောင်တောက်ပသော ဆံပင်ရှည်က ပခုံးထက်မှာ ရေတံခွန်သဖွယ် ကျဆင်းနေခဲ့သော်လည်း ယနေ့မှာတော့ သူက ဆံပင်ရှည်ကို ရွှေရောင်ဖီးနစ်ဆံထိုးဖြင့် အတူစုချည်ထားသည်။

ယင်းက သူ၏ ဖြူဖွေးသွယ်လျသော လည်တိုင်ကို ထင်သာပေါ်လွင်စေသည်။ သို့ဖြစ်၍ သူ့အား မြင်လိုက်ရသူတိုင်းသည် လည်တိုင်ကို မငေးကြည့်ဘဲ နေနိုင်လိမ့်မည် မဟုတ်ချေ။

နံနက်ခင်း၏ လေပြေက တိုက်ခတ်လာသည့်အခါ ဆံထိုး၏ ကျောက်စိမ်းပုတီးလုံးများက လှုပ်ယမ်းသွားကြသည်။

ဤသည်မှာ မိုးပေါ်မှ ကျဆင်းလာသော နတ်မိမယ်တစ်ပါး၏ မြင်ကွင်း ဖြစ်သည်။

သူ၏ ချောမောလှပသော မျက်နှာပေါ်မှာ နှင်းဆီရောင်ဖျော့ဖျော့ မျက်နှာချေမှုန့်တချို့ ရှိသည်။ ယင်းက သူ့ကို ပိုပြီးဆွဲဆောင်မှုရှိစေသည်။ သူ၏ မျက်လုံးထဲမှာလည်း တမူထူးခြားသော ညှို့ဓာတ်တစ်မျိုးက ကျန်ရှိနေဆဲပင်။

ယင်းက သူ၏ အလှကို ပိုပြီး ပြီးပြည့်စုံစေသည်။

သူက ဂိတ်တံခါးထဲမှ ထွက်လျှောက်လာသည့်အခိုက် အနောက်သို့ လှည့်လိုက်သည်။ သူ၏ လှပသော မျက်ဝန်းတစ်စုံက ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။ သူက နူးညံ့စွာ ပြောသည်။

“ ဒါဆို ငါတို့ သဘောတူညီမှုရပြီလား ”

“ အင်း… ”

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

နတ်မိမယ်ကျစ်ရွှမ်း၏ အပြုံးက ပိုပြီးလှပလာသည်။ သူက အနောက်လှည့်လိုက်ပြီး ထွက်သွားသည်။ သို့သော်လည်း သူက ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် စိတ်မသက်မသာ ခံစားသွားရပုံပေါ်သည်။ သို့သော်လည်း မကြာမီ သူ၏ ပါးနှစ်ဖက်က ပိုပြီးနီမြန်းလာသည်။

နတ်မိမယ်ကျစ်ရွှမ်း၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေရင်း ရွှီချင်း၏ အမူအရာက အနည်းငယ် မိန်းမောတွေဝေနေသည်။

သို့သော်လည်း လွန်ခဲ့သော ခုနစ်ရက်တုန်းက သာယာလှပသော အဖြစ်အပျက်များကို သူပြန်မတွေးတောနိုင်ခင်မှာ အားညို၏ ပုံရိပ်က စံအိမ်နှင့် မနီးမဝေးမှာ ထွက်ပေါ်လာသည်။ ထို့ပြင် သူတစ်ယောက်တည်း မဟုတ်ပေ။ ဝူကျန်းဝူသည်လည်း သူ့ဘေးမှာ ရှိသည်။

“ အို… ချင်းလေးပါလား… ဘယ်လိုတောင် တိုက်ဆိုင်တာလဲ ”

အားညိုသည် ယခုမှ ရောက်ရှိလာသည့်အလား ရွှီချင်းကို လက်ဝှေ့ယမ်းပြလိုက်သည်။

“ မင်းငါ့ကို စောစော သတိပေးလိုက်တာ တကယ်ကံကောင်းတာပဲ… ငါမင်းကို ပြောပြမယ် ချင်းလေး… ဖန်တီးခြင်းနန်းတော်ကို ငါသွားတဲ့အခါမှာ သူတို့တွေကို ခုနစ်ရက် ခုနစ်ညလုံး မျက်စိဒေါက်ထောက် စောင့်ကြည့်နေခဲ့တယ်… အဲ့ဒါကြောင့် သူတို့တွေ ငါ့ကို ကလိမ်ကကျစ်ကျဖို့ မလုပ်ရဲတော့ဘူး ”

အားညိုက ဂုဏ်ယူဝင့်ကြွားစွာ လျှောက်လာသည်။ သူ၏ ဘေးမှ ဝူကျန်းဝူသည် တစ်စုံတစ်ခုပြောချင်သော်လည်း တုံ့ဆိုင်းနေသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ သူက မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရန် ပါးစပ်ပိတ်ထားလိုက်သည်။

ရွှီချင်းက ခေါင်းလှည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှ မိန်းမောတွေဝေမှုက ပျောက်ကွယ်သွားသည်။ သူက စီနီယာအကိုကြီးကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“ စီနီယာအကိုကြီးပါလား… တကယ် တိုက်ဆိုင်တာပဲ ”

အားညိုက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ရွှီချင်း၏ ခန္ဓာကိုယ်ကို စုန်ချည်ဆန်ချည် စစ်ဆေးကြည့်လိုက်သည်။ သူက စူးစမ်းလိုသော အကြည့်နှင့်အတူ ရွှီချင်း၏ ခန္ဓာကိုယ်ကို အကြိမ်ရေအနည်းငယ် လှည့်ပတ်လိုက်သည်။ သူက နှုတ်ခမ်းသပ်လိုက်သည့်အခါ သူ၏ မျက်လုံးက ဝင်းလက်တောက်ပသွားသည်။

ထိုအကြည့်အောက်မှာ ရွှီချင်း၏ တည်ငြိမ်သော အမူအရာက ယိုင်နဲ့လာသည်။ သူ၏ အသားအရေသည်ပင် အနည်းငယ် နီရဲလာသည်။

“ ချင်းလေး… မင်းက တစ်ခုခုမူမမှန်ဘူး… မင်းက အရင်ကနဲ့ နည်းနည်း ကွဲပြားနေတယ် ”

ခေါင်းဆောင်က မူမမှန်စွာ ပြုံးလိုက်သည်။

“ စောစောက မင်းရဲ့ စံအိမ်ကနေ တစ်ယောက်ယောက် ထွက်လာတာကို ငါမြင်လိုက်တယ်… ဟဲ ဟဲ ”

ရွှီချင်းက ချောင်းဟန့်လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ဘေးမှ ဝူကျန်းဝူက ရုတ်တရက် ပြောသည်။

“ အပြာရောင်ဝတ်စုံနဲ့ လူငယ်စစ်သူကြီးက ပထမဆုံးအကြိမ် မြင်းစီးလေ့ကျင့်တယ်… ဘယ်နှစ်ချီထိ သူဆင်နွှဲနိုင်မှာလဲ… ခုနစ်ရက်ကြာပြီးနောက် အားအင်ကုန်ခမ်းသွားတယ်ဆိုပေမဲ့ ဒီကြားထဲမှာ သူက ဘယ်နှစ်ကြိမ်တောင် အနားယူခဲ့လဲဆိုတာ ဘယ်သူသိမှာလဲ ”

ဝူကျန်းဝူ၏ စကားဆုံးသည်နှင့် ကြမ်းတမ်းသော လေပြင်းက သူ့ကို ရိုက်ခတ်သွားပြီး ကီလိုမီတာငါးရာအဝေးသို့ လွင့်စင်သွားစေသည်။

ရွှီချင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

ရွှီချင်းက ရှက်ရွံ့နေကြောင်း သတိထားမိသောအခါ အားညိုက ချောင်းဟန့်လိုက်သည်။

“ ဒါတော့ အရမ်းများသွားပြီ… အဲ့ဒီဝူကျန်းဝူက အရိုက်ခံသင့်တယ် ”

“ ဝူကျန်းဝူ… အိမ်မပြန်နဲ့ဦး… ဒီကို အမြန်ပြန်လာဦး ”

အားညိုသည် ကီလိုမီတာငါးရာအဝေးမှ ဝူကျန်းဝူကို လှမ်းအော်ပြောလိုက်ပြီး ရွှီချင်း၏ စံအိမ်ကို ကြည့်လိုက်သည်။

ရွှီချင်းသည် သူ၏ စီနီယာအကိုကြီးနှင့်ပတ်သက်ပြီး အနည်ငယ် အကူအညီမဲ့သော်လည်း စီနီယာအကိုကြီးအား မည်သို့ကိုင်တွယ်ရမည်ကို ကောင်းမွန်စွာ နားလည်ထားသည်။ ဤအခိုက်အတန့်မှာ သူ၏ အမူအရာက ပြန်တည်ငြိမ်သွားပြီး သူက မေးသည်။

“ ဆရာက ဒီမှာလား ”

ဆရာဟူသော စကားကို ကြားသောအခါ အားညို၏ အတွေးများက ချက်ချင်း ဦးတည်ရာပြောင်းသွားသည်။ သူက ဒေါသကြီးစွာ အံကြိတ်လိုက်ပြီး ပြောသည်။

“ သူ့အကြောင်းကို မပြောစမ်းနဲ့… အဖိုးကြီးက ထွက်သွားပြီ ”

“ မင်းခန့်မှန်းထားသလိုပဲ… လွန်ခဲ့တဲ့ ရက်တုန်းက ငါ့ရဲ့ အထူးနည်းလမ်းတစ်ခုကို အသုံးပြုပြီး အဖိုးကြီးရဲ့ ခြေရာကို အာရုံခံခဲ့တယ်… ဒါပေမဲ့ အဲ့ဒီကို ငါရောက်သွားတော့ အဖိုးကြီးက ထွက်သွားနှင့်ပြီ ”

“ သူက အားလုံးကို တစ်ယောက်တည်း လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေတာ သေချာတယ် ”

“ သူက ဆရာဖြစ်ပြီးတော့ ဘာလို့ ဒီလိုလုပ်ရတာလဲ… သူက အရမ်းလွန်သွားပြီ… အနည်းဆုံးတော့ သူ ငါတို့ကို ဖြေရှင်းချက်တစ်ခု ပေးသင့်တာပေါ့… အဲ့ဒါနဲ့ပတ်သက်ပြီး ငါတစ်ခုစဉ်းစားထားတယ်… ငါတို့တွေ ဂိုဏ်းဆီ ပြန်ကြမယ်… ငါက စီနီယာအကိုကြီးဆိုတဲ့ ဂုဏ်သိက္ခာကို အသုံးပြုပြီး အမှတ်နှစ်နဲ့ အမှတ်သုံးကို ခေါ်လိုက်မယ်… ပြီးသွားရင် ငါတို့လေးယောက်က ဆရာ့ကို အတူလိုက်ရှာကြမယ် ”

“ တကယ်လို့ သူက ငါတို့ကို ဝေစုခွဲမပေးဘူးဆိုရင် ငါတို့တွေ ဂိုဏ်းကနေ ထွက်ခွာကြမယ်… အဖိုးကြီးကို ဂိုဏ်းထဲမှာ တစ်ယောက်တည်း အထီးကျန်စေမယ် ”

အားညို၏ စကားများက ထိတ်လန့်ဖွယ်ကောင်းသည်။ သူ၏ အမူအရာက မောက်မာထောင်လွှားလေရာ သူက ထိုသို့လုပ်ဆောင်ရန် အမှန်တကယ် စီစဉ်နေပုံ ရသည်။

ရွှီချင်းက မျက်တောင်ခတ်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ အဲ့လိုလုပ်တာ မကောင်းဘူးနော်… ”

“ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး… သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ ”

အားညိုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ ဒီကိစ္စကို ငါစီစဉ်ပြီးပြီ… အချိန်ကျလာတဲ့အခါ ငါတို့အတူ လှုပ်ရှားကြမယ် ”

သူတို့နှစ်ယောက်က စကားပြောနေရင်း စံအိမ်ထဲသို့ ဝင်သွားကြသည်။ သူတို့က ခန်းမထဲမှာ ထိုင်ပြီးသော်လည်း အားညိုက သတ္တမသခင်ကြီးအကြောင်းကို ဆက်လက် ပြောနေဆဲပင်။ အချိန်အတော်ကြာပြီးနောက် ဝူကျန်းဝူက ဖူးယောင်နေသော မျက်နှာဖြင့် ပြန်ရောက်လာမှသာ သူ၏ စိတ်အာရုံက ဝူကျန်းဝူဆီသို့ ရောက်ရှိသွားသည်။

ဝူကျန်းဝူသည် ချက်ချင်း ရိုသေကျိုးနွံလာသည်။

ပထမဆုံး သူက ရွှီချင်းကို ကြောက်သည်။ ဒုတိယအနေနှင့် သူက အားညိုကို ကြောက်သည်။ အစောနက သူသည် သူ့ပါးစပ်ကို မချုပ်ထိန်းနိုင်ခဲ့ပေ။ ထို့ကြောင့် သူက ရွှီချင်း၏ သင်ခန်းစာပေးခြင်းခံလိုက်ရသည်။ ယခုအချိန်မှာ သူက စိတ်ထဲမှာ မည်မျှကျိန်ဆဲနေပါစေ အပြင်ပန်းမှာတော့ အလွန်ရိုသေကျိုးနွံနေသည်။

သူက သူတို့နှစ်ယောက်၏ အရှေ့မှာ ထိုင်လိုက်ပြီး ပါးစပ်ကို တင်းကျပ်စွာ ပိတ်ထားသည်။

“ ကျန်းကျန်းလေး… အရင်ရက်က ငါမင်းကို ပြောထားတဲ့ကိစ္စ မင်းလုပ်ဆောင်ပေးနိုင်မယ်လို့ ငါမျှော်လင့်တယ်… ဘာမှမစိုးရိမ်ပါနဲ့… ငါချန်းအားညိုက မမျှမတ ဆက်ဆံတတ်တဲ့လူ မဟုတ်ဘူး… ငါမင်းကို အလကား မလုပ်ခိုင်းပါဘူး ”

“ ဒီလိုဆိုရင်ရော… အဲ့ဒီဥတွေ အကောင်ပေါက်လာတဲ့အခါ ဥအခွံတွေက မင်းအပိုင်ဖြစ်လာမယ် ”

ခေါင်းဆောင်က တည်ကြည်လေးနက်သော အသံနှင့်အတူ ဖြည်းညင်းစွာ ပြောသည်။

သူက စကားပြောပြီးနောက် သူ၏ ရွှေဥကို ထုတ်လိုက်ပြီး ဝူကျန်းဝူ၏ အရှေ့မှာ ချလိုက်သည်။

ရွှီချင်းသည်လည်း သူ၏ ရွှေဥကို အမူအရာကင်းမဲ့စွာ ထုတ်လိုက်သည်။

ရွှေဥနှစ်လုံးကို ကြည့်နေရင်း ဝူကျန်းဝူက သူ့ကိုယ်သူ တစ်ရာရာခိုင်နှုန်း ယုံကြည်မှုရှိသော်လည်း သားဖောက်ရမည့်ကိစ္စနှင့်ပတ်သက်ပြီး အနည်းငယ် ရှက်ရွံ့နေသည်။ ယခင်က သူသည် အားညို၏ အရှေ့မှာ ခေါင်းညိတ်ရန်မှတပါး တခြားရွေးချယ်စရာ မရှိခဲ့ပေ။ သို့သော်လည်း ယခု ရွှေဥနှစ်လုံးကို သူ၏ မျက်စိဖြင့် ကိုယ်တိုင်မြင်လိုက်ရသောအခါ သူက အနည်းငယ် တုံ့ဆိုင်းသွားသည်။

ယင်းကို မြင်သောအခါ အားညိုသည် ဝူကျန်းဝူ၏ ပခုံးကို ပုတ်ပေးလိုက်သည်။

“ ငါမင်းကို ပြောပြမယ်… ဒီဥနှစ်လုံးက သာမန်မဟုတ်ဘူး… သူတို့က နတ်ဘုရားတစ်ပါးရဲ့ ကလေးတွေ… ဒီတော့ ဒီဥအခွံတွေက ဘယ်လိုလုပ် သာမန်ဖြစ်နိုင်မှာလဲ… အဲ့ဒါက နတ်ဘုရားအခွံပဲ ”

“ ဒါ့အပြင် အရေးကြီးဆုံးက နတ်ဘုရားတွေကို သားဖောက်ပေးတဲ့ အတွေ့အကြုံကို မင်းရရှိလိမ့်မယ်… အဲ့ဒါက အနာဂတ်မှာ သားရဲအများကြီးကို မင်းသားဖောက်နိုင်အောင်လို့ ကြီးမားတဲ့ အထောက်အပံ့တွေ သေချာပေါက် ပေးလိမ့်မယ် ”

“ မင်းက ရည်မှန်းချက်ကြီးကြီး ထားရမယ်… မင်းရဲ့ သားရဲတွေထဲက အဆင့်မြင့်ဆုံးအကောင်မှာ အုပ်ချုပ်သူတစ်ပါးရဲ့ သွေးမျိုးဆက်ပဲရှိတယ်… စိတ်ကူးကြည့်စမ်းပါ တစ်နေ့ကျရင် မင်းက လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံနဲ့ အုပ်ချုပ်သူသွေးမျိုးဆက်နဲ့ သားရဲတွေအစား နတ်ဘုရားဝိညာဉ်သားရဲတွေကို ဆင့်ခေါ်နိုင်မယ်ဆိုရင် ဘယ်လောက် မိုက်လိုက်မလဲ ”

“ အဲ့ဒီအချိန်ကျရင် မင်းက ရှေးဘုရင်ရွှမ်ယုံရဲ့ အမွေအနှစ်ကို တောင်းဆိုမယ်ဆိုရင် ဘယ်သူက မင်းကို မပေးဘဲ နေရဲမှာလဲ ”

မည်သည့်စကားက ဝူကျန်းဝူကို ဆုံးဖြတ်ချက်ချမှတ်စေခဲ့ကြောင်း မသိရသော်လည်း ဆုံးဖြတ်ချက်ပြတ်သားသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အံတင်းတင်းကြိတ်လိုက်ပြီး ဤကိစ္စကို သဘောတူလိုက်သည်။ ရွှီချင်းက ခေါင်းညိတ်ပြီးနောက် ဝူကျန်းဝူသည် ရွှေဥနှစ်လုံးကို ယူဆောင်လိုက်ပြီး စံအိမ်ထဲမှ အမြန်ထွက်သွားသည်။

စံအိမ်နှင့် ဝေးရာသို့ ရောက်ရှိသွားသည့်အခါ ဝူကျန်းဝူက တီးတိုးရေရွတ်လိုက်သည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ နတ်ဘုရားဝိညာဉ်သားရဲတွေ… ”

သူ၏ အသက်ရှူသံက မြန်ဆန်လာသည်။

ဤအခိုက်အတန့်မှာ အကယ်၍ သူ၏ ဆရာသာ ပြန်ရောက်လာပြီး ဤနေရာမှာ ရှိနေမည်ဆိုလျှင် သူက သေချာပေါက် ခံစားချက်မျိုးစုံ ရောထွေးနေလိမ့်မည်။ ယင်းက ကံကောင်းခြင်းလော ကံဆိုးခြင်းလော သူသေချာပြောနိုင်လိမ့်မည် မဟုတ်ချေ။

အမှန်မှာ အတိတ်တွင် ချီယွဲ့ထုံဂိုဏ်းမှ ပထမတောင်ထွတ်၏ ကောင်းကင်အရွေးချယ်ခံသည် ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း ထိုသူက ပစ္စည်းတစ်ခုကို ရရှိပြီးနောက် သူ၏ တာအိုလမ်းစဉ်က ပြောင်းလဲသွားခဲ့သည်။

ထို့ပြင် ယင်းက သူ၏ အကျင့်စရိုက်၊ စိတ်အခြေအနေနှင့် ခံယူချက်ကို လုံးလုံး ပြောင်းလဲသွားစေခဲ့သည်။

အဆင့်မြင့်ဝိညာဉ်စံအိမ်တော်ထဲတွင် ဝူကျန်းဝူထွက်သွားပြီးနောက် အားညိုက သူ့နဖူးကို ရိုက်ချလိုက်သည်။ နူးညံ့သော အစိမ်းရောင်နွယ်ပင်က သူ၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာပြီး သူ၏ ဘေးပတ်ဝန်းကျင်ကို ရစ်ပတ်လိုက်သည်။

“ ချင်းလေး… ဒီဟာက ရတနာပဲ… အဲ့ဒါကို မင်းနဲ့ ပေါင်းစပ်နိုင်တယ်… ငါတို့က အဲ့ဒါကို ပျိုးထောင်ပေးနိုင်သရွေ့ နွယ်ပင်က တဖြည်းဖြည်း အရွယ်ရောက်လာလိမ့်မယ်… ဟဲ ဟဲ… အဲ့ဒီအချိန်ကျရင် ငါတို့က ပိုပြီးသန်မာလာလိမ့်မယ် ”

ရွှီချင်း၏ အကြည့်က နွယ်ပင်ပေါ်သို့ ကျရောက်သွားသည်။ ထိုထဲမှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်မျိုး ကိန်းအောင်းနေကြောင်း သူအာရုံခံနိုင်သည်။ သို့ဖြစ်၍ သူက ခေါင်းညိတ်လိုက်သည်။ နွယ်ပင်သည် သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

တစ်ခဏစဉ်းစားပြီးနောက် ရွှီချင်းက နွယ်ပင်ကို ဝါးမမျိုလိုက်ပေ။ ယင်းအစား သူက လက်ညှိုးထိပ်ကို ဖောက်လိုက်ပြီး သူ၏ သွေးတစ်စက်ကို နွယ်ပင်ပေါ်သို့ ကျဆင်းသွားစေသည်။ နွယ်ပင်သည် သွေးစက်ကို မြန်ဆန်စွာ စုပ်ယူလိုက်သည်။ ထို့နောက် နွယ်ပင်သည် အလွန်မြန်ဆန်သော အလျင်ဖြင့် ရွှီချင်း၏ ဒဏ်ရာထဲသို့ ဝင်ရောက်သွားသည်။

ဝိညာဉ်လှိုင်းအတတ်အကျများသည် ဤအခိုက်အတန့်မှာ ပဲ့တင်ထပ်လာသည်။

နောက်အခိုက်အတန့်မှာ ကျင်းကန်းဂိုဏ်းဘိုးဘေးက စတင်သတိထားလာပြီး အရိပ်လေးက အနည်းငယ် တုန်လှုပ်သွားသည်။

“ လှိုဏ်ဂူထဲကနေ ငါယူခဲ့တဲ့ ရုပ်သေးရုပ်အပိုင်းအစတွေလည်း ရှိသေးတယ်… အဲ့ဒါတွေက ပျက်စီးနေပြီဆိုပေမဲ့ အဲ့ဒီထဲမှာ ကိန်းအောင်းနေတဲ့ စွမ်းအားကို လျော့တွက်လို့ မရဘူး ”

ခေါင်းဆောင်က နှုတ်ခမ်းသပ်လိုက်သည်။

“ အဲ့ဒါတွေက ပစ္စည်းကောင်းတွေ ဖြစ်မယ်လို့ ငါထင်တယ်… ငါတို့ အဲ့ဒါတွေကို အတူတကွ ပေါင်းစပ်နိုင်မလား ကြိုးစားကြည့်ရအောင်… တကယ်လို့ ငါတို့က ဧရာမရှိခိုးကောင်ကို ဖန်တီးနိုင်မယ်ဆိုရင်… အဲ့ဒါက အစွမ်းထက် ဝှက်ဖဲကတ်တစ်ခု ဖြစ်လာလိမ့်မယ် ”

ခေါင်းဆောင်သည် စကားဆုံးသည်နှင့် လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ရှိခိုးကောင်အလောင်းများ၏ အပျက်အစီးအစိတ်အပိုင်းများက မြေပြင်ပေါ်မှာ ပြန့်ကျဲသွားကြသည်။ သူက ရွှီချင်းကို ခေါ်လိုက်ပြီး ယင်းတို့ကို နှစ်ယောက်အတူတူ စူးစမ်းလေ့လာလိုက်သည်။

တစ်ချိန်တည်းမှာ သူတို့က ရုပ်သေးရုပ်များကို စူးစမ်းလေ့လာနေစဉ် ပုံရိပ်တချို့သည် နန်းမြို့တော်၏ အပြင်ဘက်စက်ဝန်းထဲမှ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်၏ အရှေ့မှာ မတ်တတ်ရပ်နေကြသည်။

စည်းချအစီအရင်၏ ဘေးပတ်ဝန်းကျင်မှ လူသားကျင့်ကြံသူအားလုံးသည် မျက်နှာတည်ကြည်နေကြသည်။ ဤနေရာကို စောင့်ကြပ်နေသော ကောင်းကင်ဘုံအမတ်ဝမ်သည်ပင် တည်ကြည်လေးနက်နေပြီး ပိုပြီးသတိထားနေသည်။

ထိုအုပ်စုသည် မကြာသေးခင်ကမှ လူသားမျိုးနွယ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသော ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့သည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ လက်အောက်ခံမျိုးနွယ်စုများဖြစ်သော ပိုင်ဇီမျိုးနွယ်စုနှင့် စီအဲမျိုးနွယ်စု ဖြစ်သည်။

လူသားမျိုးနွယ်နှင့် ခန္ဓာကိုယ်မတူညီသော ထိုမျိုးနွယ်စုနှစ်ခုမှ ကျင့်ကြံသူများသည် ဤနေရာမှာ အလွန်သိသာစွာ ထင်ပေါ်နေကြသည်။ သူတို့တစ်ယောက်စီသည် မျက်နှာမကြည်မသာ ဖြစ်နေကြသည်။ ရှင်းလင်းစွာပင် စစ်ပွဲ၏ အဆုံးသတ်မှုနှင့်ပတ်သက်ပြီး သူတို့က မကျေနပ်ကြပေ။

သို့သော်လည်း ရလဒ်က သူတို့ဆုံးဖြတ်နိုင်သောအရာ မဟုတ်ပေ။ ဤတစ်ကြိမ် လူသားမျိုးနွယ်၏ နန်းမြို့တော်ဆီသို့ သူတို့ရောက်လာရသည့် တာဝန်မှာ လူသားမျိုးနွယ်နှင့် စစ်ပြေငြိမ်းရေးသဘောတူညီမှုမှာ လက်မှတ်ရေးထိုးရန် ဖြစ်သည်။

မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ကိုယ်စားလှယ်အနေဖြင့် လိုက်ပါလာသော ကျင့်ကြံသူသည်တော့ ပိုပြီးအရုပ်ဆိုးနေသည်။

ထိုသူက ဖန်းရှီရွှမ်းဖြစ်သည်။

သူ၏ မျက်နှာက မည်းမှောင်နေပြီး သူက မကျေမနပ်ဖြစ်နေသည်။ သို့သော်လည်း သူက အကူအညီမဲ့နေသည်။ ဤခရီးစဉ်တွင် သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ကြီးကြပ်ရေးမှူးအဖြစ် ရာထူးခန့်အပ်ခံထားရပြီး စစ်ပြေငြိမ်းရေးစာချုပ်မှာ လက်မှတ်ရေးထိုးရန် လက်အောက်ခံမျိုးနွယ်စုနှစ်ခုနောက်သို့ လိုက်ပါခဲ့သည်။

“ ရွှီချင်းက လူသားမျိုးနွယ်ဆီ ပြန်ရောက်နေပြီလို့ ငါကြားတယ်… ငါက ဒီခရီးစဉ်မှာ ပါဝင်ရအောင် ဘာလို့ ကံဆိုးတာလဲ ”

All Chapters