အမိန့်တော်ကို လိုက်နာခြင်း
Vol. 88 Ch. 1349
အင်ပါယာအမိန့်တော်ထဲမှ အကြောင်းအရာသည် ပိုင်ဇီမျိုးနွယ်နှင့် စီအဲမျိုးနွယ်မှ သံတမန်များ၏ ရောက်ရှိလာမှုနှင့် ဆက်စပ်နေသည်။
ရိုးရှင်းစွာပြောရလျှင် မီးလျှံလ၏ လက်အောက်ခံမျိုးနွယ်စုနှစ်ခုသည် စစ်ပြေငြိမ်းရေးနှင့် နှစ်တစ်ထောင်သဘောတူညီမှုကို လက်မှတ်ရေးထိုးရန် နန်းမြို့တော်သို့ ရောက်ရှိလာကြသည်။ သို့သော်လည်း ထိုလုပ်ငန်းစဉ်သည် အဆင်ပြေမချောမွေ့ပေ။
လက်မှတ်ရေးထိုးနေစဉ် စစ်ပွဲပြန်လည်စတင်မည့် လက္ခဏာများ ပြလာသည်။
ယင်းက မဖြစ်နိုင်သော ကိစ္စဖြစ်သော်လည်း ထိုမျိုးနွယ်စုနှစ်ခု၏ သဘောထားသည် မောက်မာထောင်လွှားပြီး သူတို့အများစု၏ တောင်းဆိုမှုများသည် အကျိုးအကြောင်းမသင့်ပေ။
ထိုသို့အခြေအနေသည် မကြာခင် စတင်တော့မည့် ဘိုးဘေးကန်တော့ပွဲအတွက် လုံးဝမကောင်းပေ။
သို့ဖြစ်၍ နန်းတော်၏ အဓိကခန်းမထဲတွင် တစ်စုံတစ်ယောက်က ရွှီချင်းကို အရှေ့ထွက်စေပြီး မျိုးနွယ်စုနှစ်ခု၏ သံတမန်များဖြင့် ဆွေးနွေးညှိနှိုင်းရန် အကြံပေးခဲ့သည်။
ယင်းကို ဝန်ကြီးအများအပြားက သဘောတူညီခဲ့ကြသည်။ သို့ဖြစ်၍ ထိုသို့အင်ပါယာအမိန့်တော်က ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရွှီချင်းက တံခါးပိတ်ကျင့်ကြံနေသော်လည်း အင်ပါယာအမိန့်တော် ရောက်ရှိလာသည့်အခါ ယင်းကို တိုက်ရိုက် ငြင်းဆန်ရန် မသင့်တော်ပေ။ အထူးသဖြင့် ဤကိစ္စမှာ သူက ညှိနှိုင်းဆွေးနွေးရန် အသင့်တော်ဆုံးလူ ဖြစ်သည်။
သို့ဖြစ်၍ တစ်ခဏကြာ တွေးတောပြီးနောက် သူက မတ်တတ်ရပ်လိုက်ပြီး မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှ ထွက်ခွာသွားသည်။ သူက အင်ပါယာအကယ်ဒမီထဲမှ ထွက်လာပြီး နှစ်ဖက်ညှိနှိုင်းဆွေးနွေးနေသော သံတမန်ရေးရာဌာနဆီသို့ လျှောက်သွားသည်။
သူက မြန်ဆန်စွာ မလျှောက်ပေ။ ယင်းအစား သူက ဖြည်းညင်းစွာ လမ်းလျှောက်နေရင်း လွန်ခဲ့သော တစ်လအတွင်းမှာ သူရရှိခဲ့သော အကျိုးအမြတ်များကို ပြန်စဉ်းစားလိုက်သည်။
ထိုအတောအတွင်း သူက မူကွဲအင်မော်တယ်ကျောင်းတော်၏ အမွေအနှစ်အားလုံးကို ဖတ်ရှုပြီးပြီ ဖြစ်သည်။
ထိုထဲမှာ နတ်ဘုရားပုံရိပ်များ၏ အပြောင်းအလဲများသာမက မူကွဲအင်မော်တယ်ကျောင်းတော်၏ အနာဂတ်နှင့်ပတ်သက်ပြီး ဘိုးဘေးများစွာ၏ အတွေးအခေါ်များနှင့် ကျင့်ကြံခြင်းအယူအဆများလည်း ပါဝင်သည်။
ထိုအရာအားလုံးက အာဟာရဓာတ်များအဖြစ် ပြောင်းလဲသွားပြီး ရွှီချင်း၏ အသိစိတ်နှင့် ပေါင်းစပ်သွားသည်။
ထို့ကြောင့် သူ၏ စိတ်ထဲမှာ အတွေးတစ်ခုက ဖြည်းဖြည်းချင်း စတင်ရုပ်လုံးပေါ်လာသည်။
ယင်းက သူနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီသော မူကွဲအင်မော်တယ်ကျင့်ကြံခြင်းအတတ်ပညာ ဖြစ်သည်။ ထို့ပြင် ယင်းက ဗလာနတ္ထိအဆင့်တွင် သူကိုယ်တိုင် ဖန်တီးထားသော ကျင့်ကြံခြင်းအတတ်ပညာလည်း ဖြစ်သည်။
သို့သော်လည်း ကျင့်ကြံခြင်းအတတ်ပညာတစ်ခုကို ဖန်တီးခြင်းသည် ခက်ခဲသော ကိစ္စဖြစ်သည်။ မူကွဲအင်မော်တယ်ကျောင်းတော်၏ လမ်းစဉ်နှင့် လိုက်ဖက်ညီသော ကျင့်ကြံခြင်းအတတ်ပညာတစ်ခုကို ဖန်တီးရန်တော့ အဆပေါင်းများစွာ ပိုပြီးခက်ခဲသည်။
သို့သော်လည်း ရွှီချင်းသည် အလျင်မလိုပေ။ သူက ဦးတည်ရာတစ်ခုကို ဝေဝေဝါးဝါး အာရုံခံမိထားသည်။
“ အဲ့ဒါကို နောက်ဆုံးအတည်မပြုခင် ပြီးပြည့်စုံအောင် အကြိမ်ကြိမ် ကြိုးစားကြည့်ရမယ်… ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ သူက တွေးတောနေရင်း အရှေ့သို့ ဆက်လျှောက်သွားသည်။ ရံဖန်ရံခါ သူက ညာလက်ကို မြှောက်လိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များကို သူ၏ အတွေးအတိုင်း လုပ်ဆောင်လေ့ရှိသည်။
ထိုသို့လုပ်ဆောင်သည့်အခါတိုင်း ထူးဆန်းသော မြင်ကွင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။
သူ၏ တစ်ကိုယ်လုံးသည် တစ်ခါတစ်ရံ ဝေဝါးလာပြီး တစ်ခါတစ်ရံ ကြည်လင်လာသည်။ တစ်ခါတစ်ရံ ထပ်ဆင့်ပုံရိပ်လွှာများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။ တစ်ခါတစ်ရံ ထပ်ဆင့်ပုံရိပ်လွှာများက ပြန်ပျောက်ကွယ်သွားကြပြီး အဝေးတစ်နေရာမှာ ထွက်ပေါ်လာကြသည်။
ထို့ပြင် အတိတ်မှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကျောင်းအုပ်ကြီးအာရုံခံမိခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ခံစားမှုသည် ဤအခိုက်အတန့်မှာ ပိုပြီးအားကောင်းလာသည်။ အသေးစား ဥပဒေသချည်မျှင်တချို့သည်ပင် လေထဲမှာ ထွက်ပေါ်လာကြသည်။
သို့သော်လည်း သူက ယင်းတို့ကို မဖမ်းဆုပ်နိုင်ပေ။
ထို့ကြောင့် သူက အသေးစား ဥပဒေသချည်မျှင်များကို တိတ်ဆိတ်စွာ အာရုံခံနေရင်း စူးစမ်းလေ့လာလိုက်သည်။
ထိုသို့ဖြင့် အချိန်သည် သူ၏ ခြေလှမ်းများနှင့်အတူ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
ထိုအခိုက်အတန့်မှာ မျိုးနွယ်ခြားများကို လက်ခံကြိုဆိုသော သံတမန်ရေးရာဌာနတွင် ညှိနှိုင်းဆွေးနွေးမှုက တစ်လကျော်အောင် ကြာမြင့်ခဲ့သော်လည်း အခြေအနေက ဆက်လက် တင်းမာနေဆဲပင်။
သံတမန်ရေးရာဌာန၏ အဓိကခန်းမထဲတွင် လူသားကျင့်ကြံသူများက ဘယ်ဘက်မှာ ရှိကြသည်။ သူတို့က မင်းသားကြီး၏ ဦးဆောင်မှုအောက်မှာ စစ်ပြေငြိမ်းရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးနိုင်အောင် ညှိနှိုင်းဆွေးနွေးနေကြသည်။
သံတမန်ရေးရာဌာနမှ အဖွဲ့ဝင်များသည် သူတို့ကို ဘေးမှ ကူညီပေးနေကြသည်။ ထို့ပြင် အခြေအနေအလုံးစုံကို စောင့်ကြည့်နေသော ကောင်းကင်ဘုရင်တစ်ပါးလည်း ရှိသည်။
ထိုကောင်းကင်ဘုရင်သည် အမျိုးသမီးဖြစ်သည်။ သူက ဆဌမမင်းသားနှင့် နီးကပ်သော ဆက်ဆံရေးရှိသည်ဟု ကောလဟာလသတင်းများ ထွက်ပေါ်ခဲ့သော ဘုရင်ယွဲ့လန်သာ ဖြစ်သည်။
ဤအခိုက်အတန့်မှာ တည်ငြိမ်သော အမူအရာဖြင့် မျက်လုံးမှိတ်ထားသော ဘုရင်ယွဲ့လန်မှလွဲ၍ တခြားလူများသည် မျက်နှာသုန်မှုန်နေကြသည်။ သူတို့အများစုသည် ဆန့်ကျင်ဘက်အရပ်မှာ ထိုင်နေကြသော မျိုးနွယ်ခြားကျင့်ကြံသူများကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။
အဓိကခန်းမ၏ ညာဘက်တွင် ပိုင်ဇီမျိုးနွယ်နှင့် စီအဲမျိုးနွယ်မှ သံတမန်များက ထိုင်နေကြသည်။ သူတို့သည် စုစုပေါင်း ဒါဇင်ခန့် ရှိသည်။
သူတို့အများစုသည် အေးစက်စက်အကြည့်ဖြင့် လူသားများကို အထင်သေးရှုံ့ချစွာ ကြည့်နေကြသည်။ သူတို့က စကားအများကြီးမပြောသော်လည်း သူတို့၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်နေကြသည်။
အထူးသဖြင့် မျိုးနွယ်စုနှစ်ခု၏ ပုဂ္ဂိုလ်နှစ်ဦး ဖြစ်သည်။ သူတို့သည် နေရာမှာ ထိုင်နေကြပြီး ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ သူတို့သည် မျိုးနွယ်စုနှစ်ခု၏ ကောင်းကင်ဘုရင်များ ဖြစ်ကြသည်။
သူတို့က မဟာလောကအများကြီးကို ပိုင်ဆိုင်ထားသော ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူများမဟုတ်သော်လည်း မဟာလောကနှစ်ခုကို ပိုင်ဆိုင်ထားပုံပေါ်သည်။ သူတို့က ဘုရင်ယွဲ့လန်ကို အထင်သေးရှုံ့ချသော အကြည့်ဖြင့် ကြည့်နေကြသည်။
မျိုးနွယ်စုနှစ်ခုမှ ပြောရေးဆိုခွင့်ရှိသူများသည်တော့ အလွန်လျှာစောင်းထက်ကြသည်။ သူတို့က စစ်ပြေငြိမ်းရေး သဘောတူညီချက်ထဲမှ အကြောင်းအရာများနှင့်ပတ်သက်ပြီး လုံးဝအလျော့မပေးသလို သူတို့၏ တောင်းဆိုချက်များကိုလည်း ထပ်မံတိုးမြှင့်ခဲ့သေးသည်။
“ ဒါဆို ဒီကိစ္စကို ဆက်ပြီး ဆွေးနွေးစရာ မလိုတော့ဘူး… ငါ့ပိုင်ဇီမျိုးနွယ်က စစ်နိုင်ထားတဲ့ ဧရိယာတွေကို ဘယ်တော့မှ လက်လျော့မှာ မဟုတ်ဘူး ”
“ စစ်သုံးပန်းတွေနဲ့ ပတ်သက်ပြီး ငါ့စီအဲမျိုးနွယ်က မင်းတို့လူသားမျိုးနွယ်နဲ့ တစ်ယောက်ချင်းပဲ လဲလှယ်ချင်တာပါ… ကျန်တဲ့ လူသားစစ်သုံးပန်းတွေကို ပြန်လွှတ်ပေးဖို့အတွက်တော့ မင်းတို့က ငါတို့တောင်းဆိုတဲ့ တန်ဖိုးအတိုင်း ပေးချေရမယ် ”
“ လူသားမျိုးနွယ်က ကိုယ့်အမျိုးအနွယ်တွေရဲ့ လွတ်လပ်ခွင့်အတွက် ဘာဖြစ်လို့ အဲ့လောက်တောင် နှမြောတွန့်တိုနေတာလဲ ”
“ ဒါ့အပြင် ငါတို့မျိုးနွယ်စုနှစ်ခုကြားက ရင်းနှီးကျွမ်းဝင်မှုကို အဓွန့်ရှည်တည်တံ့အောင်လို့ မျိုးနွယ်စုရဲ့ လျှို့ဝှက်အတတ်ပညာတွေကို ညီတူညီမျှ လဲလှယ်ကြမယ်… ငါတို့က တစ်ခုပေး တစ်ခုပြန်ယူပုံစံမျိုး လဲလှယ်မှာပါ… မင်းတို့ မနစ်နာပါဘူး ”
ထိုစကားများကို ကြားသောအခါ လူသားမျိုးနွယ်ဘက်မှ ကျင့်ကြံသူများ၏ အမူအရာသည် မည်းမှောင်သွားသည်။ အသက်ရှူချိန်အနည်းငယ်ကြာ နှုတ်ဆိတ်နေပြီးနောက် မင်းသားကြီး၏ သဘောထားသည် မီးလျှံလတွင် သူရှိနေခဲ့စဉ်ကနှင့် ခြားနားသွားသည်။ သူ၏ အကြည့်က ဝင်းလက်တောက်ပလာသည်။
“ တကယ်လို့ မင်းတို့မျိုးနွယ်စုနှစ်ခုက ငါတို့လူသားမျိုးနွယ်ရဲ့ ဧရိယာတွေကို ပြန်မပေးဘူးဆိုရင် ငါတို့က အာရုဏ်ဦးနေမင်းကို ပစ်လွှတ်လိုက်မယ်… တကယ်လို့ မင်းတို့က စစ်ပွဲပြန်စတင်ချင်တယ်ဆိုရင် ငါတို့လူသားမျိုးနွယ်က အဆုံးထိ မင်းတို့နဲ့ ကစားပေးမယ် ”
“ စစ်သုံးပန်းတွေကို ပြန်လွှတ်ပေးဖို့အတွက် မင်းတို့တွေက မတန်တဆဈေးကို တောင်းတယ်ဆိုပေမဲ့ အဲ့ဒါကို ငါတို့လက်ခံတယ် ”
“ ဒါပေမဲ့ ငါတို့လူသားမျိုးနွယ်ဆီမှာ လျှို့ဝှက်အတတ်ပညာတွေ လဲလှယ်ချင်းနဲ့ပတ်သက်ပြီး ရှည်လျားတဲ့ သမိုင်းကြောင်း ရှိခဲ့တယ်… ငါတို့က အတိတ်မှာ ဝမ်ကူးကုန်းမြေကို စည်းလုံးညီညွတ်စေခဲ့ပြီး လျှို့ဝှက်အတတ်ပညာတွေ အများကြီးကို စုဆောင်းခဲ့တယ်… အဲ့ဒါက မင်းတို့မျိုးနွယ်စုရဲ့ စုတ်စုတ်ပြတ်ပြတ် လျှို့ဝှက်အတတ်ပညာတွေနဲ့ နှိုင်းယှဉ်နိုင်လို့လား… မင်းတို့က တစ်ခုပေး တစ်ခုပြန်ယူလို့ပြောရအောင် မင်းတို့ရဲ့ လျှို့ဝှက်အတတ်ပညာတွေက ဘယ်လောက်တန်ဖိုးရှိလို့လဲ ”
“ ရယ်စရာကောင်းလိုက်တာ… အခုသုံးဆယ်နဲ့ တစ်ခုပဲ လဲလှယ်နိုင်မယ်… မဟုတ်ရင် ငါတို့မလဲလှယ်ဘူး ”
မင်းသားကြီး၏ စကားကို ကြားသောအခါ ပိုင်ဇီမျိုးနွယ်နှင့် စီအဲမျိုးနွယ်မှ သံတမန်များ၏ အရှိန်အဝါသည် တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ သူတို့၏ မျက်လုံးထဲမှာ အေးစက်စက်အကြည့် ထွက်ပေါ်လာသည်။
သူတို့အတွက်တော့ စစ်ပြေငြိမ်းရန် သဘောတူလိုက်ခြင်းက လူသားမျိုးနွယ်ကို ကြီးမားသော လက်ဆောင်တစ်ခု ပေးကမ်းလိုက်ခြင်း ဖြစ်သည်။ အမှန်မှာ သူတို့က ထိုကိစ္စကို လုံးဝမကျေနပ်ကြပေ။ သို့သော်လည်း သူတို့သည် မီးလျှံလ၏ အမိန့်ကို မနာခံဝံ့ဘဲ မနေနိုင်ကြပေ။
သို့ဖြစ်၍ သူတို့က ထိုမကျေနပ်မှုကို လူသားမျိုးနွယ်အပေါ်သို့ ပုံချလိုက်လေရာ ဤညှိနှိုင်းဆွေးနွေးမှုက ထုံးစံအားဖြင့် အဆင်ပြေမချောမွေ့တော့ပေ။ ထို့ကြောင့် သူတို့က မောက်မာထောင်လွှားကြသည်။
အမှန်မှာ သူတို့တွေးထားကြသည်မှာ အကယ်၍ မီးလျှံလက သူတို့ကို မတားဆီးခဲ့ဘဲ စစ်ပွဲကို ဆက်လက် ဖြစ်ပွားစေခဲ့မည်ဆိုလျှင် သူတို့က လူသားမျိုးနွယ်ကို အနိုင်ရရှိလိမ့်မည်။ သူတို့က တခြားလက်အောက်ခံမျိုးနွယ်စုများကိုပင် စည်းရုံးသိမ်းသွင်းပြီး စစ်တပ်များ စေလွှတ်ကာ လူသားမျိုးနွယ်၏ နန်းမြို့တော်အထိ တိုက်ခိုက်သိမ်းပိုက်နိုင်လိမ့်မည်ဟု တွေးထင်နေကြသည်။
ထို့ကြောင့် ပိုင်ဇီမျိုးနွယ်နှင့် စီအဲမျိုးနွယ်မှ ကောင်းကင်ဘုရင်များ၏ အကြည့်ထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။ ဘုရင်ယွဲ့လန်သည်တော့ သူ၏ အကြည့်က တောက်လောင်နေပြီး အလျှော့ပေးမည့် အရိပ်အယောင် မပြချေ။
သူက အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း သူ၏ အကျင့်စရိုက်က ဒေါသကြီးပြီး တဇွတ်ထိုးဆန်သည်။ သူက ယောင်္ကျားသားအများစုထက်ပင် ပိုပြီးသွေးဆာသည်။
ထို့ပြင် မျိုးနွယ်ခြားများဖြင့် တိုက်ခဲ့ရန် သူဦးဆောင်ခဲ့သော စစ်တပ်များသည် မည်သည့်အခါမှ စစ်သုံးပန်းများ မဖမ်းဆီးခဲ့ပေ။
သူက စစ်သုံးပန်းအားလုံးကို သတ်ဖြတ်ရန် အမိန့်ပေးခဲ့သည်။
အမှန်မှာ သူက စစ်ပွဲအောင်နိုင်ရေးအတွက် မျိုးနွယ်ခြားတစ်ခုလုံးကို အမြစ်ဖြတ်သုတ်သင်ခဲ့ဖူးသည်။ သူက ပိုပြီးကောင်းမွန်သော ရလဒ်အတွက် သူ၏ လက်အောက်ငယ်သားများကို စတေးခိုင်းရန် တုံ့ဆိုင်းနေမည့်လူ မဟုတ်ချေ။
အကယ်၍ ပိုပြီးကောင်းမွန်သော ရလဒ်အတွက် သူ့ကိုယ်သူ စတေးရမည်ဆိုလျှင်ပင် သူက နောက်တွန့်နေမည့်လူ မဟုတ်ချေ။
ဘုရင်ယွဲ့လန်၏ အရှိန်အဝါထဲမှာ မျိုးနွယ်ခြားများ၏ အလွန်သိပ်သည်းသော သွေးနံ့ဖြင့် ပြည့်နှက်နေသည်။ သူ့ကို သွေးဆာလောင်သူဟု ဆိုနိုင်ပေသည်။
“ ဆက်ပြီး ဆွေးနွေးစရာ မလိုတော့ဘူး… ဒီနေရာမှာ တစ်လကျော် ထိုင်နေပြီး အချိန်ဖြုန်းနေဖို့ ငါ့မှာ အဲ့လောက်အချိန်မပေါဘူး… အခုချက်ချင်း စစ်ပွဲပြန်စတင်ဖို့ အမိန့်ထုတ်လိုက်... စိတ်ကျေနပ်အောင် ငါလူအလုံအလောက် မသတ်ရသေးဘူး ”
ဘုရင်ယွဲ့လန်က ဖြည်းညင်းစွာ ပြောသည်။
သူ၏ အက်ရှရှအသံက ပျံ့လွင့်သွားသည့်အခါ ခန်းမထဲတွင် ပြင်းထန်သော သွေးနံ့ဖြင့် ပြည့်နှက်သွားသည်။
မျိုးနွယ်ခြားကောင်ကင်ဘုရင်နှစ်ပါးသည် ချက်ချင်း မတ်တတ်ထရပ်လိုက်ကြသည်။ တိုက်ပွဲစိတ်ဆန္ဒက သူတို့ထံမှ ပေါ်လျှိုးထွက်လာသည်။
ထိုမြင်ကွင်းကို မြင်သွားသောအခါ မင်းသားကြီးသည် ခေါင်းကိုက်သွားသည်။ လွန်ခဲ့သောတစ်လအတွင်း ထိုသို့မြင်ကွင်းကို သူမြင်တွေ့ခဲ့သည်မှာ ယခုတစ်ကြိမ်အပါအဝင်ဆိုလျှင် ငါးကြိမ်ရှိသွားပြီ ဖြစ်သည်။
ထို့ပြင် ငါးကြိမ်ထက် ပိုဖြစ်နိုင်ကြောင်းကိုလည်း သူအာရုံရနေသည်။
စစ်ပွဲပြန်စတင်ရန် မဖြစ်နိုင်ကြောင်း သူသိထားသော်လည်း ထိုသို့ဖြစ်လာနိုင်သော အခွင့်အရေးတစ်ခု ရှိနေဦးမည်ကို သူစိုးရိမ်သည်။ မည်သို့ဖြစ်ပါစေ မည်သူမှ ဤသို့ကိစ္စကို တစ်ရာရာခိုင်နှုန်း အာမမခံနိုင်ပေ။
ထို့ပြင် ဤတစ်လကျော်အတွင်းမှာ မီးလျှံလ၏ ကြီးကြပ်ရေးမှူးသည် ပထမတစ်ရက်မှာ ထွက်ပေါ်လာပြီးနောက် နောက်ထပ် ထွက်ပေါ်မလာတော့ပေ။
အကယ်၍ ထိုလူသာ အရှေ့ထွက်လာမည်ဆိုလျှင် ညှိနှိုင်းဆွေးနွေးမှုသည် ထိုသို့ဖြစ်လာလိမ့်မည် မဟုတ်ချေ။ မည်သို့ဖြစ်ပါစေ ထိုလူက မီးလျှံလကို ကိုယ်စားပြုပြီး မီးလျှံလ၏ သူတော်စင်နတ်ဆရာသုံးပါးက စစ်ပွဲကို ရပ်တန့်စေရန် အမိန့်ထုတ်ပြန်ခဲ့သည်မဟုတ်ပါလော။
“ ဘာလို့ ဖန်းရှီရွှမ်းက အဲ့လိုလုပ်တာလဲ… သူက ရွှီချင်းကို ရှောင်နေတာလား ”
မင်းသားကြီးက တုံ့ဆိုင်းနေသည်။ သူက အကြောင်းအရာအသေးစိတ်ကို မသိသော်လည်း ဖန်းရှီရွှမ်း၏ လုပ်ရက်ကြောင့် ဇဝေဇဝါဖြစ်သွားသည်။
ယခု အုပ်စုနှစ်ဖက်က ထပ်မံတိုက်ခိုက်ကြတော့မည်ကို မြင်သွားသောအခါ မင်းသားကြီးသည် သူ့ကိုယ်သူ အားပေးလိုက်သည်။ သူက ယခင်က လုပ်ဆောင်ခဲ့ဖူးသော နည်းလမ်းအတိုင်း ယနေ့ညှိနှိုင်းဆွေးနွေးမှုကို အဆုံးသတ်ရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ…
တည်ငြိမ်သော စကားသံသည် သံတမန်ရေးရာဌာန၏ ဝင်ပေါက်ဂိတ်တံခါးမှ ထွက်ပေါ်လာသည်။
“ ဘာတွေစကားများနေကြတာလဲ ”
ထိုအသံက ပျံ့လွင့်လာသည့်အခါ ခန်းမထဲမှ လူသားများ၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူတို့က အံ့ဩသွားကြသည်။ မင်းသားကြီးသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး အပြင်သို့ အမြန်ထွက်လျှောက်သွားသည်။ ဤသည်မှာ သူက လူသားဧကရာဇ်ကို မြင်လိုက်ရသည့်အလားပင်။
မျိုးနွယ်စုနှစ်ခုမှ ကျင့်ကြံသူများ၏ အမူအရာသည်လည်း သိသာစွာ ပျက်ယွင်းသွားသည်။
ကောင်းကင်ဘုရင်နှစ်ပါးသည်ပင် နှလုံးခုန်မြန်လာပြီး ဂိတ်တံခါးဆီသို့ မြန်ဆန်စွာ လှည့်ကြည့်လိုက်ကြသည်။
လူတိုင်း၏ အကြည့်အောက်မှာ သေးသွယ်သော ပုံရိပ်တစ်ခုသည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်လျက် မထူးမခြားနား အမူအရာဖြင့် အထဲသို့ လျှောက်လာသည်။ ဆံပင်ရှည်သည် သူ၏ ပခုံးထက်မှာ ကျဆင်းနေပြီး သူ၏ မျက်နှာသည် ပြစ်ချက်မဲ့အောင် ချောမောခန့်ညားသည်။
နေရောင်ခြည်သည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ရောင်ခြည်စက်ကွင်းတစ်ခုပမာ ဖြစ်တည်နေသည်။ ဤသည်မှာ နေအလင်းရောင်သည်ပင် သူ့ကို အညံ့ခံရသည့်အလားပင်။
ထိုသူသည် ရွှီချင်းမှလွဲ၍ တခြားမဟုတ်ပေ။
မင်းသားကြီးသည် ခြေလှမ်းကျဲကြီးများဖြင့် အမြန်လျှောက်လာပြီး ရွှီချင်း၏ အရှေ့မှာ ရပ်လိုက်သည်။ သူက ဂျူနီယာတစ်ယောက်ပမာ အရိုအသေပေးလိုက်သည်။
“ ပညာရှိအမတ်ကို နှုတ်ဆက်ပါတယ် ”
တခြားလူသားကျင့်ကြံသူများသည်လည်း ဦးညွတ်လိုက်ကြသည်။
“ ဘုရင်ကျန်းကန်ကို နှုတ်ဆက်ပါတယ် ”
ဘုရင်ယွဲ့လန်သည် သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ပြန်ရုပ်သိမ်းလိုက်သည်။ သူက အမူအရာကင်းမဲ့စွာ ဆက်ရှိနေသော်လည်း ရွှီချင်းကို ခေါင်းညိတ်ပြလိုက်သည်။
ရွှီချင်းသည်လည်း ခေါင်းညိတ်ပြီး ပြန်တုံ့ပြန်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က ညာဘက်မှ မျိုးနွယ်စုနှစ်ခု၏ ကျင့်ကြံသူများအပေါ်သို့ ကျရောက်သွားသည်။
သူက လှမ်းကြည့်လိုက်သည့်အခိုက် ပိုင်ဇီမျိုးနွယ်နှင့် စီအဲမျိုးနွယ်မှ ကျင့်ကြံသူများသည် အသက်ရှူချိန်အနည်းငယ်ကြာ နှုတ်ဆိတ်သွားကြသည်။ ရွှီချင်း၏ အကြည့်က အေးစက်သွားသည်နှင့် သူတို့က ထိုင်ခုံမှ ချက်ချင်း ထလိုက်ကြပြီး ရွှီချင်း၏ အရှေ့မှာ ဒူးထောက်လိုက်ကြသည်။
သူတို့၏ ကျင့်ကြံခြင်းအခြေခံက မည်မျှမြင့်မားပါစေ ဒူးထောက်လိုက်ကြရသည်။ ကောင်းကင်ဘုရင်နှစ်ပါးသည်ပင် ချွင်းချက်မဟုတ်ပေ။
သူတို့က စိတ်ထဲမှာ မည်မျှဆန္ဒမရှိပါစေ သို့မဟုတ် မည်မျှဒေါသထွက်နေပါစေ ဒူးထောက်ရဆဲပင်။
အဘယ့်ကြောင့်ဆိုသော် မဟာရွှမ်ထျန်းစစ်သူကြီးဟူသော သရုပ်ကြောင့် ဖြစ်သည်။
“ မဟာရွှမ်ထျန်းစစ်သူကြီးကို နှုတ်ဆက်ပါတယ် ”
လက်အောက်ခံမျိုးနွယ်စုများသည် မဟာရွှမ်ထျန်းစစ်သူကြီးကို မြင်သည့်အခါ ဒူးထောက်ရမည်။
မျိုးနွယ်စုနှစ်ခု၏ ကောင်းကင်ဘုရင်များသည်ပင် သူတို့က မျိုးနွယ်ကို ဆက်လက် ဂရုစိုက်သေးပြီး မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်အပေါ် ရိုသေလေးစားသည်ဆိုလျှင် ထိုအတိုင်း လုပ်ဆောင်ရလိမ့်မည်။ ယင်းက စည်းမျဉ်းဖြစ်သည်။
ထိုစည်းမျဉ်းကို မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က ချမှတ်ထားခြင်း ဖြစ်သည်။
တစ်စုံတစ်ယောက်က ထိုစည်းမျဉ်းကို ချိုးဖောက်လျှင် သေသည်ထက် ပိုပြီးဆိုးဝါးသော အကျိုးဆက်များကို ခံစားရလိမ့်မည်။
ဤနေရာမှ လူသားများသည် ထိုမြင်ကွင်းကို မြင်သွားသောအခါ သူတို့၏ အမူအရာက ပြောင်းလဲသွားသည်။ အံ့ဩထိတ်လန့်မှုက သူတို့၏ စိတ်ထဲမှာ ကောင်းကင်ဘုံမိုးခြိမ်းသံသဖွယ် ထွက်ပေါ်လာသည်။
သူတို့က မဟာရွှမ်ထျန်းစစ်သူကြီး၏ ဂုဏ်အရှိန်အဝါကို သိထားသော်လည်း သိထားခြင်းနှင့် ကိုယ်တိုင်မြင်ခြင်းသည် မတူကွဲပြားသော အရာနှစ်ခု ဖြစ်သည်။ သို့ဖြစ်၍ ရွှီချင်း၏ အဆင့်အတန်းကို ကိုယ်တိုင်မြင်တွေ့လိုက်ရသောအခါ မည်သို့ကြောင့် သူတို့က မထိတ်လန့်သွားဘဲ နေမည်နည်း။
ဘုရင်ယွဲ့လန်သည်ပင် မျက်လုံးဝင်းလက်သွားသည်။ ရှင်းလင်းစွာပင် သူ၏ နှလုံးသားထဲမှာ လှိုင်းတချို့ ဖြစ်ပေါ်လာသည်။
ရွှီချင်း၏ အကြည့်က မျိုးနွယ်စုနှစ်ခုမှ ကျင့်ကြံသူများအပေါ်သို့ ဖြတ်သန်းသွားသည်။ နောက်ဆုံးမှာတော့ သူ၏ အကြည့်က သူတို့ထဲမှ မျိုးနွယ်ခြားတစ်ယောက်အပေါ်သို့ ကျရောက်သွားသည်။ သူက တည်ငြိမ်စွာ ပြောသည်။
“ ဖန်းရှီရွှမ်းက ဘယ်မှာလဲ ”
အင်ပါယာအမိန့်တော်မှတဆင့် မီးလျှံလ၏ သံတမန်က မည်သူဖြစ်ကြောင်း သူသိထားသည်။
“ မဟာရွှမ်ထျန်းစစ်သူကြီးကို တင်ပြပါတယ်… ဘုရင်ဖန်းက… သူ တံခါးပိတ်ကျင့်ကြံနေပါတယ် ”
ရွှီချင်း၏ စိုက်ကြည့်ခံလိုက်ရသော ပိုင်ဇီမျိုးနွယ်ဝင်သည် နှလုံးတုန်သွားသည်။ ရွှီချင်းနှင့် ရွှမ်မီးလျှံကြားမှ တိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့ဖူးသောကြောင့် ရွှီချင်းက မည်မျှကြောက်စရာကောင်းကြောင်း သူသိသည်။ ထို့ကြောင့် သူက ကိုယ့်ကိုယ်ကို အားပေးလိုက်ပြီး ပြောသည်။
ရွှီချင်းသည် မည်သည့်စကားမှ မပြောပေ။ သူက လူသားမျိုးနွယ်ဘက်သို့ လျှောက်သွားပြီး ထောင့်နားမှ ထိုင်ခုံပေါ်မှာ ထိုင်လိုက်သည်။
“ မင်းတို့ ဆက်ဆွေးနွေးကြပါ ”
ထိုသို့ပြောပြီးနောက် ရွှီချင်းက မျက်လုံးမှိတ်လိုက်ပြီး မူကွဲအင်မော်တယ်အတတ်ပညာအကြောင်းကို ဆက်ပြီး ဆင်ခြင်သုံးသပ်လိုက်သည်။ သူက ဤနေရာမှာ ဖြစ်ပွားနေသော ကိစ္စကို စိတ်မဝင်စားသည့်အလားပင်။
သို့သော်လည်း ရွှီချင်း၏ တည်ရှိမှုက သူ၏ သဘောထားကို ဖော်ပြပြီးပြီ ဖြစ်သည်။