လျှို့ဝှက်အကြံအစည်တွေ ထွက်ပေါ်လာပြန်ပြီ
Vol. 88 Ch. 1351
ယခင်က အားညိုပြောခဲ့ဖူးသည်။ လူတစ်ယောက်က သင့်တင့်သော အမြင့်တစ်ခုသို့ ရောက်ရှိသွားသည့်အခါ သူ့ဘေးမှ လူများသည် ကြင်နာစွာ ဆက်ဆံလာလိမ့်မည်။
သို့သော်လည်း ယင်းက စစ်မှန်သော ကြင်နာမှု မဟုတ်ပေ။
ယင်းအစား တခြားအတွေးများက ဖိနှိပ်ခံရပြီးနောက် ထွက်ပေါ်လာသော အတုအယောင် ကြင်နာမှုသာ ဖြစ်သည်။
လူသားအားလုံးသည် သူတော်စင်များ မဟုတ်ကြပေ။
အတိတ်တုန်းက သတ္တမမင်းသား၏ လုပ်ရက်သော်လည်းကောင်း သို့မဟုတ် မောက်မာထောင်လွှားသော ဘုရင်ထျန်းလန်၏ သဘောထားသော်လည်းကောင်း သို့မဟုတ် လူသားမျိုးနွယ်၏ မဟာသင်္ဘောကြီးထဲမှာ အသက်ရှင်နေကြသော အင်အားစုအသီးသီးမှာသော်လည်းကောင်း…
သူတို့အားလုံးဆီမှာ ကိုယ်ပိုင်အတွေးအခေါ်နှင့် စိတ်ဝင်စားမှုများ ရှိကြသည်။
ပုံမှန်အားဖြင့် လူသားများသည် အင်အားကို ရှာဖွေရန်အတွက် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် လှည့်စားကြလေ့ ရှိသည်။ ယင်းက ထူးဆန်းသော ကိစ္စမဟုတ်ပေ။
အလုံးစုံအခြေအနေကို သုံးသပ်ကြည့်မည်ဆိုလျှင် သူတို့က လူသားဧကရာဇ်၏ ဖိနှိပ်ခံထားရသည်။ လူသားဧကရာဇ်၏ တည်ရှိမှုသည် မျိုးနွယ်၏ အကျိုးစီးပွားတိုးတတ်ရေးနှင့် စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုသည်။
သို့သော်လည်း တကယ့်လက်တွေ့တွင် စည်းလုံးညီညွတ်မှုသည် မျိုးနွယ်က သေခြင်းရှင်ခြင်းကပ်ဘေးဖြင့် ရင်ဆိုင်ရသည့်အခါမှသာ ဖြစ်ပေါ်လာနိုင်သည်။
သို့မဟုတ် ရှေးဘုရင်ရွှမ်ယုံကဲ့သို့ ပညာရှင်ကျင့်ကြံသူတစ်ဦး ထွက်ပေါ်လာသည့်အခါ ဖြစ်နိုင်ပေသည်။ အကြွင်းမဲ့အင်အားကို အသုံးပြု၍ ခေတ်များကို ဖိနှိပ်ပြီး မကောင်းမှုကို ကောင်းမှုအဖြစ် အတင်းအဓမ္မ ပြောင်းလဲစေမည်။
ထိုအခါ ရှုပ်ထွေးမှုက ဖိနှိပ်ခံရပြီး ရိုးရှင်းမှုအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ မကျေနပ်မှုသည် ဖိနှိပ်ခံရပြီး ဆန္ဒရှိမှုအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။
သို့မဟုတ်လျှင် အချိန်တိုင်း နေရာတိုင်းမှာ စိတ်ရှုပ်ထွေးစရာ အတွေးများ၊ သူတစ်ပါးကို ဒုက္ခပေးချင်သော စိတ်နှင့် ကိုယ့်ကျိုးစီးပွားကိုသာ ရှေးရှုလိုသော စိတ်က အမြဲတမ်း ဖြစ်ပေါ်နေလိမ့်မည်။
ရွှီချင်းသည် ထိုသဘောတရားကို နားလည်ထားသည်။ ယနေ့အဖြစ်အပျက်က သူ့အား ထိုသဘောတရားကို ပိုပြီးနက်ရှိုင်းစွာ နားလည်သွားစေသည်။
သို့ဖြစ်၍ ဘုရင်ယွဲ့လန်မှာ မည်သည့်ရည်ရွယ်ချက်ရှိကြောင်းက အရေးမကြီးတော့ပေ။
ရွှီချင်းသည် တည်ငြိမ်သော အမူအရာဖြင့် ဘုရင်ကျန်းယန်ကို ကြည့်လိုက်သည်။
ဘုရင်ကျန်းယန်သည် အနောက်လှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက နူးညံ့စွာ ပြောသည်။
“ ဝမ်ကူးကုန်းမြေက အမှောင်ညနဲ့ တူတယ်… မင်းရယ် ငါရယ် သက်ရှိအားလုံးရယ်က အမှောင်ထုထဲမှာ နေနေရတယ်… ”
“ တချို့က အမှောင်ထုရဲ့ အနက်ပိုင်းထဲကို ကျရောက်သွားကြတယ်… တချို့ကတော့ ရုန်းကန်နေကြဆဲပဲ… ”
“ ဘာလို့လဲဆိုတော့ သူတို့ရှာဖွေနေတဲ့ အလင်းရောင်က သေချာပေါက် တည်ရှိနေလို့ပဲ ”
ထိုသို့ပြောပြီးနောက် ဘုရင်ကျန်းယန်က နူးညံ့စွာ သက်ပြင်းချလိုက်ပြီး ရွှီချင်းဆီသို့ လျှောက်သွားသည်။
ရွှီချင်းက နက်နဲစွာ စဉ်းစားတော့မည့်အချိန် ဘုရင်ကျန်းယန်၏ အသံက သူ၏ နားထဲသို့ ပဲ့တင်ထပ်သွားသည်။
“ ဘုရင်ယွဲ့လန်က မင်းကို တိုက်ခိုက်ရတဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခု ရှိသေးတယ်… သူ့ရဲ့ ရည်ရွယ်ချက်က ငါ့ရဲ့ သဘောထားကို စမ်းသပ်ချင်တာ ဖြစ်နိုင်တယ်… ”
စူးရှသော အလင်းရောင်က ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
မင်းသားကြီးနှင့် တခြားလူများသည်လည်း အမြန်ပြေးလာကြသည်။ သူတို့အားလုံးက စိုးရိမ်ကြောက်လန့်နေကြသည်။ အထူးသဖြင့် မင်းသားကြီးပင်။ သူ၏ နှလုံးသားထဲမှာ ဘုရင်ယွဲ့လန်အပေါ် ဒေါသဖြင့် ပြည့်နှက်နေသည်။
“ ပညာရှိအမတ်… ”
မင်းသားကြီးက တစ်စုံတစ်ခုပြောရန် ပြင်လိုက်စဉ် ရွှီချင်းက ခေါင်းခါလိုက်သည်။
“ ဒါ မင်းနဲ့မဆိုင်ဘူး ”
ထိုသို့ပြောပြီးနောက် ရွှီချင်းက အနောက်လှည့်လိုက်ပြီး အရှေ့သို့ လျှောက်သွားသည်။ မကြာမီ သူက ဤနေရာမှ ပျောက်ကွယ်သွားသည်။
သူက ပြန်ပေါ်လာသည့်အခါ သံတမန်ရေးရာဌာနနှင့် မနီးမဝေးမှ လမ်းမပေါ်သို့ ရောက်ရှိသွားနှင့်သည်။ သူက လမ်းလျှောက်နေရင်း ယခင်က အဖြစ်အပျက်များကို ပြန်တွေးတောလိုက်သည်။ အထူးသဖြင့် သူက ဘုရင်ကျန်းယန်၏ စကားကို အာရုံစိုက်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူက အဆင့်မြင့်ဝိညာဉ်စံအိမ်တော်ဆီသို့ ပြန်ရောက်သွားသည်။ ထို့နောက် သူက အစောနက အဖြစ်အပျက်ကို စိတ်ထဲမှာ ဖိနှိပ်ထားလိုက်သည်။ ယင်းက နန်းမြို့တော်သို့ ပထမဆုံးအကြိမ် သူရောက်လာခဲ့စဉ်က ကိစ္စများကို ပြန်အမှတ်ရသွားစေသည်။
ညအမှောင်ထဲမှာ လုပ်ကြံခံရခြင်းသော်လည်းကောင်း သို့မဟုတ် အာရုဏ်ဦးနေမင်း အခိုးခံရခြင်းသော်လည်းကောင်း သို့မဟုတ် အင်ပါယာအကယ်ဒမီထဲမှ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ကိစ္စကြီးသော်လည်းကောင်း သို့မဟုတ် နေအိမ်ထဲမှာ သူမြင်တွေ့ခဲ့ရသော ပုံရိပ်သော်လည်းကောင်း ယင်းတို့အားလုံးက ရွှီချင်း၏ စိတ်ထဲမှာ ဒီရေအလား ထွက်ပေါ်လာကြသည်။
“ လူသားဧကရာဇ်နဲ့ ပရောဟိတ်ဆရာကြားမှာ သဘောတူညီမှုတစ်ခု ရှိရမယ်… သူတို့က ကစားပွဲတစ်ခုကို ကစားနေကြတယ်… ”
“ ပြီးတော့ တတိယလူလည်း ရှိသေးတယ်… ”
ရွှီချင်းက နှုတ်ဆိတ်သွားသည်။ ယခင်က သူသည် စစ်တုရင်အရုပ်တစ်ခုသာ ဖြစ်သည်။ သူက ဧကရာဇ်ဓားကို ရရှိထားသည့်တိုင် မဟာနန်းမြို့တော်ဒေသကြီးအတွင်းမှာ ရှိနေသေးသရွေ့ စစ်တုရင်ခုံပေါ်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ယခု သူ၏ အဆင့်အတန်းသော်လည်းကောင်း သို့မဟုတ် တိုက်ပွဲစွမ်းအားအရသော်လည်းကောင်း သူက စစ်တုရင်ကစားသမားတစ်ယောက် ဖြစ်လာရန် အရည်အချင်းပြည့်မီသွားသည်။
အဆင့်မြင့်ဝိညာဉ်စံအိမ်တော်သို့ ရောက်ရှိသွားသည့်အခါ ရွှီချင်းက ခေါင်းမော့လိုက်ပြီး နန်းတော်ဆီသို့ လှမ်းကြည့်လိုက်သည်။
အမှောင်ညအချိန်၌ ထိုနေရာမှာ ဝေဝါးနေသော ရှေးဘုရင်ဂြိုလ်ကို သူကြည့်လိုက်သည်။
သူ၏ အကြည့်က လေးနက်နေသည်။
“ မြှုပ်ကွက်အားလုံးက ဘိုးဘေးတွေကို လူသားဧကရာဇ် အရိုအသေပေးတဲ့အခါ ထွက်ပေါ်လာလောက်တယ်… ”
အမှောင်ညအချိန်တွင် လျှပ်စီးသည် ရုတ်တရက် ဝင်းလက်သွားပြီး မိုးခြိမ်းသံသည် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။ ယင်းက အရပ်မျက်နှာအဘက်ဘက်သို့ ထစ်ချုန်းသွားသည့်အခါ အနက်ရောင်တိမ်တိုက်များက လှုပ်ခါသွားကြသည်။
ကောင်းကင်သည် ပြောင်းလဲသွားသည်။
တိမ်တိုက်များက လှုပ်ခါသွားပြီး မိုးက လူသားလောကဆီသို့ ကျဆင်းလာသည်။
မိုးသည် တဖြည်းဖြည်း ပိုသည်းထန်လာပြီး အဆုံးမဲ့စွာ ရွာသွန်းနေသည်။
ရွှီချင်းက အဆင့်မြင့်ဝိညာဉ်စံအိမ်တော်၏ ဂိတ်တံခါးကို တွန်းဖွင့်လိုက်သည်။ သူက စံအိမ်ထဲသို့ ဝင်ရောက်တော့မည့်အချိန် ပုံရိပ်တစ်ခုက အဝေးမှ ပြေးလာသည်။
“ ဂျူနီယာညီလေး… ဘာဖြစ်တာလဲ… ဆရာလို့ သံသယရှိတဲ့ လူတစ်ယောက်နောက်ကို ငါနောက်ယောင်ခံလိုက်နေတဲ့အချိန်မှာ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ရဲ့ အရှိန်အဝါအားလှိုင်းကို အာရုံခံမိခဲ့တယ် ”
အားညို၏ ထွက်ပေါ်လာမှုက ရွှီချင်း၏ မည်းမှောင်နေသော မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာစေသည်။
ရှုပ်ထွေးပွေလီသော လောကကြီးထဲမှာ ပြဿနာများက အကြောင်းအရင်းမရှိဘဲ ထွက်ပေါ်လာတတ်ကြောင်း သူမြင်တွေ့သွားပြီးနောက် ယခု အားညိုကို မြင်လိုက်ရသောအခါ တစ်ဖက်လူ၏ ရိုးသားမှုနှင့် ရိုးရှင်းမှုက ပိုပြီးတန်ဖိုးကြီးလာသည်။
ရိုးသားသော လူများသည် ဤလောကကြီးထဲမှာ အလွန်ရှားပါးသည်။
ကံကောင်းစွာဖြင့် ရွှီချင်း၏ ဘေးမှာ ထိုသို့လူတစ်ယောက် ရှိသည်။
ရွှီချင်းက ဝမ်းသာပျော်ရွှင်သွားသည်။
“ ဘာမှမဟုတ်ပါဘူး ”
ရွှီချင်းက ပြောသည်။
အားညိုက အံ့ဩသွားသည်။ ရွှီချင်းကို ကြည့်ပြီးနောက် သူက ရယ်မောလိုက်သည်။
“ ဒါဆို ငါစိတ်အေးသွားပြီ… ဒါပေမဲ့ ချင်းလေး… အတိတ်မှာ ငါကပဲ ကိစ္စကြီးတွေ လုပ်ဆောင်ဖို့ မင်းကို ခေါ်သွားခဲ့တာမဟုတ်လား… ဒီတော့ မင်းက ကိစ္စကြီးတစ်ခုကို လုပ်ဆောင်ဖို့ ပြင်ဆင်နေပြီး မင်းရဲ့ စီနီယာအကိုကြီးကို မဖိတ်ခေါ်ဘူးဆိုရင် ငါစိတ်ဆိုးလိမ့်မယ် ”
ခေါင်းဆောင်၏ အနံ့ခံနိုင်စွမ်းက အတော်လေး ထူးခြားသည်ဟု ဆိုရမည်။
ရွှီချင်းက တစ်ဖက်လူ၏ မျက်လုံးကို ကြည့်နေရင်း ယင်းကို စဉ်းစားလိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်လိုက်ပြီး စံအိမ်ထဲသို့ အားညိုနှင့်အတူ ဝင်ရောက်သွားသည်။
အဓိကခန်းမထဲတွင် အားညိုသည် အစောနက သူ၏ နောက်ယောင်ခံလိုက်မှုအကြောင်းကို စိတ်အားထက်သန်စွာ ပြောသည်။
“ ငါမင်းကို ပြောပြမယ် ချင်းလေး… အဲ့ဒီလူက ဟိုသက်ကျားအိုကြီးဖြစ်ဖို့ (၇၀)ရာခိုင်နှုန်း ငါယုံကြည်ချက်ရှိတယ် ”
ဤအတောအတွင်းမှာ သတ္တမသခင်ကြီးအပေါ် အားညို၏ အခေါ်အဝေါ်သည် အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့သည်။ အစတွင် သူက ဆရာမှ အဖိုးကြီးသို့ ပြောင်းလဲခေါ်ခဲ့သည်။ ထို့နောက် လူလိမ်အဖိုးကြီးဟု ပြောင်းလဲသွားခဲ့ပြီး ယခု သက်ကျားအိုကြီးအဖြစ် ပြောင်းလဲသွားပြန်သည်။
“ ဆရာ့မှာလည်း သူ့ကိုယ်ပိုင် အကြောင်းကိစ္စတချို့ ရှိမှာပေါ့… စီနီယာအကိုကြီး… မင်း ဆရာ့ကို နေ့တိုင်း လိုက်မရှာလို့မရဘူးလား… ”
ရွှီချင်းက တစ်ခဏကြာ တုံ့ဆိုင်းသွားပြီးနောက် အားညိုကို သွေးဆောင်လိုက်သည်။
“ မရဘူး… အဲ့ဒီသူခိုးကြီးက အရမ်းဉာဏ်များတာ… ငါသူ့ကို တစ်ရက်နောက်ကျပြီးမှ လိုက်ရှာရင် နတ်ဘုရားမျက်နှာပျက်ကြီးရဲ့ အသွေးအသားတွေက ပိုပြီးနည်းလာလိမ့်မယ် ”
အားညိုသည် လက်လျော့ရန် ဆန္ဒမရှိပေ။
စီနီယာအကိုကြီးက မည်မျှဇွဲကောင်းနေကြောင်း မြင်သောအခါ ရွှီချင်းက နောက်ထပ် မပြောတော့ပေ။ သို့သော်လည်း သူ၏ ဆရာက အစာကို တစ်ယောက်တည်း လက်ဝါးကြီးအုပ်လိုသော ဆန္ဒမရှိကြောင်း သူတွေးမိသည်။ သူ၏ အမြင်တွင် ဆရာက ထိုသို့လုပ်ဆောင်ရသည့် အကြောင်းအရင်းတစ်ခု သေချာပေါက်ရှိရမည်။
အားညိုသည် ဆက်ပြီး ကျိန်ဆဲပြီးနောက် လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ရုပ်သေးရုပ်တစ်ရုပ်က သူတို့၏ အရှေ့မှာ ထွက်ပေါ်လာသည်။
ထိုရုပ်သေးရုပ်သည် အလွန်အရုပ်ဆိုးသည်။ အလောင်းအစိတ်အပိုင်းများစွာကို အတင်းအဓမ္မ ပေါင်းစပ်ထားပြီး ထိုရုပ်သေးရုပ်ကို ဖန်တီးထားလေရာ ၎င်းက အစီအစဉ်မကျပေ။ ၎င်းက ရုပ်သေးရုပ်ပုံကြမ်းတစ်ခုမျှသာ ဖြစ်သည်။
ရွှီချင်း၏ အကြည့်က ရုပ်သေးရုပ်ပေါ်သို့ ကျရောက်သွားသည်။ ထိုရုပ်သေးရုပ်က ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူတစ်ယောက်၏ လက်ချက်ဖြင့်ပင် ပြိုကွဲပျက်စီးသွားနိုင်ကြောင်း သူအာရုံခံနိုင်သည်။
“ အရမ်းခက်တယ်… ဒါက ငါလုပ်နိုင်တဲ့ အကန့်အသတ်ပဲ ”
အားညိုက သက်ပြင်းချလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ တကယ်လို့ ဒီလိုဖြစ်မယ်မှန်းသာ ငါကြိုသိခဲ့ရင် အရင်ဘဝမှာ ရုပ်သေးအတတ်ပညာကို လေ့လာသင်ယူခဲ့ပါတယ်… ရုပ်သေးရုပ်တွေက အတော်လေး စိတ်ဝင်စားဖို့ကောင်းပြီး အရမ်းအသုံးဝင်တယ်ဆိုတာ အခု ငါနားလည်သွားပြီ… ဖုန်းလင်းတောင်က ရုပ်သေးအတတ်ပညာကို ကောင်းကောင်း တတ်ကျွမ်းမယ်လို့ ငါထင်တယ် ”
“ အခု အဲ့ဒါကို ဘယ်လို ပြန်ပြင်မလဲ နည်းလမ်းတစ်ခုကို ငါစဉ်းစားရမယ်… ကြည့်ရတာ မဟာနန်းမြို့တော်ဒေသကြီးထဲမှာ ရုပ်သေးအတတ်ပညာကို ကောင်းကောင်း နားလည်တဲ့လူကို ငါလိုက်ရှာဖွေရတော့မယ် ထင်တယ် ”
အားညိုက ပြောသည်။
ရွှီချင်းက နှုတ်ဆိတ်သွားပြီး အရုပ်ဆိုးသော ရုပ်သေးရုပ်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ယနေ့အဖြစ်အပျက်ကို စဉ်းစားလိုက်သည်။
“ စီနီယာအကိုကြီး… ရုပ်သေးအတတ်ပညာကို ကောင်းကောင်း တတ်ကျွမ်းတဲ့ လူတစ်ယောက်ကို ငါသိတယ် ”
ယင်းကို ခေါင်းဆောင်ကြားသောအခါ သူက ရွှီချင်းကို ချက်ချင်း ကြည့်လိုက်သည်။
“ ဖန်းရှီရွှမ်း ”
ရွှီချင်းက ဖြည်းညင်းစွာ ပြောသည်။
အားညိုသည် အတိတ်ကို ပြန်တွေးတောလိုက်လေရာ မျက်လုံးဝင်းလက်သွားသည်။
“ သူ့ကို ငါမှတ်မိတယ်… အဲ့ဒီကောင်က နတ်ဘုရားတောင်တန်းရဲ့ အပြင်ဘက်မှာ အရမ်းအစွမ်းထက်တဲ့ ပုံစံမျိုးနဲ့ ထွက်ပေါ်လာပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ ရုပ်သေးအများကြီးကို ဆင့်ခေါ်နိုင်ခဲ့တဲ့လူ မဟုတ်လား… သူက မင်းကိုတောင် ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပစ်ဖို့ ကြိုးစားခဲ့သေးတယ် ”
“ သူက ရုပ်သေးအတတ်ပညာမှာ ထူးချွန်တယ်ဆိုပေမဲ့ ဒီကိစ္စအတွက်နဲ့ မီးလျှံလဆီ နောက်တစ်ကြိမ် ငါတို့ခရီးမထွက်နိုင်ဘူးလေ ”
အားညိုက မျက်မှောင်ကြုတ်လိုက်သည်။ သူက ဤအတောအတွင်းမှာ ရုပ်သေးရုပ်များအကြောင်း စူးစမ်းလေ့လာခြင်းနှင့် မဟာကောင်းကင်ဘုံဓူဝံကြယ်စစ်ချပ်ဝတ်ကို သွားရောက်စောင့်ကြည့်လေ့ ရှိသည်။ ကျန်သည့်အချိန်များတွင် သူက ဆရာကို လိုက်လံရှာဖွေလိမ့်မည်။
ထို့ပြင် ဖန်းရှီရွှမ်းသည် နန်းမြို့တော်သို့ ရောက်ရှိလာပြီးနောက် တံခါးပိတ်ကျင့်ကြံခဲ့သည်။ ထို့ကြောင့် အားညိုသည် တစ်ဖက်လူ၏ ရောက်ရှိလာမှုကို မသိထားပေ။
ရွှီချင်းက ပြုံးလိုက်သည်။
“ အခု သူက နန်းမြို့တော်ထဲမှာ ရှိတယ် ”
အားညိုက မျက်လုံးဝင်းလက်သွားသည်။
အဆင့်မြင့်ဝိညာဉ်စံအိမ်တော်၏ အပြင်ဘက်တွင် လျှပ်စီးတန်းသည် အဆုံးမဲ့သော အနက်ရောင်တိမ်တိုက်များကို ဆုတ်ဖြဲပစ်လိုက်ပြီး ကောင်းကင်ကို အလင်းပေးလိုက်သည်။ ထို့နောက် ကျယ်လောင်သော မိုးခြိမ်းသံက မြည်ဟိန်းထွက်လာပြီး ပေါက်ကွဲသွားသည်။
မိုးခြိမ်းသံသည် အလွန်ကျယ်လောင်သည်။ ယင်းက လောကကြီးကို တုန်လှုပ်သွားစေရုံသာမက မရေမတွက်နိုင်သော လူများ၏ နားထဲသို့ ဝင်ရောက်သွားပြီး သူတို့၏ နှလုံးသားထဲထိ ဆင်းသက်သွားသည်။
အားညိုနှင့် ရွှီချင်းသည် ထိုမိုးခြိမ်းသံကို ကြားလိုက်ကြသည်။
ဖန်းရှီရွှမ်းသည်လည်း ယင်းကို ကြားလိုက်သည်။
သူက ထိတ်လန့်သွားလေရာ သူ၏ လက်ထဲမှ သေရည်ခွက်သည်ပင် အနည်းငယ် တုန်ယင်သွားသည်။
သူ၏ ကျင့်ကြံခြင်းနှင့် စိတ်ခွန်အားကြောင်း မိုးခြိမ်းသံသည် သူ့အား ထိတ်လန့်သွားစေရန် မစွမ်းဆောင်နိုင်ပေ။
ထို့ကြောင့် သူက ထူးဆန်းမှုကို ခံစားမိသွားသည်။ ထိုစဉ် တေးဂီတသံက သူရှိနေသော နေရာဆီသို့ စတင်လွင့်မျောလာသည်။ ရယ်မောသံများနှင့် စကားပြောသံများကြားတွင် သိမ်မွေ့နူးညံ့သော အသံက ပဲ့တင်ထပ်လာသည်။
“ တာအိုရောင်းရင်းဖန်း… မနက်ဖြန် မင်းပြန်တော့မယ်လို့ ငါကြားတယ်… ဒါကြောင့် ဒီနေ့ ငါက မင်းကို နှုတ်ဆက်ဖို့အတွက် တတိယညီမတော်ကို ဖိတ်ခေါ်လာခဲ့တယ် ”
ဖန်းရှီရွှမ်းက ခေါင်းမော့လိုက်သည်။
ယခု သူက ခန်းမကြီးတစ်ခုထဲမှာ ရှိနေသည်။ ခန်းမ၏ ဘေးတစ်ဖက်စီတွင် လူပေါင်းဒါဇင်ခန့် ရှိကြသည်။ သူတို့အားလုံးသည် လူသားမျိုးနွယ်၏ ကောင်းကင်အရွေးချယ်ခံများ ဖြစ်ပုံပေါ်သည်။ အစောနတုန်းက မိတ်ဆက်ပေးမှုအရ သူတို့က အထက်တန်းစား မိသားစုကြီးတချို့မှ မျိုးဆက်များဖြစ်ကြောင်း သူသိလိုက်သည်။
သူ့အတွက်တော့ ထိုလူများ၏ သရုပ်က အရေးမကြီးပေ။ သူတို့က သူ့မျက်စိထဲမှာ ယင်ကောင်အုပ်စုထက် မပိုပေ။
သူ၏ ဘေးမှာ ထိုင်နေသော လူသားမျိုးနွယ်၏ တတိယမင်းသမီးနှင့် စတုတ္တမင်းသားကိုပင် သူက အကြိမ်ရေအနည်းငယ်မျှသာ ပိုကြည့်ခဲ့ပြီး သေရည်သောက်ရန် သူတို့၏ ဖိတ်ကြားမှုကို လက်ခံခဲ့သည်။
မှန်ပေ၏။ သေရည်သောက်ရန် ဖိတ်ကြားမှုကို သူလက်ခံခဲ့ရသည့် တခြားအကြောင်းအရင်းမှာ မနက်ဖြန် မီးလျှံလဆီသို့ သူပြန်တော့မည်ဖြစ်သောကြောင့် ဖြစ်သည်။ သူ၏ တာဝန်က အဆင်ပြေချောမွေ့စွာ ပြီးမြောက်သွားပြီဖြစ်လေရာ ရွှီချင်းက သူ့ကို ပြဿနာလာမရှာလောက်ကြောင်း သူတွေးမိသည်။
ထို့ပြင် သူက လူသားမျိုးနွယ်ဆီသို့ ရောက်လာပြီးနောက် စံအိမ်ထဲမှ အပြင်မထွက်ဘဲ လူတိုင်း၏ ဖိတ်ကြားမှုကို ငြင်းဆန်ခဲ့သည်။ သူက တံခါးပိတ်ကျင့်ကြံနေသည်ဟု အကြောင်းပြချက်တစ်ခု ပေးထားသော်လည်း ယင်းက သူ၏ ဂုဏ်သိက္ခာကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ကြောင်း သူခံစားမိသည်။ မီးလျှံလဆီသို့ ပြန်ရောက်သည့်အခါ သူက တခြားလူများ၏ သရော်လှောင်ပြောင်ခြင်းကို ခံရနိုင်သည်။
ထို့ကြောင့် ယနေ့ သူက အပြင်ထွက်လာခဲ့သည်။
ဤအခိုက်အတန့်မှာ ဖန်းရှီရွှမ်းက အမြဲတမ်း ပြုံးထားသော စတုတ္ထမင်းသားကို ကြည့်လိုက်ပြီး မိုးခြိမ်းသံကြောင့် ဖြစ်ပေါ်လာသော သူ၏ နှလုံးသားထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ကာ တစ်ဖက်လူကို အသိအမှတ်ပြုလိုက်သည်။
စတုတ္ထမင်းသားသည် တစ်ဖက်လူ၏ သဘောထားကို မအံ့ဩပေ။ သူ၏ အမြင်တွင် တစ်ဖက်လူသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ မဟာကောင်းကင်အရွေးချယ်ခံများထဲမှ တစ်ယောက်ဖြစ်သည်။ ထို့ပြင် သူက အသက်ငယ်ရွယ်သေးသော်လည်း ဝိညာဉ်စုစည်းခြင်းအဆင့်သို့ အမှန်တကယ် ခြေချနိုင်ရန် သိပ်မကွာဝေးတော့ပေ။
သူက ဝိညာဉ်စုစည်းခြင်းအဆင့်သို့ တတ်လှမ်းသွားသည့်အခါ မဟာလောကတစ်ခု ဝိညာဉ်စုစည်းခြင်းအဆင့်တွင် အထွတ်အထိပ် ပညာရှင်ကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မည်။
မကြာသေးခင်ကပင် သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထံမှ ဘုရင်ဘွဲ့ကို ချီးမြှောက်ခံခဲ့ရသည်။
ထိုသို့သော လူမျိုးသည် မောက်မာထောင်လွှားရန် အရည်အချင်းရှိသည်။ ထို့ကြောင့် သူက တတိယမင်းသမီးကို သွားရှာခဲ့သည်။
အကြောင်းအရင်းတချို့ကြောင့် တတိယမင်းသမီးနှင့် စတုတ္ထမင်းသားသည် ဤအတောအတွင်းမှာ ပိုပြီးရင်းနှီးလာသည်။
ဤအခိုက်အတန့်မှာ တတိယမင်းသမီးသည် ဖန်းရှီရွှမ်း၏ သဘောထားကို မကျေနပ်သော်လည်း ဆက်လက် ပြုံးထားပြီး သူ၏ လက်ထဲမှ သေရည်ခွက်ကို ကိုင်မြှောက်လိုက်သည်။
ဖန်းရှီရွှမ်းသည် အမူအရာကင်းမဲ့စွာဖြင့် သေရည်ခွက်ကို မြှောက်လိုက်ပြီး အသိအမှတ်ပြုကြောင်း ပြလိုက်သည်။
ထိုမြင်ကွင်းကို အောက်ဘက်မှ လူများက မြင်သွားကြသည်။ သူတို့၏ အမူအရာက အများကြီး မပြောင်းလဲသွားသော်လည်း သူတို့၏ စိတ်ထဲမှာ မရေမတွက်နိုင်သော အတွေးများဖြင့် ပြည့်နှက်သွားသည်။
သူတို့သည် လူသားမျိုးနွယ်၏ ကောင်းကင်အရွေးချယ်ခံများ ဖြစ်ကြသည်။ သို့သော်လည်း ယခု သူတို့ခံစားနေရသော ဖိအားသည် မသေးငယ်ပေ။ ခန်းမထဲတွင် တေးဂီတသံများနှင့် ပျော်ရွှင်မြူးတူးစွာ ကခုန်နေကြသော ကချေသည်မိန်းမလှလေးများဖြင့် ပြည့်နှက်နေပြီး လေထုက သက်ဝင်လှုပ်ရှားဟန် ထင်မှတ်ရသော်လည်း အမှန်မှာ လူတိုင်း၏ စိတ်အာရုံက ဖန်းရှီရွှမ်းပေါ်မှာသာ ရှိနေကြသည်။
သူက ဤနေရာ၏ ဂုဏ်သရေရှိ ဧည့်သည်တော်ဖြစ်သည်။