← Chapters

ချင်းနာမည်ကို ကြားပြီးနောက် အမူအရာပြောင်းလဲသွားခြင်း

Vol. 88 Ch. 1352

ချင်းနာမည်ကို ကြားပြီးနောက် အမူအရာပြောင်းလဲသွားခြင်း

Vol. 88 Ch. 1352

အဓိကခန်းမထဲတွင် ကုချင်းသံသည် ရေလှိုင်းလုံးများသဖွယ် နိမ့်ချည်မြင့်ချည် ပျံ့လွင့်နေသည်။

ကုချင်းကို တီးခတ်နေသူသည် နန်းမြို့တော်ထဲမှာ နာမည်ကျော်ကြားသော ဂီတပညာရှင်တစ်ဦး ဖြစ်သည်။

ဂီတပညာရှင်သည် အမျိုးသမီးဖြစ်သည်။ သူက အသက်သိပ်မကြီးသေးပေ။ သူက အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး သူ၏ မျက်နှာကို ပါးလွှာသော ဇာပဝါဖြင့် ဖုံးအုပ်ထားသည်။ သူ၏ ခန္ဓာကိုယ်က ကြော့ရှင်းတင့်တယ်ပြီး သူ၏ လှုပ်ရှားမှုတိုင်းက သိမ်မွေ့နူးညံ့သည်။

သူ၏ ခန္ဓာကိုယ်အချိုးအစားသည် ပြေပြစ်သည်။ အထူးသဖြင့် သူ၏ ကုချင်းတီးခတ်မှုက လွန်စွာ လက်ရာပြောင်မြောက်ပြီး အောင်မြင်မှုများစွာကို ရရှိထားသည်။ ထို့ကြောင့် အဆင့်မြင့်အရာရှိများနှင့် အထက်တန်းစား ပုဂ္ဂိုလ်များသည်သာ သူ့ကို ဖိတ်ကြားနိုင်ကြသည်။

သာမန်လူများသည် သူ၏ ဂီတသံကို နားမဆင်နိုင်ကြချေ။

ယနေ့ သူက တတိယမင်းသမီးနှင့် စတုတ္ထမင်းသား၏ ဖိတ်ကြားမှုအောက်မှာ သီချင်းတစ်ပုဒ် ဖျော်ဖြေပေးရန် ဤနေရာသို့ ရောက်ရှိလာသည်။ သူ၏ လှပသော မျက်ဝန်းက ဘေးပတ်ဝန်းကျင်သို့ ကျရောက်သွားလေရာ မည်သူက ဤနေရာမှာ ဂုဏ်သရေရှိ ဧည့်သည်တော်ဖြစ်ကြောင်း သူမြင်တွေ့သွားသည်။

ထိုဂုဏ်သရေရှိ ဧည့်သည်တော်၏ အဆင့်အတန်းက မည်မျှမြင့်မားကြောင်း သူသတိထားမိသော်လည်း မတုန်လှုပ်သွားပေ။ ဤနှစ်များတွင် လူအများအပြားက သူ၏ ဂီတသံကို နားဆင်ခွင့်ရခဲ့ကြသော်လည်း လူအနည်းစုသာလျှင် ယင်း၏ အဓိပ္ပာယ်အမှန်ကို နားလည်နိုင်ကြသည်။ အတိအကျဆိုရလျှင် လူတစ်ယောက်တည်းသာ ရှိသည်။

အများစုသည် သူ၏ ဂီတသံကို အနည်းငယ်သာ နားလည်ကြသည်။ သို့သော်လည်း သူက ဂီတပညာရှင်တစ်ယောက်မျှသာ ဖြစ်ကြောင်း သူ့ကိုယ်သူ ကောင်းမွန်စွာ နားလည်ထားသည်။

ထို့ကြောင့် သူက ခါတိုင်းကဲ့သို့ မျက်လုံးမှိတ်လိုက်ပြီး သူ၏ နှလုံးသားကို လက်ထဲမှ ကုချင်းနှင့် ပေါင်းစပ်သွားစေသည်။ ထို့နောက် သူ၏ အတွေးများကို လက်ချောင်းများမှတဆင့် ကုချင်းဆီသို့ စီးဆင်းသွားစေသည်။

သူ၏ ကျောက်စိမ်းသဖွယ် လက်ချောင်းများက ကုချင်းပေါ်မှာ ညင်သာပေါ့ပါးစွာ ရွေ့လျားသွားသည်။ ကုချင်းသံသည် နွေဦးစမ်းရေပမာ စီးဆင်းသွားသည်။ ယင်းက သိမ်မွေ့နူးညံ့ပြီး စိတ်ခံစားချက်များ ပါဝင်သည်။ ကုချင်းသံက ရှေးဟောင်းပုံပြင်များကို ပြောပြနေသည့်အလား ခန်းမထဲမှာ လွင့်မျောသွားသည်။

သီချင်းသည် လေးနက်ပြီး နက်နဲသိမ်မွေ့သည်။ ယင်းက လူသားများ၏ နှလုံးသားကို နက်ရှိုင်းစွာ လှုပ်ရှားသွားစေသည်။ သီချင်းသံက ကချေသည်မိန်းမလှလေးများ၏ ကပြဖျော်ဖြေမှုဖြင့် လိုက်လျောညီထွေစွာ ပေါင်းစပ်သွားသည့်အခါ ဤနေရာမှ လူအများစုက အလှအပတွင် ယဇ်မူးသွားကြပုံပေါ်သည်။

သို့သော်လည်း ယင်းက အပေါ်ယံတွင်သာ ဖြစ်သည်။

အကယ်၍ တခြားအချိန်မှာသာဆိုလျှင် သူတို့က အမှန်တကယ် ယဇ်မူးသွားလိမ့်မည်။ သို့သော်လည်း ယခုအချိန်မှာ သူတို့၏ စိတ်အာရုံက တတိယမင်းသမီးနှင့် စတုတ္ထမင်းသား၏ အဖော်ပြုပေးခြင်းခံရသော ဖန်းရှီရွှမ်းပေါ်မှာသာ ကျရောက်နေကြသည်။

သူတို့၏ စိတ်ထဲမှာ မတူညီသော အတွေးများ ရှိသည်။

တချို့လူများသည် ဖန်းရှီရွှမ်းထံမှ မျက်နှာသာပေးမှုကို မည်သို့ရယူသင့်ကြောင်း စဉ်းစားနေကြသည်။ တချို့လူများသည် ဤအခြေအနေမှာ မည်သို့အမြတ်ထုတ်သင့်ကြောင်း စဉ်းစားနေကြသည်။ တချို့လူများသည်တော့ အလုံးစုံအခြေအနေကို စောင့်ကြည့်လေ့လာနေကြသည်။

သူတို့၏ အဆင့်အတန်းနှင့် ရပ်တည်မှုပေါ်မူတည်၍ သူတို့၏ အတွေးများက ကွာခြားသွားသည်။

တတိယမင်းသမီးနှင့် စတုတ္ထမင်းသားသည်ပင် ချွင်းချက်မဟုတ်ပေ။

တတိယမင်းသမီးသည် ဖန်းရှီရွှမ်းနှင့် ရန်သူဖြစ်မလာရေးအတွက် ပိုပြီးအလေးထားသည်။

စတုတ္ထမင်းသားသည်တော့ သူ့ဆီမှာ တခြားအတွေးများရှိနေကြောင်း ထင်ရှားပေသည်။ လူသားမျိုးနွယ်၏ တော်ဝင်အခွင့်အာဏာက အပြင်လူများ ဝင်စွက်ဖက်နိုင်သောအရာ မဟုတ်သော်လည်း အကယ်၍ သူသာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ မဟာကောင်းကင်အရွေးချယ်ခံတစ်ယောက်၏ အထောက်အပံ့ကို ရရှိမည်ဆိုလျှင် မင်းသားကြီး၏ ဂုဏ်အရှိန်အဝါကို အနည်းငယ် ခြိမ်းခြောက်နိုင်လိမ့်မည်။

မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်တွင် မင်းသားကြီး၏ စွမ်းဆောင်ရည်များကြောင့် သူက တခြားမင်းသားများထက် သိသိသာသာ ကြိုရှေ့ရောက်နေသည်။ ယခု မင်းသားသုံးပါးကြားထဲမှာ သူက ထိပ်ဆုံးမှာ ရှိသည်။

ထို့ကြောင့် မင်းသားများ၏ ပစ်မှတ်က ဖန်းရှီရွှမ်းပေါ်သို့ ကျရောက်လာကြသည်။

သို့သော်လည်း ဖန်းရှီရွှမ်းသည် သူတို့အားလုံး၏ အတွေးများကို ရှင်းလင်းစွာ မြင်နေရသည်။

သူက ရွှီချင်းကြောင့် ဆိုးဆိုးဝါးဝါး ဒုက္ခရောက်ခဲ့ပြီး ရွှီချင်းကို ကြောက်ရွံ့သော်လည်း ယင်းက သူညံ့သည်ဟု မဆိုလိုပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ မဟာကောင်းကင်အရွေးချယ်ခံတစ်ဦးဖြစ်လေရာ မီးလျှံလမှာဖြစ်စေ သို့မဟုတ် တခြားမျိုးနွယ်များမှာဖြစ်စေ သူက အမြဲတမ်း အာရုံစိုက်ခံရသည်။

သို့ဖြစ်၍ ယနေ့ အဖြစ်အပျက်သည် သူ့အတွက် ထူးဆန်းသော ကိစ္စမဟုတ်ပေ။

သူက လူတကာ၏ ချီးကျူးမြှောက်ပင့်ခြင်းကို ခံခဲ့ဖူးသည်။

သူ့မျိုးနွယ်စု၏ အင်အားနှင့် သူ့ကိုယ်ပိုင်စွမ်းအားကြောင့် တခြားလူများ၏ အထူးအလေးပေး ဆက်ဆံခြင်းကို သူက ကျင့်သားရနေပြီ ဖြစ်သည်။

အမှန်မှာ ယင်းက သူ၏ တာအိုဖြစ်သည်။

သူ၏ တာအိုသည် ရုပ်သေးရုပ်ဖြစ်ပြီး သက်ရှိအားလုံးနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် သူက သက်ရှိအားလုံး၏ အသွင်သဏ္ဍာန်နှင့် အတွေးများကို မြင်ချင်သည်။ ယင်းက ရိုးရှင်းသည်ဖြစ်စေ ရှုပ်ထွေးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ထိုအရာအားလုံးက သူ့အတွက် အလွန်အသုံးဝင်သည်။

ယင်းတို့က သူ့အား ရုပ်သေးရုပ်တာအိုကို ဆက်ပြီး လျှောက်လှမ်းနိုင်စေရန် ကူညီပေးသည်။

သူဖန်တီးနေသော မဟာလောကသည် ရွှမ်မီးလျှံကဲ့သို့ မကျယ်ပြောသလို ရွှီချင်းကဲ့သို့ နက်နဲမသိမ်မွေ့ပေ။ သို့သော်လည်း ယင်းမှာ သူ့ကိုယ်ပိုင်ထူးခြားမှုများ ရှိနေဆဲပင်။

ယင်းက ရုပ်သေးရုပ်မဟာလောက ဖြစ်သည်။

ထိုမဟာလောကထဲမှ သက်ရှိအားလုံးသည် ရုပ်သေးရုပ်များသာ ဖြစ်ကြသည်။ ၎င်းတို့က အသင်္ချေသက်ရှိများကို တုပဖန်တီးထားသော ရုပ်သေးရုပ်များ ဖြစ်ကြသည်။

အကယ်၍ တစ်နေ့တွင် သူက ဝိညာဉ်စုစည်းခြင်းအဆင့်၏ မဟာလောကကိုးခုကို ပိုင်ဆိုင်သွားပြီး သူ၏ ရုပ်သေးရုပ်များက အမှန်တကယ် အသက်ရှိလာသည့်အခါ သူက သက်ရှိများဖန်ဆင်းရှင်ဟူသော သရုပ်အဆင့်အတန်းကို အသုံးပြု၍ အုပ်ချုပ်သူအဆင့်သို့ တတ်လှမ်းနိုင်လိမ့်မည်။

ယင်းက သူ၏ အိမ်မက်ဖြစ်ပြီး သူ၏ ကိုယ်ပိုင်လမ်းစဉ် ဖြစ်သည်။

အုပ်ချုပ်သူအဆင့်ဆီသို့ လမ်းစဉ်က ဖြတ်တောက်ခံထားရသော်လည်း ထိုလမ်းစဉ်က အမြဲတမ်း ပိတ်ပင်ခံထားရမည်ဟု သူမယုံကြည်ပေ။ အကယ်၍ ထိုလမ်းစဉ်က လုံးဝဖြတ်တောက်ခံထားရလျှင်ပင် အရှေ့ဆက်သွားရန် တခြားနည်းလမ်းများက ရှိနေဆဲပင်။

‘ နတ်ဘုရားတစ်ပါး ဖြစ်လာမယ် ’

ဖန်းရှီရွှမ်းသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး သူ၏ လက်ထဲမှ သေရည်ခွက်ကို ညာလက်ညှိုးဖြင့် ညင်သာစွာ မွှေလိုက်သည်။ ဖန်ခွက်၏ မျက်နှာပြင်ပေါ်မှ မျဉ်းကြောင်းများကို အာရုံခံမိသွားသောအခါ သူက စိတ်ထဲမှာ နှာခေါင်းရှုံ့လိုက်သည်။

ခန်းမထဲမှ လူတိုင်း၏ အတွေးများကို အကြည့်တစ်ချက်ဖြင့် သူထွင်းဖောက်မြင်နိုင်သည်။

အတိုင်းအတာတစ်ခုထိဆိုရလျှင် ယင်းက သူ၏ မွေးရာပါအားသာချက်တစ်ခု ဖြစ်သည်။ သို့မဟုတ်လျှင် သူက ရွှီချင်းကို ရန်ပြုပြီးနောက် မည်သို့ကြောင့် ယခုအချိန်ထိ အသက်ရှင်နိုင်မည်နည်း။

တစ်ခုသိထားရမည်မှာ ထုန်းရှီရှန်းသည် ရွှီချင်းအပေါ် အပြစ်မပြုဝံ့ချေ။ ထျန်းမိုဇီသည်တော့ ရွှီချင်းဘက်သို့ ချက်ချင်း ကူးပြောင်းသွားခဲ့သည်။ သူနှင့် ဂျိဒုန်းဇီသည်တော့…

သူတို့နှစ်ယောက်စလုံးက ရွှီချင်းကို ရန်ပြုခဲ့ကြသည်။

ဂျိဒုန်းဇီက သေဆုံးသွားခဲ့သော်လည်း သူက အသက်ရှင်နေဆဲပင်။ သူက ဝိညာဉ်စုစည်းခြင်းအဆင့်သို့ပင် တတ်လှမ်းသွားနိုင်ခဲ့ပြီး မီးလျှံလ၏ ဘုရင်များထဲမှ တစ်ပါးဖြစ်လာခဲ့သည်။

‘ ဒါပေမဲ့ ဒီနေ့ ငါ့စိတ်တွေက မတည်ငြိမ်ဘူး… တစ်ခုခုဖြစ်တော့မယ်လို့ ခံစားမိနေတယ်… ’

ဖန်းရှီရွှမ်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။

လူသားမျိုးနွယ်၏ နန်းမြို့တော်ဆီသို့ သူရောက်ရှိလာပြီးနောက် ပထမရက်မှလွဲ၍ ကျန်နေ့ရက်များတွင် အခန်းထဲမှာသာ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။ ယနေ့သည် ဒုတိယအကြိမ်မြောက် သူအပြင်ထွက်လာခြင်း ဖြစ်သည်။

ဖန်းရှီရွှမ်းက စဉ်းစားနေစဉ် တေးဂီတသံသည် ရုတ်တရက် ပိုပြီးသက်ဝင်လှုပ်ရှားလာသည်။ ကုချင်းသံသည် ခေါင်းလောင်းသံနှင့် ဗုံသံနှင့်အတူ နက်နဲသိမ်မွေ့စွာ ပဲ့တင်ထပ်လာသည်။ ဤသည်မှာ သီချင်းက အသက်ရှိနေသည့်အလား လူတိုင်း၏ နှလုံးသားထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။

ချက်ချင်းဆိုသလို လူအုပ်ကြီးထံမှ မရေမတွက်နိုင်သော အတွေးများက ရုတ်တရက် အားကောင်းလာသော တေးဂီတသံအောက်မှာ လွင့်ပြယ်သွားသည်။ သီချင်းက အဆုံးသတ်သွားသော်လည်း ဂီတသံက သူတို့၏ နှလုံးသားထဲမှာ မပြီးဆုံးသေးဟန် ရသည်။

ယင်းက ဆက်လက် ရစ်ဝဲနေသည်။

ပထမဆုံးအကြိမ် ဖန်းရှီရွှမ်း၏ အမူအရာက ပြောင်းလဲသွားသည်။ သူက ခေါင်းမော့လိုက်ပြီး ကုချင်းတီးခတ်နေသော အမျိုးသမီးကို ကြည့်လိုက်သည်။

“ မင်းနာမည် ဘယ်လိုခေါ်လဲ ”

“ ဆုယွဲ့ ”

အမျိုးသမီးသည် ကုချင်းကို ပွေ့ပိုက်လျက် နူးညံ့စွာ ပြောသည်။ ထို့နောက် သူက မည်သည့်စကားမှ ထပ်မပြောပေ။ ယင်းအစား သူက အရိုအသေပေးလိုက်ပြီး သူ့အတွက် ပြင်ဆင်ထားသော ထိုင်ခုံဆီသို့ လျှောက်သွားသည်။

ထိုမြင်ကွင်းကို စတုတ္ထမင်းသားက မြင်သွားသောအခါ သူ၏ မျက်လုံးက ဝင်းလက်သွားသည်။ အတွေးတချို့က သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာဟန် ရသည်။ ထို့နောက် သူက သေရည်ခွက်ကို မြှောက်လိုက်ပြီး ဖန်းရှီရွှမ်းနှင့် ခွက်တိုက်လိုက်သည်။

ဖန်းရှီရွှမ်းသည် ယခင်အတိုင်း တည်ငြိမ်သော အမူအရာဖြင့် တစ်ငုံသောက်လိုက်သည်။

ထိုသို့ဖြင့် ပွဲအခမ်းအနားသည် ပိုပြီးသက်ဝင်လှုပ်ရှားလာသည်။ ထိုအတောအတွင်းမှာ လူအများကြီးက မတ်တတ်ရပ်လိုက်ကြပြီး သူ့ကို သေရည်သောက်ရန် လာရောက်ကမ်းလှမ်းကြသည်။ ချီးကျူးစကားသံများက အဆုံးမရှိသော ရေစီးကြောင်းသဖွယ် ထွက်ပေါ်လာသည်။

သို့သော်လည်း ဖန်းရှီရွှမ်းက သူတို့ကို လျစ်လျူရှုထားသည်။

သူတို့ကို လူသားမျိုးနွယ်၏ ကောင်းကင်အရွေးချယ်ခံများဟု ခေါ်သော်လည်း ဖန်းရှီရွှမ်း၏ အမြင်တွင် သူတို့က စာကလေးအုပ်စုမျှသာ ဖြစ်သည်။ လင်းယုန်၏ အရှေ့တွင် သူတို့က သားကောင်ထက် မပိုပေ။

‘ ရွှီချင်းလို လူက ဒီလိုပတ်ဝန်းကျင်မျိုးမှာ ဘယ်လိုလုပ် ထွက်ပေါ်လာတာလဲ ငါတကယ်ပဲ စဉ်းစားမရဘူး ’

ရွှီချင်းကို စဉ်းစားမိသောအခါ ဖန်းရှီရွှမ်းက ဖိအားကို ခံစားမိသွားသည်။ တစ်ချိန်တည်းမှာ သူက စိတ်မသက်မသာဖြစ်သွားသည်။ အတိတ်တွင် ရွှီချင်းက ဂျိဒုန်းဇီကို မည်သို့သတ်ခဲ့ကြောင်း သူကိုယ်တိုင်မြင်တွေ့ခဲ့သည်။

နောက်ပိုင်းတွင် နတ်ဘုရားနယ်မြေထဲမှ အဖြစ်အပျက်များက သူ့အား ပိုပြီးထိတ်လန့်စေခဲ့သည်။ ထို့ပြင် မဟာပွဲအခမ်းအနား၌ လူတိုင်း၏ အရှေ့မှာ ရွှီချင်းက ရွှမ်မီးလျှံကို ဖိနှိပ်ခဲ့သည်။ ထိုအချိန်မှစ၍ တစ်ဖက်လူက သူ၏ နှလုံးသားထဲမှာ အတားအဆီးတစ်ခု ဖြစ်လာဟန် ရသည်။

သူက စဉ်းစားနေစဉ် အပြင်ဘက်မှ ကောင်းကင်ပေါ်မှာ လျှပ်စီးက နောက်တစ်ကြိမ် ဝင်းလက်သွားပြီး မိုးခြိမ်းသံက အရပ်ရှစ်မျက်နှာဆီသို့ ပဲ့တင်ထပ်သွားသည်။

‘ ဒီနေ့ ဒီနေရာမှာ ကြာကြာနေဖို့ မသင့်တော်ဘူး… ’

ဖန်းရှီရွှမ်း၏ နှလုံးသားထဲမှာ စိတ်မသက်မသာဖြစ်သော ခံစားမှုက ထပ်မံ ပေါ်လျှိုးလာသည်။

သေရည်သောက်ရန် ကမ်းလှမ်းလာကြသော ထိုလူများသည် ဖန်းရှီရွှမ်း၏ လျစ်လျူရှုခြင်းခံလိုက်ရသော်လည်း သူတို့က မကျေနပ်သော အမူအရာကို မဖော်ပြဝံ့ကြချေ။ ထို့ကြောင့် သူတို့က နေရာမှာ ပြန်ထိုင်လိုက်ကြပြီး ဖျစ်ညှစ်ပြုံးလိုက်ကြသည်။

သို့သော်လည်း ဤလောကထဲတွင် အကန့်အသတ်ကို တမင်တကာ စမ်းသပ်ချင်သော သို့မဟုတ် ကိုယ့်ကျိုးစီးပွားအတွက် အရဲစွန့်လိုသော လူတချို့ ရှိကြသည်။ ထိုသို့သော လူများသည် များသောအားဖြင့် သူတို့ကိုယ်သူတို့ ဉာဏ်ကောင်းသည်ဟု ထင်မှတ်ကြသည်။

ဥပမာ ဤအခိုက်အတန့်မှာ အထက်တန်းစား မျိုးနွယ်မှ လူငယ်တစ်ယောက်က ပြုံးလိုက်ပြီး စကားပြောသည်။

“ ဘုရင်ဖန်း… ငါတို့လူသားမျိုးနွယ်ထဲမှာလည်း ဘုရင်တစ်ပါးကို မကြာသေးခင်ကမှ ရာထူးချီးမြှောက်ခဲ့တယ်… ရွှီချင်းက ဘုရင်ကျန်းကန်ဖြစ်လာတယ်… သူက… ”

ရွှီချင်း၏ နာမည်ကို ကြားလိုက်သည်နှင့်ချက်ချင်း ဖန်းရှီရွှမ်း၏ သတိထားမှုသည် အဆုံးစွန်သို့ ရောက်ရှိသွားသည်။

ထိုလူ၏ စကားမဆုံးခင်မှာ ဖန်းရှီရွှမ်းက ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူက လေးနက်စွာ အော်ပြောလိုက်လေရာ သူ၏ မျက်လုံးထဲမှာ စူးရှသော အလင်းတန်းက ပေါ်ထွက်လာသည်။

“ မင်းပါးစပ်ပိတ်စမ်း ”

ထိုအော်သံသည် မိုးခြိမ်းသံထက် သာလွန်ပြီး ခန်းမထဲမှာ ပေါက်ကွဲသွားသည်။

စကားပြောလိုက်သော ကျင့်ကြံသူ၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားသည်။ သူက ပါးစပ်အပြည့် သွေးတစ်ပွက်အန်လိုက်ရပြီး ကြောက်လန့်သော အမူအရာဖြင့် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။

ဖန်းရှီရွှမ်း၏ အမူအရာသည် ဖော်မပြနိုင်အောင် မည်းမှောင်သွားသည်။ သူ၏ နှလုံးသားထဲမှ သတိထားမှုသည် ပိုပြီးအားကောင်းလာသည်။ သူက ရွှီချင်းကို ရန်မပြုဝံ့ချေ။ တစ်ဖက်လူက ထိုသို့ပြောလာသည်မှာ နောက်ကွယ်တွင် ကြီးမားသော ရည်ရွယ်ချက်တစ်ခုရှိကြောင်း ထင်ရှားပေသည်။ အကယ်၍ တစ်ဖက်လူက ရွှီချင်းနှင့်ပတ်သက်ပြီး မကောင်းသော တစ်စုံတစ်ခုကို ပြောလာမည်ဆိုလျှင်…

အကယ်၍ ထိုသတင်းက ရွှီချင်း၏ နားထဲသို့ ရောက်သွားပြီး သူက နန်းမြို့တော်ထဲမှ မထွက်ခွာရသေးလျှင် နောက်ဆက်တွဲအကျိုးဆက်သည် မတွေးဝံ့စရာပင်။

ထိုသို့တွေးမိသောအခါ သူက မည်သည့်အမူအရာကိုမှ မထုတ်ဖော်ပြချေ။ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဤနေရာမှ ထွက်သွားရန် ပြင်လိုက်သည်။

သူက ဤနေရာမှာ ဆက်မနေချင်ပေ။

တခြားလူများသည်တော့ နှလုံးတုန်သွားကြသည်။ တချို့က အံ့ဩသွားပြီး တချို့၏ အကြည့်က တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ တချို့သည်တော့ နက်နဲစွာ တွေးတောလိုက်ကြသည်။

ဖန်းရှီရွှမ်းက ထွက်သွားတော့မည်ဖြစ်ကြောင်း မြင်သောအခါ အတွေးများစွာက စတုတ္ထမင်းသား၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက အမြန်မတ်တတ်ရပ်လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ…

ခန်းမအပြင်ဘက်တွင် မိုးခြိမ်းသံက ထပ်မံ ထစ်ချုန်းသွားသည်။ ကျယ်လောင်သော မိုးခြိမ်းသံအောက်မှာ ပုံရိပ်နှစ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ခန်းမထဲသို့ ဝင်ရောက်လာကြသည်။

ထိုပုံရိပ်နှစ်ခုက အထဲသို့ ဝင်ရောက်လာသည့်အခါ စိုထိုင်းသော လေထုက ခန်းမထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ယင်းက ဤနေရာမှ လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

ပုံရိပ်နှစ်ခုကို ရှင်းလင်းစွာ မြင်တွေ့သွားသောအခါ လူတိုင်း၏ အမူအရာက ပြောင်းလဲသွားသည်။

တတိယမင်းသမီးသည် ချက်ချင်း မတ်တတ်ရပ်လိုက်သည်။ တစ်ခဏကြာ တုံ့ဆိုင်းနေပြီးနောက် စတုတ္ထမင်းသားသည်လည်း ရိုသေလေးစားစွာ မတ်တတ်ရပ်လိုက်သည်။

“ ပညာရှိအမတ်ကို နှုတ်ဆက်ပါတယ် ”

အထက်တန်းစား မိသားစုကြီးများမှ မျိုးဆက်များသည်လည်း ရိုသေလေးစားစွာ မတ်တတ်ရပ်လိုက်ကြသည်။

“ ဘုရင်ကျန်းကန်ကို နှုတ်ဆက်ပါတယ် ”

မတ်တတ်ရပ်ထားသော ဖန်းရှီရွှမ်းသည် မည်သို့လုပ်ရမည်မှန်း မသိတော့ပေ။ သူ၏ နှလုံးခုန်သံက ချက်ချင်း မြန်ဆန်လာသည်။

“ ဟား ဟား ဂျူနီယာညီလေး… ပိုင်ဇီမျိုးနွယ်က လူတွေပြောတာ တကယ်အမှန်ပဲ… ဖန်းဖန်းလေးက ဒီမှာ အပျော်လာရှာနေတယ် ”

ခန်းမထဲသို့ ရောက်ရှိလာသူများသည် ရွှီချင်းနှင့် အားညိုမှလွဲ၍ တခြားမဟုတ်ပေ။ ဤအခိုက်အတန့်မှာ အားညိုက အံ့ဩသော အမူအရာကို ထုတ်ဖော်ထားပြီး ဝမ်းသာစွာ ပြောသည်။

အစောနက အဆင့်မြင့်ဝိညာဉ်စံအိမ်တော်ထဲမှာ ဖန်းရှီရွှမ်းက နန်းမြို့တော်ထဲမှာ ရှိနေကြောင်း အားညိုကို ရွှီချင်းပြောခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက်သည် ဖန်းရှီရွှမ်းကို သွားရှာဖွေခဲ့ကြသည်။ သူတို့က ပိုင်ဇီမျိုးနွယ်နှင့် စီအဲမျိုးနွယ်ဝင်များ တည်းခိုနေသော စံအိမ်ဆီသို့ သွားရောက်ခဲ့ကြသည်။ သို့သော်လည်း ဖန်းရှီရွှမ်းက ထိုနေရာမှာ မရှိနေပေ။

သို့ဖြစ်၍ ရွှီချင်းက သူတို့ကို ရင်းနှီးကျွမ်းဝင်စွာ မေးမြန်းလိုက်သည့်အခါ အဖြေကို ရရှိခဲ့သည်။

လူတိုင်း၏ နှုတ်ဆက်မှုကို ကြားသောအခါ ရွှီချင်း၏ အကြည့်က ဘေးပတ်ဝန်းကျင်သို့ ကျရောက်သွားသည်။ သူက စတုတ္ထမင်းသားကို လျစ်လျူရှုထားပြီး တတိယမင်းသမီးကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက မျက်နှာမည်းမှောင်နေသော ဖန်းရှီရွှမ်းကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ဖန်းရှီရွှမ်း… ငါနဲ့ လိုက်ခဲ့ပါ ”

ရွှီချင်းက ထိုသို့ပြောလိုက်သည့်အခါ ဘေးပတ်ဝန်းကျင်မှ အကြည့်များသည် ဖန်းရှီရွှမ်းပေါ်သို့ အလိုအလျောက် ကျရောက်သွားကြသည်။

ဖန်းရှီရွှမ်းအတွက်တော့ ဂုဏ်သိက္ခာက အလွန်အရေးကြီးသော်လည်း ယင်းက အချိန်အခါနှင့် နေရာပေါ်မှာ မူတည်သည်။ အထူးသဖြင့် မည်သူနှင့် သူရင်ဆိုင်နေရကြောင်းပေါ်မှာ မူတည်သည်။ ယခုအချိန်မှာ သူက ဂုဏ်သိက္ခာကို မစဉ်းစားနိုင်တော့ပေ။ ရွှီချင်း၏ စကားကို ကြားသောအခါ သူ၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားသည်။

သူက နှလုံးခုန်မြန်လာသည်။ ဂျိဒုန်းဇီ၏ သေဆုံးမှုမြင်ကွင်းနှင့် မရှုမလှ အရိုက်ခံခဲ့ရသော ရွှမ်မီးလျှံ၏ မြင်ကွင်းက သူ၏ စိတ်ထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။

သူ၏ နှလုံးခုန်သံက မြန်စဉ်လာစဉ် ဆန္ဒမရှိမှုက သူ၏ ခန္ဓာကိုယ်တစ်လျှောက်သို့ ပျံ့နှံ့သွားသည်။

“ ရွှီချင်း… မင်း… မင်း အရမ်းမလွန်လာနဲ့ ”

ဖန်းရှီရွှမ်း၏ အသက်ရှူသံက မြန်ဆန်လာသည်။ သူက စိုးရိမ်ကြောင့်ကြစွာ ပြောသည်။

“ မင်းက မဟာရွှမ်ထျန်းစစ်သူကြီးဆိုပြီး ငါ့ကို အဲ့လိုအနိုင်ကျင့်လို့ မရဘူး… ငါတို့ကြားမှာ ဘာရန်ငြိုးမှမရှိဘူး… ပြီးတော့ ဒီတစ်ကြိမ် လူသားမျိုးနွယ်ဆီ ငါရောက်လာတာ မျိုးနွယ်စုကပေးတဲ့ တာဝန်သက်သက်ကြောင့်ပဲ… ငါ့မှာ တကယ်ပဲ တခြားဘာရည်ရွယ်ချက်မှ မရှိဘူး ”

“ ပြီးတော့ လူသားမျိုးနွယ်ဆီ ငါရောက်လာတာနဲ့ချက်ချင်း တံခါးပိတ်ကျင့်ကြံခဲ့တယ် ”

“ စောစောတုန်းက တစ်ယောက်ယောက်က မင်းရဲ့ နာမည်ကို ပြောပြီး မင်းကို အပုပ်ချဖို့ ကြိုးစားခဲ့တယ်… ဒါပေမဲ့ ငါက သူ့ကို ချက်ချင်း တားဆီးခဲ့တယ် ”

“ ရွှီချင်း… မင်းက ဘယ်လောက်ပဲ မောက်မာထောင်လွှားပါစေ ငါ့အပေါ် အဲ့ဒီလို အနိုင်ကျင့်တာတော့… ယုတ္တိမရှိဘူး ”

ဖန်းရှီရွှမ်း၏ အသံထဲမှ မကျေနပ်မှုသည် အလွန်ပြင်းထန်သည်။ ထို့ပြင် သူ၏ စကားထဲမှာ စိတ်ရင်းမှန်ဖြင့် ပြည့်နှက်နေသည်။ သူက လိမ်မပြောခဲ့ပေ။

ယင်းကို ရွှီချင်းကြားသောအခါ သူ၏ အမူအရာက အနည်းငယ် ထူးဆန်းသွားသည်။ သူက တစ်ဖက်လူ၏ မကျေနပ်မှုကို သတိထားမိသွားသည်။ ထို့ပြင် တစ်ဖက်လူကို သူလာရှာရသည့် ရည်ရွယ်ချက်ကို စဉ်းစားမိသွားသောအခါ သူ၏ အမူအရာက အနည်းငယ် ပျော့ပျောင်းသွားသည်။ သူ၏ လေသံသည်ပင် အနည်းငယ် နူးညံ့လာသည်။

“ ငါက မင်းကို အကူအညီလာတောင်းတာပါ ”

ဖန်းရှီရွှမ်းက ဇဝေဇဝါဖြစ်သွားသည်။

“ မင်းပြောတာ တကယ်လား ”

“ တကယ်ပြောတာ… လာ သွားကြရအောင် ”

ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး အနောက်သို့ လှည့်ကာ ခန်းမအပြင်သို့ ပြန်ထွက်သွားသည်။ သူ့ဘေးမှ အားညိုသည်လည်း ရိုးသားသော အမူအရာဖြင့် အမြန်ခေါင်းညိတ်လိုက်သည်။

ယင်းကို မြင်သောအခါ ဖန်းရှီရွှမ်းသည် စိတ်ရှုပ်ထွေးသွားသည်။ သို့သော်လည်း သူ့မှာ ငြင်းဆန်နိုင်သော အခွင့်အရေးမရှိပေ။ ထို့ကြောင့် သူက အတွေးများစွာနှင့်အတူ အံတင်းတင်းကြိတ်လိုက်ပြီး ခန်းမအပြင်သို့ စိုးရိမ်ကြောင့်ကြစွာ လျှောက်သွားသည်။ သူက မိုးရေထဲမှာ ရွှီချင်းနှင့် အားညိုနှင့်အတူ ပျောက်ကွယ်သွားသည်။

ထိုအခိုက်အတန့်မှာ မိုးခြိမ်းသံသည် တိမ်တိုက်များကြားထဲမှာ ကျယ်လောင်စွာ မြည်ဟိန်းသွားသည်။ လျှပ်စီးက ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည့်အခါ မိုးက ပိုပြီးသည်းထန်လာသည်။

အဓိကခန်းမနှင့် မနီးမဝေးမှ စံအိမ်တစ်ခုထဲတွင် အရွယ်အိုမင်းသော သက်ပြင်းချသံက အမှောင်ထုထဲမှာ ထွက်ပေါ်လာသည်။

“ ဘာလို့ သူက ရုတ်တရက် ရောက်လာတာလဲ… ”

“ ဒီလိုဆိုရင် ငါတို့က ဖန်းရှီရွှမ်းကို သတ်နိုင်တော့မှာ မဟုတ်ဘူး… သူက အချိန်အကြာကြီး အခန်းထဲမှာ ပုန်းအောင်းနေပြီး အခုမှ အပြင်ကို ထွက်လာတာ… ဒါမှမဟုတ် သူတို့နှစ်ယောက်စလုံးကို ငါတို့သတ်ပစ်လိုက်မလား ”

သတ်ဖြတ်ချင်စိတ်ဖြင့် ပြည့်နှက်နေသော တခြားအသံက အေးစက်စွာ ပြောသည်။

အမှောင်ထုက လုံးဝတိတ်ဆိတ်နေသည်။ ဤသည်မှာ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နေသည့်အလားပင်။ အချိန်အတော်ကြာပြီးနောက် တတိယအသံက အေးစက်စွာ ပဲ့တင်ထပ်လာသည်။

“ ငါတို့တွေ ရွှီချင်းကို မထိနိုင်ဘူး… ဖန်းရှီရွှမ်း တစ်ယောက်တည်း ရှိနေတဲ့အချိန်မှာပဲ လှုပ်ရှားနိုင်မယ် ”

“ ဒါပေမဲ့ အားလုံးကို စီစဉ်ပြီးပြီလေ… တကယ်လို့ ဒီအတိုင်းသာဆိုရင်… ”

သတ်ဖြတ်ချင်စိတ်ဖြင့် ပြည့်နှက်နေသော အသံပိုင်ရှင်က ထိုသို့လက်လျော့ရန် ဆန္ဒမရှိကြောင်း ထင်ရှားပေသည်။

“ ငါနောက်တစ်ကြိမ် ထပ်ပြောမယ်… ဘာပဲဖြစ်ဖြစ် ရွှီချင်းကို မထိရဘူး ”

ဆုံးဖြတ်ချက်ပြတ်သားသော အေးစက်စက် အသံက အမှောင်ထုထဲမှာ ပျံ့လွင့်သွားသည်။

All Chapters